အတွေးအမြင်

ကျရှုံးနိုင်ငံဖြစ်ရန် ဦးတည်စေသော အာဏာသိမ်းအုပ်ချုပ်မှု

အာဏာသိမ်းထားပြီးနောက် နိုင်ငံကို အောင်မြင်စွာ စီမံခန့်ခွဲနိုင်ရန် ကြိုးစားနေရသည့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် နိုင်ငံစီးပွားရေး ကျဆင်းမှုကို မဟန့်တားနိုင်သဖြင့် ကယောင်ကတမ်းဖြစ်နေပုံရသည် သို့တည်းမဟုတ် သိမ်ငယ်စိတ် ဝင်နေဟန်တူသည်။

လက်ရှိကြုံတွေ့နေရသည့် စီးပွားရေးအကျပ်အတည်းသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက် အမှားအယွင်းများကြောင့်ဖြစ်သည်ဟု ဇွန်လ ၃၀ ရက်နေ့ နိုင်ငံစီးပွားရေးမြှင့်တင်ရေးအစည်းအဝေးတွင် ဝေဖန်ပြောကြားခဲ့သည်။ 

စီးပွားရေးကျဆင်းရခြင်း၏ အကြောင်းရင်းကို ဆန်းစစ်လေ့လာရန် ဝန်ကြီးဌာန ၄ ခုကို တာဝန်ပေးထားသည်၊ ထိုဌာန ၄ ခု၏ ဆန်းစစ်လေ့လာမှု၏ တွေ့ရှိချက်မှာ စီးပွားကျလာခြင်းသည် NLD အစိုးရ၏ အမြော်အမြင်ကြီးစွာ လျင်မြန်စွာ လုပ်ဆောင်မှု မရှိခဲ့ခြင်းကြောင့်ဖြစ်သည်ဟု ဆိုသည်။ သူက မည်မျှအထိ ပြောသနည်းဆိုလျှင် လက်ရှိ လျှပ်စစ်ဓာတ်အား မလုံလောက်ခြင်းမှာ NLD အစိုးရကြောင့် ဖြစ်သည်ဟုပင် ဝေဖန်ခဲ့သည်။

မည်သို့ဆိုစေကာမူ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ ဗိုလ်ချုပ်ကြီးများ၏ မဆင်မခြင်အာဏာသိမ်းမှုကြောင့် နိုင်ငံစီးပွားရေး ပြိုလဲခဲ့ရသလို၊ စစ်မက်ပဋိပက္ခကလည်း နဂို တိုင်းရင်းသားလက်နက်ကိုင်များ ထိန်းချုပ်ထားသည့် နယ်စပ်ဒေသများတွင်ပင် မဟုတ်တော့ဘဲ ဗမာလူမျိုး အများစုနေထိုင်ရာ အညာဒေသဟု ခေါ်သည့် စစ်ကိုင်း၊ မန္တလေး၊ မကွေးတိုင်းဒေသကြီးတို့ထိပင် ရောက်ရှိလာခဲ့ရခြင်းဖြစ်သည်ဆိုသည်ကို အများက သိရှိပါသည်။

မြန်မာ့အရေး လေ့လာသုံးသပ်သူများအတွက် အရပ်သားတစ်ပိုင်း NLD အစိုးရလက်ထက် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် လူမှုစီးပွားတိုးတက်ပြောင်းလဲမှုကို တိတိကျကျ ပြောဆို ခန့်မှန်းရန် ခက်ခဲသော်လည်း စစ်အစိုးရများလက်ထက် လူမှုစီးပွားဘဝအခြေအနေကို ခန့်မှန်းရန်မှာ မခက်ခဲပါ။ အဘယ်ကြောင့်ဆိုသော် အာဏာရှင် ဗိုလ်ချုပ်နေဝင်းမှသည် ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် ယခုလက်ရှိ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ ၃ ဦးစလုံးသည် နိုင်ငံ၏ ရေရှည်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ဖြိုချခဲ့သူများဖြစ်သောကြောင့်ဖြစ်သည်။

၂၀၁၃ ခုနှစ်တွင် နိုင်ငံတကာလေ့လာရေးအဖွဲ့တစ်ခုဖြစ်သည့် Mckinsey Global Institute က ထုတ်ပြန်ခဲ့သည့် “Myanmar’s Moment: Unique Opportunities, Major Challenges” အစီရင်ခံစာတွင် မြန်မာနိုင်ငံသည် ၂၀ ရာစု အစပိုင်းထိ ဖွံ့ဖြိုးတိုးတက်မှုတွင် အိမ်နီးချင်း ဒေသတွင်းနိုင်ငံများနှင့် နှိုင်းယှဉ်လျှင် မကွာလှသော်လည်း ၂၀ ရာစု ကုန်ဆုံးသွားချိန်တွင်မူ များစွာ နောက်ကျကျန်ရစ်ခဲ့ပြီဆိုသည်ကို ဇယားနှင့် နှိုင်းယှဉ်ပြသခဲ့သည်။ ထို့ကြောင့်၂၀ ရာစုသည် မြန်မာနိုင်ငံအတွက် ဆုံးရှုံးသွားခဲ့သည့်ရာစုနှစ် (Lost Century) ဟု ဆိုနိုင်သည်။ ၂၁ ရာစုအဆုံးတွင်လည်း မြန်မာနိုင်ငံသည် မည်သည့်အခြေအနေတွင် ရှိနေမည်နည်းဆိုသည်ကို အတိအကျ မည်သူမျှ မပြောနိုင်သော်လည်း သေချာသည်မှာတော့ လက်ရှိစစ်ခေါင်းဆောင် အုပ်စိုးနေသမျှ မြန်မာနိုင်ငံသည် ဖွံ့ဖြိုးမှု နှောင့်နှေးပြီး ဆင်းရဲနွမ်းပါးသည့်နိုင်ငံအဖြစ် ဆက်လက်တည်ရှိနေမည်သာဖြစ်သည်။

လက်ရှိအချိန်တွင် လူမှုစီးပွားနှင့် လူသားတစ်ဦးချင်းစီ၏ လုံခြုံမှုဆိုင်ရာ ညွှန်းကိန်းများသည် အောက်ဆုံးအဆင့်သို့ ရောက်ရှိနေပြီဖြစ်သည်။

မကြာသေးမီက ထုတ်ပြန်ခဲ့သည့် ကမ္ဘာ့ဘဏ်၏ မြန်မာ့စီးပွားရေး စောင့်ကြည့်အစီရင်ခံစာတွင် ၂၀၂၃ ခုနှစ်အတွက် ဂျီဒီပီတိုးတက်နှုန်း ၃% ဟု ခန့်မှန်းထားသော်လည်း ဆိုးဝါးလာနေသည့် စားနပ်ရိက္ခာမဖူလုံမှု (food insecurity) ကို မီးမောင်းထိုးပြခဲ့သည်။ ၂၀၂၃ ခုနှစ် မေလက ပြုလုပ်ခဲ့သည့် စစ်တမ်းအရ ဖြေဆိုသူ လယ်ယာလုပ်ငန်းလုပ်ကိုင်သည့် မိသားစု ၄၈% သည် စားစရာမရှိမည်ကို စိုးရိမ်ပူပန်ကြောင်း ပြောကြားခဲ့သည်။ ယခင်နှစ်က ၂၆% ကသာ စိုးရိမ်ပူပန်ကြောင်း ဖြေကြားခဲ့သည်ဟု သိရသည်။

အလားတူပင် အာရှဖွံ့ဖြိုးရေးဘဏ်၏ ၂၀၂၃ ခုနှစ် ဧပြီလထုတ် အစီရင်ခံစာတွင်လည်း မြန်မာနိုင်ငံ၌ လူ ၃ ဦးလျှင် ၁ ဦးသည် လူသားချင်းစာနာမှုအကူအညီ လိုအပ်နေပြီဖြစ်သည်၊ ယခုနှစ်တွင် လူဦးရေ၏ ၂၈% စားနပ်ရိက္ခာဖူလုံမှုမရှိခြင်းနှင့် ကြုံတွေ့ရမည်ဟု ခန့်မှန်းထားသည်။ မြန်မာနိုင်ငံကဲ့သို့ စိုက်ပျိုးသီးနှံ တင်ပို့သည့်နိုင်ငံအတွက် ပြည်သူအများအပြား အငတ်ဘေးကြုံတွေ့နေရခြင်းသည် စိတ်မကောင်းစရာပင်ဖြစ်သည်။

အမှန်စင်စစ် လူသားတစ်ဦးချင်းစီ၏ လုံခြုံမှုဆိုင်ရာနှင့် ပတ်သက်သည့် (စီးပွားရေး၊ စားနပ်ရိက္ခာ၊ ကျန်းမာရေး၊ သဘာဝပတ်ဝန်းကျင်၊ ပုဂ္ဂိုလ်ဆိုင်ရာ၊ အုပ်စု သို့မဟုတ် လူနည်းစုများနှင့် နိုင်ငံရေးဆိုင်ရာ လုံခြုံမှုများ) အခြေအနေအားလုံးသည် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပိုမိုဆိုးဝါးလာခဲ့သည်။ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ မဟာမင်းကြီးရုံး၏ ခန့်မှန်းချက်အရ မြန်မာနိုင်ငံသည် စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ဘေးရှောင်အရေအတွက် ၁.၅ သန်း ပိုမိုများပြားလာပြီး အိုးအိမ်ပေါင်း ၆၀,၀၀၀ နီးပါး မီးရှို့ဖျက်ဆီးခံထားရသည်။

ကယားပြည်နယ်၊ ဖရူဆိုမြို့နယ် ဒေါညေးခူရွာရှိ ဘုရားကျောင်း မီးရှို့ခံထားရသည်ကို ၂၀၂၂ ခုနှစ် ဇွန်လအတွင်းက တွေ့ရစဉ်။

ထိုအခြေအနေသို့ ရောက်ရှိခဲ့ရခြင်းမှာလည်း အထူးအဆန်းတော့ မဟုတ်ချေ။ စစ်ကောင်စီသည် အာဏာသိမ်းပြီးကတည်းက တစ်နိုင်ငံလုံးနှင့် ပြည်သူအားလုံးအပေါ် သမိုင်းတွင် အဆိုးဝါးဆုံး ရက်စက်ကြမ်းကြုတ်မှုများဖြင့် အုပ်ချုပ်နေခြင်းကြောင့်ဖြစ်သည်။ စစ်ကောင်စီ၏ တရားဥပဒေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်မှု၊ ညံ့ဖျင်းပြီး အကျင့်ပျက်ခြစားမှုများပြားသည့် စီမံခန့်ခွဲမှုတို့က ယခုကဲ့သို့ လူသားတစ်ဦးချင်းစီ လုံခြုံမှုမရှိသည့် အခြေအနေများကို ဖန်တီးပေးခဲ့ခြင်းဖြစ်သည်။

ရေရှည်တည်တံ့ပြီး စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုကို ဖြစ်ပေါ်စေရန် အဓိကကျသည့် အချက်မှာ လုပ်သားအင်အားနှင့် ကုန်ထုတ်စွမ်းအား (Labor and Productivity) ဖြစ်သည်။ ယခင်က မြန်မာနိုင်ငံ၏ လူဦးရေတွင် လူငယ်လူရွယ်ပါဝင်မှု များပြားသဖြင့် ဖွံ့ဖြိုးမှုကို အထောက်အကူဖြစ်စေသည်။ တစ်နည်းအားဖြင့် လုပ်ငန်းခွင်သို့ အသစ်ဝင်ရောက်မည့် အလုပ်သမားအရေအတွက် များပြားခဲ့ခြင်းဖြစ်သည်။ ၂၀ ရာစု တစ်လျှောက်လုံး ဂျီဒီပီအနည်းငယ် တိုးတက်ခဲ့သည်မှာလည်း အလုပ်လုပ်သူအရေအတွက် များပြားခဲ့ခြင်းကြောင့်ဖြစ်သည်။ အိမ်ရှိလူအကုန် အလုပ်လုပ်ပါမှ နပ်မှန်အောင် စားရမည့် အခြေအနေကြောင့်လည်း ဖြစ်သည်။ သို့သော်လည်း ၂၀၁၃ ခုနှစ် အိုအီးစီဒီအဖွဲ့က ထုတ်ပြန်သည့် ဘက်စုံသုံးသပ်ချက်အစီရင်ခံစာ Multi-dimensional Review of Myanmar တွင် နိုင်ငံ၏ လူဦးရေတွင် ကလေးအရေအတွက် နည်းလာနေသည်ဟု ထောက်ပြထားသည်။ မြန်မာနိုင်ငံသည် လူဦးရေအများစု မအိုမင်းခင် အမြန်ဆုံးချမ်းသာအောင် ကြိုးပမ်းထားရန် လိုအပ်သည်ဟုလည်း သတိပေးထားခဲ့သည်။

ထိုအခြေအနေကို ပိုမိုဆိုးဝါးစေသည့် အကြောင်းအရာမှာ လူငယ်လူရွယ်အများအပြား နိုင်ငံရပ်ခြားသို့ ပြောင်းရွေ့နေထိုင် အလုပ်လုပ်ကိုင်ကြခြင်းဖြစ်သည်။ ပြည်တွင်းတွင် အလုပ်အကိုင် ရှားပါးလာသည်ကြောင့်လည်း ဖြစ်သည်။ ၂၀၂၂ ခုနှစ် ပြည်ဝင်ခွင့်ကန့်သတ်ချက်များကို အိမ်နီးချင်းနိုင်ငံများက ဖယ်ရှားလိုက်ပြီး ၆ လအတွင်းမှာပင် မြန်မာနိုင်ငံမှ လူဦးရေ ၃.၆ သန်း ပြည်ပသို့ ထွက်ခွာသွားကြသည်ဟု သုတေသနအဖွဲ့တစ်ခု၏ တင်ပြချက်အရ သိရသည်။ ထိုအရေအတွက်သည် လူဦးရေစုစုပေါင်း၏ ၆.၅% ရှိပြီး ထိုအထဲမှ ၂.၅ သန်းသည် ထိုင်းနိုင်ငံသို့ သွားရောက်ခဲ့ခြင်းဖြစ်သည်။ အလုပ်အကိုင်ရရှိရန် နိုင်ငံမှ ထွက်ခွာခဲ့ခြင်းကြောင့် ယင်းတို့ကို  စီးပွားရေးဒုက္ခသည်များဟု သတ်မှတ်နိုင်သည်။ ကျွမ်းကျင်လုပ်သား၊ ကျွမ်းကျင်မှုမရှိသည့်လုပ်သား၊ ပညာတတ်လူငယ်များလည်း စစ်အာဏာသိမ်းပြီးနောက် အလုံးအရင်းဖြင့် ပြည်ပထွက်ခွာနေခြင်းကြောင့် နိုင်ငံ၏ ရေရှည်တည်တံ့ပြီး စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုအတွက် မရှိမဖြစ်အရေးကြီးသည့် လူ့စွမ်းအားများ ဆုံးရှုံးနေပြီဖြစ်သည်။

ကမ္ဘာ့ဘဏ်က ၂၀၁၉ ခုနှစ်တွင် ထုတ်ပြန်သည့် “Myanmar-Economic Transition Amid Conflict: Systematic Country Diagnostic” အစီရင်ခံစာတွင် မြန်မာနိုင်ငံတွင် ထိုအချိန်က မွေးဖွားသည့် ကလေးငယ်များသည် အရွယ်ရောက်သည့်အခါ (အရည်အသွေးမြင့် ကျန်းမာရေး၊ အာဟာရနှင့် ပညာရေးဝန်ဆောင်မှုများ ရရှိခဲ့ပါက) လုပ်ကိုင်နိုင်စွမ်း၏ ၄၇% သာ ရှိလိမ့်မည်ဟု ဆိုထားသည်။ ကျန်းမာရေးနှင့် ပညာရေးတွင် နိုင်ငံတော်က ရင်းနှီးမြှုပ်နှံမှု နည်းပါးခဲ့သည်ဟု ဆိုထားသည်။ စစ်ဗိုလ်ချုပ်များ အာဏာချုပ်ကိုင်ထားစဉ် စစ်အသုံးစရိတ်ကိုသာ တိုးမြှင့်ပြီး ကျန်းမာရေး၊ ပညာရေးကို လျစ်လျူရှုခဲ့၍ဖြစ်သည်။ အာဟာရချို့တဲ့၊ ကျန်းမာရေးမကောင်း၊ ပညာမတတ်သဖြင့် လုပ်ကိုင်နိုင်စွမ်းလည်း ကျဆင်းရခြင်းဖြစ်သည်။ ယခုလည်း စစ်ကောင်စီက ပညာရေး၊ ကျန်းမာရေး အသုံးစရိတ်များကို ထက်ဝက်ခန့် လက်ရှိဘဏ္ဍာနှစ်တွင် လျှော့ချခဲ့သည်ဟု သိရသဖြင့် လူ့စွမ်းအားအရင်းအမြစ်များနှင့် ကုန်ထုတ်စွမ်းအားမှာ ကျဆင်းရန်သာ ရှိသည်။

ထို့ကြောင့် ဗိုလ်ချုပ်မင်းအောင်လှိုင်နှင့် စစ်ကောင်စီ အုပ်စိုးနေသရွေ့ မြန်မာ့စီးပွားရေးသည် ရေရှည်ကျဆင်းရန်သာ အလားအလာများလျက်ရှိသည်။ သို့သော်ငြားလည်း ထိုသို့စီးပွားကျဆင်းမှုနှင့်အတူ ဖြစ်ပေါ်လာသည့် လူသားတစ်ဦးချင်းစီ၏ မလုံခြုံမှုအခြေအနေများ ဆိုးဝါးလာခြင်းသည် ဒေသတွင်းနိုင်ငံများကိုလည်း ရိုက်ခတ်မည်ဖြစ်သည်။

၂၀၂၁ ခုနှစ် နောက်ပိုင်း ရာဇဝတ်ဂိုဏ်းများသည် နယ်စပ်တစ်လျှောက် အလုံးအရင်းဖြင့် လုပ်ငန်းများ ချဲ့ထွင် လုပ်ကိုင်လျက်ရှိသည်။ ထိုင်း-မြန်မာနယ်စပ် ၃၁ မိုင် အရှည်ရှိသည့် သောင်ရင်းမြစ်တစ်လျှောက် ရာဇဝတ်ဂိုဏ်းများ၏ ဇုန်ပေါင်း ၁၇ ခု အနည်းဆုံး တည်ရှိနေသည်ဟု အမေရိကန်အဖွဲ့အစည်း United States Institute of Peace (USIP) က လေ့လာ ရေးသားထားသည်။

ကမ္ဘာကျော် စီးပွားရေးမဂ္ဂဇင်း “Economist” ကလည်း မြန်မာနိုင်ငံကို တရုတ်၏ အိမ်နီးချင်းများထဲမှ ပြိုလဲသွားဖွယ်ရှိသည့်နိုင်ငံများ၊ ကျရှုံးနိုင်ငံများစာရင်းတွင် မြောက်ကိုရီးယားနှင့်အတူ ထည့်သွင်းထားသည်။ ကျရှုံးနိုင်ငံများသည် မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုမှသည် လောင်းကစားဂိုဏ်းများ၊ လူကုန်ကူးမှုများအပါအဝင် အမျိုးမျိုးအဖုံဖုံသော ရာဇဝတ်ဂိုဏ်းများ၊ အကြမ်းဖက်အဖွဲ့အစည်းများ ကျင်လည်ကျက်စားရာ နယ်မြေများဖြစ်သည်။ ထို့ကြောင့် ဗိုလ်ချုပ်မင်းအောင်လှိုင်၏ စစ်အာဏာသိမ်းမှုကြောင့် မြန်မာနိုင်ငံ ကျရှုံးနိုင်ငံဖြစ်ခြင်းသည် ထိုင်း၏ လုံခြုံရေးကိုသာမက ဒေသတွင်းမှသည် ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးကို ခြိမ်းခြောက်မည် ဖြစ်သည်။

လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button