စစ်တပ်အာဏာသိမ်းပြီးနောက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ပါတီဝင်အချို့သည် သာသနိကအဆောက်အအုံများကို ၎င်းတို့ပါတီ၏ ဝါဒဖြန့်ချိရေးနှင့် စုဝေးဟောပြောရာ နေရာများအဖြစ် အသုံးပြုနေသည်။
၂၀၂၀ ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကို မရှုမလှ ရှုံးနိမ့်ခဲ့ပြီးနောက် ခေါင်းဆောင်အပြောင်းအလဲ ပြုလုပ်ခဲ့သည့် USDP က အောက်ခြေပါတီဝင်များကို ပြန်လည်စုစည်းနေပြီး အင်အားတောင့်တင်းရန်အတွက် နိုင်ငံအနှံ့ လှုပ်ရှားမှုများ ပြုလုပ်နေသည်။
ထိုလှုပ်ရှားမှုများထဲတွင် မြို့နယ်နှင့် ရပ်ကွက်ကျေးရွာအဆင့် ပါတီဝင်များအကြား စုရုံးဆွေးနွေးမှုများလည်း အပါအဝင်ဖြစ်သည်။ အရှိန်မြှင့်လာသည့် ပါတီလှုပ်ရှားမှုများနှင့်အတူ ဓမ္မာရုံအချို့သည် USDP ပါတီဝင်များ စုဝေးဟောပြောရန်အတွက် အဓိကျသည့်နေရာများ ဖြစ်လာခဲ့သည်။
ပြိုင်ဘက်နိုင်ငံရေးအင်အားစုများနှင့် သတင်းဌာနများကို ဝေဖန်တိုက်ခိုက်ခြင်း၊ ပါတီဝင်များမှတ်ပုံတင်ခြင်း၊ စစ်တပ်အာဏာသိမ်းသည်ကို ထောက်ခံဆွေးနွေးခြင်းနှင့် ရွေးကောက်ပွဲစနစ်အကြောင်း ဟောပြောခြင်းတို့အတွက် တွေ့ဆုံကြခြင်း ဖြစ်သည်။
၂၀၂၂ ဒီဇင်ဘာမှ ၂၀၂၃ မေအထိ မန္တလေးတိုင်း USDP ပါတီဝင်များသည် ဓမ္မာရုံ ၁၀ ခုနှင့် ဘုန်းကြီးကျောင်း ၁ ကျောင်းတို့ကို အသုံးပြုပြီး လှုပ်ရှားခဲ့ကြောင်း မြို့နယ်အဆင့်အမှုဆောင်အဖွဲ့ Facebook များနှင့် ပါတီ၏ အင်တာနက်စာမျက်နှာတို့တွင် တွေ့ရသည်။
နေရာဒေသများမှာ မိတ္ထီလာမြို့နယ် သုံးအိုင်၊ ရှမ်းတဲ၊ မလှိုင်မြို့နယ် အုပ်ကြီး၊ ထမ္မကြီး၊ မြစ်သားမြို့နယ် ကျားမှီးဆွဲ၊ ချင်းရွာ၊ ပျော်ဘွယ်မြို့နယ် မင်းလမ်းတောင်၊ ရမည်းသင်းမြို့နယ် ဝါးတီး၊ စဉ့်ကိုင်မြို့နယ် ဥယျာဉ်ကြီး၊ ကျောက်ပန်းတောင်းမြို့နယ် လက်ပံပျား၊ ကျောက်ဆည်မြို့နယ် ဇီးပင်ဝန်းတို့ဖြစ်သည်။
“ပြည့်မဏ္ဍိုင်ကဏ္ဍလှုပ်ရှားမှု” ဟု ခေါင်းစဉ်တပ်သည့် အဆိုပါဆွေးနွေးပွဲများကို မန္တလေးတိုင်းဥက္ကဋ္ဌ ဦးအောင်ကျော်မိုးက ဦးဆောင်သည်။ သူသည် ဗိုလ်မှူးကြီးဟောင်းဖြစ်ပြီး USDP ပါတီ အာဏာရချိန် ၂၀၁၁-၂၀၁၅ အတွင်း မန္တလေးတိုင်းအစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီးအဖြစ် တာဝန်ယူဖူးသည်။
၂၀၂၁ စစ်အာဏာသိမ်းမှုအပြီး ဥက္ကဋ္ဌရာထူးမှ ဗိုလ်မှူးချုပ်ဟောင်း ဦးသန်းဌေး ဖယ်ရှားခံရကာ ရဲချုပ်ဟောင်း ဦးခင်ရီ ဥက္ကဋ္ဌဖြစ်လာချိန်တွင် ဦးအောင်ကျော်မိုးသည် ပါတီဗဟိုအလုပ်အမှုဆောင်နှင့် မန္တလေးတိုင်း ပါတီဥက္ကဋ္ဌ ဖြစ်လာသည်။
NLD အပြတ်အသတ်ထပ်နိုင်သည့် ၂၀၂၀ ရွေးကောက်ပွဲ ရှုံးနိမ့်ချိန်တွင် မဲရလဒ်ကို လက်မခံဘဲ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဘက်လိုက်ကြောင်း ကျယ်ကျယ်လောင်လောင် ပြောသူများထဲတွင် ဦးအောင်ကျော်မိုးလည်း ထိပ်ဆုံးက ပါဝင်သည်။
မန္တလေးတိုင်း နယ်လုံဝန်ကြီးအဖြစ် တိုင်းခန်းလှည့်လည်ချိန်နှင့် ၂၀၂၀ ရွေးကောက်ပွဲမတိုင်မီ မန္တလေးတိုင်းလွှတ်တော် မိတ္ထီလာမြို့နယ် အမှတ် (၁) မဲဆန္ဒနယ်အမတ်လောင်းအဖြစ် မဲဆွယ်ချိန်များအတွင်း သွားရောက်လေ့ရှိသည့် မိတ္ထီလာမြို့နယ်မှ ကျေးရွာများသို့ ပြီးခဲ့သည့် ဧပြီနှင့် မေလများအတွင်း ဦးအောင်ကျော်မိုး ထပ်မံသွားရောက်ခဲ့သည်။
USDP ပါတီဝင်များနှင့် ဒေသခံ ၁၅၀ ခန့် တက်ရောက်ခဲ့သည့် မိတ္ထီလာမြို့နယ် သုံးအိုင်ကျေးရွာ၊ ရွာဦးကျောင်းဓမ္မာရုံတွင် ၂၀၂၃ မေ ၂၈ က ပြုလုပ်ခဲ့သည့် အစည်းအဝေးတွင် ဦးအောင်ကျော်မိုးက “နိုင်ငံတော်တွင် လက်ရှိဖြစ်ပေါ်လျက်ရှိသော နိုင်ငံရေးအခြေအနေများ၊ နိုင်ငံတော်အတွင်း တည်ငြိမ်အေးချမ်းမှုပျက်ပြားအောင် အကြမ်းဖက်များက လုပ်ဆောင်နေမှုများ၊ ပြည်ဖျက်မီဒီယာများက ပြည်သူလူထု အထင်မှား၊ အမြင်မှားဖြစ်အောင် မမှန်သတင်းများ ထုတ်လွှင့်ဖျက်ဆီးနေမှုများအား ရှင်းလင်းဆွေးနွေးခဲ့ပါသည်” ဟု ပါတီက သတင်းထုတ်ပြန်ထားသည်။
အခြားကျေးရွာများရှိ ဓမ္မာရုံများတွင် မန္တလေးတိုင်း ပါတီဝင်များ စုရုံးဟောပြောကြရာတွင်လည်း အလားတူခေါင်းစဉ်ဖြင့် ဆွေးနွေးမှုများအပြင် စစ်တပ်က မည်သည့်အချိန်တွင် ပြုလုပ်မည်ကို တိတိကျကျ မပြောထားသည့် ရွေးကောက်ပွဲနှင့် အချိုးကျကိုယ်စားပြုစနစ် (PR) အကြောင်း၊ ပထမဆုံးမဲပေးမည့် First Time Voters များအတွက် သိကောင်းစရာများကိုပါ ထည့်သွင်းဟောပြောခဲ့သည်ကို ပါတီ၏ သတင်းထုတ်ပြန်မှုများတွင် တွေ့ရသည်။
မန္တလေးတိုင်းအတွင်း၌သာမကပါ။ မိတ္ထီလာမှ သုံးအိုင်ကျေးရွာ၊ ရွာဦးကျောင်းဓမ္မာရုံတွင် ပါတီဝင်များ စုဝေးခဲ့ကြသည့် မေ ၂၈ တစ်ရက်ထဲတွင် မြန်မာနိုင်ငံတောင်ဘက်စွန်းရှိ တနင်္သာရီတိုင်း၊ မြိတ်မြို့မှ ပါတီဝင်အချို့သည်လည်း ရပ်ကွက်ဓမ္မာရုံတစ်ခုကို အသုံးပြုပြီး တွေ့ဆုံပွဲ ပြုလုပ်ခဲ့ကြသည်။
အဆိုပါအစည်းအဝေးတွင် “PR အကြောင်း” ၎င်းတို့အဆိုအရ “နိုင်ငံတော်အတွက် တပ်မတော်မှ အာဏာထိန်းရသည့်အကြောင်း” နှင့် “ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလိုအပ်ချက်များကို ဆောင်ရွက်နိုင်ရေး” စသည်တို့ကို ဆွေးနွေးခဲ့ကြသည်ဟု ပါတီသတင်းထုတ်ပြန်ချက်များတွင် တွေ့ရသည်။ ထိုအစည်းအဝေးကို မြိတ်မြို့၊ ကလွင်ကျေးရွာအုပ်စု၊ ငွေပုလဲရပ်၊ ရပ်ကွက်ဓမ္မာရုံတွင် ကျင်းပခဲ့ခြင်းဖြစ်သည်။
မန်းနှင့် မြိတ်ကဲ့သို့ပင် ရန်ကုန်နှင့် ဧရာဝတီမှ ပါတီဝင်အချို့သည်လည်း ဓမ္မာရုံများကို ၎င်းတို့၏ အစည်းအဝေးခန်းများအဖြစ် အသုံးပြုပြီး လူသစ်စုစောင်းနေသည်ကို သက်သေအထောက်အထားများ တွေ့ရသည်။
ပြီးခဲ့သည့် ဧပြီ ၂၃ ရက်နေ့က ရန်ကုန်၊ ထန်းတပင်မြို့နယ် ချောင်းညီကိုကျေးရွာ ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံတွင် ပါတီဝင်များ စုဝေးဆွေးနွေးခဲ့သည်ဟု မှော်ဘီခရိုင်အမှုဆောင်အဖွဲ့က သတင်းထုတ်ပြန်သည်။
နှစ်နာရီကြာသည့် ထန်းတပင်အစည်းအဝေးတွင် ပါတီ၏ ရှေ့လုပ်ငန်းစဉ်များ ဆွေးနွေးခြင်း၊ ရွေးကောက်ပွဲတွင် ပါတီအောင်နိုင်ရေး၊ ပါတီဝင်စိစစ်ခြင်း၊ ပါတီဖောင်များ လက်မှတ်ထိုးခြင်းနှင့် ပါတီဝင်ကတ်အတွက် ဓာတ်ပုံရိုက်ခြင်း၊ ကျေးရွာမီးလင်းရေးနှင့် လမ်း စသည်တို့ကို ပြုလုပ်ခဲ့သည်ဟုလည်း ပါတီဘက်က သတင်းထုတ်ပြန်ခဲ့သည်။
ပြီးခဲ့သည့် ၂၀၂၂ ဒီဇင်ဘာ ၁၀ ရက်က ပါတီဝင် ၂၀၀ ခန့် ပါဝင်သည့် လူငယ်တွေ့ဆုံပွဲတစ်ခုကို ဧရာဝတီတိုင်း ဘိုကလေးမြို့နယ် သာပေါင်းကျေးရွာ ဓမ္မာရုံ၌ ပြုလုပ်ခဲ့ကြောင်း ပါတီဘက်က သတင်းထုတ်ပြန်ထားသည်။
၎င်းတို့ အနိုင်မရသည့် ၂၀၂၀ ရွေးကောက်ပွဲ၏ ရလဒ်ကို ဖျက်သိမ်းရန်၊ စစ်တပ်အာဏာသိမ်းရန် မီးထိုးပေးပြီးနောက် ၂၀၂၂ အောက်တိုဘာတွင် ရဲချုပ်ဟောင်းနှင့် စစ်ကောင်စီလူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဟောင်း ဦးခင်ရီ ပါတီဥက္ကဋ္ဌ ဖြစ်လာပြီးနောက် အောက်ခြေပါတီဝင်များ၊ ၎င်းတို့ကို ထောက်ခံသည့် ဒေသခံလူထုများနှင့် ပိုမိုထိတွေ့ရန် ကြိုးစားလာခြင်းဖြစ်သည်။
စာသင်ကျောင်းနှင့် ဆေးရုံသန့်ရှင်းရေး၊ ဒေသဖွံ့ဖြိုးရေး အလှူအတန်းများ၊ ဘာသာရေးပွဲလမ်းသဘင်များ အစရှိသည့် လှုပ်ရှားမှုများကို ပါတီက လူထုအကျိုးပြုလုပ်ငန်းဟု ခေါင်းစဉ်တပ်ကာ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဆောင်ရွက်နေသည်။
စစ်တပ်က ထူထောင်ခဲ့ပြီး စစ်ဗိုလ်ချုပ်ဟောင်းများ ခေါင်းဆောင်သည့် ဤပါတီတွင် ဦးခင်ရီ ဥက္ကဋ္ဌဖြစ်လာပြီးနောက် မန္တလေး၊ တနင်္သာရီ၊ ရန်ကုန်၊ ဧရာဝတီ စသည့် ဒေသများရှိ ဓမ္မာရုံများတွင် တွေ့ဆုံပွဲများ ဆက်တိုက် ပေါ်ပေါက်လာသည်။
အခြားဒေသများတွင်မူ ပါတီရုံးခန်း၊ ထောက်ခံသူ သို့မဟုတ် ပါတီဝင်၏အိမ် စသည့် ဘာသာရေးနှင့် မသက်ဆိုင်သည့် နေရာများတွင် တွေ့ကြသည်။
ဘာသာရေးအဆောက်အုံများတွင် နိုင်ငံရေးဆွေးနွေးပွဲများပြုလုပ်ခွင့် ရှိမရှိဆိုသည့်ကိစ္စမှာ နိုင်ငံရေးသမားများအကြား နှစ်ကာလကြာရှည်စွာ မကြာခဏ အငြင်းပွားနေကြသည့် အရာဖြစ်သည်။
ရွေးကောက်ပွဲကာလတွင် စာသင်ကျောင်းများနှင့် သာသနိကအဆောက်အအုံများတွင် မဲဆွယ်ခြင်း မပြုရန် တားမြစ်ချက်က မြန်မာနိုင်ငံတွင် ရှိနေသည်။ စစ်တပ်က စိတ်ကြိုက်ရေးထားသည့် ၂၀၀၈ ဖွဲ့စည်းပုံကို အခြေခံပြီး ကျင်းပခဲ့သည့် လွန်ခဲ့သော ရွေးကောက်ပွဲများတွင် အဆိုပါအချက်ကို ထည့်သွင်းထားသည်။
သာဓကအားဖြင့် ၂၀၁၂ မတ်လအတွင်းက ဒေါ်အောင်ဆန်းစုကြည် နေပြည်တော်တွင် စုဝေးဟောပြောမည့် လယ်ကွင်းပြင်သည် ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းများနှင့် နီးကပ်သည်ဆိုသည့် အချက်ဖြင့် တားမြစ်ခံခဲ့ရသည်။
ပါတီ၏ မန္တလေးတိုင်းဥက္ကဋ္ဌ ဦးအောင်ကျော်မိုး ကိုယ်တိုင်သည်ပင်လျှင် ၂၀၂၀ ရွေးကောက်ပွဲမတိုင်မီ မဲဆွယ်ပိုစတာ၌ ဘာသာရေးပုံရိပ်ကို အသုံးပြုသည်ဆိုကာ အမှုဖွင့်ခံရဖူးသည်။
၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲတွင် ဘာသာရေးအဆောက်အအုံများ သုံးစွဲမဲဆွယ်မှုအပါအဝင် အခြားအချက်များဖြင့် ပါတီ၏ ရန်ကုန်တိုင်းလွှတ်တော် ဆိပ်ကမ်းမြို့နယ်ကိုယ်စားလှယ် ဦးနေမျိုးအောင်သည်လည်း ရွေးကောက်ခံအမတ်အဖြစ်မှ ပယ်ဖျက်ခံခဲ့ရသည်။ ဦးနေမျိုးအောင်သည် ၂၀၂၁ ဇွန်လအတွင်းက လုပ်ကြံသတ်ဖြတ်ခံခဲ့ရသည်။
ကန့်သတ်ချက်များ ရှိသော်လည်း ပါတီပေါင်းစုံမှ နိုင်ငံရေးသမားအချို့သည် ၎င်းတို့၏ နိုင်ငံရေးလှုပ်ရှားမှုများကို ဓမ္မာရုံများတွင် ပြုလုပ်ခဲ့ကြသည်။
အာဏာသိမ်းပြီး နှစ်နှစ်ကျော်ကြာလာချိန်၊ ဆန္ဒပြလျှင်ပင် သေနတ်ဖြင့် ပစ်သည့် စစ်ကောင်စီကို နိုင်ငံအနှံ့ ခုခံတော်လှန်မှုများ အရှိန်မြင့်လာချိန်တွင် နိုင်ငံရေးပါတီများအနက် USDP သာ လှုပ်ရှားမှုများ ဆက်တိုက်လုပ်နေခြင်းဖြစ်သည်။
NLD အစိုးရကို ဖြုတ်ချကာ စစ်အာဏာသိမ်းရန် လှုံ့ဆော်ခြင်း၊ ၂၀၂၁ စစ်အာဏာသိမ်းမှုကို ထောက်ခံခြင်း၊ စစ်ကောင်စီနှင့် ပူးပေါင်း၍ ဆန့်ကျင်သူများကို ဖိနှိပ်ခြင်း စသည့် အပြုအမူများကြောင့် USDP တာဝန်ရှိသူများနှင့် ပါတီဝင်များသည် တော်လှန်ရေးသမားများ၏ ပစ်မှတ်ဖြစ်နေသည်။
စစ်ကောင်စီရုံးစိုက်ရာ နေပြည်တော်ရှိ မြို့နယ်အဆင့်တာဝန်ရှိသူတစ်ဦးကမူ လှုပ်ရှားမှုများကို သာသနိကအဆောက်အအုံများတွင် ပြုလုပ်ရန် ပါတီဗဟိုက သီးခြားညွှန်ကြားထားခြင်း မရှိဟု ပြောသည်။
သို့သော်လည်း တိုက်ခိုက်ခံရမည်ကို စိုးရိမ်သောကြောင့် လုံခြုံမည့်နေရာတွင်သာ စုဝေးကြသည်ဟု ၎င်းက ပြောသည်။
“လူစုလို့ အဆင်ပြေလောက်မယ့် နေရာကိုပဲ ခေါ်ကြတာပါ။ စည်းရုံးရေးမှူးအိမ်တို့ ဘာတို့တော့ ရှောင်တာပေါ့ဗျာ။ လက်ရှိ နယ်မြေအခြေအနေ၊ ပတ်ဝန်းကျင်အခြေအနေကြောင့်” ဟု ၎င်းက ပြောသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)