
သုံးနှစ်ကျော်ကြာ ပိတ်ပင်ထားသည့် ထောင်ဝင်စာတွေ့ဆုံခွင့်ကို ကန့်သတ်ချက်များဖြင့် ယနေ့(အောက်တိုဘာ ၂၄) မှစတင်ပြီး အကျဉ်းထောင်အချို့တွင် ပြန်လည်ခွင့်ပြုခဲ့သော်လည်း သေဒဏ်၊ တစ်သက်တစ်ကျွန်း အမိန့်ချခံထားရသူများကို ခွင့်မပြုသေးကြောင်း နိုင်ငံရေးအကျဉ်းသားတို့ကို ကူညီပေးနေသူများထံမှ သိရသည်။
အကျဉ်းသား ၁,၀၀၀ မှ ၂,၀၀၀ အထိ ဆန့်သည့် သာယာဝတီ၊ သရက်၊ အိုးဘို၊ မြင်းခြံ၊ ညောင်ရွှေ၊ မြိတ်၊ ကျိုက်မရော စသည့်ထောင်များတွင် စတင်ခွင့်ပြုသော်လည်း အကျဉ်းသားအများအပြား ထိန်းသိမ်းထားရာ ရန်ကုန်ရှိ အင်းစိန်ထောင်တွင်တော့ ခွင့်မပြုသေးကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် အဖွဲ့ဝင် ကိုသိုက်ထွန်းဦးက ပြောသည်။
အင်းစိန်ထောင်တွင် နိုဝင်ဘာ ၃ ရက်နေ့မှသာ စတင်ခွင့်ပေးမည်ဟု စုံစမ်းသိရှိရကြောင်း အကျဉ်းသားမိသားစုဝင်နှင့် နိုင်ကျဉ်းများကို ကူညီပေးနေသူတို့က ပြောသည်။
မြန်မာနိုင်ငံအတွင်းရှိ ထောင်နှင့်ရဲဘက်စခန်းများတွင် ထောင်ဝင်စာဟုခေါ်ကြသည့် အကျဉ်းသားများနှင့် မိသားစုဝင်များ တွေ့ဆုံခွင့်ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အစိုးရကာလ၊ ကိုဗစ်ကပ်ရောဂါကူးစက်မှု စတင်မြင့်တက်လာသည့် ၂၀၂၀ စက်တင်ဘာ ပထမသတင်းပတ်တွင် စတင်တားမြစ်ခဲ့သည်။
ကိုဗစ်ကူးစက်မှု မရှိသလောက်နည်းသွားချိန်တွင်လည်း အာဏာသိမ်း စစ်ကောင်စီက ထိုကန့်သတ်ချက်ကို ဆက်လက်ထားရှိခဲ့ရာမှ သုံးနှစ်ကျော်အတွင်း ပထမဆုံးအကြိမ် ပြန်လည်ခွင့်ပြုခြင်းဖြစ်သည်။

ထောင်ဝင်စာတွေ့ဆုံခွင့်သည် အကျဉ်းထောင်တစ်ခုလျှင် လူ ၁၂၀ အထိ သတ်မှတ်ထားပြီး အကျဉ်းသားတစ်ယောက်လျှင် မိသားစုဝင်နှစ်ယောက်နှင့် မိနစ် ၂၀ ကြာ တွေ့ဆုံခွင့်ရကြသည်ဟု နိုင်ကျဥ်းများကို ကူညီပေးနေသူတို့ကပြောသည်။
“အကျဉ်းမိသားစုတွေ ဧည့်တွေ့ခွင့်အတွက် ရာဂဏန်းလောက်ရှိမယ်ဗျ၊ စောင့်နေကြတယ်၊ အများစုက နိုင်ကျဉ်း မိသားစုတွေပါ” ဟု ပဲခူးတိုင်းအတွင်းရှိ သာယာဝတီထောင်ရှေ့ရောက် သတင်းအရင်းအမြစ်ကပြောသည်။သာယာဝတီထောင်ထဲတွင် နိုင်ကျဉ်းအများအပြား ရှိနေပြီး စစ်ကောင်စီထောင်ဝန်ထမ်းများ၏ ညှဉ်းပန်းနှိပ်စက်မှုကို ခံနေကြရသည်။

ထောင်ဝင်စာတွေ့ဆုံခွင့်အချိန်ကို ရုံးဖွင့်ရက်များတွင် နံနက် ၉နာရီမှ ညနေ ၄နာရီခွဲအထိ ခွင့်ပြုပေးထားကြောင်းလည်း စုံစမ်းသိရှိရသည်။
နှစ်နှင့်ချီကြာ လူချင်းမတွေ့ကြရသည့် အကျဉ်းသားမိသားစုများသည် နံနက် ၄ နာရီခန့်ကတည်းက အကျဉ်းထောင်ရှေ့တွင် လာရောက်စောင့်နေကြသည်ဟုလည်း သာယာဝတီထောင်ရှေ့ရောက် သတင်းအရင်းအမြစ်ကပြောသည်။
စစ်ကောင်စီကခွင့်ပြုပေးသည့် ထောင်ဝင်စာ တွေ့ဆုံခွင့်တွင် ထောင်ဒဏ် တစ်သက်တစ်ကျွန်း ချမှတ်ခံထားရသူများနှင့် သေဒဏ်ချမှတ်ခံထားရသူများ မပါဝင်ကြောင်း စုံစမ်းသိရှိရသည်။
“သူတို့(ထောင်တစ်သက်/သေဒဏ်ကျ အကျဉ်းသားမိသားစုတွေ)ကို အရင်ဦးစားပေးပြီး အထဲခေါ်သွားတယ်၊ ပြီးတော့မှ တွေ့ခွင့်မရဘူးဆိုပြီး ပြန်လွှတ်လိုက်တော့ အပြင်မှာ ရုန်းရင်းဆန်ခတ်နဲ့ ငိုယိုနေကြတယ်” ဟု တက္ကသိုလ်ကျောင်းသားဟောင်းအင်အားစုမှ ကျောင်းသားတစ်ဦးက သာယာဝတီထောင်ရှေ့ မြင်တွေ့ခဲ့ရသည့် အခြေအနေကို ပြောပြသည်။
စစ်ကောင်စီလက်အောက် အကျဉ်းထောင်များထဲတွင် သေဒဏ်ကျအကျဉ်းသား နိုင်ငံရေးအကျဉ်းသား ၁၂၀ ရှိပြီး မျက်ကွယ်သေဒဏ်ချမှတ်ခံထားရသူ (၄၃) ဦး နှင့် ထောင်ဒဏ် တစ်သက်တစ်ကျွန်း ချခံထားရသူ ၃၀၀ ဝန်းကျင် ရှိကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ အောက်တိုဘာ ၂၃ ရက်နေ့ထုတ် စာရင်းများအရ သိရသည်။
ထို့အပြင် စစ်ကောင်စီသည် အာဏာသိမ်းခဲ့သည့် ၂၀၂၀ ဖေဖော်ဝါရီ ၁ ရက်နေ့တွင် နိုင်ငံအနှံ့အပြားမှ နိုင်ငံရေးသမားများ၊ ရွေးကောက်ပွဲကော်မရှင်တွင် အရေးပါသည့် တာဝန် ယူထားသူများကို ဖမ်းဆီးခဲ့သည်။ အဖမ်းအဆီးများမှာ ယနေ့အထိ နေ့စဉ် ရှိနေရာ ရက်ပေါင်း ၉၉၅ ရက်အတွင်း ၂၅,၃၃၁ ဦးကို ဖမ်းဆီးခဲ့သည်ဟုလည်း AAPP ၏ ယမန်နေ့ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၂၃ အထိ စာရင်းများက ဆိုသည်။
ဖမ်းခံခဲ့ရသူများအနက်မှ ၁၉,၆၁၀ ဦး လက်ရှိအချိန်အထိ ချုပ်နှောင်ခံထားရဆဲဖြစ်သည်။
ထိုအရေအတွက်သည် ၎င်းတို့ကောက်ခံရရှိသည့် စာရင်းသာဖြစ်ပြီး မြေပြင်တွင် ယခုထက်ပိုမိုများပြားသည်ဟုလည်း AAPP က ဆိုသည်။
စစ်ကောင်စီက ကြိုတင်ကြေညာထားသည့်အတိုင်း ထောင်ဝင်စာတွေ့လိုသူများသည် ကိုဗစ်ရောဂါကာကွယ်ဆေး ၂ ကြိမ် ထိုးနှံပြီးကြောင်းလက်မှတ်၊ ၇ ရက်အတွင်း ပြုလုပ်ထားသည့် ကျေးရွာ/ရပ်ကွက်အတွင်း နေထိုင်ကြောင်း ထောက်ခံစာ၊ ပြစ်မှုကင်းရှင်းကြောင်း ရဲစခန်းထောက်ခံစာ၊ မှတ်ပုံတင်မူရင်း၊ အိမ်ထောင်စု စာရင်းတို့ကို ပြသရသည်ဟုလည်း သိရသည်။
ထောင်ဝင်စာတွေ့ဆုံခွင့်သည့် အမည်စာရင်းတွင် ပါဝင်သော်လည်း စစ်ကောင်စီတောင်းဆိုထားသည့် အချက်များ မပြည့်စုံ၍ သွားရောက်တန်းစီပြီး ပြန်လှည့်လာရသူများလည်းရှိကြောင်း၊ ပြည့်စုံသော်လည်း နောက်ရက်ထပ်မံအချိန်းခံရသူများရှိကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများ ကွန်ရက်အဖွဲ့ဝင် ကိုသိုက်ထွန်းဦးက ပြောသည်။
အကျဉ်းထောင်နှင့် အလှမ်းဝေးသည့်အရပ်တွင် နေထိုင်ကြသူများအတွက် အထောက်အထားများ ပြန်လည်လုပ်ဆောင်ပြီး နောက်ထပ်တစ်ကြိမ်ထပ်မံလာရောက်ရန်မှာ အခက်အခဲများစွာရှိနေကြကြောင်း ၎င်းကဆိုသည်။
“ရွာကသူတွေ လှမ်းမေးကြတယ်၊ ထောင်ကျတရားခံတွေရဲ့ မိသားစုတွေပေါ့ဗျာ သူတို့ဆို နေတာကရွာမှာ မြို့ကို စာရွက်စာတမ်းတွေလာလုပ်ရမယ်။ ကိုဗစ် ၁၉ ဆေးကို ထိုးပြီးသားဖြစ်ပေမယ့် စာရွက်တွေ ပျောက်နေတာတွေ တချို့ဆို အိမ်ထောင်စုဇယား မရှိတာတွေ၊ ကိုဗစ်နဲ့ပတ်သက်တဲ့ ထောက်ခံချက်တွေ၊ ပြစ်မှုကင်းရှင်းကြောင်း ထောက်ခံချက်လုပ်ဖို့မှာ အခက်အခဲတွေ ရှိကြတယ်လို့ သိရတယ်ဗျ”ဟု မကွေးအကျဉ်ထောင်အတွင်း လိူက်ပါကူညီပေးနေသည့် ရှေ့နေတစ်ဦးကလည်း ပြောသည်။
မန္တလေး အိုဘိုထောင်တွင် မနက် ၅နာရီကတည်းက လူရာဂဏန်း တန်းစီစောင့်ဆိုင်းခဲ့ကြပြီး အချို့သာတွေ့ခွင့်ရကြောင်း၊ မွန်းလွဲပိုင်းတွင် မိုးသည်းထန်စွာရွာသွန်းသော်လည်း အကျဉ်းကျနေသူများနှင့် တွေ့ခွင့်ရရန် မိသားစုဝင်များက လက်မလျှော့ကြဘဲ ဆက်လက် စောင့်ဆိုင်းကြသည်ကို တွေ့ရကြောင်း ထိုနေရာသို့ ရောက်ခဲ့သည့် မြို့ခံ အမျိုးသားတစ်ဦးကပြောသည်။
“အကျဉ်းထောင်ရဲ့ အကျဉ်းသားတွေကလည်း မမျှော်လင့်ဘဲ တွေ့ခွင့်ရတော့ အရမ်းကို ခုန်ပေါက်ပျော်မြုးနေကြတာပေါ့နော်၊ ဝမ်းသာကြတယ်” ဟု အကျဉ်းသားမိသားစုဝင်များနှင့် ဆက်သွယ်ရသည့် ကိုသိုက်ထွန်းဦးက ပြောသည်။
မြင်းခြံနှင့် သာယာဝတီ အကျဉ်းထောင်တွင် ထောင်ဝင်စာတွေ့ရန် ရောက်လာသူ အားလုံးကို စာရွက်စာတမ်း ပြည့်စုံပါက တွေ့ဆုံခွင့် ပြုခဲ့သည်၊ ဝင်ရောက်တွေ့ဆုံသူ မိသားစုဝင်များ ထောင်ဗူးဝတွင် ဖုန်း၊ နာရီအပါအဝင် အသုံးအဆောင်များ ထားခဲ့ရသည်ဟု ၎င်းက ဆိုသည်။

အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) က နိုင်ငံအနှံ့အကျဉ်းထောင်များသို့ သွားရာတွင် ကုန်ကျမည့် ခရီးစရိတ်အတွက် မိသားစုက ၎င်းတို့ထံတွင် အကူအညီတောင်းခံနိုင်ကြောင်း ကြေညာထားသည်။အသေးစားငွေကြေးထောက်ပံ့မှု ရယူလိုပါက ICRC၏ မြန်မာပြည်ရုံးခွဲ ၁၀ရုံးထဲမှ အနီးဆုံးရုံးကို ဆက်သွယ်နိုင်သည်။
လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်