အတွေးအမြင်

မြန်မာ့နွေဦးတော်လှန်ရေး ဒုတိယအဆင့်ကို ဘယ်လို တက်လှမ်းနိုင်မလဲ

မြန်မာ့နွေဦးတော်လှန်ရေးက ၂ နှစ်ခွဲ ကျော်ခဲ့ပါပြီ။ ဒီမိုကရေစီတိုက်ပွဲ နောက်တစ်ဆင့် ရောက်အောင် ဆောင်ကြဉ်းဖို့ ဘယ်လို လုပ်ဆောင်ရမလဲဆိုတာ လူအတော်များများ တွေးတော ဆွေးနွေးတဲ့ အကြောင်းခြင်းရာပဲ ဖြစ်ပါတယ်။ အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) နဲ့ သူ့ရဲ့ မဟာမိတ်များ အထူးသဖြင့် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်း (ERO) တချို့တို့ စစ်ကောင်စီကို ပူးပေါင်းတိုက်နေကြတာ အောင်မြင်မှုတချို့ ရရှိခဲ့ကြပြီး ဖြစ်ပါတယ်။ ၂၀၂၃ ဟာ တော်လှန်ရေးအတွက် “အဆုံးအဖြတ်” နှစ်အဖြစ် ရှုမြင်မှုတွေလည်း ပိုများလာနေပါတယ်။

ခုချိန်အထိ စစ်အာဏာရှင် ဆန့်ကျင်ရေး အင်အားစုများနဲ့ ERO တွေအကြား စစ်ရေးပိုင်း ညှိနှိုင်းဆောင်ရွက်မှုတွေဟာ နည်းဗျူဟာအဆင့်မှာသာ ရှိနေပါသေးတယ်။ စစ်ကောင်စီ လက်လွှတ် ဆုံးရှုံးလိုက်ရတဲ့ နယ်မြေတွေ၊ စစ်စခန်းတွေဟာ စစ်ရေးမဟာဗျူဟာကျတဲ့ နေရာတွေတော့ မဟုတ်ပါဘူး။ မြန်မာ့နွေဦးတော်လှန်ရေး လှုပ်ရှားမှု ဒုတိယအဆင့် (Phase-II) ကို တက်လှမ်းနိုင်ဖို့ တိုင်းရင်းသား လူနည်းစုတွေနဲ့ ဗမာလူများစုကြား ဘုံဆုံချက် နိုင်ငံရေးရည်မှန်းချက်၊ ပန်းတိုင်ကို စတင် ထုဆစ် ပုံဖော်ရတော့မှာ ဖြစ်ပါတယ်။

NUG ကိုယ်တိုင်ကလည်း မကြာမီ နိုင်ငံရေးအကူးအပြောင်း နောက်တစ်ဆင့် တက်နိုင်ဖို့ လိုကြောင်း အလေးထား ပြောဆိုနေပါတယ်။ ဒါပေမဲ့ ၂၀၂၃ ခုနှစ်ကို တော်လှန်ရေးအောင်မြင်မှုအတွက် ‘အဆုံးအဖြတ်’ နှစ်အဖြစ် ဘောင်ခတ်ခြင်းဟာ နိုင်ငံရေးရဲ့ အခြေအမြစ်ကို နားလည်မှု အားနည်းရာ ကျပါတယ်။ ဒီလို ပြောဆိုရတာဟာ မြေပြင်မှာ တိုက်နေတဲ့ တော်လှန်ရေးတပ်ဖွဲ့များကို လှုံ့ဆော်ဖို့နဲ့ ပြည်ပရောက် မြန်မာတွေဆီက ထောက်ပို့ရန်ပုံငွေ ကျဆင်းလာမှာ စိုးရိမ်တာကြောင့် အရင်းခံ ပြောတာလို့ ဆင်ခြေပေးကြပါတယ်။

စာရေးသူရဲ့ ကိုယ်ပိုင်အတွေ့အကြုံအရ ပြောရရင်တော့ ကျွန်တော်တို့ဟာ ၁၉၉၀ ပြည့်လွန်နှစ်တွေတုန်းက နယ်စပ်မှာ ၇ နှစ်ကျော် ကြာအောင် ယခုလောက် ပြည်တွင်း၊ ပြင်ပမှ အကူအညီတွေ မရခဲ့ဘဲ “တောင့်” ခံနိုင်ခဲ့ပါတယ်။ မြန်မာတွေဟာ ယေဘုယျအားဖြင့် ဒူပေနာပေခံနိုင်ကြပါတယ်။ ပြင်ပကူညီမှုတွေ နည်းပါးလာမယ်ဆိုတဲ့ စိုးရိမ်မှုဟာ ခိုင်လုံမှု မရှိလှပါဘူး။ ဒီနှစ်ကို “အဆုံးအဖြတ်” ပေးမဲ့ နှစ်လို့ သတ်မှတ်ထားချက်က ၁၉၆၂ ခုနှစ်က စပြီး စစ်အာဏာရှင်ကို ကာလရှည်ကြာ ဆန့်ကျင်တော်လှန် တိုက်ပွဲဝင်ခဲ့တဲ့ သူရဲကောင်းတွေနဲ့ ပြည်သူတွေရဲ့ နိုင်ငံရေးခံနိုင်ရည်အားကို လျှော့တွက်သလို ဖြစ်နေပါတယ်။

ဖက်ဒရယ် ဒီမိုကရေစီ တည်ဆောက်ရေး လုပ်ငန်းစဉ်မှာ စိတ်ပိုင်းဖြတ်ထားမှုနဲ့ သတ္တိရှိမှုတို့ အခရာကျပြီး အရင်းအမြစ်၊ အချိန်နဲ့ အားစိုက်ထုတ်မှုတွေကိုတော့ ရှာကြံ ထုတ်လုပ်ယူရပါတယ်။

မြန်မာပြည်သူတွေဟာ ခက်ခဲကျပ်တည်းမှုကို ဦးလည်မသုန် ရင်ဆိုင်နိုင်ကြောင်း နှစ်ပေါင်းများစွာ ပြသခဲ့ပြီးသား ဆိုတာကိုလည်း သတိချပ်ဖို့ လိုပါတယ်။

၂၀၂၃ ခုနှစ်၊ သြဂုတ်လ ၈ ရက်နေ့က နိုင်ငံအလယ်ပိုင်းတွင် အာဏာသိမ်း စစ်ကောင်စီ ဆန့်ကျင်ရေး ဆန္ဒပြနေသူများ (ဓာတ်ပုံ – GSCB)

လက်ရှိတော်လှန်ရေးမှာ စစ်တပ်ကို အာဏာကနေ ဖယ်ရှားတဲ့အားထုတ်မှုဟာ ယခင်ကြိုးပမ်းမှုများထက် အားသာချက်များစွာ ရှိနေပါတယ်။ ၁၉၈၈ ခုနှစ် လူထုအုံကြွမှုအပြီးနှစ်များအတွင်း ကျယ်ကျယ်ပြန့်ပြန့် မတွေ့ခဲ့ရတဲ့ ပြည်ပရောက် မြန်မာနိုင်ငံသားတွေရဲ့ ကျောထောက်နောက်ခံရှိနေတဲ့အပြင် ဗမာပြည်အလယ်ပိုင်း အညာရဲ့ အုံကြွ အားပေးထောက်ခံမှုကိုလည်း အခိုင်အမာ ရထားပါတယ်။

နိုင်ငံတကာအသိုင်းအဝိုင်းကလည်း ထောက်ခံအားပေးမှုတွေ ရှိနေပါတယ်။ စစ်အာဏာရှင်ကို ဖိအားပေးဖို့ အမေရိကန်ပြည်ထောင်စုက မြန်မာအက်ဥပဒေကို မကြုံစဖူး ပြဋ္ဌာန်းခဲ့တယ်။ အရှေ့တောင်အာရှနိုင်ငံများအသင်း အဖွဲ့ဝင် နိုင်ငံတချို့က စစ်ကောင်စီ အဆက်မပြတ် အကြမ်းဖက်နေတာကို ဆန့်ကျင်ပြောဆိုခဲ့ကြပြီး ကုလသမဂ္ဂလုံခြုံရေးကောင်စီကလည်း မြန်မာနိုင်ငံဆိုင်ရာ ဆုံးဖြတ်ချက်တွေကနေတစ်ဆင့် ဗိုလ်ချုပ်ကြီးတွေကို ဖိအားပေးနေပါတယ်။ ယခင်အစိုးရလက်ထက်က ခန့်အပ်ခဲ့တဲ့ သံအမတ်ကြီး ဦးကျော်မိုးထွန်းက စစ်ကောင်စီကို ကိုယ်စားမပြုဘဲ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ်အဖြစ် တာဝန် ဆက်လက် ထမ်းဆောင်နေမှုကလည်း လက်ရှိတော်လှန်ရေးရဲ့ အရေးပါမှုတွေ ဖြစ်ပါတယ်။

ဒီလို နိုင်ငံတကာထောက်ခံမှု၊ ပြည်သူတွေရဲ့ ပါဝင်မှုအားကောင်းပေမဲ့ ဓနအင်အားနဲ့ စစ်လက်နက်အရဆိုရင် စစ်ကောင်စီဟာ တော်လှန်အင်အားအဖွဲ့တွေထက် အများကြီး သာတယ်ဆိုတဲ့ အချက်ကိုတော့ ငြင်းလို့ မရသေးပါဘူး။ ဒါကြောင့် NUG နဲ့  လက်နက်ကိုင်အဖွဲ့တွေရဲ့ လတ်တလော စစ်လက်နက်စွမ်းဆောင်အား အနေအထားကြောင့် နေပြည်တော်ကို သိမ်းပိုက်နိုင်ရေးမှာ မလွယ်ကူသေးပါ။ သို့ပေမဲ့ သူ့လက်အောက်မှာ ရှိတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တွေကို စစ်အနိုင်တိုက်‌ရေးထက် နိုင်ငံရေးအရ ကုပ်အားကန်အား (Political leverage) အနေဖြင့် ဆက်ခိုင်မာစေဖို့ ရည်ရွယ်ချက်နဲ့ တိုင်းရင်းသားအဖွဲ့တွေကို ပိုမို ချိတ်ဆက်လုပ်ဆောင်ဖို့ အားစိုက်ထုတ်တာက NUG အတွက် ပိုကောင်းပါမယ်။

လန်ဒန်အခြေစိုက် Economist မဂ္ဂဇင်းရဲ့ သုတေသနဌာန Economist Intelligence Unit က စစ်ကောင်စီနဲ့ လက်နက်ကိုင် အင်အားစုတွေအကြား စစ်‌ရေးအားပြိုင်မှုဟာ “ရှေ့မတိုး‌ နောက်မဆုတ်ဘဲ” ငါးနှစ်ခန့်  အနည်းဆုံး ကြာမြင့်နိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ တော်လှန်ရေး ရှည်ကြာလာတာ၊ တိုက်ပွဲလမ်းခုလတ်ကို ရောက်လာတာနဲ့အမျှ NUG နဲ့ ERO များကြားမှာ ဖက်ဒရယ်ကို ဖော်ဆောင်မဲ့ နိုင်ငံရေးရည်မှန်းချက်တွေကို အဓိကထားတဲ့ စစ်ရေးအရ ပူးပေါင်းမှု ပိုလိုအပ်လာပါတယ်။ မတူကွဲပြားတဲ့ အကျိုးစီးပွားတွေကြောင့် စုစည်းဖို့ လွယ်ကူမှာ မဟုတ်ပေမဲ့လည်း NUG ဟာ ရန်ပုံငွေရှာဖွေခြင်း၊ ပြည်တွင်းရှိ တိုင်းရင်းသားတချို့၊ အခြားနိုင်ငံရေးအုပ်စုများနဲ့ ချိတ်ဆက်ခြင်း နည်းလမ်းတွေနဲ့ နွေဦးတော်လှန်ရေးရဲ့ နိုင်ငံရေးအဟုန်ကို ဆက်လက် ထိန်းသိမ်းနိုင်ဆဲပဲ ဆိုတဲ့အချက်ကိုတော့ အသိအမှတ်ပြုရမှာ ဖြစ်ပါတယ်။

ဒါပေမဲ့ NUG ဟာ ERO တွေ၊ တော်လှန်ရေးအင်အားစုတွေနဲ့ ပိုမို လက်တွေ့ကျတဲ့ ရေရှည် နိုင်ငံရေးရည်မှန်းချက်တွေကို အတူအကွ ဖော်ထုတ်နိုင်ဖို့ လိုအပ်တယ်။ ဒီအတွက်လည်း အချိန်ယူရမှာ ဖြစ်ပါတယ်။ ပထမအဆင့် (Phase I) ကို ကျော်လွန်ဖို့ အနည်းဆုံး (၂) နှစ်ကနေ (၃) နှစ်အထိ အချိန်ပေးရပါမယ်။ ဒုတိယအဆင့် (Phase II) ရောက်ဖို့က NUG နဲ့ လက်ရှိ ERO မဟာမိတ်များအကြားမှာ ဖက်ဒရယ်ပြည်ထောင်စုနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တွေ အာမခံနိုင်မဲ့ နိုင်ငံရေးစိတ်ချရမှုတွေ ဒီထက်ခိုင်မာလာစေရေး ဦးတည်ပြီး စစ်ဆင်ရေးနယ်မြေတွေ ချဲ့ထွင်နိုင်ဖို့ အရေးကြီးပါတယ်။ တိုင်းရင်းသားလူမျိုးစုများနဲ့ ဗမာဗုဒ္ဓဘာသာဝင်အများစုကြား နိုင်ငံရေးပေါင်းစည်းမှု ရှိလာတာ၊ စစ်ကောင်စီရဲ့ တပ်တွေမှာ တပ်ပြေးတွေ များလာတာနဲ့အမျှ အဆုံးမှာတော့ စစ်ကောင်စီဟာ သူ့ဘာသာသူ ပြိုလဲသွားနိုင်ပါတယ်။

၂၀၂၃ ခုနှစ် ဇွန်လ ၂၈ ရက်နေ့က နေပြည်တော်တွင် တွေ့ရသော အာဏာသိမ်းခေါင်းဆောင်နှင့် နောက်လိုက်များ။

တိုင်းရင်းသားတချို့၊ လူထုအခြေခံအဖွဲ့တွေရဲ့ ခေါင်းဆောင်တွေနဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က ကျောထောက်နောက်ခံပေးထားတဲ့ NUG အစိုးရ၊ ဖြုတ်ချခံထားရတဲ့ အာဏာရပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) တို့ဟာ အခြားအရေးပါတဲ့ “ဝ”နဲ့ ရိုဟင်ဂျာတို့ရဲ့  ကိုယ်စားပြုသူများအပါအဝင် ERO တွေနဲ့ အမျိုးသမီးကိုယ်စားပြု အရပ်ဘက်အဖွဲ့အစည်းများကြား ဘုံသဘောတူညီချက် ပြန်လည်ရဖို့ နိုင်ငံရေးစိတ်ချမှု (political assurance)  တည်ဆောက်ရေးအပေါ် အာရုံစိုက်ရမှာ ဖြစ်ပါတယ်။

ပထမ ဦးစားပေးအနေနဲ့တော့ အခြေခံအကြောင်းအရာတွေကို ပြန်လည် သုံးသပ်ပြီး NUG နဲ့ ERO ခေါင်းဆောင်တွေက ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ်စာတမ်း (FDC) ကို ၂၀၀၈ ခြေဥနဲ့ လွတ်ကင်းတဲ့၊ ဖက်ဒရယ်ကို ဦးတည်တဲ့ အပိုဒ်တွေကို ထည့်ပြီး ပြန်လည်သုံးသပ် ပြုပြင်တာတွေ၊ ၂၀၂၁ ဖေဖော်ဝါရီလ အာဏာသိမ်းမှုကို ဆန့်ကျင်ရာက ထွက်ပေါ်လာတဲ့ အမျိုးသား စည်းလုံးညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) တို့ကို ပြန်လည် သုံးသပ်ဖွဲ့စည်းတဲ့ လုပ်ငန်းတွေ ပါဝင်နိုင်ပါတယ်။ NUCC ထဲမှာ တိုင်းရင်းသားပြည်နယ်၊ တိုင်းတွေရဲ့ နိုင်ငံရေးလုပ်ပိုင်ခွင့်အာဏာတွေကို မြှင့်တင်နိုင်ဖို့၊ (နယ်မြေဒေသအပေါ်မှာ အခြေခံတဲ့) နိုင်ငံရေးအာဏာ ဆင်းသက်မှု/ကိုယ်စားပြုမှု အသစ်ပုံစံမျိုးတွေ ပါဝင်ရပါမယ်။

ERO တွေကလည်း နိုင်ငံရေး စေ့စပ်ညှိနှိုင်းမှုများမှာ လက်တွေ့ကျဖို့ လိုအပ်ပါတယ်။ ဗမာပြည်နယ်ဖွဲ့စည်းရေးကို တောင်းဆိုမဲ့အစား အဓိပ္ပာယ်ပြည့်ဝတဲ့ နိုင်ငံရေးဆွေးနွေးပွဲများ ဖြစ်ပေါ်လာစေရေးအတွက် ဗမာအများစု နေထိုင်နေတဲ့ တိုင်းဒေသ အဆင့်အဖွဲ့တွေ ပါဝင်လာစေရေး NUG၊ NLD နှင့် CRPH တို့ထံ အဆိုပြုသင့်ပါတယ်။ လက်ရှိ ပထဝီ “ပေးထားချက်”တွေကို အခြေခံပြီး အဆိုပြုသင့်ပါတယ်။ နယ်မြေသစ် ဖွဲ့စည်းရေးဆိုတာ ခြေဥအသစ်လုပ်ပြီးမှ ပြည်သူ့ဆန္ဒခံယူပွဲတွေလုပ်ပြီးမှ ဖြစ်နိုင်ပါတယ်။ NLD အနေနှင့်လည်း လက်ရှိမှာ ကန့်သတ်ချက်တွေရှိနေပြီး ဒေါ်အောင်ဆန်းစုကြည် ထောင်ကျနေတာကြောင့် နိုင်ငံရေးဆုံးဖြတ်ချက်ကြီးကြီးတွေ ချမှတ်ဖို့ ခေါင်းဆောင်မှု လစ်ဟာမှု ရှိနေတာကို သတိပြုရပါမယ်။

ဒုတိယ ဦးစားပေးကတော့ ဗမာအများစု နေထိုင်ရာ စစ်ကိုင်း၊ မကွေး၊ မန္တလေး၊ ပဲခူးနဲ့ ရန်ကုန်ဒေသမှာ ပြန့်ကျဲနေတဲ့ PDF အင်အားစုများကို စုစည်းဖို့ အထူးလိုအပ်ပါတယ်။ ဒီလိုစုစည်းမှုက NUG ရဲ့ နိုင်ငံရေးသြဇာနဲ့ ရပ်တည်ချက်ကို ပံ့ပိုး အားကောင်းလာစေနိုင်ပါတယ်။ PDF အဖွဲ့တွေကြား ထိရောက်တဲ့ ပူးပေါင်းဆောင်ရွက်မှုနဲ့ ဘုံနိုင်ငံရေးရည်မှန်းချက် ရှိအောင်လုပ်ပေးဖို့ကလည်း အလွန်အရေးကြီးပါတယ်။

တတိယကတော့ NUG ရဲ့ နိုင်ငံခြားရေးမူဝါဒ ဆုံးဖြတ်ချက်ချမှတ်ခြင်းလုပ်ငန်းစဉ်တွေမှာ ERO တွေ ပိုမို ပါဝင်လာဖို့ လိုအပ်ပါတယ်။ တိုင်းရင်းသားခေါင်းဆောင်များ ပူးပေါင်းပါဝင်လာစေနိုင်ရေး ကျယ်ကျယ်ပြန့်ပြန့် ညှိနှိုင်းဆွေးနွေး တိုင်ပင်တာတွေ လုပ်ဆောင်ရပါမယ်။ ဒီလိုလုပ်ဆောင်ခြင်းက တိုင်းရင်းသားနယ်မြေများ ဖွံ့ဖြိုးမှုကို အခြေခံပြီး မြန်မာနိုင်ငံအပေါ် မူဝါဒများ ချမှတ်မဲ့ အိမ်နီးချင်းနိုင်ငံများဖြစ်တဲ့ တရုတ်၊ အိန္ဒိယ၊  ထိုင်းတို့ဆီကနေ အထောက်အပံ့များ ပိုမိုရရှိလာစေမှာ ဖြစ်ပါတယ်။ NUG ကို ဗမာအများစုရဲ့ အစိုးရသာ မဟုတ်ဘဲ မြန်မာနိုင်ငံသားများအားလုံးရဲ့ ကိုယ်စားလှယ်အစိုးရအဖြစ် အသိအမှတ်ပြုနိုင်ဖို့ လိုအပ်တယ်ဆိုတာကို သတိချပ်စေချင်ပါတယ်။

စစ်ကောင်စီဟာ လမ်းဆုံးကို ရောက်နေပါပြီ။ နောက်ဆုံးတစ်ခုအနေနဲ့ ပြည်သူတွေကို မီးကုန်ယမ်းကုန် တိုက်ခိုက် စစ်ခင်းခြင်း တစ်နည်းသာ ကျန်ပါတော့တယ်။ NUG နဲ့ ERO တွေ အတွက်ကတော့ အပေါ်မှာ ဆွေးနွေးထားသလိုပဲ စစ်ရေးပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး၊ နိုင်ငံရေးအရ ဗျူဟာခင်းတဲ့ နည်းလမ်း နှစ်သွယ်သုံးပြီး စစ်ကောင်စီကို ရှုံးနှိမ့်အောင်လုပ်ဖို့ အချိန်ကျပါပြီ။ NLD ဟာ CRPH နဲ့ NUG  စတင်ပေါက်ဖွားရာ ဖြစ်လေ‌တော့ သူရဲ့ ၂၀၂၀ ရွေးကောက်ပွဲရလဒ် သက်တမ်းမကုန်ဆုံးခင်မှာ ဖက်ဒရယ်ကို ဦးစားပေးရှေးရှုတဲ့ နိုင်ငံ‌ရေးလုပ်ငန်းစဉ်တွေကို အာရုံစိုက်ရပါမယ်။ အပေါ်မှာ ဖော်ပြခဲ့တဲ့ နိုင်ငံရေးအဆင့်တွေကို အကောင်အထည်ဖော်နိုင်ပါမှ နွေဦးတော်လှန်ရေး ဒုတိယအဆင့် (Phase II) ကို ကူးပြောင်းနိုင်မှာ ဖြစ်ပြီး အောင်ပွဲ (Phase III) ကို ထပ်ဆင့် ဆင်နွှဲနိုင်မယ်ဆိုတာ တင်ပြ သုံးသပ်လိုက်ရပါတယ်။

(ဇော်တူးဆိုင်းအကြောင်း – ငယ်နာမည် ငဇော်၊ အညာသားပါ။ တောင်သူလယ်သမား မိဘတွေက မွေးပါတယ်။ ၁၉၉၀ ရွေးကောက်ပွဲအပြီး ပြည်တွင်းနိုင်ငံရေးအခြေအနေ ကျပ်တည်းလာတော့ လက်နက်ကိုင်တိုက်ချင်လို့ အသက် ၁၇ နှစ်မှာ တောခိုပါတယ်။ ဒုက္ခသည်စခန်းမှာ ၇ နှစ် နေရင်း ကျောင်းသားတပ်မတော်မှာ ရုံးလုပ်ငန်းတွေ တာဝန်ယူခဲ့ပါတယ်။ ဒေလီတက္ကသိုလ်ကနေ နိုင်ငံရေးသိပ္ပံဂုဏ်ထူးတန်းဘွဲ့ ၂၀၀၃ မှာ ရပြီး ဖောင်ဒေးရှင်းတစ်ခုမှာ ဝန်ထမ်းလုပ်ပါတယ်။ ကချင်အမျိုးသမီးနဲ့ အိမ်ထောင်ကျတော့ ဇော်တူးဆိုင်:ရယ်လို့ ဖြစ်ပါတယ်။ လက်ရှိ အမေရိကန်မှာ နေထိုင်ပြီး ကိုလံဘီယာတက္ကသိုလ် (Columbia University) ကနေ နိုင်ငံတကာရေးရာ၊ ဘောဂဗေဒဆိုင်ရာပြည်သူ့ဆိုင်တဲ့ မူဝါဒ (Public Policy) မဟာဘွဲ့ ရရှိခဲ့ပါတယ်။)

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button