ဆောင်းပါး

နွေဦးတော်လှန်ရေးသည် NLD ကို ကာကွယ်နေခြင်းမဟုတ်ပေ

၂၀၂၁ တွင် ဖွဲ့စည်းပုံအခြေခံဥပဒေကို ချိုးဖောက်၍ လက်နက်အင်အားသုံး အကြမ်းဖက် အာဏာသိမ်းယူခဲ့သော စစ်တပ်သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အပါအဝင် နိုင်ငံရေးပါတီ ၄၀ ကို ဖျက်သိမ်းကြောင်း မတ် ၂၈ တွင် ကြေညာခဲ့သည်။

ဤနည်းဖြင့် ၁၉၈၈ ခုနှစ်က စတင်တည်ထောင်ခဲ့ပြီး၊ ပြည်သူ့ထောက်ခံမှုဖြင့် နှစ်ပေါင်း ၃၅ နှစ်ကြာ ဒီမိုကရေစီအရေး ကြိုးပမ်းခဲ့သော NLD ကို စစ်တပ်က နေ့ချင်းညချင်း ရာဇဝတ်ဘောင်သွင်းပြီး၊ ထိုပါတီအမည်ဖြင့် လှုပ်ရှားမည့် မည်သူ့ကိုမဆို ရာဇဝတ်ဥပဒေဖြင့် အရေးယူတော့မည် ဖြစ်သည်။

ထို့အပြင် NLD ပါတီရုံးချုပ်အပါအဝင် နိုင်ငံအနှံ့ ပါတီရုံးများရှိ ပါတီအလံနှင့် ဆိုင်းဘုတ်များ ဖြုတ်ချရုံမျှမက၊ ပါတီပိုင် အဆောက်အအုံများကိုပါ ချိပ်ပိတ်သိမ်းဆည်းခြင်း၊ ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဓာတ်ပုံတွေ့လျှင် ရာဇဝတ်မှုကျူးလွန်သူအဖြစ် ဖမ်းဆီးခြင်းဖြင့် စစ်တပ်သည် ၎င်းတို့ ဖန်တီးခဲ့သော တရားမဲ့ဥပဒေအောက်တွင် “ဥပဒေနှင့်အညီ” ဆိုသည့် စကားကို တွင်တွင်သုံးစွဲ၍ ဆောင်ရွက်ကြပါလိမ့်မည်။

ယခုတစ်ကြိမ် စစ်တပ်က NLD ကို ဖျက်သိမ်းသည်ဟု ကြေညာခြင်းသည် ဒုတိယအကြိမ်ဖြစ်သည်။ ယခင်စစ်ခေါင်းဆောင် သန်းရွှေလက်ထက် ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲမကျင်းပမီ အလားတူ ပြုမူဖူးသည်။ ထိုစဉ်ကလည်း တရားမဲ့ပြဋ္ဌာန်းခဲ့သော နိုင်ငံရေးပါတီများ မှတ်ပုံတင်ဥပဒေအရ ပါတီများကို မှတ်ပုံပြန်တင်ခိုင်းရာတွင် NLD အပါအဝင် ဒီမိုကရေစီပါတီများ ပြန်လည်မှတ်ပုံမတင်ကြပါ။

NLD နည်းတူ ရှမ်းတိုင်းရင်းသားများအကြား ဩဇာကြီးမားသော ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) သည်လည်း အလားတူ နှစ်ကြိမ် ဖျက်သိမ်းခံခဲ့ရသော ပါတီကြီး ဖြစ်လာပါသည်။ အဆိုပါ ပါတီနှစ်ရပ်သည် မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားမှုတွင် ဒီမိုကရေစီအရေးနှင့် တိုင်းရင်းသားအခွင့်အရေးများအတွက် စစ်တပ်ကို ထိပ်ဆုံးက ရင်ဆိုင်တိုက်ပွဲဝင်ခဲ့သော ပါတီကြီးများ ဖြစ်သည်။

ဤတစ်ကြိမ် စစ်တပ်နှင့် နိုင်ငံရေးပါတီများအကြား ရင်ဆိုင်တိုက်ပွဲက အပြင်းထန်ဆုံး ဖြစ်လာသည်။ စစ်တပ်သည် ဒေါ်အောင်ဆန်းစုကြည်ကို နှစ်ပေါင်း ၃၃ နှစ် ထောင်ချသည့်အပြင် သူ၏ နိုင်ငံရေးဩဇာလွှမ်းမိုးမှုကိုပါ အဆုံးသတ်ရန်၊ NLD ကို မြန်မာ့နိုင်ငံရေးလောကမှ အပြီးတိုင် ဖယ်ရှားရန် ကြိုးစားလုပ်ဆောင်နေခြင်း ဖြစ်သည်။

လွတ်လပ်မှုနှင့် လုံခြုံမှုကင်းမဲ့သော နိုင်ငံရေးပတ်ဝန်းကျင်တွင် နိုင်ငံရေးပါတီတစ်ခု ရပ်တည်မှုအတွက် ဦးစားပေးမည်လား၊ လွတ်လပ်မှုနှင့် လုံခြုံမှုအတွက် တိုက်ပွဲဝင်မည်လား ဆိုသည့် အချက်ကို စစ်တပ်လက်အောက်တွင် နိုင်ငံရေးပါတီအဖြစ် ရပ်တည်လိုကြသူများ စဉ်းစားရမည့်အချက် ဖြစ်လာသည်။

ပြည်သူထောက်ခံသော နိုင်ငံရေးပါတီများကို ရန်သူအဖြစ် ချေမှုန်းသော စစ်တပ်၏ သမိုင်းဆိုး

မြန်မာ့သမိုင်းကို ပြန်ပြောင်းသုံးသပ်လျှင် ပြည်သူလူထုအများစု တစ်ခဲနက်ထောက်ခံမှု ရရှိထားသော အရပ်သားနိုင်ငံရေးပါတီများကို ရန်သူသဖွယ် ချေမှုန်းဖျက်ဆီးခဲ့သည့် စစ်တပ်၏ သမိုင်းဆိုးသည် ၁၉၆၂ ခုနှစ်က စတင်ခဲ့သည်။

စစ်ခေါင်းဆောင်များသည် အရပ်သားနိုင်ငံရေးပါတီများ ခိုင်မာအားကောင်းလာပြီး၊ နိုင်ငံကို ဦးဆောင်မည့် အရပ်သားနိုင်ငံရေးခေါင်းဆောင်များ အောင်မြင်ပေါ်ထွန်းလာခြင်းကို မလိုလားပေ။ ၎င်းအစား စစ်ဗိုလ်ချုပ်များက အရပ်ဝတ်လဲပြီး၊ အယောင်ဆောင် အရပ်သားနိုင်ငံရေးသမားဘဝဖြင့် အာဏာကို ချုပ်ကိုင်ထားလိုကြသည်။

ပြည်သူလူထုအပေါ် ဩဇာကြီးမားပြီး လူထုထောက်ခံမှု ကာလရှည်ကြာ ရရှိခဲ့ခြင်းကြောင့် စစ်တပ်၏ ရန်သူအဖြစ် ပစ်မှတ်ထား ချေမှုန်းခြင်းခံရသော နိုင်ငံရေးပါတီ ၂ ခု ရှိသည်။ ၎င်းတို့မှာ “ဖက်ဆစ်ဆန့်ကျင်ရေး ပြည်သူ့လွတ်မြောက်ရေးအဖွဲ့ချုပ်” (ဖဆပလ) နှင့် NLD တို့ ဖြစ်သည်။

ရုပ်ရှင်ဆန်သောသမိုင်းဟု ဆိုရတော့မည်။ ဖဆပလအဖွဲ့ချုပ်ကြီးကို ဗိုလ်ချုပ်အောင်ဆန်းက ဦးဆောင်ဖွဲ့စည်းခဲ့ပြီး၊ NLD ကို သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်က ဦးဆောင်ဖွဲ့စည်းခဲ့သည်။ အောင်ဆန်းမိသားစုဝင်များ တည်ထောင်ခဲ့သော နိုင်ငံရေးပါတီကြီးများသည် ပြည်သူလူထု၏ လေးစားယုံကြည်အားကိုးခြင်းခံခဲ့ရသလို စစ်တပ်၏ အငြိုးတကြီး ဖိနှိပ်ရက်စက်ခြင်းကိုလည်း ခံရသည်။

ဗိုလ်ချုပ်အောင်ဆန်းသည် ဖက်ဆစ်ဂျပန်ကို တော်လှန်ရန် ဖဆပလကို ၁၉၄၄ ခုနှစ်တွင် ဖွဲ့စည်းခဲ့ချိန်က အသက် ၃၀ နှစ်အရွယ်သာ ရှိသေးသော လူငယ်နိုင်ငံရေးခေါင်းဆောင်တစ်ဦး ဖြစ်သည်။ ဖက်ဆစ်ဂျပန်နှင့် အင်္ဂလိပ်နယ်ချဲ့ကို ဦးဆောင်တော်လှန်ခဲ့သော ဖဆပလသည် ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရပြီးနောက် ပြည်သူအများစု၏ ယုံကြည်ထောက်ခံမှုကို ဆက်လက်ရရှိခဲ့သဖြင့် ပါလီမန်ဒီမိုကရေစီစနစ်တွင် လူကြိုက်များသော အာဏာရပါတီအဖြစ် ရပ်တည်နိုင်ခဲ့သည်။

၁၉၆၂ ခုနှစ်တွင် စစ်ခေါင်းဆောင် ဗိုလ်ချုပ်ကြီးနေဝင်းက နိုင်ငံတော်အာဏာကို လက်နက်အင်အားသုံး သိမ်းယူခဲ့ပြီး၊ ဖဆပလကို ဖျက်သိမ်းကာ မြန်မာ့နိုင်ငံရေးကို စစ်တပ် ထိန်းချုပ်စိုးမိုးခြယ်လှယ်သောစနစ် ကျင့်သုံးခဲ့သည်။ လွတ်လပ်ရေးကြိုးပမ်းမှုနှင့်အတူ ပေါက်ဖွားလာသော ဖဆပလ၏ သက်တမ်းမှာ ၁၈ နှစ်သာ ကြာရှည်ခဲ့သည်။

ဖခင် ဗိုလ်ချုပ်အောင်ဆန်းက ဖဆပလကို တည်ထောင်ပြီး တစ်နှစ်အကြာ၊ ၁၉၄၅ ခုနှစ်တွင် မွေးဖွားခဲ့သော ဒေါ်အောင်ဆန်းစုကြည်သည် အသက် ၄၃ နှစ်အရွယ်တွင် “ဒုတိယမြောက် လွတ်လပ်ရေး ကြိုးပမ်းမှု” ဟု သတ်မှတ်ခဲ့သော ၁၉၈၈ ခုနှစ် စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးနှင့် ဒီမိုကရေစီစနစ်တည်ဆောက်ရေး လှုပ်ရှားမှုကို ဦးဆောင်ခဲ့ပြီး NLDကို ဖွဲ့စည်း ဦးဆောင်ခဲ့သည်။ ဖဆပလ၏ သက်တမ်းနှင့် နှိုင်းယှဉ်ပါက NLD သည် သက်တမ်း ၂ ဆမျှ ကြာရှည်စွာ ကြံ့ကြံ့ခိုင် ရပ်တည်ခဲ့ပြီး၊ စစ်တပ်နှင့် ခရီးရှည်နိုင်ငံရေးတိုက်ပွဲကို ဆင်နွှဲနေရဆဲ ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်သည် NLD ပါတီကို ဖျက်သိမ်းမည်ဟု စစ်တပ်က ကြေညာမည့် အခြေအနေကို ကြိုတင် တွက်ဆထားခဲ့ဟန် တူသည်။ ထို့ကြောင့် ပြည်သူရှိနေသရွေ့ NLD ရှိနေမည်သာ ဖြစ်သည်ဟု မကြာသေးမီက သတင်းစကားပါးခဲ့ဖူးသည်။

ထိုစကားအရ NLD တည်တံ့ရေးထက် ပြည်သူ့ဆန္ဒကို ပို၍ ဦးစားပေးသည့် ဒေါ်အောင်ဆန်းစုကြည်၏ ရပ်တည်ချက်ကို ရှင်းလင်းပြတ်သားစွာ တွေ့မြင်ရသည်။

NLD သည် မြန်မာပြည်သူလူထုအကြား လွတ်လပ်မှုနှင့် လုံခြုံမှုအရသာကို ဒီမိုကရေစီစနစ်ကသာ အာမခံ ပေးစွမ်းနိုင်ကြောင်း လက်တွေ့ပြသခွင့်ရခဲ့ပြီး၊ ပြည်သူအပေါ် အကြောက်တရားဖြင့် အုပ်ချုပ်လိုသော စစ်တပ်သည် NLD ကို ၎င်းတို့၏ အကြီးမားဆုံးရန်သူအဖြစ် သဘောထားကာ စနစ်တကျ အကွက်ချ တိုက်ခိုက်နေခြင်းက မထူးဆန်းလှပါ။

ဒီမိုကရေစီနှင့် ဖက်ဒရယ်ထက် အကြမ်းဖက်ဝါဒကိုသာ ယုံကြည်သော စစ်တပ်

စင်စစ် စစ်ခေါင်းဆောင်များသည် ဒီမိုကရေစီကို ဆန့်ကျင်သလို ဖက်ဒရယ်ကိုလည်း မယုံကြည်ပါ။ လက်နက်အင်အားဖြင့် အကြမ်းဖက်ခြင်းကိုသာ ယုံကြည်သော စစ်တပ်အဖြစ် ၁၉၆၂ ခုနှစ်ကတည်းက မပြောင်းမလဲ ရှိနေခဲ့သည်။

၁၉၆၂ ခုနှစ် တိုင်းပြည်တွင် ပေါ်ပေါက်လာသော တိုင်းရင်းသားတန်းတူရေးနှင့် ဖက်ဒရယ်စနစ်တည်ဆောက်ရေး တောင်တန်းဒေသ တိုင်းရင်းသားနိုင်ငံရေးခေါင်းဆောင်များနှင့် ပြည်မက အရပ်သားနိုင်ငံရေးခေါင်းဆောင်များအကြား နိုင်ငံရေးနည်းလမ်းဖြင့် ဆွေးနွေးညှိနှိုင်း အဖြေရှာ ကြိုးပမ်းနေမှုကို လက်မခံဘဲ၊ စစ်တပ်က လက်နက်အင်အားသုံး အကြမ်းဖက် အာဏာသိမ်းခဲ့သည်။

နေဝင်းသည် ဖဆပလကို ဖျက်သိမ်းခဲ့ပြီး၊ ဝန်ကြီးချုပ် ဦးနုနှင့် ခေါင်းဆောင်များကို ဖမ်းဆီးထောင်ချခဲ့သည်။ အရပ်သားနိုင်ငံရေးသမားများကို ဖမ်းဆီးနှိပ်စက် ထောင်သွင်းအကျဉ်းချသော ‘အရသာ’ ကို နေဝင်းက စတင်မိတ်ဆက်ပေးခဲ့ပြီး၊ မင်းအောင်လှိုင်အထိ ထိုအရသာကို နှစ်ခြိုက်စွာ ကျင့်သုံးနေသည်။ ယင်းသည် စစ်တပ်၏ ‘အကြမ်းဖက်ဝါဒ’ ဖြစ်သည်။

ထိုအချိန်ကစ၍ မြန်မာစစ်တပ်သည် အာဏာကို ၎င်းတို့လက်ထဲတွင်သာ နည်းလမ်းအမျိုးမျိုးဖြင့် ထိန်းချုပ်ထားခဲ့ပြီး၊ အရပ်သားနိုင်ငံရေးခေါင်းဆောင်တစ်ဦး သို့မဟုတ် ပါတီတစ်ခုလက်ထဲ နိုင်ငံတော်အာဏာ ပြန်လည်မရောက်ရှိသွားစေရန် စွဲစွဲမြဲမြဲ လုပ်ဆောင်ခဲ့သည်။

စစ်ခေါင်းဆောင် နေဝင်း၏ အာဏာရမ္မက်ကြောင့် သမိုင်းအစဉ်အလာကြီးမားသော ဖဆပလအဖွဲ့ချုပ်ကြီး အပြီးတိုင် ပျက်သုဉ်း ပျောက်ကွယ်ခဲ့ရသည်။ ယခုတစ်ကြိမ် စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် ၎င်း၏ အာဏာရမ္မက်ဖြင့် NLD ကို ဖျက်သိမ်းခဲ့ပြီး၊ ပျက်သုဉ်း ပျောက်ကွယ်သွားစေရန် ကြိုးပမ်းလျက်ရှိသည်။

ထိုအခြေအနေတွင် စစ်တပ်က ဖျက်သိမ်းရုံမျှဖြင့် NLD ၏ ကံကြမ္မာသည် ဖဆပလကဲ့သို့ ချုပ်ငြိမ်းပျောက်ကွယ်သွားမည်လား။ မြန်မာ့နိုင်ငံရေး ရေစီးကြောင်း အတိတ်နှင့် ပစ္စုပ္ပန် အပြောင်းအလဲကို ဆန်းစစ်ကြည့်ရန် လိုသည်။

နွေဦးတော်လှန်ရေးက စစ်ကျွန်ပြုမှု ချုပ်ငြိမ်းရေးဖြစ်၊ NLD တည်တံ့ရေးမဟုတ်

ဖဆပလ ပျောက်ကွယ်ရခြင်း၏ အခြေခံအကြောင်းတရားမှာ နေဝင်းက အာဏာသိမ်းပြီးနောက် ဆိုရှယ်လစ် တစ်ပါတီအာဏာရှင်စနစ် ထူထောင်ပြီး၊ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ (မဆလ) မှလွဲ၍ အခြားနိုင်ငံရေးပါတီများ ရပ်တည်လှုပ်ရှားခွင့်ကို လုံးဝပိတ်ပင်ခဲ့ခြင်းဖြစ်သည်။ ပြည်သူများက ဖဆပလတည်ရှိမှုကို နည်းလမ်းမျိုးမျိုးဖြင့် ဆက်လက်ခုခံကာကွယ်နိုင်ခြင်း မရှိတော့ပါ။

တစ်ဖန် နေဝင်းသည် ၎င်း၏ ဖိနှိပ်အုပ်ချုပ်ရေးယန္တရားကို ဥပဒေအဖြစ် ပြောင်းလဲပြီး၊ နိုင်ငံသားများကို ၎င်းကိုယ်တိုင် ဖန်တီးထားသော တရားမဲ့ဥပဒေအောက်တွင် အတင်းအကျပ် လိုက်နာစေခိုင်းသည်။ မလိုက်နာသူကို “ရာဇဝတ်သား” အဖြစ် ရက်ရက်စက်စက် ပြစ်ဒဏ်ပေးသည်။

ဤနည်းဖြင့် စစ်တပ်က စနစ်တကျ ဖန်တီးတည်ဆောက်ထားသော တရားမဲ့ဥပဒေဖြင့် ရာဇဝတ်ဘောင်သွင်းခြင်းကို “စစ်ကျွန်ပြုခြင်း” အဖြစ် နွေဦးတော်လှန်ရေးတွင် ပြည်သူများက ရှင်းလင်းစွာ သိမြင်လာကြသည်။

၂၀၂၁ ခုနှစ် မြန်မာ့နိုင်ငံရေးသည် ၁၉၆၂ နှင့် ၁၉၈၈ ခုနှစ် နိုင်ငံရေးအခင်းအကျင်းနှင့် လုံးဝ ကွဲပြားခြားနားပြီး၊ မြန်မာပြည်သူများ၏ နိုင်ငံရေးရင့်ကျက်မှုက ကောက်ရိုးမီးသဖွယ် တဒင်္ဂ တောက်လောင်ခြင်းမျိုး မဟုတ်တော့ဘဲ၊ စစ်တပ် ဗိုလ်ကျစိုးမိုးမှု အပြီးတိုင်ချုပ်ငြိမ်းရေးအတွက် သန္နိဋ္ဌာန်ချပြီး လက်နက်ကိုင် ပြည်သူ့တော်လှန်ရေးကြီး ဆင်နွှဲလျက်ရှိသည်ကို တွေ့ရှိရသည်။

စစ်ခေါင်းဆောင်များ ဖန်တီးထားသော ထောင်ချောက်များကို ကျော်လွှားနေခြင်းက ပြည်သူတို့၏ နိုင်ငံရေးရင့်ကျက်မှုကို သက်သေပြနေသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် NLDကို ဖြိုခွင်းပြလိုက်လျှင် ပြည်သူများ ငြိမ်ဝပ်ပိပြားသွားမည်ဟု စစ်ခေါင်းဆောင်များက ယူဆနေသည်။  နွေဦးတော်လှန်ရေးတွင် ပါဝင်နေသူတို့ကမူ NLDနှင့် စစ်တပ်အကြား ပြဿနာမဟုတ်ဘဲ၊ ပြည်သူနှင့် စစ်တပ်အကြား တိုက်ပွဲဟု ပြတ်ပြတ်သားသား ရှုမြင်ခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်ကို နှစ်ရှည်ထောင်ဒဏ်ချမှတ်လိုက်ရုံမျှဖြင့်၊ NLDကို ဖျက်သိမ်းရုံမျှဖြင့် နွေဦးတော်လှန်ရေးက အဆုံးသတ်မသွားပါ။ ယခင် အကြမ်းမဖက်လူထုတော်လှန်ရေးများ ကျဆုံးခဲ့ရခြင်းကို အလျင်အမြန် သင်ခန်းစာယူပြီး၊ လက်နက်ကို လက်နက်ဖြင့် ရင်ဆိုင်ရန် ဆုံးဖြတ်ခဲ့ခြင်းက ယနေ့အချိန်ထိ တော်လှန်ရေးအရှိန်အဟုန်ကို တွေ့မြင်နေခြင်း၏ အကြောင်းတရားဖြစ်သည်။

နွေဦးတော်လှန်ရေးသည် စစ်ကျွန်ပြုမှု အမြစ်ပြတ် ချုပ်ငြိမ်းရေးကိုသာ ဦးတည်ထားသည်၊ NLD တည်တံ့ရေး မဟုတ်ပါ။ သို့သော် စစ်ကျွန်ပြုမှု ချုပ်ငြိမ်းခဲ့ပါက NLD သာမက ဒီမိုကရေစီဝါဒကို စစ်စစ်မှန်မှန် ယုံကြည်သော နိုင်ငံရေးပါတီများ တည်တံ့ထွန်းကားမည့် အရှေ့တောင်အာရှနိုင်ငံတစ်ခုအဖြစ် မြန်မာနိုင်ငံ ပြန်လည်ပေါ်ထွန်းလာပါလိမ့်မည်။

Show More

Related Articles

Back to top button