လေ့လာသုံးသပ်ချက်

အရှုံးကို ရင်ဆိုင် အာဏာစွန့်ချိန်တန်ပြီ စစ်ကောင်စီ

“၁၀၂၇ စစ်ဆင်ရေး” စတင်ခဲ့သည်မှာ နိုဝင်ဘာလ ၂၇ ရက်နေ့တွင် တစ်လပြည့်ပြီ ဖြစ်သည်။ ထိုစစ်ဆင်ရေး စတင်ချိန်မှ နိုင်ငံအရှေ့မြောက်ဒေသတစ်ခွင်သာမက နိုင်ငံအနှံ့ တိုင်းရင်းသားပေါင်းစုံ တော်လှန်ရေးတပ်ဖွဲ့များ၏ ဝိုင်းပတ်ပိတ်ဆို့တိုက်ခိုက်မှုများကြောင့် အာဏာသိမ်းစစ်တပ်၏ တပ်စခန်းများ နေ့စဉ်နေ့တိုင်း အရေးနိမ့် စွန့်ခွာနေရပြီး၊ လက်လွှတ်ခဲ့ရသော စစ်စခန်းများကို တန်ပြန်ထိုးစစ်ဆင် ပြန်လည်သိမ်းပိုက်နိုင်ခြင်း မရှိသည်ကို တွေ့မြင်နေရသည်။

ယခုနှစ်အစောပိုင်းတွင် “ခုခံစစ်” မှ “ထိုးစစ်” အသွင် ပြောင်းလဲမည်ဟု နွေဦးတော်လှန်ရေးအင်အားစုများ ကြွေးကြော်ခဲ့ချိန်က ‘ဘယ်လိုဖြစ်နိုင်မှာလဲ’ ဟု မေးခွန်းထုတ်ခဲ့ကြသော အခြေအနေတစ်ရပ်သည် နှစ်ကုန်ပိုင်းသို့ ရောက်လာချိန်တွင် ပီပီပြင်ပြင် ရုပ်လုံးပေါ်လာခြင်းက မထင်မှတ်သောတိုက်ဆိုင်မှုဟုဆိုလျှင် “နိုင်ငံရေးတွင် တိုက်ဆိုင်မှုဆိုတာမရှိ” ဟုပင် ဆိုရပေလိမ့်မည်။

စင်စစ် ၁၀၂၇ စစ်ဆင်ရေး ပေါ်ပေါက်မလာခင်အထိ နွေဦးတော်လှန်ရေးအပေါ် ရှုမြင်ပုံက “အရှိန်တန့်သွားပြီ၊ ရေရှည်တွင် အရင်းအမြစ်ပြည့်စုံသော စစ်တပ်ကသာ အသာစီးရသွားလိမ့်မည်” ဆိုသည့် သုံးသပ်ချက်များ လွှမ်းမိုးထားခဲ့သည်။ ထိုသုံးသပ်ချက်များ လွဲချော်ခဲ့သည်အထိ ၁၀၂၇ စစ်ဆင်ရေးက ထူးခြားသော အစွမ်းသတ္တိကို သယ်ဆောင်လာခဲ့ပြီ ဖြစ်သည်။

ထိုအခြေအနေသည် မြန်မာစစ်တပ်၏ တိုက်စွမ်းရည်အပေါ် နိုင်ငံတကာစစ်ရေးလေ့လာသူများပင် ၎င်းတို့၏ အစဉ်အလာအရ သိမြင်နားလည်ထားမှုများကို အခြေခံကျကျ ပြန်လည်ဆန်းစစ်လာရပြီး၊ မယုံနိုင်စရာ လွန်စွာ ကွဲပြားခြားနားသော ဒွိဟပွားစရာများ ဖြစ်စေခဲ့သည်။

၁၀၂၇ စစ်ဆင်ရေး တစ်လပြည့်ချိန် ရှမ်းပြည်နယ်မြောက်ပိုင်းတစ်ခွင် ပြောင်းလဲသွားသော စစ်ရေးချိန်ခွင်လျှာက မြန်မာ့အရေး စောင့်ကြည့်လေ့လာသူများကို မေးခွန်းပေါင်းများစွာ ဖြစ်ပေါ်စေခဲ့ပါသည်။

ညီနောင်မဟာမိတ် ၃ ဖွဲ့ဖြစ်သော ကိုးကန့် MNDAA ၊ တအောင်း TNLA နှင့် ရက္ခိုင့်တပ်တော် AA တို့ စစ်ကောင်စီကို ထိုမျှ ပြင်းပြင်းထန်ထန် ထိုးနှက်တိုက်ခိုက်နိုင်လိမ့်မည်ဟု ကြိုတင်မျှော်မှန်းတွက်ဆမထားခဲ့ကြသဖြင့် “၁၀၂၇ စစ်ဆင်ရေး” ကို ပြည်တွင်းပြည်ပ စောင့်ကြည့်လေ့လာသူများ အံ့အားသင့်ခဲ့ကြသလို၊ စစ်တပ်၏ အံ့ချီးဖွယ်ခုခံနိုင်စွမ်းမရှိမှုက ၎င်းတို့အတွက် ပို၍နားမလည်နိုင်စရာ အကြောင်းတရားဖြစ်လာခဲ့ပြီ ဖြစ်သည်။

အရှေ့တောင်အာရှနိုင်ငံများတွင် လွန်ခဲ့သော နှစ်ပေါင်း ၇၀ ကျော် တစ်လျှောက်လုံး ပြည်တွင်းစစ်များကြောင့် စစ်ရည်စစ်သွေးပြည့်ဝနေသော မြန်မာစစ်တပ်ဟု အထင်ကြီးခဲ့သော စစ်တပ်၏ ကျဆုံးခန်း နိဒါန်းပေပဲလား။

စစ်အာဏာရှင်ဟောင်း နေဝင်းလက်ထက်မှစ၍ အာဏာသိမ်းစစ်တပ်များ၏ ကာကွယ်ရေးဦးစီးချုပ်အဆက်ဆက် မကြုံဖူးသော စစ်ရှုံးနိမ့်ခြင်းနှင့် ရင်ဆိုင်နေရသော မင်းအောင်လှိုင်သည် သူ၏စစ်တပ်ကို တန်ပြန်ထိုးစစ်နှင့် ဆုံးရှုံးနယ်မြေများ ပြန်လည်သိမ်းပိုက်နိုင်သော ခေါင်းဆောင်မှုစွမ်းရည် မပေးနိုင်ဘဲ ဖြစ်နေသည်။

ထိုအခြေအနေက စစ်တပ်နှင့်ပတ်သက်၍ နှစ်ပေါင်းများစွာ ခြွင်းချက်မရှိ လက်ခံထားခဲ့ကြသော ယုံကြည်မှုအုတ်မြစ်ကို စတင်ကိုင်လှုပ်ခံနေရပြီ ဖြစ်သည်။

ယင်းမှာ “စစ်တပ်သည် နိုင်ငံကို စုစည်းထားသော တစ်ခုတည်းသော အဖွဲ့အစည်းဖြစ်သည်” ဆိုသည့် ယုံကြည်မှု ဖြစ်သည်။ အဆိုပါ အုတ်မြစ်အပေါ် တည်ဆောက်ထားသော “စစ်တပ်ပြိုလဲလျှင် တိုင်းပြည်ပြိုကွဲလိမ့်မည်” ဆိုသည့် ပြည်တွင်းစစ်ဆယ်စုနှစ်များတစ်လျှောက် စစ်တပ် စနစ်တကျ ဖြန့်ချိခဲ့သော ဝါဒမှိုင်းက ယနေ့အခါ နိုင်ငံတကာသံတမန်များနှင့် စစ်ရေးလေ့လာသူများပင် ယုံကြည်လက်ခံနေကြဆဲသည်။

နိုဝင်ဘာ ၁၂ ရက်နေ့ မဟာမိတ်တပ်များက ကွမ်းလုံမြို့ကို အပြီးသိမ်းပိုက်ပြီးနောက် စစ်တပ်၏ အတွဲလိုက်ပစ်ဒုံးတင်ယာဉ်တစ်စီးကို သိမ်းဆည်းရရှိခဲ့စဉ် (ဓာတ်ပုံ – The Kokang)

စစ်ဝါဒမှိုင်းစွဲနေသူများ၏ “၁၀၂၇ စစ်ဆင်ရေး” အပေါ် သံသယ 

၁၀၂၇ စစ်ဆင်ရေး ပေါ်ပေါက်လာသည့်အခါ ထိုစစ်ဆင်ရေးအပေါ် ၎င်းတို့၏ အမြင်သဘောထားအမျိုးမျိုးကို အလောတကြီး ထုတ်ဖော်ရေးသားပြောဆိုမှုများ ရက်ပိုင်းအတွင်း ထွက်ပေါ်လာခဲ့ပြီး၊ သံသယများစွာထားကြသည်ကိုလည်း တွေ့မြင်ရသည်။ 

စင်စစ် ထိုစစ်ဆင်ရေးကို ဦးဆောင်ဦးရွက်ပြုကြသော ညီနောင်မဟာမိတ် ၃ ဖွဲ့နှင့် စစ်ကောင်စီအကြား ယခုနှစ် နှစ်ဆန်းပိုင်းက တရုတ်နိုင်ငံ၏ ကြားဝင်စေ့စပ်မှုဖြင့် တရုတ်-မြန်မာနယ်စပ်မြို့ “မိုင်းလား” တွင် တွေ့ဆုံခဲ့ကြသေးသည် မဟုတ်ပါလား။ တရုတ်ဩဇာမလွန်ဆန်နိုင်သော အဖွဲ့များအဖြစ် ကျယ်ကျယ်ပြန့်ပြန်ဝေဖန်ခံထားရသော ထို ၃ ဖွဲ့က ဤမျှ ပြင်းထန်မြန်ဆန်သော စစ်ဆင်ရေးကို ဦးဆောင်မည်ဟု မည်သူမျှ တွေးဆထားဟန် မတူပါ။

ထို့ကြောင့် စစ်ဆင်ရေးပေါ်ပေါက်လာသည့်အခါ ၎င်းတို့၏ဆန္ဒစွဲများက ထွက်ပေါ်လာသော အဓိကသုံးသပ်ချက် နှစ်ခုမှာ “၁၀၂၇ စစ်ဆင်ရေး” က “နွေဦးတော်လှန်ရေး” နှင့် မဆက်စပ်ဘဲ၊ သီးခြားပုဂ္ဂလသဘောဆောင်နေပြီး၊ ညီနောင်မဟာမိတ် ၃ ဖွဲ့၏ စစ်ရေးရည်းမှန်ချက်မှာ ၎င်းတို့၏နယ်မြေ ထိန်းချုပ်နိုင်ရေးအတွက်သာဖြစ်သည်ဟု ဆိုသည်။

ဤဆောင်းပါးက စစ်ဆင်ရေးတစ်လပြည့် အခြေအနေကို ခြုံငုံသုံးသပ်ရင်း အထက်ပါ မြန်မာ့အရေးကျွမ်းကျင်သူတချို့၏ သုံးသပ်ချက်များ၏ ယုတ္တိဗေဒကင်းလွတ်မှုကိုပါ တစ်ပါတည်း ဆင်ခြင်သုံးသပ် ဖော်ပြလိုပါသည်။ 

နွေဦးတော်လှန်ရေးနှင့် ၁၀၂၇ စစ်ဆင်ရေး သီးခြားသဘောဆောင်နေသလား

စစ်ပွဲတို့၏သဘာဝအရ စစ်ရေးရည်မှန်းချက်များ ချမှတ်ကြရစမြဲ ဖြစ်ပြီး၊ ၁၀၂၇ စစ်ဆင်ရေးကို စတင်ကြေညာကတည်းက ညီနောင်မဟာမိတ် ၃ ဖွဲ့သည် ၎င်းတို့၏စစ်ရေးရည်မှန်းချက်များကို အတိအလင်း ထုတ်ဖော် ကြေညာခဲ့ပြီး ဖြစ်သည်။

၎င်းတို့၏ စစ်ရေးရည်မှန်းချက်များတွင် တစ်နိုင်ငံလုံးလွှမ်းခြုံသော ရည်မှန်းချက်ဖြစ်သော “မြန်မာပြည်သူတစ်ရပ်လုံး၏ လိုလားချက်ဖြစ်သော စစ်အာဏာရှင်စနစ်အား အမြစ်ပြတ်ရေး” နှင့် ဒေသန္တရရည်မှန်းချက်ဖြစ်သော “မိမိတို့ဒေသကို မိမိတို့ ပိုမိုထိန်းချုပ်နိုင်ရေး” ဆိုပြီး အဓိကရည်မှန်းချက်တစ်စုံ ပါဝင်သည်ကို တွေ့ရှိရသည်။

ဤနေရာတွင် ၁၀၂၇ စစ်ဆင်ရေး၏ မမျှော်လင့်သော လျှပ်စီးပမာထိုးစစ်ကို ကြုံခဲ့ရပြီး အချိန်တိုအတွင်း အရှုံးကြီးကြီးမားမားနှင့် ရင်ဆိုင်လိုက်ရသော စစ်ကောင်စီသည် ထိုစစ်ဆင်ရေး၏ “လားရာ” မှာ MNDAA ၏ ကိုးကန့်နယ်မြေကို ပြန်လည်သိမ်းပိုက်ထိန်းချုပ်ရေး စစ်ပွဲဆင်နွှဲခြင်းသာ ဖြစ်သည်ဟု ကျယ်ကျယ်လောင်လောင် ဝါဒဖြန့်လာတော့သည်။

စစ်ကောင်စီ၏ ထိုဇာတ်ကြောင်း (Narrative) ကို သံတူကြောင်းကွဲလိုက်ပြီး “လမ်းများအားလုံး လောက်ကိုင်သို့လား” ဟု မေးခွန်းထုတ်ပြီး၊ “၁၀၂၇ စစ်ဆင်ရေး” ၏ “လားရာ” ကို လမ်းလွှဲလိုသော ယူဆချက်ဖော်ထုတ်မှုများလည်း ရှိလာပါသည်။

ထိုယူဆချက်နောက်ကွယ်တွင် သက်ဆိုင်ရာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များသည် ၁၀၂၇ စစ်ဆင်ရေးကို ၎င်းတို့၏ သီးခြားပုဂ္ဂလရည်မှန်းချက်အတွက် အကောင်အထည်ဖော်ခြင်းဖြစ်ပြီး၊ နွေဦးတော်လှန်ရေးအင်အားစုများက ၎င်းတို့နှင့် ဆက်စပ်မှုမရှိဘဲ အတင်းဆွဲချိတ်၍ စစ်ကောင်စီကို ဆန့်ကျင်နေကြခြင်းသာ ဖြစ်သည်ဟု ဆိုလိုရင်း ဖြစ်သည်။

ထိုရှုမြင်ချက်သည် ဘုံရန်သူ စစ်တပ်ကို ပစ်မှတ်ထားဆန့်ကျင်တိုက်ခိုက်နေသည့် “၁၀၂၇ စစ်ဆင်ရေး” ကို ကြိုဆိုဝိုင်းရံခဲ့သော နွေဦးတော်လှန်ရေး အင်အားစုအသီးသီးကို လှောင်ပြောင်လိုက်ခြင်း ဖြစ်ပြီး၊ မရှေးမနှောင်းထွက်ပေါ်လာသော တော်လှန်ရေးအင်အားစုများ၏ အရပ်ဒေသအသီးသီးရှိ ဟန်ချက်ညီထိုးစစ်များကို လျစ်လျူရှုခြင်း ဖြစ်သည်။

ခမ်းပတ်မြို့ စစ်ကောင်စီစခန်းကို ကာကွယ်ရေးအဖွဲ့များ သိမ်းပိုက်ထားစဉ် (ဓာတ်ပုံ − NUG)

၁၀၂၇ စစ်ဆင်ရေးနှင့် ဟန်ချက်ညီဖော်ဆောင်သော စစ်ဆင်ရေးများ

ထိုစစ်ဆင်ရေးစတင်ပြီး နှစ်ပတ်အကြာ နိုဝင်ဘာလ ၁၁ ရက်နေ့တွင် ကရင်နီပြည်နယ်၌ KA/KNDF ဦးဆောင် သော “၁၁-၁၁ စစ်ဆင်ရေး” ထပ်မံပေါ်ထွက်လာပါသည်။ ၁၀၂၇ စစ်ဆင်ရေးနှင့် ဟန်ချက်ညီဖော်ဆောင်သော စစ်ဆင်ရေးအဖြစ် အတိအလင်းကြေညာခဲ့သည်။

နောက်နှစ်ရက်အကြာ နိုဝင်ဘာ ၁၃ ရက်နေ့တွင် ၁၀၂၇ စစ်ဆင်ရေးကို ဦးဆောင်နေသော ညီနောင်မဟာမိတ် ၃ ဖွဲ့ထဲမှ ရက္ခိုင့်တပ်တော် (AA) သည် ရခိုင်ပြည်နယ်တွင် ကာလရှည်ကြာ စစ်တပ်နှင့် အပစ်ရပ်ထားခဲ့သည့် အခြေအနေကို ရပ်ဆိုင်းခဲ့ပြီး၊ စစ်မျက်နှာသစ်ဖွင့်ကာ စတင်ထိုးစစ်ဆင်နေပြီ ဖြစ်သည်။ ထို့ကြောင့် ၁၀၂၇ စစ်ဆင်ရေးသည် နိုင်ငံအရှေ့မြောက်ဒေသမှ အနောက်ဘက်သို့ ခုန်ကူးသွားခဲ့ပြီ ဖြစ်သည်။

အလားတူ အနောက်မြောက်ဒေသ ချင်းပြည်နယ်တွင် CNA/CDFs ဦးဆောင်သော စစ်ဆင်ရေးနှင့် စစ်ကိုင်းမြောက်ပိုင်းက KIA ဦးဆောင်သော NUG-PDFs ၏ စစ်ဆင်ရေး၊ ၁၀၂၇ စစ်ဆင်ရေး မတိုင်မီကတည်းက မြောက်ပိုင်း ကချင်ပြည်နယ်အတွင်းရှိ KIA ၏ လိုင်ဇာဌာနချုပ်သို့ စစ်ကောင်စီ၏ထိုးစစ်ကို ဖြိုချနိုင်ခဲ့သည့်အပြင် မြစ်ကြီးနား-ဗန်းမော်ကားလမ်းကို ထိန်းချုပ်ထားသော မဟာဗျူဟာကျ စစ်တပ်စခန်းကို တန်ပြန်သိမ်းပိုက်နိုင်မှု စသည့် စစ်ဆင်ရေးများအားလုံးသည် လုံးဝမဆက်စပ်သော သီးခြားသဘောဆောင်သည့် စစ်ဆင်ရေးများအဖြစ် မည်သို့မျှ ကြည့်မြင်သုံးသပ်၍ မရပါ။

အထက်ပါ စစ်ဆင်ရေးအားလုံး၏ ထူးခြားချက်များမှာ တစ်လအတွင်း စစ်ကောင်စီတပ်စခန်း ရာနှင့်ချီ သိမ်းပိုက်နိုင်ခဲ့ရုံမျှမက၊ မြို့အများအပြားကိုလည်း ထိန်းချုပ်ထားနိုင်သော အခြေအနေကို ရောက်ရှိနေပြီ ဖြစ်သည်။

ကွမ်းလုံအခြေချစစ်ဗျူဟာအဖွဲ့စခန်းကို မဟာမိတ်တပ်များ နိုဝင်ဘာ ၁၂ ရက်နေ့တွင် အပြီးသိမ်းပိုက်ပြီးနောက် တွေ့ရစဉ်။ (ဓာတ်ပုံ – The Kokang)

၁၀၂၇ စစ်ဆင်ရေး တစ်လအတွင်း စစ်တပ်ထိန်းချုပ်မှုအောက်မှ လွတ်မြောက်ခဲ့သော မြို့များ

၁၀၂၇ စစ်ဆင်ရေးစတင်သည့်နေ့မှာပင် ကိုးကန့်ဒေသရှိ နယ်စပ်ကုန်သွယ်ရေးမြို့ ချင်းရွှေဟော်ကို တော်လှန်ရေးမဟာမိတ်တပ်များက ထိန်းချုပ်နိုင်ခဲ့သည်။ ထိုမှတစ်ဆင့် တစ်လအတွင်း တရုတ်နယ်စပ်တစ်လျှောက်ရှိ မြို့များဖြစ်သော မုန်းကိုး၊ ကြူကုတ် (ပန်ဆိုင်း) နှင့် ဖောင်းဆိုင် မြို့အသီးသီးကို MNDAA က ထိန်းချုပ်ထားနိုင်ပြီး ဖြစ်သည်။

တရုတ်-မြန်မာနယ်စပ်က နမ့်ခမ်းမြို့ကို TNLA က သိမ်းပိုက်ထိန်းချုပ်ပြီး၊ မရှေးမနှောင်းမှာပင် စစ်ကိုင်းတိုင်းရှိ ကောလင်းခရိုင်မြို့ကြီးကို KIA နှင့် NUG-PDF များက သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့သည်။ ထို့ပြင် အိန္ဒိယနယ်စပ် ခမ်းပတ်မြို့ငယ်လေးကိုလည်း NUG-PDF များက သိမ်းပိုက်ထိန်းချုပ်ထားလိုက်ပြီ ဖြစ်သည်။

ဧရာဝတီမြစ်ကို အပေါ်စီးမှ ထိန်းချုပ်နိုင်သော မဟာဗျူဟာကျသည့် ထီးချိုင့်မြို့နှင့် ပင်လည်ဘူးမြို့တို့မှာ သိမ်းပိုက်ထိန်းချုပ်ထားလုနီးနီးအခြေအနေကို ရောက်ရှိနေပြီဖြစ်သည်။ ထီးချိုင့်မြို့ကို သိမ်းပိုက်နိုင်မည်ဆိုလျှင် စစ်ကောင်စီသည် ဧရာဝတီမြစ်ကို အသုံးချပြီး ထီချိုင်းမှတစ်ဆင့် ကသာ၊ ဗန်းမော်နှင့် မြစ်ကြီးနားသို့ ရေလမ်းခရီးဖြင့် စစ်ကူပို့နိုင်တော့မည် မဟုတ်တော့ပေ။ ထို့ကြောင့် စစ်ကောင်စီသည် ထီးချိုင့်မကျရေး အပြင်းအထန်ကာကွယ်နေခြင်း ဖြစ်သည်။

ချင်းပြည်နယ်တွင် အိန္ဒိယနယ်စပ်ကုန်သွယ်ရေးမြို့ဖြစ်သော ရိဒ်ခေါဒါရ်မြို့ကို CAN/CDFs ချင်းတော်လှန်ရေးတပ်ပေါင်းစုက ထိန်းချုပ်ထားနိုင်ခဲ့ပြီး၊ ဒုတိယမြို့အဖြစ် တောင်ပေါ်လေယာဉ်ကွင်းသစ် ဖောက်လုပ်ထားသော လိုင်လင်းပီမြို့၏ တစ်ခုတည်းသော စစ်တပ်စခန်းကို သိမ်းပိုက်နိုင်ခဲ့ပြီ ဖြစ်သည်။ ယင်းသည် လိုင်လင်းပီမြို့ကို ထိန်းချုပ်နိုင်သည့် အခြေအနေသို့ ရောက်ရှိသွားပြီး၊ ချင်းတော်လှန်ရေးတပ်များသည် လေယာဉ်ကွင်းတစ်ခုကို ပထမဆုံး ပိုင်ဆိုင်ထိန်းချုပ်ခွင့်ရသွားပြီ ဖြစ်သည်။

ကရင်နီတော်လှန်ရေးတပ်များသည် မြို့တော်လွိုင်ကော်ကို ဝိုင်းပတ်ပိတ်ဆို့ထားနိုင်သည့် အခြေအနေတွင် ရောက်ရှိနေပြီး၊ လွိုင်ကော်ကို သိမ်းယူနိုင်ပါက ပြည်နယ်တစ်ခုလုံးကို ထိန်းချုပ်နိုင်သောအဆင့်သို့ ရောက်ရှိသွားပေလိမ့်မည်။ ယင်းသည် ကရင်နီတော်လှန်ရေးသမိုင်းတွင် သမိုင်းဝင်အောင်ပွဲပင် ဖြစ်သည်။

ကရင်နီပြည်နယ်၊ လွိုင်ကော်တက္ကသိုလ်ကို ထိန်းချုပ်အပြီး KNDF တပ်ဖွဲ့ဝင်များကို နိုဝင်ဘာလ ၁၅ ရက်နေ့က တွေ့ရစဉ် (ဓာတ်ပုံ – KNDF)

အရှုံးနှင့် ရင်ဆိုင်နေရပြီဖြစ်သော မင်းအောင်လှိုင် အာဏာစွန့်ချိန်တန်ပြီ

ပြည်သူများ၏ ပြတ်သားသော ဆုံးဖြတ်ချက်ဖြင့် လက်နက်ကိုင်တော်လှန်ရေးဆင်နွှဲနေမှုက အောင်မြင်ရန် အကြောင်းမရှိဟု သုံးသပ်ထားကြသော စစ်ရေးကျွမ်းကျင်သူများကိုယ်တိုင် နွေဦးတော်လှန်ရေးကို အထင်အမြင်သေးစွာ သုံးသပ်ခဲ့သော အမှားများကို လွန်ခဲ့သော ၂ နှစ်ခွဲတွင် အခါခါ တွေ့မြင်ခဲ့ရပြီ ဖြစ်သည်။ စစ်တပ်၏ စစ်လက်နက်အင်အား (Fire Power) ပိုင်ဆိုင်ထားရှိမှု တစ်ခုတည်းကို ကြည့်ပြီး ထိုသို့ သုံးသပ်ခဲ့ကြခြင်း ဖြစ်သည်။

သို့သော် ယခုတစ်ကြိမ်တွင် နိုင်ငံတကာမီဒီယာများပင် “စစ်တပ်အရှုံးနှင့် ရင်ဆိုင်နေရပြီ” ဟု စတင်သုံးသပ်ပြောဆိုမှုများ ရှိလာပြီ ဖြစ်သည်။ ယင်းသည် စစ်ကောင်စီအတွက် ရှင်းလင်းသော သတင်းစကားပင် ဖြစ်သည်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် နိုင်ငံတစ်ခုတွင်ရှိသော လက်နက်ကိုင်တပ်ဖွဲ့အင်အားနှင့် ကြည်း-ရေ-လေ အဆင့်မြင့်လက်နက်ကြီးမျိုးစုံ ပိုင်ဆိုင်ထားသည်မှာ အမှန်ပင် ဖြစ်သည်။ သို့သော် အဆိုပါ လက်နက်အင်အားသည် နိုင်ငံအချင်းချင်း ဖြစ်ပွားသော စစ်ပွဲများ (Interstate War) ဖြစ်လာသည့်အခါ မိမိနိုင်ငံ၏ အချုပ်အခြာအာဏာကို ကာကွယ်ရန် နိုင်ငံတိုင်းက စုဆောင်းထားရှိခြင်းသာဖြစ်ပြီး၊ ကိုယ့်သူပြည်ကို အစုအပြုံလိုက်သတ်ဖြတ်ရန် မဟုတ်ပါ။ မင်းအောင်လှိုင်အနေဖြင့် တိုင်းပြည်လည်းပျက်၊ ပြည်သူ့အသက်ပေါင်း သိန်းသောင်းချီ သေကျေပျက်စီးမည့် လမ်းကို မရွေးဘဲ၊ အရှုံးကို ရင်ဆိုင်ပြီး နိုင်ငံ့အာဏာကို မူလပိုင်ရှင် ပြည်သူ့လက်ထဲ ပြန်လည်အပ်နှင်းကာ၊ စစ်တပ်သည် နိုင်ငံရေးနယ်မှ အပြီးအပိုင်ဆုတ်ခွာရန် အချိန်တန်ပြီ ဖြစ်သည်။

Show More

Related Articles

Back to top button