ဆောင်းပါး

စစ်အာဏာသိမ်းမှု စိတ်ဒဏ်ရာကို အဝေးတွင် ကုစားနေကြရသူများ

ထိုင်းနယ်စပ်ရောက် စိတ်ကျန်းမာရေး ပါမောက္ခတစ်ဦးက ၂၀၂၁ ဖေဖော်ဝါရီလ စစ်တပ် အာဏာသိမ်းပြီးနောက် ရက်ပိုင်းအတွင်းတွင်ပင် ရန်ကုန်မြို့ တက္ကသိုလ်လုပ်ငန်းခွင်မှ စွန့်ခွာခဲ့ကြောင်း Myanmar Now ကို ပြောသည်။

အခြား သိန်းနှင့်ချီသော ဝန်ထမ်းများနည်းတူ စစ်အာဏာရှင်ကို တော်လှန်လိုစိတ်၊ “လိပ်ပြာသန့်စွာ” နေထိုင်လိုစိတ်ကြောင့် သူလည်း တစ်နိုင်ငံလုံးအတိုင်းအတာ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်လိုက်ခြင်း ဖြစ်သည်။

“အာဏာမသိမ်းခင်နဲ့ သိမ်းပြီးနောက်ပိုင်း လူတွေမှာ ကျွန်မတွေ့ရတဲ့ အဓိက ပြောင်းလဲချက်ကတော့ စိတ်ပိုင်းဆိုင်ရာကော၊ ရုပ်ပိုင်းဆိုင်ရာပါ လုံခြုံမှုမရှိတော့ဘူးလို့ ခံစားရတာပါပဲ” ဟု သူက ဆိုသည်။

ဆယ်စုနှစ်များစွာ ကြာမြင့်ခဲ့သော ပြည်တွင်းစစ်နှင့် စစ်တပ်၏ ဖိနှိပ်မှုအောက်တွင် ထိုကဲ့သို့သော စိတ်ဒဏ်ရာများကို ပြည်သူတို့ ခံစားခဲ့ကြရပြီးဖြစ်သည်ဟု သူက ပြောသည်။

“ဒီလိုအဖြစ်အပျက်မျိုးကို ကျွန်မတို့ တွေ့ကြုံခံစားခဲ့ရတာ အကြိမ်ကြိမ်အခါခါ ရှိပါပြီ။ ကျွန်မတို့ ဒါကို အရေးတယူ မလုပ်ပေမဲ့လည်း၊ ကျွန်မတို့ ပြည်သူတစ်ရပ်လုံးဟာ Personal Trauma (တစ်ဦးတစ်ယောက်ချင်းစီမှာ ရှိတတ်သည့် စိတ်ဒဏ်ရာ) တွေ အပြင် ဒီလို Collective Trauma (အဖြစ်အပျက်တစ်ခုကြောင့် စိတ်ဒဏ်ရာကို လူထုတစ်ရပ်လုံး ခံစားရခြင်း) ကိုပါ ခံစားနေကြရပါတယ်”

မလုံခြုံမှုကြောင့် အချိန်ကြာမြင့်စွာ ပုန်းရှောင်ပြီးနောက် သူသည် နယ်စပ်ကို ဖြတ်ပြီး ထိုင်းနိုင်ငံသို့ ယခုနှစ် အစောပိုင်းတွင် ရောက်ရှိခဲ့သည်။ မြန်မာစစ်အာဏာရှင်၏ ဖမ်းဆီးနှိပ်စက်မှု၊ သတ်ဖြတ်မှုတို့မှ လွတ်မြောက်ရန် ထိုင်းနိုင်ငံသို့ လွတ်မြောက်ခိုလှုံလာသည့် ထောင်ပေါင်းများစွာသော မြန်မာလူမျိုးများနှင့်အတူ သူသည်လည်း အဝေးမြေတစ်နေရာတွင် အခက်အခဲများကို ကျော်လွှားဖြတ်သန်းနေရဆဲ ဖြစ်သည်။

မြန်မာနိုင်ငံမှ ဒုက္ခသည်များ သောင်းရင်းမြစ်ကို ဖြတ်၍ ထိုင်းနိုင်ငံသို့ ကူးလာနေသည်ကို ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၂၀ ရက်နေ့တွင် တွေ့ရပုံ (Athens Zaw Zaw/Picture Alliance via Getty Images)

အာဏာသိမ်းမှုကြောင့် စိတ်ကျန်းမာရေး ပါမောက္ခကိုယ်တိုင် ရခဲ့သည့် စိတ်ဒဏ်ရာ

“၂၀၂၁ ခုနှစ်၊ မတ်လက ကျွန်မတို့တွေ အာဏာသိမ်းတာကို ဆန္ဒပြဖို့ ရန်ကုန်မြို့လယ်ကောင်မှာ စုဝေးနေကြပါတယ်။ ကျွန်မနဲ့ လုပ်ဖော်ကိုင်ဖက်တွေ စကားပြောရင်း မရောက်လာသေးတဲ့သူတွေကို စောင့်နေကြပါတယ်။ ကျွန်မတို့အဖွဲ့က လူ လေးငါးယောက်လောက် ရှိပါတယ်။ အချိန်က စောနေသေးတာမို့၊ ဘယ်လိုချီတက်ကြမလဲဆိုတာ စီစဉ်နေကြတုန်းပါ။ အဲဒီအချိန်မှာ ကားတစ်စီးက ရုတ်တရက် ကျွန်မတို့ရှေ့မှာ လာရပ်တယ်။ အိမ်စီးကားဆိုတော့ ကျွန်မတို့လည်း သိပ်ဂရုမထားကြဘူး” ဟု သူပါဝင်ခဲ့သည့် လမ်းပေါ်မှ ဆန္ဒပြလှုပ်ရှားမှု နေ့ရက်များအကြောင်း ပြန်ပြောင်း ပြောပြသည်။

“အဲဒီနောက်မှာ ဖြစ်ပျက်သွားတာတွေက စက္ကန့်ပိုင်းအတွင်း အရမ်းကို မြန်ဆန်လွန်းလှပါတယ်။ ကားပေါ်ကနေ စစ်ကောင်စီရဲ့ စစ်သားတွေ ဆင်းလာပြီး ကျွန်မတို့ကို သေနတ်တွေနဲ့ ချိန်ထားပါတယ်။ လုပ်ဖော်ကိုင်ဖက်တစ်ယောက်ကို ကျွန်မတို့ရှေ့မှာပဲ အတင်းဆွဲတင်ပြီး မောင်းထွက်သွားပါတယ်” ဟု သူက ပြောသည်။

“ရုတ်တရက်ဆိုတော့ ကျွန်မတို့လဲ ဘာဖြစ်လိုက်မှန်း မသိဘဲ ကြောင်နေပါတယ်။ ကျွန်မ ထီးတစ်ချောင်းကိုင်ထားတယ်ဆိုတာ မှတ်မိတယ်။ ပြီးတော့ ဘေးပတ်ပတ်လည် မြေကြီးပေါ်မှာ ကျောက်စရစ်ခဲတွေ အများကြီးရှိတယ်။ ကျွန်မတို့တွေ ကားနောက်ကို ပြေးလိုက်ပြီး၊ ကျောက်ခဲတွေနဲ့ ပစ်ပါတယ်။ ဒါပေမဲ့ ကျွန်မတို့ လိုက်မမီခဲ့ပါဘူး။ အဲဒီနောက် ချက်ချင်းဆိုသလိုပဲ စစ်ကား နှစ်စီးသုံးစီးလောက် ကျွန်မတို့ရှေ့ကို ဦးတည်လာနေပါတယ်။ ကျွန်မတို့ အဲဒီအချိန် တွေးမိတာကတော့ ကျန်တဲ့လူတွေအကုန်လုံးကို သူတို့ဖမ်းမိလို့ မဖြစ်ဘူးဆိုတာပဲ။ ကျွန်မတို့ လုပ်ဖော်ကိုင်ဖက်တွေဘက် လှည့်ပြီး ‘လမ်းကြောင်းပြောင်းရအောင်’ လို့ ပြောလိုက်ပါတယ်။

စစ်ကားတွေ ကျွန်မတို့ဘက် လှည့်လာနေတဲ့အချိန်မှာ ကျွန်မတို့တွေ နောက်လှည့်ပြီး ဆန့်ကျင်ဘက်လားရာကို ထွက်ပြေးကြပါတယ်။ အဲဒီနောက်မှာ ၆ ပေ မြင့်တဲ့ နံရံတစ်ဖက်မှာ ပုန်းနေခဲ့ကြပါတယ်။ ကျွန်မတို့တွေ အဲဒီပုန်းစရာနေရာကို ဘယ်လိုရှာတွေ့ပြီး၊ နံရံကို ဘယ်လိုကျော်တက်ခဲ့ကြတယ်ဆိုတာကို ကျွန်မ မမှတ်မိတော့ပါဘူး။ ဒါပေမဲ့ အဲဒီနေရာမှာ ကျွန်မတို့ ညနေရောက်တဲ့အထိကို နာရီပေါင်းများစွာ ပုန်းနေခဲ့ရပါတယ်။

အဲဒီအဖြစ်အပျက်ကို အခုအချိန် ပြန်တွေးကြည့်ရင် ကျွန်မ လိပ်ပြာမလုံပါဘူး။ ကျွန်မတို့ရဲ့ လုပ်ဖော်ကိုင်ဖက်ကို ဖမ်းသွားတဲ့ အချိန်မှာ ကျွန်မတို့အနေနဲ့ ဘာမှမတတ်နိုင်ခဲ့ပါဘူး။ ကိုယ်လွတ်မြောက်ဖို့အတွက် ထွက်ပြေးခဲ့တာဟာ တစ်ကိုယ်ကောင်းဆန်ရာ ကျမလားလို့ ကျွန်မတွေးမိပါတယ်။ အခု ဒီအကြောင်းအရာတွေကို ပြန်ပြောတဲ့အခါ အဲဒီအချိန်က ခံစားချက်အတိုင်း ပြန်ခံစားရပါတယ်။ အတိတ်ကအကြောင်းအရာတွေကို ပြန်ပြောင်းစဉ်းစားမိတဲ့အခါ အဲဒီအချိန်ကအတိုင်း ကြက်သီးတွေ ထနေတုန်းပါပဲ။ ကျွန်မတို့ ထွက်ပြေးတဲ့အချိန်တုန်းက ဖြစ်ပျက်ခဲ့တဲ့အတိုင်း ကျွန်မ အခု ခံစားနေရပါတယ်။

ဒါဟာ စိတ်ဒဏ်ရာပါပဲ။ တစ်တိုင်းပြည်လုံးက လူတိုင်းနီးပါး ဒီလိုစိတ်ဒဏ်ရာမျိုးကို ခံစားနေကြရမယ်လို့ ယူဆနိုင်ပါတယ်” ဟု ပါမောက္ခက ရှင်းပြသည်။

စိတ်ပညာ ကထိကနှင့် စိတ်ကျန်းမာရေး ပညာရှင်တစ်ဦးဖြစ်သည့် သူကိုယ်တိုင်ပင်လျှင် မြန်မာနိုင်ငံတွင် အာဏာသိမ်းမှုကြောင့် ရခဲ့သည့် စိတ်ဒဏ်ရာမှ အမာရွတ်ထင်ကျန်နေဆဲဟု သူက မှတ်ချက်ချသည်။

“ဒီလိုအဖြစ်အပျက်မျိုးကို ကျွန်မတို့ တွေ့ကြုံခံစားခဲ့ရတာ အကြိမ်ကြိမ်အခါခါ ရှိပါပြီ… ကျွန်မတို့ ဒါကို အရေးတယူမလုပ်ပေမဲ့လည်း၊ ကျွန်မတို့ ပြည်သူတစ်ရပ်လုံးဟာ “Personal trauma” တွေအပြင် ဒီလို ‘Collective trauma’ ကိုပါ ခံစားနေကြရပါတယ် (စိတ်ပညာ ပါမောက္ခ)

အဝေးတစ်နေရာတွင် စိတ်ကျန်းမာရေး ဆွေးနွေးသူ

အထောက်အထား စာရွက်စာတမ်းများမရှိ၍၊ နေရာထိုင်ခင်း လုံခြုံမှုမရှိ၍၊ ရဲများကို အမြဲကြောက်နေရ၍၊ ပညာဆက်မသင်နိုင်၍၊ လုပ်ငန်းကိုင်ငန်းများကို စွန့်ခွာခဲ့ရ၍ စသည့် ဒုက္ခအဖုံဖုံကြောင့် “အစဉ်အမြဲ စိုးရိမ်ပူပန်ထိတ်လန့်” နေရသူများကို ထိုင်း−မြန်မာနယ်စပ် ခိုလှုံရာနေရာသစ်တစ်ခုတွင် သူတွေ့ခဲ့ရသည်။

မြန်မာပြည်မှ စိတ်ဒဏ်ရာများဖြင့် ရောက်လာသူများအတွက် စိတ်ဒဏ်ရာဆိုင်ရာ ဆွေးနွေးကုသရေးအပါအဝင် စိတ်ပိုင်းဆိုင်ရာ ကူညီမှုများပေးရန် ရည်ရွယ်သော ရပ်ရွာအခြေပြု စီမံကိန်းတစ်ခုတွင် သူသည် ခေါင်းဆောင်ပညာရှင်အဖြစ် ဇန်နဝါရီလမှ စတင်၍ ပါဝင်လုပ်ကိုင်ခဲ့သည်။

ထိုအစီအစဉ်ကို စတင်တည်ထောင်သူများထဲမှ တစ်ဦးဖြစ်သည့် ထိုင်းနိုင်ငံအခြေစိုက် မြန်မာလူမျိုး ဝါရင့်ပညာရေးလှုပ်ရှားသူက စစ်အာဏာရှင်၏ တိုက်ခိုက်မှုကြောင့် နှစ်နိုင်ငံနယ်စပ် သောင်ရင်းမြစ်ကမ်းသို့ ထွက်ပြေးလာသူများကို အထောက်အပံ့များ ဝေပေးနေစဉ် အကြံဉာဏ်ရခဲ့သည်ဟု ဆိုသည်။

“မြစ်တစ်ဖက်ကမ်းက ပစ်ခတ်သံတွေ ကြားတော့ ဒီကလူတွေ ညည အိပ်မပျော်တာတွေ၊ အရမ်းကို စိတ်ထိခိုက်ဒဏ်ရာရနေတာတွေကို ကျွန်တော်တို့ တွေ့ရပါတယ်။ ဒီပြဿနာဟာ ဘယ်လောက်များ ကျယ်ပြန့် အမြစ်တွယ်နေတယ်ဆိုတာနဲ့ ဒါကို ဖြေရှင်းဖို့အတွက် ဘာကို လိုအပ်တယ်ဆိုတာကို ကျွန်တော် နားလည်ဖို့ တစ်နှစ်လောက် ကြာခဲ့ပါတယ်” ဟု သူက ရှင်းပြသည်။

“စိတ်ဒဏ်ရာဆိုတာက ကျွန်တော့ရင်ထဲမှာတောင် အရိုးစွဲ အမြစ်တွယ်နေပြီ။ ဒီပြဿနာတွေဖြစ်နေတာ အချိန်အတော်ကြာခဲ့ပါပြီ။ တခြားအပြင်က အဖွဲ့အစည်းတွေက လာလိုက်၊ သွားလိုက်ပါပဲ။ ဒါပေမဲ့ ဒီလူတွေအတွက် ရေရှည် ကူညီထောက်ပံ့မှုမျိုး ပေးဖို့ လိုအပ်တယ်” 

မြန်မာစစ်တပ်၏ ဗုံးခွဲမှုကြောင့် ထွက်ပြေးစဉ် ထိခိုက်ဒဏ်ရာရရှိခဲ့သော အမျိုးသမီးတစ်ဦး ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်ခရိုင်တွင် ဆေးကုသမှုခံယူနေသည်ကို ၂၀၂၁ ခုနှစ် မတ်လ ၃၀ ရက်နေ့က တွေ့ရစဉ် (ဓာတ်ပုံ- LILLIAN SUWANRUMPHA/AFP via Getty Images)

ထိုင်းနိုင်ငံသို့ ခိုလှုံလာသူတို့၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးသည့် အခြားဒေသတွင်း အစီအစဉ်များကဲ့သို့ပင် ဤစိတ်ကျန်းမာရေးဆိုင်ရာ အစီအစဉ်သည်လည်း ရုံးခန်းမရှိဘဲ တိုးတိုးတိတ်တိတ် ဆောင်ရွက်ကြရသည်။

ထိုသို့ လျှို့ဝှက်လုပ်ဆောင်ရခြင်းမှာလည်း အကြောင်းရှိပါသည်။ အာဏာပိုင်များ၏ တားမြစ်မှုကို စိုးကြောက်ရသလို၊ ပရိုဂရမ်တွင် ပါဝင်လုပ်ကိုင်နေသည့် သို့မဟုတ် ကုသမှုခံယူနေသည့် အထောက်အထားစာရွက်စာတမ်းမရှိသူများကို ပစ်မှတ်ထားပြီး မြန်မာပြည်သို့ ပြန်ပို့ခံရမည့် အန္တရာယ်လည်း ရှိပြန်သည်။ ထိုသူများ မြန်မာပြည်သို့ ပြန်ပို့ခံရပါက အကျဉ်းချခံရခြင်းအပြင် ထို့ထက်ဆိုးရွားသည့် ကံကြမ္မာမျိုးကို ကြုံတွေ့ရနိုင်သည်။

ထိုအစီအစဉ်၏ အဓိကလုပ်ငန်းဖြစ်သော ဆွေးနွေးပွဲ၊ သင်တန်းများကို ဒေသတွင်းအဖွဲ့အစည်းများ၊ ၎င်းတို့၏ ကွန်ရက်များတွင် ရှိသူများ တက်ရောက်ကြသည်။ ထိုသင်တန်းများသည် ၄ ရက် ကြာမြင့်ပြီး စိတ်ခွန်အားမြှင့်တင်ရေးနှင့် “စိတ်ကျန်းမာရေး ရှေးဦးသူနာပြု” သို့မဟုတ် ဆိုးရွားသောအခြေအနေမှ လွတ်မြောက်လာသူများအတွက် ချက်ချင်း ကြားဝင် ကုသဆောင်ရွက်ချက်များ (Immediate Interventions) စသည်တို့ကို ဦးစားပေး သင်ကြားသည်။

“စိတ်ဒဏ်ရာဆိုတာက ကျွန်တော့ရင်ထဲမှာတောင် အရိုးစွဲ အမြစ်တွယ်နေပြီ။ ဒီပြဿနာတွေဖြစ်နေတာ အချိန်အတော်ကြာခဲ့ပါပြီ။ တခြားအပြင်က အဖွဲ့အစည်းတွေက လာလိုက်၊ သွားလိုက်ပါပဲ။ ဒါပေမဲ့ ဒီလူတွေအတွက် ရေရှည် ကူညီထောက်ပံ့မှုမျိုး လိုအပ်တယ်” (ထိုင်းနိုင်ငံအခြေစိုက် မြန်မာလူမျိုး ပညာရေးလှုပ်ရှားသူတစ်ဦး)

စိတ်ကျန်းမာရေး ပါမောက္ခကိုယ်တိုင် ဦးဆောင်သင်ကြားပြီး နယ်စပ်အခြေစိုက် အရပ်ဘက်အဖွဲ့အစည်းများမှ ဝန်ထမ်းများနှင့် လုပ်အားပေးများ တက်ရောက်သည့် သင်တန်းတစ်ခုကို Myanmar Now က တက်ရောက်လေ့လာခွင့် ရရှိခဲ့ပါသည်။

သင်တန်းတက်သူ ၁၅ ယောက်ဝန်းကျင်တွင် အာဏာသိမ်းပြီးနောက်ပိုင်း ထွက်ပြေး လွတ်မြောက်လာသူများ၊ ယခင်ကပင် ထိုင်းနိုင်ငံသို့ ရွှေ့ပြောင်းရောက်ရှိနေသူများလည်း ပါဝင်ပါသည်။

သင်တန်းစစချင်း ပါမောက္ခက “စိတ်ခံစားမှု၊” “စိတ်ဖိစီးမှု၊” နှင့် “စိတ်ဒဏ်ရာ” စသည့် ဝေါဟာရများ၏ အဓိပ္ပာယ်ကို မေးမြန်း၍ ပေါ့ပေါ့ပါးပါး ဆွေးနွေးစေသည်။

စိတ်ဒဏ်ရာဖြစ်စေနိုင်မှုနှင့် ပတ်သက်သည့် ဥပမာများကို မေးမြန်းသောအခါ ယာဉ်မတော်တဆဖြစ်မှု၊ ကလေးသူငယ်အကြမ်းဖက်မှု၊ အလွန်အကျွံ စွဲလမ်းမှု စသည်ဖြင့် တွန့်တွန့်ဆုတ်ဆုတ် ဖြေကြသည်။ ပါမောက္ခနှင့် ပူးတွဲသင်တန်းနည်းပြနှစ်ဦးက ထိုအဖြေများကို နားထောင်ပြီး မှန်ကန်ကြောင်း အတည်ပြုပေးသည်။ ထို့နောက် ဆွေးနွေးမှုများကို မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပျက်နေသော အခြေအနေများပေါ်သို့ ညင်ညင်သာသာပင် ပြောင်းလဲ ဆွဲခေါ်သွားသည်။

“စိတ်ဒဏ်ရာဖြစ်စေတဲ့ အကြောင်းအရာတွေမှာ နိုင်ငံရေးနဲ့ ပတ်သက်တာတွေလဲ ပါဝင်တယ်” ဟု ပါမောက္ခက သင်တန်းသားများကို ရှင်းပြသည်။

“ဖမ်းဆီးနှိပ်စက်တာ၊ အိမ်တွေကို မီးရှို့တာ စတာတွေဟာလဲ စိတ်ဒဏ်ရာဖြစ်စေတဲ့ အဖြစ်အပျက်တွေပါပဲ”

စိတ်ဒဏ်ရာဖြစ်စေသော အတွေ့အကြုံများသည် လူတစ်ဦး၏ အာရုံစူးစိုက်နိုင်စွမ်း၊ သင်ယူမှတ်သားနိုင်စွမ်းနှင့် စိတ်ထိန်းချုပ်နိုင်စွမ်းကို ထိခိုက်စေနိုင်ကြောင်း သူက ရှင်းပြသည်။ ထို့ကြောင့်လည်း သင်တန်းတိုင်းတွင် သင်တန်းသားများက ကိုယ့်ကိုယ်ကိုယ် အကဲဖြတ်မှုစစ်တမ်းများ လုပ်ရသည်။ ထိုအကဲဖြတ်မှုစစ်တမ်းများမှတစ်ဆင့် သင်တန်းသားတစ်ဦးချင်းစီတွင် စိတ်ကျန်းမာရေးနှင့် ပတ်သက်သည့် ဗဟုသုတ မည်မျှကြွယ်ဝသည်၊ စိတ်ဖိစီးမှုကို မည်သို့ကိုင်တွယ်သည် စသည့် အချက်အလက်များကို ရရှိနိုင်သည်။

သင်တန်းသားတို့ အကူအညီလိုအပ်သည့် အကြောင်းရင်းမှာ “တော်လှန်ရေး” မှအစ “ဖမ်းခံထိပြီး ပြန်လွတ်မြောက်ပြီးနောက် ထွက်ပြေးနေရသည်” အထိ အကြောင်းပြချက်မျိုးစုံ ပါဝင်ကြောင်း ထိုအချက်အလက်များတွင် တွေ့ရသည်။ အကျဉ်းကျပြီး ပြန်လွတ်မြောက်ပြီးနောက် ဆက်လက်၍ ရှောင်ပြေးနေရသူများ အကူအညီတောင်းခံရာတွင် “ကျွန်တော်၊ ကျွန်မတို့ ဘယ်လိုမှ မတတ်နိုင်တော့ဘူး” ဟူ၍သာ ခပ်ဘွင်းဘွင်း ပြောကြတော့သည်။

ထိုစစ်တမ်းမှတစ်ဆင့် သင်တန်းတက်ရောက်သူများ ၎င်းတို့၏ စိတ်ခံစားမှုအခြေအနေကို သုံးသပ်စေနိုင်ပြီး၊ ထိုစိတ်ဒဏ်ရာများကို ကုသရန် မည်သည့်အရာများ လိုအပ်သည်ကို ပိုမိုကျယ်ပြန့်စွာ ဆွေးနွေးရန် လမ်းကြောင်းဖွင့်ပေးနိုင်သည်ဟု ပါမောက္ခက ဆိုသည်။ စိတ်ကျန်းမာရေး ပညာပေးများမှတစ်ဆင့် နောက်ထပ်စိတ်ဒဏ်ရာများကို ကာကွယ်နိုင်ရန် ရည်ရွယ်ချက်ဖြင့် ‘ကြားဖြတ်လုပ်ဆောင်မှု’ (Intervention) တစ်ခုအနေနှင့် ထိုစစ်တမ်းများကို သင်တန်းတွင် ထည့်သွင်းထားကြောင်း သူက ပြောသည်။

လှိုင်သာယာတွင် အာဏာသိမ်းမှု ဆန့်ကျင်ရေးဆန္ဒပြပွဲအတွင်း ဒဏ်ရာရထားသော ဆန္ဒပြသူတစ်ဦးကို သယ်ယူသွားသည်ကို ၂၀၂၁ ခုနှစ် မတ်လ ၁၄ ရက်နေ့က တွေ့ရစဉ် (ဓာတ်ပုံ- EPA-EFE / STRINGER)

စိတ်ဒဏ်ရာမှ စိတ်ခွန်အားသို့

၂၆ နှစ်အရွယ် ပူးတွဲနည်းပြတစ်ဦးကမူ အာဏာမသိမ်းမီက ရန်ကုန်တွင် အင်ဂျင်နီယာအဖြစ် လက်တွေ့ဆင်းနေသူဖြစ်ပြီး၊ ယခုတွင်မူ ပါမောက္ခ၏ လက်အောက်တွင် အလုပ်သင်အဖြစ် လေ့လာနေသည်၊ စိတ်ကျန်းမာရေး ဆွေးနွေးကုသသူဖြစ်ရန် သင်ယူရမည့်ဘာသာရပ်မှာ တက္ကသိုလ်ဝင်ခွင့် လျှောက်စဉ် ရွေးချယ်စရာတွင် မပါဝင်ခဲ့ဟု သူက ဆိုသည်။

“ကျွန်မတို့နိုင်ငံမှာ စိတ်ကျန်းမာရေးအတွက် ဆွေးနွေးမှုကုထုံး (Counselling) ဘာသာရပ်မျိုး မရှိဘူး။ စိတ်ပညာမေဂျာတစ်ခုပဲ ရှိတော့ မိဘတွေက သူတို့သားသမီးတွေကို ဒီပညာရပ်ကို မသင်ကြားစေချင်ကြဘူး။ ဘာလို့လဲဆိုတော့ ဒါဟာ စိတ်မနှံ့သူတွေအတွက်ပဲလို့ သူတို့က ထင်ကြတာကိုး” ဟု သူက ရှင်းပြသည်။

မြန်မာနိုင်ငံတွင် စိတ်ရောဂါအတွက် ဆေးကုသခွင့်လိုင်စင်များ ထုတ်ပေးသော်လည်း ကုသမှုပိုင်းဆိုင်ရာ စိတ်ပညာနှင့် ဆွေးနွေးမှုကုထုံးတို့ကို လုပ်ကိုင်နိုင်ရန်အတွက် အသိအမှတ်ပြုလက်မှတ်များ ထုတ်ပေးခြင်းမရှိပေ။ နိုင်ငံခြားတွင် ပညာသင်ယူ၍ အသိအမှတ်ပြုလက်မှတ်ရရှိသော စိတ်ကျန်းမာရေးဆွေးနွေးမှုဆိုင်ရာ ပညာရှင် အနည်းအကျဉ်းသာရှိသည်။ ပါမောက္ခသည် စိတ်ပညာဘာသာရပ်တွင် ပါရဂူဘွဲ့ကို ရရှိခဲ့ပြီး၊ အမေရိကန်စိတ်ပညာအသင်း၏ အဖွဲ့ဝင်တစ်ဦးလည်း ဖြစ်သည်။ သို့သော်လည်း “တိုင်းပြည်၏စနစ်ကြောင့်” မြန်မာအစိုးရထံမှ လိုင်စင်မရရှိခဲ့ကြောင်း သူက ဆိုသည်။

“အရည်အချင်းပြည့်ဝသော စိတ်ကျန်းမာရေး​ ဝန်ဆောင်မှုပေးသူများ” မွေးထုတ်နိုင်ရန် သင်တန်းဆင်းလက်မှတ်ပေးနိုင်သည့် သင်တန်းတစ်ခု လိုအပ်ကြောင်း သူက ပြောသည်။

ဤကဲ့သို့သော စိတ်ကျန်းမာရေးဝန်ဆောင်မှုမျိုး သို့မဟုတ် ဆွေးနွေးမှုမျိုးနှင့် လူထုက အကျွမ်းတဝင်မရှိခြင်းကြောင့် ဤသင်တန်းများတွင် တက်ရောက်သူများထံမှ မမျှော်လင့်သော တုံ့ပြန်မှု ကြီးကြီးမားမားကို မြင်ရသည်ဟု ပူးတွဲနည်းပြတစ်ဦးက ဆိုသည်။

“လူတွေ အရမ်းကို စိတ်ခံစားမှုများလာပြီးတော့ တုန်လှုပ်လာတာ၊ ငိုတာတွေ ကျွန်မတွေ့ဖူးတယ်” ဟု သူက ပြောသည်။

“ပါမောက္ခက သူတို့ကို မတားပါဘူး။ သူတို့ကို စကားပြောတယ်၊ အချိန်ပေးတယ်။ ဒါပေမဲ့ ဒီလူတွေက ဒီထက်မက အကူအညီတွေ လိုအပ်နေပါတယ်”

ထိုလူများထဲတွင် သက်ကြီးပိုင်း အမျိုးသမီးတစ်ဦး ပါဝင်သည်။ သူသည် အာဏာသိမ်းမှု ဆန့်ကျင်ရေးလှုပ်ရှားမှုကို ထောက်ခံသူတစ်ဦးဖြစ်သည်။ နိုင်ငံအရှေ့ပိုင်းရှိ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့တစ်ခုတွင် ကူညီစောင့်ရှောက်သူတစ်ဦးအဖြစ် ရွှေ့ပြောင်းနေထိုင်ပြီး၊ တော်လှန်ရေးရဲဘော်များအတွက် ထမင်းဟင်းများ စီစဉ်ချက်ပြုတ်ပေးသူဖြစ်သည်။

“သူက ရဲဘော်တွေကို သူ့ “ကလေး” တွေလို့ ခေါ်တယ်။ စစ်ပွဲမှာ သူ့ကလေးတွေ ဆုံးရှုံးရတာ တော်တော်များနေပါပြီ” ဟု ပူးတွဲနည်းပြက ပြောပြသည်။

“စစ်တပ်က သတ်လို့ သေခဲ့ရတဲ့၊ သူနဲ့သိတဲ့ လူတွေရဲ့ဓာတ်ပုံတွေကို ဖုန်းထဲမှာ သိမ်းထားပြီး ကျွန်မကို ပြတယ်။ ဆက်လက်တိုက်ပွဲဝင်ဖို့ သတိရနေအောင် ဒီဓာတ်ပုံတွေကို သိမ်းထားတာလို့ ကျွန်မကို ပြောတယ်”

“ဒါတွေအားလုံးကို ထဲထဲဝင်ဝင် သိရှိနားလည်ဖို့အတွက် အချိန်အတော်ယူရပါလိမ့်မယ်”

နည်းပြကို စိတ်ထိခိုက်စေသည့် ကြေကွဲဖွယ်ရာ ဘဝဇာတ်ကြောင်းရှိသည့် နောက်ထပ်သင်တန်းသားမှာ ပြောက်ကျားတပ်သားတစ်ဦးဖြစ်သည်။ သက်ကြီးပိုင်းအမျိုးသမီး ဝမ်းနည်းပူဆွေးစွာ တမ်းတခဲ့ရသော ကျဆုံးပြီးသည့် ရဲဘော်များကဲ့သို့ပင် သူသည်လည်း တော်လှန်ရေးရဲဘော်တစ်ဦးဖြစ်သည်။

“သူက ကျွန်မထက် အသက်ပိုငယ်တယ်… ၂၂၊ ၂၃ နှစ်လောက်ပဲ ရှိဦးမယ်” ဟု သူက သတိတရပြောသည်။

“သူ့မှာ အရမ်းကို ကုသရခက်ခဲတဲ့ ရောဂါတစ်ခုရှိတော့ အရမ်းအားနည်းလို့ စစ်မတိုက်နိုင်ဘူး။ ဒါပေမဲ့ သူပြောတာကတော့ ကျွန်တော် ဘယ်အချိန်ပဲဖြစ်ဖြစ် သေဖို့ အသင့်ပြင်ထားတယ်၊ အဲဒါက သူ့စိတ်ကို ငြိမ်းချမ်းစေတယ်တဲ့”

သူက ခဏနားလိုက်ပြီးနောက် ဆက်ပြောသည်။

“သူတို့တွေဟာ ကျွန်မ တွေ့ဖူးသမျှထဲမှာ အကြံ့ခိုင်ဆုံး လူတချို့ပါ”

ပါမောက္ခက သူ၏ စိတ်ဒဏ်ရာဖြစ်စေသည့် အတွေးများကို “စိတ်ဓာတ်ခွန်အား အရင်းအမြစ်” အဖြစ် ပြောင်းလဲကျော်လွှားခဲ့ကြောင်း ရှင်းပြပြီး၊ အခြားသူများကိုလည်း ထိုကဲ့သို့ လုပ်ဆောင်ရန် လက်လှမ်းမီသမျှ တိုက်တွန်းလျက်ရှိသည်။

“တူညီတဲ့ ပန်းတိုင်ကို ရောက်နိုင်ဖို့ ကျွန်မတို့ လူ့အဖွဲ့အစည်းနဲ့ နိုင်ငံက လူတွေအားလုံး အဲလို စိတ်ဓာတ်ခွန်အားမျိုးရှိဖို့ လိုအပ်ပါတယ်” ဟု သူက ဆိုသည်။

အသက် ၂၃ နှစ်အရွယ် သင်တန်းသားတစ်ဦးကမူ ထိုင်းနိုင်ငံတွင် သူ့ကို နေထိုင်စရာပေးထားသည့် အဖွဲ့အစည်း၏ တိုက်တွန်းမှုကြောင့် သင်တန်းလာတက်ရခြင်းဖြစ်ကြောင်း ပြောသည်။ သူသည် စစ်အာဏာရှင်၏ ဖမ်းဆီးမှုမှ လွတ်မြောက်ရန် ထိုင်းနိုင်ငံသို့ ထွက်ပြေးလာသူဖြစ်သည်။

သပိတ်ခေါင်းဆောင်ဖြစ်သော ထိုသင်တန်းသားသည် ရန်ကုန်ရှိ အာဏာသိမ်းမှု ဆန့်ကျင်ရေး ဆန္ဒပြပွဲများတွင် ရှေ့ဆုံးမှ ပါဝင်ခဲ့ပြီး၊ အာဏာသိမ်းစစ်တပ်၏ လက်နက်မဲ့ ပြည်သူများအပေါ် အစွမ်းကုန် ရက်စက်ကြမ်းကြုတ်မှုများကို မျက်ဝါးထင်ထင် မြင်ခဲ့ရသူဖြစ်သည်။

“အမျိုးသမီးတစ်ယောက် ဦးခေါင်းကို သေနတ်နဲ့ ပစ်ခံရတာ ကျွန်တော်တွေ့ခဲ့တယ်။ အဲဒီအမျိုးသမီးက ဆန္ဒပြသူတွေကို သူ့အိမ်ထဲမှာ ဝင်ပုန်းကြဖို့ ခေါ်နေတာကို စစ်သားတွေက ပစ်ထည့်လိုက်တာ” ဟု သူက ပြောပြသည်။

စစ်ကောင်စီတပ်သားများက မသန်စွမ်းသူတစ်ဦးကို ဒူးထောက်ခိုင်းရာတွင် မထောက်သောကြောင့် ရက်ရက်စက်စက် ရိုက်နှက်နေသည်ကိုလည်း သူမြင်ခဲ့ရသည်။ ဆန္ဒပြသူများကို ဖမ်းဆီးစစ်ဆေး သတ်ဖြတ်ပြီး ရုပ်အလောင်းများ လမ်းပေါ် လာရောက် စွန့်ပစ်ထားသည်ကိုလည်း သူမျက်မြင်တွေ့ခဲ့ရသည်။

“ကျွန်တော် ဒါတွေကို မြင်ပြီး အတော်လေးကို စိတ်ထိခိုက်ခံစားရပါတယ်” ဟု သူက ဆိုသည်။

ကာလတာရှည် စိတ်ဖိစီးမှုများကို ဖြေရှင်းထိန်းချုပ်နိုင်ရန်အတွက် လူသိများသော ဝါရင့်တက်ကြွလှုပ်ရှားသူများထံမှ အကြံဉာဏ်များကို အားထားနေခဲ့ရကြောင်း သူက ရှင်းပြသည်။ ထိုသူတို့ သင်ပေးထားသည်ထဲမှ အရေးအကြီးဆုံးမှာ သူ၏ ကျွမ်းကျင်မှု အရည်အချင်းနှင့် စွမ်းအားများကို လူ့အခွင့်အရေးချိုးဖောက်မှုမှတ်တမ်းတင်ရာတွင် အသုံးချရန် လမ်းပြပေးခဲ့ခြင်းဖြစ်သည်။ သို့မှသာ နောက်တစ်ချိန်တွင် အာဏာသိမ်းစစ်တပ်ကို ထိုချိုးဖောက်မှုများအတွက် ဖိအားပေး တာဝန်ယူစေနိုင်မည် ဖြစ်သည်။

သင်တန်းသူ၊ သင်တန်းသားအားလုံးသည် ပါမောက္ခနှင့် တစ်ဦးချင်းစီ ဆွေးနွေးနိုင်မည့် အခွင့်အရေးရှိသည်၊ သို့သော် ထိုသို့ တစ်ဦးချင်း ဆွေးနွေးရန် တောင်းဆိုသူမှာ ယခုအချိန်ထိ သပိတ်ခေါင်းဆောင်တစ်ဦးသာ ရှိသေးသည်။

ထိုသို့ တစ်ဦးချင်း ဆွေးနွေးရန် သင်တန်းသားများ တွန့်ဆုတ်လျက်ရှိသည်မှာ စိတ်ကျန်းမာရေးဆိုင်ရာ အကူအညီတောင်းခံမှုကို မကောင်းမြင်တတ်သည့် အစဉ်အလာရှိခြင်း၊ ထိုင်းနိုင်ငံတွင် မရေမရာနေထိုင်နေရသော မြန်မာဒုက္ခသည်များ ကြုံတွေ့နေရသည့် ကန့်သတ်တားမြစ်မှုများကြောင့် ဖြစ်သည်ဟု နည်းပြများက သုံးသပ်သည်။

“ဒါဟာ လိုအပ်တဲ့ အလုပ်ပါပဲ။ ဒါပေမဲ့… ပြောရမှာတော့ အားနာပါရဲ့။ ဒီလို အာဏာသိမ်းတာတွေ ဆက်ဖြစ်နေမယ်ဆိုရင်တော့ လုပ်သမျှဟာ သဲထဲရေသွန်ဖြစ်နေမှာပဲ” ဟု အသက် ၂၆ နှစ်အရွယ် နည်းပြက ပြောသည်။

“အကူအညီလိုအပ်တဲ့လူတွေ ပိုပိုပြီးတော့ များလာမယ်။ ဘယ်တော့မှ ဆုံးနိုင်တော့မယ် မဟုတ်ပါဘူး၊ ပါမောက္ခ ဒီမှာ ရှိနေသေးသရွေ့ ကျွန်မလဲ ရှိနေမှာပါ။ ဒါလောက်တော့ ကျွန်မလုပ်နိုင်ပါတယ်။ ဒါပေမဲ့ အရာရာက မသေချာဘူးလေ”

ပါမောက္ခကမူ လက်ရှိတွင် သူသည် ရပ်ရွာအခြေပြုအဆင့်တွင် လက်တွေ့ကျသော အကူအညီများပေးနိုင်ရန်သာ ဦးတည်လုပ်ဆောင်လျက်ရှိသည်၊ သို့မှသာလျှင် သူ ထိန်းချုပ်နိုင်ခြင်း မရှိသည့် အခြေအနေ အဖြစ်အပျက်များကို ကျော်လွှားနိုင်မည်ဟု ဆိုသည်။

“ငါဘာလုပ်နိုင်မလဲ။ ငါဘယ်လိုကိစ္စတွေ လုပ်ကိုင်နိုင်မလဲ။ တော်လှန်ရေးမှာ ငါဘယ်လိုကူညီနိုင်မလဲ။ ဒီမေးခွန်းတွေဟာ ကျွန်မတို့တွေ ကိုယ့်ကိုယ်ကိုယ် မေးရမယ့် အဓိက မေးခွန်းတွေပါပဲ” ဟု သူက ရှင်းပြသည်။

“ကျွန်မ တခြားလူတွေကို တတ်နိုင်သလောက် ကူညီတယ်၊ စောင့်ရှောက်တယ်။ လက်ရှိအခြေအနေကို မျက်ခြည်မပြတ် စောင့်ကြည့်တယ်။ ကျွန်မတို့ရဲ့ လုံခြုံရေးနဲ့ တော်လှန်ရေးမှာ တိုက်ပွဲဝင်နေကြတဲ့သူတွေရဲ့ လုံခြုံရေးအတွက် သတင်းတွေကို အမြဲ နားစွင့်ထားတယ်။ ကျွန်မတို့တွေ ပြဿနာကို အနီးကပ်ကြည့်ရှု ဆန်းစစ်ပြီးမှ ဘာလုပ်ရမလဲဆိုတာ ဆုံးဖြတ်ကြရမယ်။ ကျွန်မ အခု အဲဒီအတိုင်းပဲ ရှင်သန်နေထိုင်နေပါတယ်”

လက်ရှိဖြစ်ပေါ်နေဆဲဖြစ်သော လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အရေးပေါ်အခြေအနေတွင် သူ၏ ရည်ရွယ်ချက်မှာ မိမိတို့ နေထိုင်သည့် လူ့အဖွဲ့အစည်းအတွင်း စိတ်ကျန်းမာရေးထောက်ပံ့မှု ပေးနိုင်ရန် ထိုလူနေမှုအဖွဲ့အစည်းမှ လူများကို လိုအပ်သည့် လေ့ကျင့်သင်ကြားမှုများပေးရန်နှင့် ဝေးလံသော ဒေသရှိ လူများအတွက် စိတ်ကျန်းမာရေးအထောက်အပံ့ အရင်းအမြစ်များ ပိုမိုရရှိစေရန်ဖြစ်သည်ဟု ပါမောက္ခက ဆိုသည်။

အနာဂတ်တွင် လုပ်ဆောင်မည့် လျာထားချက်တစ်ခုမှာ ဆွေးနွေးကုထုံးပေးသူများ၊ လူမှုဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများအပါအဝင် ဒေသတွင်း စိတ်ကျန်းမာရေး ဝန်ဆောင်မှုပေးသူများအားလုံးကို ချိတ်ဆက်ထားသည့် ကွန်ရက်တစ်ခုကို တည်ထောင်ရန် ဖြစ်သည်။ ကွန်ရက်မှတစ်ဆင့် ထိုသူများသည် အချင်းချင်း ပူးပေါင်း ချိတ်ဆက်နိုင်မည်ဖြစ်ပြီး၊ ပိုမိုအဆင့်မြင့်သည့် စိတ်ဒဏ်ရာကုထုံး လိုအပ်သူများကို အတည်ပြု၍ ပညာရှင်ထံ လွှဲပြောင်းပေးသည့်စနစ်ကို ကျင့်သုံးနိုင်မည် ဖြစ်သည်။

“လူနေမှုအဖွဲ့အစည်းတစ်ရပ်လုံး စိတ်ကျန်းကျန်းမာမာရှိနေဖို့ ဆိုတာ တခြားလူမပါဘဲ ကျွန်မတို့ချည်းပဲ လုပ်နိုင်တဲ့အရာ မဟုတ်ပါဘူး…. အကယ်၍ အကူအညီပေးတဲ့စနစ်တစ်ခုကို လုပ်နိုင်မယ်ဆိုရင် ကျွန်မတို့အနေနဲ့ ကာကွယ်မှုရော၊ ကုသမှုတွေပါ လုပ်ဆောင်နိုင်မှာပါ”

“အားလုံးပြီးသွားမှ လုပ်တာထက်စာရင် အခုလက်ရှိမှာ စိတ်ကျန်းမာရေးကို အားပေးဖို့ ကျွန်မတို့ တတ်နိုင်သမျှ ဆောင်ရွက်သင့်ပါတယ်” ဟု စိတ်ကျန်းမာရေး ပါမောက္ခက ပြောလိုက်သည်။

(ဤဆောင်းပါးတွင် အင်တာဗျူးခဲ့သူများ၏ လုံခြုံရေးအတွက် အမည်နှင့် ကိုယ်ရေးအချက်အလက်ကို Myanmar Now က ဖော်ပြနိုင်ခြင်းမရှိပါ။)

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button