ညီနောငက် ၃ ဖွဲ့နှင့် စစ်ကောင်စီတပ်တို့၏ ရှမ်းပြည်နယ်မြောက်ပိုင်းတိုက်ပွဲများ ချက်ချင်းရပ်ရန် ညှိနှိုင်းနိုင်ခဲ့သည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ယနေ့ (ဇန်နဝါရီ ၁၂ ရက်) တွင် ပြောသည်။
“နှစ်ဖက်လုံး အပစ်ရပ်ဖို့နဲ့ အငြင်းပွားမှုများနဲ့ တောင်းဆိုမှုတွေကို ငြိမ်းငြိမ်းချမ်းချမ်းနဲ့ စေ့စပ်ဆွေးနွေးအဖြေရှာဖို့ သဘောတူညီမှုရခဲ့ပါတယ်” ဟု တရုတ်နိုင်ငံရေးဝန်ကြီးဌာန ပြောခွင့်ရ Mao Ning က ပြောသည်။
တရုတ်နိုင်ငံ ကူမင်းမြို့တွင် ဗုဒ္ဓဟူးနေ့မှစတင်ကာ စစ်ကောင်စီနှင့် မြောက်ပိုင်းမဟာမိတ်တပ်တို့ ဆွေးနွေးခဲ့ကြအပြီး ထိုရလဒ် ထွက်ပေါ်လာခြင်းဖြစ်သည်။
“မြန်မာနိုင်ငံမြောက်ပိုင်းမှာ အပစ်အခတ်ရပ်စဲရေးနဲ့ ငြိမ်းချမ်းရေးကို ထိန်းသိမ်းနိုင်တာဟာ အဖွဲ့အစည်းလုံးရဲ့ အကျိုးစီးပွားနဲ့ကိုက်ညီပြီး နယ်စပ်ဒေသ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို ထိန်းသိမ်းဖို့လည်း အထောက်အကူဖြစ်စေပါတယ်” ဟု Mao Ning က နိုင်ငံခြားရေးဌာန နေ့စဉ် သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။
စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကလည်း တရုတ်နိုင်ငံ၏အကူအညီဖြင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုရခဲ့သည်ဟု သတင်းဌာနများသို့ ပြောသည်။
“ကျွန်တော်တို့ ယာယီပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူညီချက် ရရှိခဲ့ပါတယ်။ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ခိုင်မာဖို့အတွက်လည်း ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ပြီးရင် နယ်စပ်ဒေသကုန်သွယ်ရေးဂိတ်များ ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် တရုတ်မြန်မာ နှစ်နိုင်ငံ ဆက်လက်ညှိနှိုင်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု ပြောသည်။
မည်သည့်အချိန်အထိ အပစ်ရပ်မည်ကို မသိရသေးသလို ညီနောင်သုံးဖွဲ့၏ ထုတ်ပြန်ချက်လည်း ထွက်ပေါ်မလာသေးပေ။
မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA)၊ ရက္ခိုင့်တပ်မတော် (AA) နှင့် တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) တို့က အောက်တိုဘာ ၂၇ မှ စတင်ကာ ရှမ်းပြည်မြောက်ပိုင်းတွင် ထိုးစစ်ဆင်တိုက်ခိုက်ရာ စစ်ကောင်စီက စခန်း ရာနှင့်ချီ ဆုတ်ပေးလိုက်ရသည်။
နယ်စပ်ကုန်သွယ်ရေး
၁၀၂၇ စစ်ဆင်ရေးစတင်ပြီး ရက်ပေါင်း ၂၀ ကျော် အကြာတွင် တရုတ်နှင့် နယ်စပ်ကုန်သွယ်ရေးတွင် အဓိကအကျဆုံးသော လမ်းကြောင်းများ ဖြတ်တောက်ခံထားရသည်။
နောက်ပိုင်းတွင် AA ကလည်း ၎င်း၏ အဓိကနယ်မြေဖြစ်သော ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်တို့တွင် ထိုးစစ်ဆင်ခဲ့သည်။
ညီနောင်သုံးဖွဲ့က တရုတ်နှင့် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းပေါ်ရှိ အချက်အချာအကျဆုံး သိန္နီမြို့ကို ထိန်းချုပ်ထားသလို နယ်စပ်ကုန်သွယ်ရေးတွင် အရေးပါသည့် မြို့များဖြစ်သော ချင်းရွှေဟော်၊ ကျူကုတ် (ပန်ဆိုင်း) တို့ကိုလည်း သိမ်းပိုက်ထားခဲ့သည်။
ရှမ်းပြည်မြောက်ပိုင်းရှိ (ချင်းရွှေဟော်၊ လောက်ကိုင်၊ ကုန်းကြမ်း၊ ဖောင်းဆိုင်၊ မုံးကိုး၊ ကွမ်းလုံ၊ ဟိုပန်၊ နမ့်ဆန်၊ နမ္မတူ၊ မန်တုံ၊ မိုင်းလုံ၊ မိုင်းငေါ့၊ နမ့်ခမ်း၊ ပန်ဆိုင်း၊ ကွတ်ခိုင်၊ သိန္နီ၊ ပန်လုံမြို့ မြို့ပေါင်း ၁၇ မြို့မှာ မြောက်ပိုင်းမဟာမိတ်တို့၏ လက်အောက် ရောက်သွားသည်။
တိုက်ပွဲဒေသသို့ ထောက်ပို့လုပ်ငန်း လုပ်ရာတွင် အသုံးပြုနိုင်မည့် လမ်းများလည်း ဖျက်ဆီးခံခဲ့ရသည်။
တိုက်ပွဲကြောင့် တရုတ်နှင့် နယ်စပ်ကုန်သွယ်ရေး အဓိကလမ်းကြောင်းများ ပုံမှန်အခြေအနေ မဟုတ်တော့သဖြင့် အခြားလမ်းကြောင်းများမှ ပြောင်းလဲကုန်သွယ်ကြရန် စစ်ကောင်စီက နိုဝင်ဘာလတွင် ကြေညာခဲ့ရသည်။
မြန်မာ-ထိုင်းနယ်စပ် ကရင်ပြည်နယ်အတွင်း တိုက်ပွဲနယ်မြေဖြစ်လာသော မြဝတီမှတစ်ဆင့်ကုန်သွယ်ရန်လည်း အခွင့်မသာတော့သဖြင့် ထိုသို့ တိုက်တွန်းခဲ့ခြင်းပင်။
နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းများတစ်လျှောက် တိုက်ပွဲဖြစ်နေသဖြင့် အခက်အခဲဖြစ်နေသည်ဟု စီးပွားကူးသန်းဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မြန်မာ့ကုန်သွယ်မှုမြင့်တင်ရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ် နော်မူတာကပေါက ဒီဇင်ဘာလတွင် Myanmar Now ကို ပြောသည်။
“ကုန်သွယ်မှုမြှင့်တင်ဖို့အတွက်က ကုန်သွယ်လမ်းကြောင်းတွေ လျင်မြန်ဖို့၊ လုံခြုံဖို့၊ ချောမွေ့ဖို့ လိုတာပေါ့။ အဲ့ဒါကျတော့ နည်းနည်းလေး အခက်အခဲတော့ ရှိတာပေါ့။ (ကုစားဖို့ နည်းလမ်းတွေ) လုပ်နေတာ ရှိပါတယ်” ဟု ၎င်းက ဆိုသည်။
ဝ ဒေသ အခြေအနေ
တစ်ချိန်တည်းတွင် UWSA ခေါ် ဝပြည် သွေးစည်းညီညွတ်ရေးတပ်မတော်ကလည်း ကိုးကန့်ဒေသ စစ်ပွဲပြီးဆုံးပြီဖြစ်ဖြင့် ဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နမ့်တစ်ဒေသတွင် ခိုလှုံနေသည့် စစ်ဘေးရှောင်များ မိမိနေရပ်များသို့ ပြန်နိုင်ပြီဖြစ်ကြောင်း ယနေ့သတင်းထုတ်ပြန်သည်။
သက်ဆိုင်ရာ အဖွဲ့အစည်းအသီးသီးကြိုးစားမှုဖြင့် စစ်ပွဲရပ်တန့်နိုင်ခဲ့ပြီး ကိုးကန့်ဒေသ ပြန်လည်တည်ငြိမ်လာသဖြင့် စစ်ဘေးရှောင်များ အေးချမ်းစွာနေရပ်ပြန်နိုင်ပြီဟု ထုတ်ပြန်ချက်က ဆိုသည်။
“ယခုလက်ရှိအချိန်မှာ အဖွဲ့အသီးသီးရဲ့ ပူးပေါင်းကြိုးပမ်းမှုများကြောင့် စစ်ပွဲများ ပြီးဆုံးသွားကာ ကိုးကန့်ဒေသတွင် ဖြည်းဖြည်းချင်း ပြန်လည်အေးချမ်းကောင်းမွန်လာနေပြီ” ဟု ရေးသားထားသည်။
စစ်ဘေးဒုက္ခသည်များကို နေထိုင်စရာများ၊ စားနပ်ရိက္ခာနှင့် ဆေးဝါးများ အစရှိသည့် လူသားချင်းစာနာမှု အထောက်အပံ့များပေးအပ်ခဲ့ကြောင်း၊ ဇန်နဝါရီ ၁၅ ရက်နေ့မှ စတင်ကာ ထောက်ပံ့မှုများ ရပ်တန့်တော့မည် ဖြစ်ကြောင်း၊ ယခုဆုံးဖြတ်ချက်ကို နားလည်ပေးစေလိုကြောင်း UWSA ၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။