သတင်း

လောက်ကိုင်က တပ်စခန်း ၃ ခုကို MNDAA သိမ်းပိုက်

လောက်ကိုင်မြို့အနီးမှ ထင်ပါကျိုင်း၊ စွမ်းဖုန့်ထာနှင့် ကွမ်ယင်တောင်စခန်းတို့ကို ဒီဇင်ဘာ ၂၄ ရက်တွင် ကိုးကန့်တပ် MNDAA က သိမ်းပိုက်လိုက်သည်။

လောက်ကိုင်မြို့မြောက်ဘက်ရှိ စစ်ကောင်စီတပ်နှင့် ပြည်သူ့စစ်ပူးပေါင်းတပ်စခန်းတချို့ကို ယမန်နေ့ (ဒီဇင်ဘာ ၂၄) တွင် ကိုးကန့်တပ် MNDAA က သိမ်းပိုက်လိုက်ပြီး လက်နက်ချသူ အများအပြားရှိဟု သိရကြောင်း လောက်ကိုင်ဒေသခံတချို့က ပြောသည်။

ထိုနေ့မွန်းလွဲပိုင်းက လောက်ကိုင်မြို့မြောက်ဘက်ရှိ ထင်ပါကျိုင်းကျေးရွာအုပ်စုအတွင်းရှိ စစ်ကောင်စီတပ်နှင့် ပြည်သူ့စစ်များ ပူးပေါင်းတပ်ထိုင်ထားသည့် ထင်ပါကျိုင်း၊ စွမ်းဖုန့်ထာနှင့် ကွမ်ယင်တောင်စခန်းတို့ကို သိမ်းလိုက်သည်ဟု လောက်ကိုင်ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

“အဲဒီဘက်က ပြေးလာတဲ့ မိတ်ဆွေတွေ ပြောတာတော့ လက်နက်ချသူတွေလည်း ရှိတယ်တဲ့၊ ကျွန်တော်တို့လည်း သွားမကြည့်ရဲဘူး” ဟု လောက်ကိုင်မြို့တွင်း၌ ပိတ်မိနေသည့် အဆိုပါ ဒေသခံအမျိုးသားက ပြောသည်။

တိုက်ပွဲပြီးဆုံးသည့်နောက် ကလောမြို့အခြေစိုက် စစ်ကောင်စီတပ်၏ တပ်မ (၅၅) မှ အင်အား ၁၀၀ နီးပါးခန့် လက်နက်ချလိုက်သည်ဟု သတင်းများထွက်ပေါ်နေသော်လည်း MNDAA က သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။

လူမှုကွန်ရက်စာမျက်နှာများတွင် ပျံ့နှံ့လာသည့် ရုပ်သံမှတ်တမ်းအရ စစ်ကောင်စီတပ်မှ အင်အားအများအပြား MNDAA ထံတွင် လက်နက်ချနေပြီး၊ ဒဏ်ရာရထားသူများကို MNDAA က ဆေးဝါးကုသပေးနေသည်ကို တွေ့မြင်ရသည်။

အဆိုပါ ရုပ်သံဖိုင်ကို ရိုက်ကူးနေသူမှာ MNDAA တပ်ဖွဲ့ဝင်တစ်ဦးဖြစ်ပြီး ဒဏ်ရာထားသည့် လက်နက်ချ စစ်ကောင်စီတပ်သားများကို နေရာချထားပေးနေသည်ကို တွေ့ရသည်။

“လူနာတွေက ထိုင်လိုက်နော်၊ ရှေ့မှာ ထိုင်ထားလိုက်နော်” ဟူသော ပြောဆိုမှုကို ရုပ်သံတွင် မှတ်တမ်းတင်ထားသည်။

ထို့ပြင် ရုပ်သံဖိုင်၌ ဒေသကွပ်မှုစစ်ဌာနချုပ် (ဒကစ – လောက်ကိုင်) ဆိုင်းဘုတ်ကျောက်တိုင် လက်နက်ထိမှန်ပျက်စီးနေသည့်ပုံ၊ တိုက်ပွဲကြောင့် ပျက်စီးနေသည့် စေတီတစ်ဆူပုံတို့အပြင် လောက်ကိုင်မြို့တွင်းရှိ အပျက်အစီးများကြားတွင် လုံခြုံရေးယူနေသည့် MNDAA တပ်သားများကိုပါ တွေ့ရသည်။

သို့သော် ဒကစ (လောက်ကိုင်) ကို MNDAA တပ်က သိမ်းပိုက်နိုင်ခြင်း ရှိ၊ မရှိကို သီးခြားအတည်မပြုနိုင်သေးပေ။

လောက်ကိုင်မြို့ တိုက်ပွဲအခြေအနေများနှင့် ပတ်သက်ပြီး MNDAA တပ်က သတင်းထုတ်ပြန်ခြင်းမရှိသေးသလို စစ်ကောင်စီတပ်ကလည်း နှုတ်ဆိတ်နေဆဲဖြစ်သည်။

ကိုးကန့်ဒေသကို MNDAA ဦးဆောင်သည့် မဟာမိတ်တပ်များက တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်စခန်းပေါင်း ၂၃၀ ကျော်နှင့် မြို့ ၅ မြို့ကို သိမ်းပိုက်နိုင်ခဲ့ပြီး လောက်ကိုင်မြို့ကိုလည်း ဝိုင်းပတ်ပိတ်ဆို့ထားခဲ့သည်။

ဒီဇင်ဘာ လဆန်းပိုင်းက တရုတ်နိုင်ငံ၏ ကြားဝင်ပေးမှုကြောင့် စစ်ကောင်စီနှင့် မြောက်ပိုင်းသုံးဖွဲ့တို့ နှစ်ရက်ကြာ ဆွေးနွေးနိုင်ခဲ့ပြီး ဒီဇင်ဘာ ၁၇ ရက်နေ့အထိ တိုက်ပွဲများ ငြိမ်သက်သွားခဲ့သည်။

သို့သော် ဒီဇင်ဘာ ၁၈ ရက်နေ့တွင် တရုတ်နယ်စပ်ကုန်သွယ်ရေးဂိတ် ရန်လုံကျိုင်းဂိတ်ကို MNDAA က သေနတ်မဖောက်ရဘဲ သိမ်းပိုက်လိုက်နိုင်ပြီးနောက် နာရီအနည်းငယ်အကြာမှာပင် လောက်ကိုင်မြို့ ထင်ပါကျိုင်းကျေးရွာအုပ်စုအတွင်းရှိ နေရာတချို့တွင် တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့သည်။

တိုက်ပွဲဖြစ်ပွားရာ နေရာများအပြင် မြို့တွင်း၊ မြို့ပြင် နေရာအတော်များများကို စစ်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်နေသည့်အတွက် မြို့တွင်းရှိ လက်ကျန်ဒေသခံများ မြို့ကို စွန့်ခွာနေကြသည်ဟု အထက်ပါ လောက်ကိုင်ဒေသခံ အမျိုးသားက ပြောသည်။

“ကျွန်တော်တို့လည်း မဖြစ်မနေပြန်ရတော့မယ်၊ မြို့ရဲ့ တချို့နေရာတွေကို MNDAA တပ်ပေါင်းစုက သိမ်းပိုက် ထိန်းချုပ်လိုက်ပြီ” ဟု အဆိုပါ ဒေသခံ အမျိုးသားက ပြောသည်။

စစ်ကောင်စီလေတပ်၏ နေ့စဉ်ရက်ဆက် ဗုံးကြဲတိုက်ခိုက်မှုကြောင့် လောက်ကိုင်မြို့တွင်းရှိ အဆောက်အအုံအများအပြား ပျက်စီးပြီး ဒေသခံတချို့ ထိခိုက်သေဆုံးကြောင်း MNDAA အဖွဲ့က ယမန်နေ့က ရုပ်သံဖိုင်နှင့်တကွ ထုတ်ပြန်ထားသည်။

၁၀၂၇ စစ်ဆင်ရေးစတင်သည့် အောက်တိုဘာ ၂၇ ရက်မှ ယနေ့အထိ စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ကိုးကန့်ဒေသတွင်းမှ အရပ်သား ၅၅ ဦး သေဆုံးပြီး ၄၀ ကျော် ဒဏ်ရာရခဲ့သည်ဟု MNDAA ၏ စာရင်းများအရ သိရသည်။

လတ်တလောတွင် လောက်ကိုင်မြို့ အရပ်လေးမျက်နှာရှိ စစ်ကောင်စီတပ်စခန်းအားလုံးနီးပါးကို MNDAA တပ်က သိမ်းပိုက်ထားပြီး မြို့အရှေ့မြောက်ဘက် နယ်စပ်မှတ်တိုင် BP 122 အနီးတွင်ရှိသည့် စစ်ကောင်စီတပ်၏ ဗျူဟာကုန်းကြီးတစ်ခုကိုမူ စစ်ကောင်စီတပ်က ဆက်လက်ထိန်းချုပ်ထားသည်။

လောက်ကိုင်မြို့အနီးရှိ စစ်ကောင်စီတပ်စခန်းများအားလုံးနီးပါးအပြင် မြို့တောင်ဘက်ရှိ တုန်ချိန်ရပ်ကွက်ကိုလည်း MNDAA တပ်က သိမ်းပိုက်ထားပြီးဖြစ်သည်။

၁၀၂၇ စစ်ဆင်ရေးစတင်သည့် အောက်တိုဘာ ၂၇ ရက်မှ စတင်ကာ ကိုးကန့်ဒေသတွင်းရှိ စစ်ကောင်စီတပ်စခန်းပေါင်း ၂၂၀ ကျော်ကို MNDAA ဦးဆောင်သည့် မဟာမိတ်တပ်များက သိမ်းပိုက်ထားပြီး ကုန်းကြမ်း၊ ချင်းရွှေဟော်၊ ကွမ်းလုံ၊ မုန်းကိုး၊ ပန်ဆိုင်း (ကြူကုတ်) စသည့် မြို့များကိုလည်း အလုံးစုံ သိမ်းပိုက် ထိန်းချုပ်ထားသည်။

Show More

Related Articles

Back to top button