အသက်ဘေးမှ လွတ်မြောက်ခဲ့သော စိတ်ဒဏ်ရာကို ဖြတ်သန်းဖူးသူများသာ နားလည်နိုင်လိမ့်မည်ဟု ကရင်နီပြည်နယ်ရှိ နေရာဒေသ အသေးစိတ်ဖော်ပြမရသော တော်လှန်ရေးစခန်းမှ ဆေးကျောင်းသား ဟောင်းတစ်ဦးဖြစ်သူ ကိုထူးက ရှင်းပြသည်။
ကရင်နီဒေသ၊ ဒီးမော့ဆိုမြို့နယ်ရှိ သူပူးတွဲတည်ထောင်ခဲ့သော ဆေးခန်းကို မေလ ၂၀ ရက်နေ့ နံနက် ၆ နာရီ ၃၀ မိနစ်တွင် မြန်မာစစ်တပ်က ဂျက်တိုက်လေယာဉ်ဖြင့် ဗုံးကြဲချခဲ့သဖြင့် အသက်ဘေးနှင့် ရင်ဆိုင် ခဲ့ရခြင်းဖြစ်သည်။
စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုအခိုက်အတန့်ကို ထိုနေရာတွင် ကျန်းမာရေးဝန်ထမ်းများနှင့် အတူ ခိုလှုံနေသော ဒေါ်ခင်စန္ဒာညွန့်က ဗီဒီယိုရိုက်ကူးခဲ့သည်။ လူမျိုးနှင့်ယဉ်ကျေးမှုဗေဒပညာရှင်ဖြစ်သူ မခင်စန္ဒာညွန့်သည် ဓာတ်ပုံရိုက်ကူးသူတစ်ဦးလည်းဖြစ်သည်။
“အဲဒီနေ့မနက်က ၆ နာရီခွဲလောက်မှာ အဲဒီလေယာဉ် ရောက်လာတယ်ပေါ့နော်။ ပထမဦးဆုံး (ဗုံး) ကြဲ လိုက်တယ်ပေါ့နော်။ ဒုန်း ဒုန်း ဒုန်းဆို ကြဲလိုက်တဲ့အချိန်မှာ အကုန်သွားပြီ။ ကိုယ်ကတော့ သတ်ကွင်း ထဲရောက်ပြီဆိုတဲ့ခံစားချက်၊ သေပြီပေါ့နော်၊ သေမှာပဲ” ဟု မှတ်တမ်းဗီဒီယိုတစ်ခုတွင် မခင်စန္ဒာညွန့်က ပြောဆိုထားသည်။
ထိုမှတ်တမ်းဗီဒီယိုမှာ အောက်တိုဘာ ၆ ရက်မှ ၁၄ ရက်အထိ ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့ ရှိ Alliance Française တွင် ပြုလုပ်ခဲ့သော Indivisible ဓာတ်ပုံ၌ ပြသခဲ့ခြင်းပင်။ A New Burma အဖွဲ့က စီစဉ်သည့် ဓာတ်ပုံပြပွဲကို အွန်လိုင်းမှလည်း ကြည့်ရှုနိုင်သည်။ စစ်တပ်က အာဏာသိမ်းပြီးနောက် ရန်ကုန်မှ ထွက်ပြေးလာသော ဆေးကျောင်းသားတစ်စုနှင့်အတူ ကရင်နီပြည်နယ်တွင် နှစ်နှစ်ကျော်အတူရှိခဲ့သူ မခင်စန္ဒာညွန့်က သူမှတ်တမ်းတင်ထားသည့် ပုံရိပ်များကိုပြသခြင်းဖြစ်သည်။
နွေဦးတော်လှန်ရေးကို ရည်ညွှန်းသည့် “နွေဦးကျန်းမာ” အမည်ဖြင့် ပြည်တွင်းနေရပ်စွန့်သူများ (IDPs) အတွက် ကျန်းမာရေးဝန်ဆောင်မှုပေးရန် ဆေးခန်းတစ်ခုကို ၂၀၂၂ ခုနှစ် ဇန်နဝါရီလတွင် တည်ဆောက် ခဲ့ရာ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင်ပါဝင်ခဲ့ကြ သည့် ဆရာဝန်များ၊ သူနာပြုများနှင့် သားဖွားမီး ယပ်ဆရာမများလည်း ပါဝင်အားဖြည့်ခဲ့ကြသည်။
မေလတွင် ဗုံးကြဲတိုက်ခိုက်ခံရသဖြင့် ဆေးရုံ လူနာဆောင်နှစ်ခု ပျက်စီးခဲ့ကာ နောက်ငါးလကြာသည့် တိုင် မလုံခြုံသောအခြေအနေကို ဆိုက်ရောက်စေခဲ့သည့်အပြင် ဒီးမော့ဆိုမြို့နယ် အရှေ့ပိုင်းရှိ ဒေသခံ သုံး သောင်းခန့်အတွက် ဆေးရုံဆေးခန်းမဲ့သွားစေခဲ့သည်။
“ဆေးခန်းတွေ၊ ဆေးရုံတွေ၊ IDP စခန်းတွေကို စစ်တပ်က နေ့တိုင်းပစ်မှတ်ထားတယ်။ ကရင်နီအပါအ ဝင်ပေ့ါ” ဟု အောက်တိုဘာ ၁၁ က ပြုလုပ်သော ဓာတ်ပုံပြပွဲအကြောင်း ဆွေးနွေးပွဲတစ်ခု၌ ကိုထူးက ပြောခဲ့သည်။
ယခုလ ၉ ရက်နေ့ညသန်းခေါင်တွင် ကချင်ပြည်နယ်ရှိ IDP စခန်းတစ်ခုကို မြန်မာစစ်တပ်က ဒရုန်း သို့မဟုတ် လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကလေးငယ်များ အပါအဝင် လူပေါင်း ၃၀ နီးပါး သေဆုံး ခဲ့ရသည်။
စစ်ကောင်စီ၏ ပြင်းထန်းသော အကြမ်းဖက်လုပ်ရပ်များကြောင့် ကရင်နီပြည်နယ်ရှိ လူဦးရေ သုံးသိန်း ခန့်အနက် နှစ်သိန်းခွဲနီးပါး နေရပ်စွန့်ခွာခဲ့ကြရသည်။ အာဏာသိမ်းပြီးနောက် ကရင်နီဒေသတွင် လေ ကြောင်းတိုက်ခိုက်မှု အဆမတန်တိုးလာခဲ့သည်။ ၂၀၂၁ တွင် လေကြောင်းတိုက်ခိုက်မှု နှစ်ကြိမ်သာရှိခဲ့ သော်လည်း ၂၀၂၂ တွင် ၁၈၂ ကြိမ်အထိရှိခဲ့သည်။ ယခုနှစ်တွင် ဇန်နဝါရီမှ ဧပြီလအထိ ၁၇၉ ကြိမ်ရှိပြီ ဖြစ်ကြောင်း တိုးတက်သောကရင်နီပြည်သူ့အင်အား စု (Progressive Karenni People’s Force) ၏ အစီရင် ခံစာတစ်ခုတွင် ဖော်ပြသည်။ ဇန်နဝါရီမှ ဧပြီလအထိ ကာလမှာ နွေဦးကျန်းမာဆေးခန်း ဖျက်ဆီးမခံရမီ တစ်လအလိုဖြစ်သည်။
ကိုထူးအဆိုအရ ၎င်းတို့အဖွဲ့ကို စစ်ကောင်စီက စိန်ပြောင်းဖြင့် ပစ်ခတ်တိုက်ခိုက်သည့်အပြင် လေ ကြောင်းဖြင့်တိုက်ခိုက်မှု လေးကြိမ်ရှိသည်ဟု သိရသည်။ စိန်ပြောင်းဖြင့် ပစ်ခတ်ခံရမှုတစ်ခုတွင် အသက် ၁၈ နှစ်အရွယ် စေတနာ့ဝန်ထမ်း အမျိုးသမီးတစ်ဦး ဦးခေါင်းကို လက်နက်ကြီး ထိမှန်ခဲ့သည်။
“သူ့အော်သံကို ကျွန်တော်ကြားရတယ်။ သူ့ခေါင်းကိုသူ လက်နဲ့ဖိပြီး ဆရာ ကျွန်မမသေချင်ဘူး၊ ကျွန်မ မသေချင်ဘူးလို့ အော်ခဲ့တာပါ” ဟု ကိုထူးက ပြန်ပြောင်းပြောသည်။ “သူ့ကို တွေ့တွေ့ချင်းမှာပဲ ကျွန် တော်တို့ အရေးပေါ်ကုသမှု စတင်ခဲ့ပါတယ်”
ဒဏ်ရာမှ ပြန်လည်သက်သာလာပြီးနောက် ထိုအမျိုးသမီးငယ်မှာ နွေဦးကျန်းမာဆေးခန်း၌ စေတနာ့ ဝန်ထမ်းအလုပ်ကို ဆက်လက်လုပ်ကိုင်ခဲ့သည်။
“ဘေးကင်းလုံခြုံမယ့် လုပ်ငန်းခွင်လိုအပ်ပါတယ်” ဟု ကိုထူးက ပြောသည်။ လုံခြုံရေးနှင့် ရန်ပုံငွေရရှိ ရေးနှစ်ခုစလုံးမှာ နွေဦးကျန်းမာဆေးခန်းရှိ လူပေါင်း ၃၀ အတွက် အဓိကစိန်ခေါ်မှုဖြစ်သည်ဟုလည်း ဆိုသည်။
ပြီးခဲ့သည့်နှစ်တွင် ဆေးခန်းလည်ပတ်ရေး ဘတ်ဂျက်အားဖြင့် အမေရိကန်ဒေါ်လာ တစ်သိန်းခွဲအထိ လိုအပ်ခဲ့သော်လည်း ဒေါ်လာခြောက်သောင်းသာရှာဖွေနိုင်ခဲ့သည်ဟု ကိုထူးက ရှင်းပြသည်။ ရန်ပုံငွေ ထောက်ပံ့သူ အများစုမှာ ဒေသခံများဖြစ်ကာ ငွေကြေးလွှဲပြောင်းမှုများအပေါ် စစ်ကောင်စီက ပို၍ စောင့်ကြည်လာသဖြင့် ဒေသခံများ ငွေဆက်မပို့နိုင်တော့ပေ။
“ပြည်တွင်းအလှူရှင်တွေကို မြန်မာစစ်တပ်က ပစ်မှတ်ထားနေပါတယ်။ သူတို့ရဲ့ ငွေကြေးလွှဲပြောင်းမှုနဲ့ ဘဏ်စာရင်းတွေကို ပိတ်ပြီး အဲဒီဘဏ်အကောင့်ပိုင်ရှင်တွေ ဖမ်းဆီးအရေးယူနေပါတယ်” ဟု ယခုလ ၁၁ ရက်နေ့ ဆွေးနွေးပွဲ၌ ကိုထူးက ထည့်သွင်းပြောဆိုခဲ့သည်။
နွေဦးကျန်းမာဆေးခန်းအတွက် နိုင်ငံတကာအလှူရှင်များထံမှ ငွေကြေးအကူအညီ တောင်းခံနေသော် လည်း မြန်မာနိုင်ငံတွင်းရှိ ငွေကြေးလွှဲပြောင်းမှု လမ်းကြောင်းများ အကန့်အသတ်ဖြစ်နေသဖြင့် ၎င်းတို့ နည်းတူ အခြားအဖွဲ့များအတွက်လည်း အလားတူစိန်ခေါ်မှုဖြစ်နေသည်ဟု ဆိုသည်။
ဆေးခန်းပြန်လည်ဆောက်ရာ၌ မွေးခန်း၊ လူနာဆောင်များနှင့် ခွဲစိတ်ခန်း အပါအဝင် ဒေါ်လာလေး သောင်းကျော် ကုန်ကျမည်ဖြစ်ကြောင်းလည်း ကိုထူးက ဆိုသည်။
“အဲဒါကို တဆင့်ပြီးတဆင့် ဘယ်လိုဖန်တီးရမလဲဆိုတာ ကျွန်တော်တို့ လေ့လာနေ၊ စီစဉ်နေပါတယ်” ဟု ဆေးကျောင်းသားဟောင်း ကိုထူးက ပြောသည်။
“ကျွန်တော်တို့မှာ စက်တချို့ရှိပါတယ်။ အဲဒါကို ထိထိရောက်ရောက်လည်ပတ်နိုင်ဖို့ အခြေခံအ ဆောက်အအုံတွေလောက်ပဲ လိုတာပါ”
ဓာတ်ပုံပြပွဲ၌ ပြသသည့်မှတ်တမ်း ဗီဒီယို၌ မခင်စန္ဒာညွန့်က “အရပ်ဘက်နဲ့ ကျန်းမာရေးစောင့်မှုလုပ် ငန်းကို စစ်ကောင်စီက ဘယ်လောက်ထိ ပစ်မှတ်ထားဖြတ်တောက်နေလဲ၊ ဒါက ဘယ်လောက်ထိ လူမဆန်တဲ့ လုပ်ရပ်လဲ” မေးခွန်းထုတ်သည်။
“Indivisible” ဆိုသော ဓာတ်ပုံပြပွဲခေါင်းစဉ် အတိုင်းပင် ခုခံတော်လှန်မှု ပုံစံကွဲနေသော်လည်း မှတ်တမ်း ရိုက်ကူးခြင်းနှင့် အဖြစ် အပျက်ဇာတ်လမ်းများ ပြောခြင်းသည်လည်း ကိုယ်ပိုင်နည်းလမ်းအားဖြင့် စစ်အာဏာရှင်ကို တွန်းလှန်တိုက်ခိုက်နေခြင်းဖြစ်သည်။
“ကျွန်မကိုယ်တိုင်က ဒီထဲမှာပါနေတယ်။ ဒီတော်လှန်ရေးမှာ အစိတ်အပိုင်းတစ်ခု ဖြစ်နေတယ်။ ဒီတော် လှန်ရေးမှာ ကိုယ်ကပါဝင်ပတ်သက်နေပြီး အဖြစ်အပျက်တွေကို ကိုယ်တိုင်သိနေတယ်။ ဖြတ်သန်းနေ တယ်ဆိုတဲ့ဟာပေါ့နော်။ အဲဒါကို ကျွန်မကြိုက်တယ်” ဟု မခင်စန္ဒာညွန့်က ဆိုသည်။
ကိုထူးကလည်း ဆရာဝန်ဆိုသည်ထက် လူမှုဝန်ထမ်းတစ်ဦးသာ ဖြစ်လိုကြောင်း၊ ရွေးချယ်ခဲ့သည့်လမ်း အတွက် နောင်တမရကြောင်း ဖွင့်ဟသည်။
“ဂျက်တိုက်လေယာဉ်တွေကို ခုခံဖို့ ကျွန်တော်တို့မှာ နားကြပ်တစ်ခု၊ ဆေးထိုးအပ်တစ်ချောင်းပဲ ရှိပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ ကောင်းကောင်းခုခံနေပါတယ်”
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)