သတင်း

ကြံ့ခိုင်ရေးအမတ်များ၏ပြိုင်ဘက် ကိုးကန့်ပါတီကို စစ်ကောင်စီဖျက်သိမ်း

ကြံ့ခိုင်ရေးပါတီက တရုတ်နိုင်ငံသားကို ကိုးကန့်အမတ်အဖြစ် တင်မြှောက်ခဲ့သည်ကို မသိချင်ယောင်ဆောင်နေသည့် အာဏာသိမ်းစစ်တပ်က ကြံ့ခိုင်ရေးအမတ်များ၏ အစဉ်အလာပြိုင်ဘက် ကိုးကန့်နိုင်ငံရေးပါတီကို ဖျက်သိမ်းကြောင်း ကြေညာသည်။

တရုတ်-မြန်မာနယ်စပ်တွင် ကြံ့ခိုင်ရေးအမတ်များ၏ တစ်ခုတည်းသော ပြိုင်ဘက်နှင့် သက်တမ်းရင့် ကိုးကန့်နိုင်ငံရေးပါတီဖြစ်သော ‘ရှမ်းပြည်ကိုးကန့်ဒီမိုကရက်တစ်ပါတီ’ (SSKDP) ကို ပါတီဝင်အင်အား အချိန်မီမတင်နိုင်ဆိုသော အကြောင်းပြချက်ဖြင့် နိုင်ငံရေးပါတီအဖြစ်မှ ဖျက်သိမ်းလိုက်ကြောင်း စစ်ကောင်စီက ယမန်နေ့ (နိုဝင်ဘာ ၂၀) တွင် ကြေညာသည်။

ရှမ်းမြောက်အခြေစိုက် တိုင်းရင်းသားလက်နက်ကိုင်သုံးဖွဲ့၏ စစ်ဆင်ရေးကြောင့် စစ်စခန်းအမြောက်အမြား လက်လွတ်ဆုံးရှုံးခဲ့သည့်အပြင် ကိုးကန့်ဒေသရှိ မြို့များနှင့် နယ်စပ်ဂိတ်များကို ကိုးကန့်လက်နက်ကိုင်အဖွဲ့ (MNDAA) က ထိန်းချုပ်လိုက်ပြီးနောက် ထိုဒေသမှ နိုင်ငံရေးပါတီ ဖျက်သိမ်းခံရခြင်းဖြစ်ကာ SSKDP မှာ ပါတီဝင်အင်အား မပြည့်မီဟူသော အကြောင်းပြချက်ဖြင့် ပထမဆုံးဖျက်သိမ်းခံရသည့် ပါတီဖြစ်သည်။

ယခုနှစ် ဇန်နဝါရီလအတွင်း စစ်ကောင်စီက အသစ်ပြဌာန်းခဲ့သည့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဆိုင်ရာဥပဒေတွင် ပြည်နယ် (သို့) တိုင်းတစ်ခုအတွင်း ယှဉ်ပြိုင်မည့်ပါတီဖြစ်ပါက ရက် ၉၀ အတွင်း ပါတီဝင်အင်အား ၁၀၀၀ တင်ပြရမည်ဟူသော ကန့်သတ်ချက်ထည့်သွင်းထားသည်။

တစ်နိုင်ငံလုံး ဝင်ပြိုင်မည့်ပါတီအနေဖြင့် ပါတီဝင်အင်အား အနည်းဆုံး တစ်သိန်းရှိရမည်ဖြစ်ကာ မြို့နယ်ပေါင်း ၁၆၅ မြို့နယ်တွင် ပါတီရုံးခန်းဖွင့်လှစ်ရမည်ဟု စစ်ကောင်စီက ကန့်သတ်သည်။

နိုင်ငံတွင်း၌ လက်ရှိဖြစ်ပေါ်နေသော အခြေအနေများအရ ပါတီဝင်အင်အားပြည့်မီရန် မလွယ်ကူကြောင်း အောက်တိုဘာလလယ်ပိုင်းက နေပြည်တော်၌ စစ်ကောင်စီ၏ ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌနှင့် တွေ့ဆုံစဉ် မှတ်ပုံတင်ထားသည့် နိုင်ငံရေးပါတီများက တင်ပြခဲ့ဖူးသည်။

ထိုကန့်သတ်ချက်ကို ကန့်ကွက်သူများတွင် စစ်ကောင်စီ၏ ဝန်ကြီးတစ်ပါးဖြစ်သော ဒေါ်သက်သက်ခိုင် ဥက္ကဋ္ဌအဖြစ် ဦးဆောင်နေသည့် ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) လည်း ပါဝင်သည်။

ထိုအခြေအနေတွင် တရုတ်နိုင်ငံသားတစ်ယောက်ကို ကိုးကန့်အမတ်အဖြစ် လွှတ်တော်ထဲ ထည့်သွင်းခဲ့ခြင်းကို အရေးယူရန် ပျက်ကွက်နေသည့် စစ်ကောင်စီက စစ်ဗိုလ်ချုပ်ဟောင်းများ ဦးဆောင်သည့် ကြံ့ခိုင်ရေးပါတီ၏ အစဉ်အလာပြိုင်ဘက် ကိုးကန့်ပါတီကို တမင်တကာဖျက်သိမ်းလိုက်ခြင်းပင်။

ကိုးကန့်ဒေသတွင် ကြံ့ခိုင်ရေးပါတီကိုယ်စားပြု ယူနီဖောင်းချွတ် ကိုးကန့်ပြည်သူ့စစ်ခေါင်းဆောင်ဟောင်းများသာ အစဉ်အဆက် ကြီးစိုးထားသည်။

နှစ်ကြိမ်တိုင် ဖျက်သိမ်းခံရသည့် ၉၀ ရွေးကောက်ပွဲဝင် ကိုးကန့်နိုင်ငံရေးပါတီ

ရှမ်းပြည်ကိုးကန့်ဒီမိုကရက်တစ်ပါတီကို ၁၉၈၈ တွင် တည်ထောင်ခဲ့ခြင်းဖြစ်ပြီး ပါတီသက်တမ်း ၃၅ နှစ်ရှိ ဝါရင့်နိုင်ငံရေးပါတီတစ်ခုဖြစ်သည်။ ၁၉၉၀ ရွေးကောက်ပွဲတွင် အမတ် ၂ နေရာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကာ ကိုးကန့်ဒေသ ကွမ်းလုံမဲဆန္ဒနယ်မြေတွင် အမတ် ၁ နေရာ အနိုင်ရခဲ့သည်။

အာဏာရှင်ဟောင်း ဦးသန်းရွှေလက်ထက်တွင် ၂၀၁၀ ရွေးကောက်ပွဲကို သပိတ်မှောက်ခဲ့သဖြင့် ပါတီဖျက်သိမ်းခံခဲ့ရဖူးသည့် ဝါရင့်ကိုးကန့်နိုင်ငံရေးပါတီမှာ တစ်ကျော့ပြန် စစ်အာဏာရှင်လက်ထက်တွင် ဒုတိယအကြိမ်ဖျက်သိမ်းခံရခြင်းဖြစ်သည်။

စစ်အာဏာရှင်ဟောင်း ဦးသန်းရွှေက ၁၉၉၀ ရွေးကောက်ပွဲဝင်နိုင်ငံရေးပါတီများကို ပါတီမှတ်ပုံပြန်တင်ခိုင်းသော်လည်း ရှမ်းပြည်ကိုးကန့်ဒီမိုကရက်တစ်ပါတီက ငြင်းဆန်ခဲ့သဖြင့် ၂၀၁၀ စက်တင်ဘာ ၁၅ ရက်နေ့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)၊ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD) တို့နှင့်အတူ ဖျက်သိမ်းခံရခြင်းဖြစ်သည်။

၂၀၁၂ ခုနှစ်တွင် နိုင်ငံရေးပါတီအဖြစ် ပြန်လည်မှတ်ပုံတင်ပြီးနောက် ၂၀၁၅ နှင့် ၂၀၂၀ ရွေးကောက်ပွဲများတွင် ရှမ်းပြည်ကိုးကန့်ဒီမိုကရက်တစ်ပါတီ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော်လည်း အနိုင်မရခဲ့ပေ။​

၁၉၉၀ နောက်ပိုင်း အနိုင်မရခဲ့သော်လည်း ရှမ်းပြည်ကိုးကန့်ဒီမိုကရက်တစ်ပါတီသည် ကိုးကန့်ဒေသ၌ ကြံ့ခိုင်ရေးပါတီအမတ်များကို ရွေးကောက်ပွဲတိုင်းတွင် အတိုက်အခံလုပ်နိုင်သည့် တစ်ခုတည်းသော ဒေသကိုယ်စားပြု နိုင်ငံရေးပါတီဖြစ်သည်။

၂၀၁၅ ရွေးကောက်ပွဲမတိုင်ခင် ရုပ်သံမဲဆွယ်ပွဲတွင် ရှမ်းပြည်ကိုးကန့်ဒီမိုကရက်တစ်ပါတီ အတွင်းရေးမှူး ဦးမြင့်ခိုင် ဟောပြောနေစဉ်။

ရှမ်းပြည်ကိုးကန့်ဒီမိုကရက်တစ်ပါတီသည် စစ်တပ်နှင့် နီးစပ်သည့် ကိုးကန့်ပြည်သူ့စစ်ခေါင်းဆောင်ဟောင်းများကို ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် အုပ်ချုပ်ရေးအရာရှိအဖြစ် ခန့်အပ်ခြင်းကို မလိုလားဘဲ ကိုးကန့်ဒေသခံများ၏ မဲရလဒ်ဖြင့် ရွေးချယ်ရန် ၂၀၁၅ ရွေးကောက်ပွဲမတိုင်မီတွင် တောင်းဆိုခဲ့သည်။

လောက်ကိုင်နှင့် ကုန်းကြမ်း စသည့် ကိုးကန့်ဒေသတွင် ၂၀၁၀၊ ၂၀၁၅ နှင့် ၂၀၂၀ ရွေးကောက်ပွဲအားလုံးတွင် အင်အားကြီး NLD ပါတီပင် ဝင်ရောက်ယှဉ်ပြိုင်နိုင်ခဲ့ခြင်း မရှိဘဲ ကြံ့ခိုင်ရေးပါတီကိုယ်စားပြု ယူနီဖောင်းချွတ် ကိုးကန့်ပြည်သူ့စစ် ခေါင်းဆောင်ဟောင်းများသာ အစဉ်အဆက် ကြီးစိုးထားသည်။

ရွေးကောက်တင်မြှောက်ခံ NLD အစိုးရကို ဖြုတ်ချပြီး ၂၀၂၁ ဖေဖော်ဝါရီတွင် အာဏာသိမ်းခဲ့သည့် စစ်ကောင်စီသည် နိုင်ငံရေးပါတီများကို ပြန်လည်မှတ်ပုံတင်ခိုင်းခဲ့ချိန်တွင် ‘ရှမ်းပြည်ကိုးကန့်ဒီမိုကရက်တစ်ပါတီ’ ကလည်း စစ်ကောင်စီအောက် ပြန်လည်မှတ်ပုံတင်ခဲ့သည်။

ယခုနှစ် မေ ၃၀ တွင် စစ်ကောင်စီခန့် ရွေးကောက်ပွဲကော်မရှင်က ပါတီမှတ်ပုံတင်ပြန်ချပေးခဲ့သော်လည်း ပါတီဝင်အင်အား ၁၀၀၀ မပြနိုင်ဟုဆိုကာ ငါးလကျော်အကြာတွင် နိုင်ငံရေးပါတီအဖြစ်မှ ဖျက်သိမ်းခံရခြင်းဖြစ်သည်။

သတ်မှတ်ချက်အရ ရက်ပေါင်း ၉၀ အတွင်းဟုဆိုသော်လည်း ငါးလကျော်မှ ဖျက်သိမ်းခဲ့ခြင်းမှာ ထူးဆန်းနေသည်။ နိုင်ငံရေးပါတီအဖြစ် ခွင့်ပြုထားသည့် အခြားပါတီများ ပါတီဝင်အင်အား ပြည့်မပြည့် စစ်ကောင်စီက ထုတ်ပြန်ပြောဆိုခြင်း မရှိပေ။

အာဏာသိမ်းစစ်တပ်၏ နိုင်ငံရေးပါတီမှတ်ပုံတင်ဥပဒေမှာ ကျန်နိုင်ငံရေးပါတီများ တက်မလာနိုင်စေရေး ပိတ်ပင်ထားခြင်းသာဖြစ်သည်ဟု NLD ပါတီမှ ဝါရင့်ဗဟိုအလုပ်မှုဆောင်ကော်မတီဝင် ဦးအောင်ကြည်ညွန့်က လွန်ခဲ့သည့် မတ်လအတွင်း Myanmar Now ကို မှတ်ချက်ပေးဖူးသည်။

လောက်ကိုင်အပါအဝင် ကိုးကန့်ဒေသသည် လက်ရှိအချိန်တွင် စစ်ကောင်စီနှင့် MNDAA ကိုးကန့်တပ်များအကြား တိုက်ပွဲဖြစ်နေကာ မည်သည့်နိုင်ငံရေးလှုပ်ရှားမှုမျှ မပြုလုပ်နိုင်ကြောင်း စစ်ပွဲကြောင့် တရုတ်ဘက် ထွက်ပြေးခဲ့ရသည့် လောက်ကိုင်မြို့ခံတစ်ဦးက ဆိုသည်။

အခြားတစ်ဖက်တွင် စစ်ကောင်စီခန့် ရွေးကောက်ပွဲကော်မရှင်သည် ရှမ်းပြည်ကိုးကန့်ဒီမိုကရက်တစ်ပါတီနှင့် ဒေသအတွင်းပြိုင်ဘက်ဖြစ်သည့် ကြံ့ခိုင်ရေးပါတီက တရုတ်နိုင်ငံသားဖြစ်နေသူကို ပါတီဝင်အဖြစ်သာမက အမတ်အဖြစ် ခန့်အပ်ခြင်းအပေါ် တစ်စုံတစ်ရာအရေးမယူဘဲ နှုတ်ဆိတ်နေသည်။

၂၀၁၀ မှ ၂၀၁၅ အထိ ရှမ်းပြည်နယ်လွှတ်တော်တွင် ငါးနှစ်ကြာထိုင်ခဲ့သည့် ရှမ်းပြည်နယ်လွှတ်တော်မှ ကြံ့ခိုင်ရေးပါတီ ကိုယ်စားပြု လောက်ကိုင်အမတ် ဦးမြီရှောက်ချန်းသည် တရုတ်နိုင်ငံသားဖြစ်ကြောင်း စစ်ကောင်စီက နိုဝင်ဘာ ၁၆ ရက်နေ့တွင် ဝန်ခံထားသည်။

သမ္မတဦးသိန်းစိန်လက်ထက် ကိုးကန့်အုပ်ချုပ်ရေးအဖွဲ့ဝင်၊ ပြည်သူ့စစ်ခေါင်းဆောင်ဟောင်း ကိုးကန့်သူဌေးကြီး ဦးမြီရှောက်ချန်းကို တရုတ်အစိုးရက ၎င်းတို့နိုင်ငံသားဖြစ်ကြောင်းလည်း ကြေညာထားသည်။

သူသည် လောက်ကိုင်အခြေစိုက် ကျားဖြန့် ခေါ် အွန်လိုင်းငွေလိမ်ဂိုဏ်းများ၏ အဓိကခေါင်းဆောင်အဖြစ် တရုတ်နှင့် စစ်ကောင်စီတို့က စွပ်စွဲပြီး ဖမ်းဝရမ်းထုတ်ခဲ့သည်။ စစ်ကောင်စီက ဦးမြီရှောက်ချန်းကို တရုတ်ဘက်သို့ အပ်ရန် လောက်ကိုင်ရှိသူ၏နေအိမ်တွင် သွားရောက် ဖမ်းစီးစဉ် နိုဝင်ဘာ ၁၆ ရက်နေ့က သေနတ်ဖြင့် အဆုံးစီရင်သွားသည်ဟု သတင်းထုတ်ပြန်ခဲ့သည်။

Show More

Related Articles

Back to top button