ဆောင်းပါး

သာယာဝတီထောင် ခေတ်သစ် ငရဲခန်း

စစ်အာဏာသိမ်းမှုကို ဆန့်ကျင် ဆန္ဒပြမှုကြောင့် အင်းစိန်ထောင်တွင် တစ်နှစ်ကျော်ကြာ ထိန်းသိမ်းခံနေရသည့် ကိုစံထွန်းသည် သာယာဝတီအကျဉ်းထောင်သို့ ပြောင်းရွှေ့ရမည့် သတင်းကို သိရပြီးနောက် အထုပ်အပိုးပြင်ဆင်ချိန် မိနစ်ပိုင်းသာ ရလိုက်သည်။ ထောင်ဝန်ထမ်းတို့က ထောင်ပြောင်းရမည့် အကျဉ်းသား ၁၅၀ ကျော်ကို အခြားအဆောင်တစ်ခုသို့ ရွှေ့လိုက်ပြီး နောက်တစ်နေ့ နံနက် ၃ နာရီတွင် နှစ်ယောက် တစ်တွဲစီ ခြေချင်းခတ်လိုက်ကြသည်။

ထို့နောက် နိုင်ငံရေးအကျဉ်းသားများကို တင်ဆောင်သွားသည့် အမြန်ယာဉ် ၅ စင်းသည် ရန်ကုန်နှင့် မိုင် ၇၀ ကျော် ကွာဝေးပြီး ခေတ်အဆက်ဆက် နာမည်ဆိုးဖြင့် ကျော်ကြားသည့် သာယာဝတီထောင်ငရဲခန်းသို့ ဦးတည် မောင်းနှင်သွားတော့သည်။

သာယာဝတီထောင်သို့ ရောက်သည်နှင့် ရိုက်နှက်စရာ ကိုယ်စီကိုင်ထားသော၊ တန်းစီ စောင့်နေကြသော ထောင်ဝန်ထမ်း ၄၀ ကျော်ရှေ့မှ သူတို့ ခေါင်းငုံ့ပြီး ဖြတ်သန်းရသည်ဟု ကိုစံထွန်းက ပြန်ပြောပြသည်။

“ငုံ့ထား၊ ငုံ့ထားလို့ ပြောပြီး ရိုက်တော့တာပဲ။ မင်းတို့ နိုင်ကျဉ်းတွေလား၊ နိုင်ကျဉ်းတွေလား ဆိုပြီး မေးပြီးတော့ ရိုက်တော့တာပဲ။ ရေမော်တာ ပန်ကာကြိုးကို တစ်ခုခုနဲ့ ပြန်စီးလိုက်ပြီးတော့ အဲဒါနဲ့ကို ရိုက်တာ။ တောက်လျှောက်ရိုက်တော့တာပဲ” ဟု သူက ပြောသည်။

ထို့နောက် သူတို့ကို ထောင်ဘူးဝမှ မီတာ ၂၀၀ ကျော် ကွာဝေးသည့် အကျဉ်းထောင်ပင်မရုံးခန်းရှေ့ရောက်သည်အထိ ပြေးခိုင်းပြီး ထပ်ရိုက်ပြန်သည်။

“ခြေချင်း နှစ်ယောက်တွဲမှာ ခြေချင်းကိုလည်း တစ်ဖက်က မထားရသေးတယ်။ တစ်ဖက်ကလည်း ကိုယ့်အထုပ်ကို ကိုယ်ကိုင်ထားရတယ်။ ဘာမှ လွတ်ကျလို့ မရဘူး။ ဖိနပ်လွတ်ကျရင်လည်း ဖိနပ်ကျန်ခဲ့မှာ။ ပြေး ပြေး ပြေးပဲ။ ငုံ့ထား၊ ငုံ့ထား၊ ငုံ့ထား။ ဘေး၊ ဘယ်၊ ညာ မကြည့်နဲ့ ငုံ့ထား၊ ငုံ့ထား ဆိုပြီးတော့ ရိုက်တာ” ဟု ကိုစံထွန်းက ပြန်ပြောပြသည်။

နေရာသစ်သို့ ရောက်လာသူများကို လူမဆန်သည့် နှိပ်စက်မှုများက ထိုမျှဖြင့် မပြီးချေ။ နိုင်ကျဉ်းတို့ကို ပစ်မှတ်ထားသည့် ယုတ်မာ ရိုင်းစိုင်းသည့် ရက်စက်မှုများက သာယာဝတီအကျဉ်းထောင်အတွင်းတွင် ကိုစံထွန်းကို အသင့်စောင့်ဆိုင်းနေသည်။ 

၂၀၁၆ ခုနှစ်က မွန်ပြည်နယ်ဇင်းကျိုက် ရဲဘက်စခန်းတွင် အကျဥ်းသားတစ်ဦးအား သံခြေချင်းခတ်လျက် ကျောက်ထုတ်လုပ်ရေးခိုင်းစေနေသည်ကို တွေ့ရပုံ။ (Myanmar Now)

သာယာဝတီထောင်ပိုင် ရဲရင့်နိုင်

အကျဉ်းထောင် ပင်မရုံးခန်းရှေ့ နေပူပူ၊ ဖုန်ထနေသည့် မြေကွက်လပ်တွင် ကိုစံထွန်း အပါအဝင် နှစ်ယောက် တစ်တွဲ ခြေချင်းခတ်ခံထားရသည့် အကျဉ်းသားများကို ထောင်ဝန်ထမ်းများက တန်းစီ ထိုင်ခိုင်းလိုက်သည်။

တုတ်ရှည်များ ကိုင်ဆောင်ထားသည့် ဝန်ထမ်းများ၊ လူသတ်၊ ဓားပြမှုများဖြင့် နှစ်ရှည်ထောင်ဒဏ်ကျခံနေရသူ ရာဇဝတ်သားများက သူတို့ပတ်ပတ်လည်တွင် နေရာယူထားသည်။ ထောင်ပုံစံမကျသည့် အကျဉ်းသားများကို အဆက်မပြတ် ရိုက်နှက်တော့သည်။

တစ်နာရီခန့်အကြာတွင် စီးကရက်ခဲထားသည့် အသက် ၄၀ ဝန်းကျင် အသားဖြူဖြူ လူတစ်ဦးသည် အစွယ်တဖွေးဖွေးဖြင့် မာန်ဖီနေသည့် စစ်ခွေးကြီး ၂ ကောင် ခြံရံပြီး ရောက်ရှိလာသည်။ ရိုက်နှက်၊ နှိပ်စက်နေသည့် အသံများ ချက်ချင်းဆိုသလို ငြိမ်ကျသွားသည်။

ထိုသူမှာ သာယာဝတီအကျဉ်းထောင်တစ်ခုလုံးတွင် ဩဇာအရှိဆုံးဖြစ်ပြီး အကျဉ်းသားများသာမက ထောင်ဝန်ထမ်းများကပင် ရွံရှာ ကြောက်ရွံ့ရသည့် သာယာဝတီထောင်ပိုင်ကြီး ဦးရဲရင့်နိုင် ဖြစ်သည်။

“ဒါက သာယာဝတီထောင်ပဲ၊ မင်းတို့ ဒီမှာ ဘာမှ လုပ်လို့မရဘူး။ ဒီထောင်က မင်းတို့အတွက် ငရဲခန်းပဲ။ ဒီမှာ အေးအေးဆေးဆေး မနေဘူးဆိုရင် မင်းတို့အသက်ဆိုတာ ငါတို့အတွက်က စာရွက်တစ်ရွက်၊ စာကြောင်းတစ်ကြောင်း ရေးလိုက်ရုံပဲ” ဟု ဦးရဲရင့်နိုင်က အသစ်ရောက်ရှိလာသည့် နိုင်ကျဉ်းများကို ကြည့်ပြီး ပြောလိုက်သည်။

ဦးရဲရင့်နိုင်သည် စစ်အာဏာမသိမ်းမီ အချိန်အထိ အကျဉ်းဦးစီးဌာန၊ ဦးစီးအရာရှိ၊ လုံခြုံရေးဌာန ဒုတိယညွှန်ကြားရေးမှူး တာဝန်များကို ထမ်းဆောင်ခဲ့ပြီး အကျဉ်းဦးစီးဌာန ပြောရေးဆိုခွင့်ရှိသူအဖြစ် သတင်းမီဒီယာများနှင့် ရင်းနှီးသည့် ဆက်ဆံရေးရှိသူဖြစ်သည်။

သို့သော်လည်း ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုသည် ဦးရဲရင့်နိုင်ကဲ့သို့ သတင်းမီဒီယာများနှင့် ဆက်ဆံရေးကောင်းမွန်သည့် အကျဉ်းဦးစီးဝန်ထမ်းတစ်ဦး၏ မိသားစုဘဝတစ်ခုကိုပါ တစ်စစီ ဖျက်ဆီးလိုက်သည်။

သတင်းမီဒီယာများ၊ နိုင်ရေးသမားများ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် ရင်းနှီးသူ အကျဉ်းဦးစီးဌာန၊ ပြောရေးဆိုခွင့်ရှိသူ  ဦးရဲရင့်နိုင်သည် သူ၏ ယခင်မိတ်ဟောင်းဆွေဟောင်းများကို ရက်စက်၊ ရိုက်နှက်ရသည့် အဓိကဇာတ်ကောင်ဖြစ်လာသည်။

စစ်ဗိုလ်ဟောင်းတစ်ဦးဖြစ်သူ ဦးရဲရင့်နိုင်သည် စစ်အာဏာသိမ်းပြီးနောက်တွင် အာဏာရှင်စနစ်၏ ခွေးသွားစိပ်တစ်ခုဖြစ်လာခဲ့ပြီး နိုင်ငံရေးအကျဉ်းသားများကို အဓိက ဖိနှိပ်၊ နှိပ်စက်ရာတွင် နာမည်ကျော်သည့် သာယာဝတီအကျဉ်းထောင်၏ ထောင်ပိုင်ကြီးဖြစ်လာရာမှ သူ့နှင့် သူ့မိသားစုဘဝ တစ်ဆစ်ချိုး ပြောင်းလဲသွားခြင်းဖြစ်သည်။

‘ငါတို့မှာ တိုက်ပေါင်းများစွာရှိတယ်၊ မင်းတို့ကို တစ်ယောက်ချင်းစီ ထားလို့ရတဲ့ အဆင့်ရှိတယ်။ ထောင်ရဲ့ ဥပဒေကို ထိပါးလာပြီ၊ ငါတို့ရဲ့ လုံခြုံရေးကို ထိပါးလာပြီဆိုရင်တော့ မင်းတို့အကုန်လုံးကို တိုက်ထဲမှာ ထည့်ထားရလိမ့်မယ်’ ဟု ဦးရဲရင့်နိုင်က ခြိမ်းခြောက်ပြောဆိုလေ့ရှိကြောင်း လွတ်မြောက်လာသူ နိုင်ကျဉ်းများက Myanmar Now ကို ပြန်ပြောပြသည်။

ဘုန်းကြီးကျောင်းတစ်ကျောင်းတွင် တွေ့ရသော သာယာဝတီထောင် တာဝန်ခံအရာရှိ ဦးရဲရင့်နိုင်နှင့် ဇနီး ဒေါ်စုလှညို (ဓာတ်ပုံ – ပေးပို့)

သာယာဝတီအကျဉ်းထောင်၊ ပင်မရုံးခန်းရှေ့တွင် ဦးရဲရင့်နိုင်၏ မိန့်ခွန်းများကို ၁ နာရီကျော် နားထောင်ခဲ့ရသည့် အကျဉ်းသားများထဲတွင် ကိုစံထွန်းလည်း တစ်ဦးအပါအဝင်ဖြစ်သည်။

ပူလောင်ခြောက်သွေ့သည့် နွေနေ့လယ်ခင်း နှစ်ယောက်တွဲ ခြေချင်းခတ်ခံထားရချိန် ရက်ရက်စက်စက် ရိုက်နှက်၊ နှိပ်စက်ရန်  ဦးဆောင်ခဲ့သူ ထောင်ပိုင် ဦးရဲရင့်နိုင်ကို သူ့ဘဝတစ်သက် မေ့ပျောက်နိုင်မည်မဟုတ်ဟု ကိုစံထွန်းက ပြန်ပြောပြသည်။

“သူက စစ်တပ်က လာတာ၊ သူ့ရဲ့ ခြေထောက်တစ်ဖက်က ခြေခုံလိုနေရာမှာ ပြတ်ထားတယ်။ Gunshot (ကျည်ထိခြင်း) လား၊ မိုင်းထိတာလားတော့ မသိဘူး။ အဲဒီနေရာမှာ အတုတပ်ထားတယ်။ လမ်းလျှောက်တာ ပုံမှန်မဟုတ်ဘူး” ဟု သူက ပြန်ပြောပြသည်။

ထို့ပြင် အခွင့်အရေးတောင်းဆိုသည့် နိုင်ကျဉ်းများကို ၎င်းမွေးထားသည့် စစ်ခွေးများဖြင့် တိုက်ခိုက်လေ့ရှိသည်ဟု သူက ဆက်ပြောသည်။

“ခွေးတွေကို ထောင်ထဲမှာ အဲဒီအတိုင်း လွှတ်ထားတာ။ ထောင်ဝန်ထမ်းတွေရော၊ ထောင်အရာရှိတွေကိုရော အဲဒီခွေးတွေက ကိုက်တယ်။ တစ်ခါတလေ နိုင်ငံရေးအကျဉ်းသားတွေကို ဖြိုခွင်းချိန်မှာ ခွေးနဲ့ တိုက်တာမျိုး လုပ်တတ်တယ်” ဟု ကိုစံထွန်းက ပြောပြသည်။

အကျဉ်းထောင်အသီးသီးမှ ရောက်ရှိလာသည့် နိုင်ကျဉ်းများထဲမှ အများအပြားမှာ ခြေချင်းခတ်၊ ဒေါက်ခတ်ခံရပြီး အလုံပိတ်အခန်းငယ်များထဲ ရက် ၂၀ ကျော် နေကြရသည်ဟု ကိုစံထွန်းက ဆိုသည်။

ဒေါက်ခတ်ခြင်း၊ သံဒေါက်ထည့်ခြင်း ဆိုသည်မှာ အကျဉ်းသား၏ ခြေချင်းဝတ်နေရာရှိ သံကွင်းနှစ်ခုတွင် တစ်ပေခန့် ရှည်သည့် သံချောင်းကို ကန့်လန့်ဆက်ထားခြင်း ဖြစ်သည်။ ထိုသို့ ဒေါက်ခတ်ထားသဖြင့် ထိုအကျဉ်းသားမှာ ပြေးနိုင်မည်မဟုတ်သည့်အပြင် လမ်းလျှောက်ရန် လွန်စွာ ခက်ခဲမည်ဖြစ်သည်။

မိုင်းဖုန်းဆရာတော်ပေးသည့် အဆောင်ဟု ယူဆရသည့် အနီရောင်ကြိုးကို လက်တွင် ပတ်ထားသော ဦးရဲရင့်နိုင်က “သာယာဝတီထောင်ဟာ မင်းတို့အတွက် ငရဲခန်းပဲ” ဟု မကြာခဏ ပြောဆိုလေ့ရှိသည်ဟု အသက် ၂၀ အရွယ် နိုင်ကျဉ်းဟောင်းနောက်တစ်ဦးက ပြန်ပြောပြသည်။

“မင်းတို့ ဒီမှာ ဘာမှ လုပ်လို့မရဘူး။ သာယာဝတီထောင်ဆိုတာ ငရဲခန်းပဲ ဆိုပြီးတော့ ပြောတယ်ဗျ။ မိန်းဂျေးကို ရောက်တဲ့ အချိန်မှာ တစ်ခါပြောတယ်၊ ကျွန်တော်တို့ တိုက်ထဲကို ဝင်တဲ့ အချိန်မှာ တစ်ခါပြောတယ်” ဟု သူက ဆိုသည်။

၂၄ နာရီ ဆက်တိုက်တာဝန်ကျသည့်နေ့တွင် ပြင်ပထွက်ခွာခွင့် မရ၊ ၂ နာရီသာ နားရသည့် အခြေအနေကြောင့် ထောင်ဝန်ထမ်းများသည် အလွယ်တကူ စိတ်တိုနေတတ်ပြီး နိုင်ကျဉ်းများကို ဆဲဆိုရိုက်နှက်သည့်နည်းဖြင့် ထွက်ပေါက်ရှာတတ်သည်ဟု သိရသည်။

စစ်ကောင်စီဝါဒဖြန့်သတင်းစာတွင် မကြာခဏ တစ်စွန်းတစ်စ ဖော်ပြလေ့ရှိသည့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို အပြစ်တင်ပြီး ရိုက်နှက်မှုမျိုးလည်း ကြုံရသည်ဟု နိုင်ကျဉ်းဟောင်းလူငယ်က ဆက်ပြောသည်။

“ကျွန်တော်တို့ တန်းစီချိန်တွေမှာဆို မင်းတို့ NUG ဆိုတာက ဘာလဲ၊ ဘာမှ မဟုတ်ဘဲနဲ့ ငါတို့ ဒီမှာ ဒုက္ခခံနေရတယ်၊ မင်းတို့ကြောင့် ငါတို့ အပြင်မထွက်ရဘူး။ ငါတို့ မိသားစုတွေ ဒုက္ခရောက်နေရတယ် စတာတွေပြောပြီး သူတို့တွေက ကျွန်တော်တို့ကို ရိုက်ကြတာ” ဟု ထိုလူငယ်က ပြန်ပြောပြသည်။

စိတ်တိုနေတတ်သည့် ထောင်ဝန်ထမ်းတို့က အာဏာသိမ်း စစ်တပ်ကိုပါ ဆဲဆိုတတ်ကြသည်ဟု သိရသည်။

သာယာဝတီထောင် မြင်ကွင်းတစ်ခု (ဓာတ်ပုံ – AAPP)

လူမဆန်သည့် နှိပ်စက်မှုများ

၂၀၂၁ ဖေဖော်ဝါရီ ၁ တွင် အာဏာသိမ်းသည့်တပ်က အစိုးရခေါင်းဆောင်များ၊ အာဏာသိမ်းမှု ဆန့်ကျင်သည်ဟု ယူဆရသူများကို ဖမ်းဆီးထားရာ စုစုပေါင်း ၁၉၃၁၁ ဦး ဆက်လက် ချုပ်နှောင်ခံရဆဲဖြစ်သည်ဟု နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဇူလိုင် ၄ တွင် ထုတ်ပြန်ထားသည်။ ထိုအထဲတွင် သေဒဏ်ချမှတ်ခံထားရသူ ၁၅၇ ဦး ပါဝင်သည်။

ထောင်ဝန်ထမ်းများထဲတွင် စစ်အစိုးရအဆက်ဆက် နိုင်ကျဉ်းများကို ပြင်းပြင်းထန်ထန် ကိုင်တွယ်တတ်သည့် စစ်တပ်မှ ပြောင်းရွှေ့လာသူများလည်း ပါဝင်နေတတ်ခြင်းမှာလည်း ထောင်တွင်း အခြေအနေဆိုးများ ဖြစ်ပေါ်ရခြင်း၏ အဓိကအကြောင်းရင်းတစ်ခု ဖြစ်နေသည်။

အကျဉ်းထောင်တချို့မှ နှိပ်စက်၊ ညှဉ်းပန်းမှုကို ကန့်ကွက်ဆန္ဒပြသည့် နိုင်ကျဉ်းများကို ပိုမို ဆိုးရွားသည့် ထောင်သို့ ပို့ဆောင်ပြီး ခေါင်းမထောင်ရဲသည်အထိ နှိပ်စက်နေခြင်းဖြစ်သည်ဟု သာယာဝတီထောင်မှ ပြန်လည်လွတ်မြောက်လာသူ နိုင်ကျဉ်းဟောင်းများက ပြန်ပြောပြသည်။

သာယာဝတီထောင်မှ လွတ်မြောက်လာသည့် အမျိုးသမီးများက ၎င်းတို့နေခဲ့ရသည့် အဆောင်၏ အပေါ်ထပ်မှ ကြည့်ပါက အကျဉ်းသားများ ထောင်ဘူးဝတွင် နည်းမျိုးစုံ နှိပ်စက်ခံနေရပုံကို နေ့စဉ် တွေ့နေရသည်ဟု ဆိုသည်။

ရန်ကုန်မြို့ရှိ စစ်အာဏာရှင် ဆန္ဒပြပွဲများတွင် ဦးဆောင်ပါဝင်ခဲ့သူတစ်ဦးဖြစ်သည့် နှင်းဆီနက် အမည်ရှိ အမျိုးသမီးက အင်းစိန်၊ ကျိုက်မရော၊ သာယာဝတီ အကျဉ်းထောင်များတွင် ၂ နှစ်ကျော်ကြာ နေခဲ့ရပြီးနောက် မေလက ပြန်လွတ်လာသည်။

အကျဉ်းထောင်တံခါးဝမှ ပင်မရုံးခန်းအထိ ဘောလုံးကွင်း တစ်ကွင်းစာမကရှိသည့် အကွာအဝေးကို ခြေချင်းတပ်အကျဉ်းသားတို့ ဖားခုန်ခုန်သွားရသည့် မြင်ကွင်းကို သူ့တစ်သက်တွင် မေ့ပျောက်နိုင်မည်မဟုတ်ဟု နှင်းဆီနက်က ဆိုသည်။

ထောင်ဝန်ထမ်းတို့က အမျိုးသမီးအဆောင်များဘက်ကို လေးခွဖြင့် အကြောင်းမဲ့ပစ်ခတ်တတ်၊ ဆဲဆိုတတ်သည်ဟု နှင်းဆီနက်က ဆက်ပြောပြသည်။

“သာယာဝတီထောင်က ကျွန်မအတွက်တော့ ကျိန်စာအကျဉ်းထောင်ပဲ။ ခြောက်သွေ့ပြီးတော့ ထောင်အင်္ဂါရပ်နဲ့လည်း မညီဘဲနဲ့ တောထဲကထောင်တစ်ခုလို့ပဲ ထင်မြင်မိတယ်ပေါ့။ စံပြအကျဉ်းထောင်ဆိုပေမဲ့ ထောင်ကြီးက စရောက်တာနဲ့ နိမိတ်လက္ခဏာမကောင်းတဲ့ ပုံစံမျိုး၊ သိမ်ငယ်စေတဲ့ စိတ်ခံစားချက်မျိုးကို ဖြစ်ပေါ်စေပါတယ်” ဟု သူက ပြောသည်။

“မန္တလေးထောင်ပြောင်း မိန်းကလေး ၁၆ ယောက်ကို ကျောကုန်းမှာ သွေးစို့တဲ့အထိ ရိုက်တယ်။ ထောင်ပိုင် ဦးရဲရင့်နိုင်က မိုက်ရိုင်း၊ ရက်စက်၊ ကြမ်းကြုတ်တဲ့သူတွေထဲမှာ ပါတယ်။ သူက အကျဉ်းသူတွေအပေါ်မှာတင် မကောင်းတာ မဟုတ်ပါဘူး။ သူ့ရဲ့ ဝန်ထမ်းတွေအပေါ်မှာလည်း သူဟာ ရက်စက်ကြမ်းကြုတ်တဲ့ အကြီးအကဲတစ်ယောက်ဆိုတာ ဝန်ထမ်းတွေရဲ့ ခံစားချက်တွေကို ကျွန်မ ကြားသိခဲ့ရပါတယ်”

နှိပ်စက်ညှဉ်းပန်းမှုများကြောင့် နာမည်ကြီးသည့် သာယာဝတီထောင် (ဓာတ်ပုံ – ပေးပို့)

သာမန်အကျဉ်းသားများလည်း နှိပ်စက်ခံရသည်ဟု သာယာဝတီမှ လွတ်မြောက်လာသည့် နိုင်ကျဉ်းများက ပြန်ပြောပြသည်။

ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလက ရိုက်နှက်၊ အော်ဟစ်သံများ ကြားရ၍ ချောင်းကြည့်ရာ ထောင်ဝန်ထမ်းများနှင့် ၎င်းတို့ ဝိုင်းဝန်းနှိပ်စက်နေသော အသက် ၃၀ အရွယ် လူငယ်တစ်ဦးကို တွေ့မြင်ခဲ့ရသည်ဟု မကြာသေးမီက သာယာဝတီထောင်မှ လွတ်လာသူ အသက် ၃၀ အရွယ် နိုင်ကျဉ်းလူငယ်တစ်ဦးက ပြောသည်။

“လူတစ်ယောက်ကို ဒေါက်ခတ်ပြီးတော့ ထောင်ကို ပတ်ပြေးခိုင်းတာဗျာ။ ထောင်ကို ၅ ပတ် ပြေးခိုင်းတာပေါ့။ ပတ်ပြေးနေတာကို နောက်ကနေပြီးတော့ ဝန်ထမ်းတစ်ယောက်က စက်ဘီးနဲ့ စီးပြီးတော့ သူ့ကို ထောင်အခေါ် ပူလီကြိုးလို့ ခေါ်တဲ့ဟာနဲ့ လိုက်ရိုက်တာ” ဟု သူက ပြန်ပြောပြသည်။

“ဒေါက်ကို မပြီးတော့ ယက်ကန်ယက်ကန်နဲ့ ပြေးရတယ်။ ဒေါက်ဆိုတာက လမ်းတောင် မနည်းလျှောက်ရတာလေ။ မြောင်းတောင် ကျော်လို့မရဘူး။ အဲဒီလိုမျိုးဟာကို ပြေးခိုင်းတာပေါ့။

ခြေထောက်တွေကလည်း သွေးတွေနဲ့ချည်းပဲ၊ အဲ့ဒါကို မထနိုင်တော့ အော်တာပေါ့၊ ကျွန်တော် မရတော့ပါဘူးပေါ့။ ဒါပေမဲ့ ဟိုလူတွေက ဝိုင်းရိုက်နေကြတာပဲ”

ထိုသို့ နှိပ်စက်၊ ညှဉ်းပန်းမှုများကြောင့် သေဆုံးမှုများလည်း ရှိနေသည်ဟု သတင်းများထွက်ပေါ်နေသော်လည်း Myanmar Now က သီးခြား အတည်မပြုနိုင်သေးပေ။

နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ ၅၀၅-က၊ ရာဇသတ်ကြီးဥပဒေ ပုဒ်မ (၄၃၆) တို့ဖြင့် ထောင်ဒဏ် ၇ နှစ် ချမှတ်ခံထားရသူ ၂၅ အရွယ် ကိုပြည့်ဖြိုးဝင်း (ခ) မဲကြီးသည် မေ ၂၁ တွင် သာယာဝတီအကျဉ်းထောင်တွင် သေဆုံးခဲ့ပြီး မိသားစုက ရုပ်အလောင်းသင်္ဂြိုဟ်ခွင့် မရရှိခဲ့ပေ။ သေဆုံးရသည့် အကြောင်းရင်းကို စစ်ကောင်စီက သတင်းအမှောင်ချထားသည်။

၂၀၁၆ ခုနှစ်က မွန်ပြည်နယ်ရှိ အကျဥ်းစခန်းလုပ်ငန်းခွင်တစ်ခုတွင် အကျဥ်းဦးစီးဝန်ထမ်းတစ်ဦးက တုတ်ကိုင်လျက် အကျဥ်းသားများအား အလုပ်ခိုင်းစေနေပုံ။ (Myanmar Now)

သမိုင်းထဲက သာယာဝတီထောင်

ရန်ကုန်နှင့် မိုင် ၇၀ ကျော် ကွာဝေးသည့် သာယာဝတီထောင်သည် ၁၉၃၀ ပြည့်နှစ်က အင်္ဂလိပ်နယ်ချဲ့ကို ဆန့်ကျင်တော်လှန်ခဲ့သူ လယ်သမားခေါင်းဆောင် ဆရာစံနှင့် အရေးတော်ပုံတပ်သားအများအပြားကို ကွပ်မျက်ခဲ့သည့် သမိုင်းဝင် အကျဉ်းထောင်တစ်ခုဖြစ်သည်။

သာယာဝတီမြို့ပြင်ရှိ ဧကပေါင်းများစွာ ကျယ်ဝန်းသော လယ်ကွင်းပြင်ကြီးထဲတွင် တည်ရှိနေသည့် ကိုလိုနီခေတ်လက်ရာ အကျဉ်းထောင်သည် ကိုလိုနီခေတ်နောက်ပိုင်းတွင်လည်း နိုင်ကျဉ်းများကို နှိပ်ကွပ်သည့်နေရာတစ်ခု ဖြစ်လာသည်။

မြန်မာပြည် လွတ်လပ်ရေးရပြီး ၂ လအကြာ ၁၉၄၈ မတ် ၈ တွင် အာဏာရ ဖ.ဆ.ပ.လ အဖွဲ့ချုပ်က ဗမာပြည်ကွန်မြူနစ်ပါတီ (ဗ.က.ပ) ကို မတရားအသင်း ကြေညာခဲ့ပြီးနောက် ကွန်မြူနစ်ပါတီဝင် ၁၀၀ ကျော်ကို သာယာဝတီအကျဉ်းထောင်သို့ ပို့ဆောင်ခဲ့သည်။

ထိုသို့ ပို့ဆောင်ခံရပြီး နှိပ်စက်၊ ညှဉ်းပန်းခံရသူများထဲတွင် စာပေဗိမာန်ဆုရ စာရေးဆရာ ကျော်မြသန်းလည်း တစ်ဦးအပါအဝင်ဖြစ်သည်။ ထိုအကျဉ်းထောင်အတွင်း ရင်ဆိုင် ကြုံတွေ့ခဲ့ရသည်များကို “သာယာဝတီထောင်မှ ငရဲခန်းများ” အမည်ဖြင့် သူက ပြန်လည် ရေးသားထုတ်ဝေခဲ့သည်။

သာယာဝတီထောင်သည် ထောင်ထက် ကျောင်းအိပ်ကျောင်းစား ဘော်ဒါဆောင်နှင့် တူသည်၊ ထမင်းချက်ဖိုရှေ့တွင် ဗျိုင်းရုပ်၊ ငှက်ရုပ်၊ ရေပန်းများဖြင့် အလှဆင်ထားသည့် ပန်းခြံတစ်ခုရှိပြီး သာယာလှပသည်ဟု ထိုစာအုပ်တွင် သူက ရေးသားခဲ့သည်။ 

သို့သော်လည်း ထိုလှပခမ်းနားသည့် အကျဉ်းထောင်ကြီးသည် နိုင်ကျဉ်းများကို အလုပ်ကြမ်းများ မတန်တဆ ခိုင်းစေပြီး နေ့စဉ် အကြမ်းဖက် ညှဉ်းပန်းသည့်နေရာ ဖြစ်သည်ဟု သူက မှတ်တမ်းတင်ခဲ့သည်။ ထောင်အသီးသီးမှ စရိုက်ကြမ်းသော ရာဇဝတ်သားများကို သာယာဝတီသို့ ပို့ပြီး နိုင်ကျဉ်းများကို ၁ နှစ်ကျော် အုပ်ချုပ်နှိပ်ကွပ်ရာတွင် အသုံးပြုခဲ့သည်။

၁၉၈၈ နှင့် ၂၀၁၀ ကြား နိုင်ငံကို အုပ်ချုပ်သည့် စစ်ဗိုလ်ချုပ်များကလည်း အမြင်မတူသူအများအပြားကို ထိုထောင်သို့ ပို့ပြီး နှိပ်ကွပ်ခဲ့ဖူးသည်။

ထိုသို့ ခေတ်အဆက်ဆက် အကြမ်းဖက် ညှဉ်းပန်းမှု အစဉ်အလာရှိသည့် သာယာဝတီအကျဉ်းထောင်ကို ၂၀၂၁ ခုနှစ် အာဏာသိမ်း စစ်ကောင်စီက အလားတူ အသုံးပြုနေသည်။

သာယာဝတီထောင် မြင်ကွင်းတစ်ခု (ဓာတ်ပုံ – ပေးပို့)

နိုင်ကျဉ်းနှင့် အလုပ်ကြမ်း

စစ်အာဏာသိမ်းမှုကို ဆန့်ကျင် ဆန္ဒပြသူ အသက် ၃၀ အရွယ် ကိုဘုန်းသည် ရန်ကုန်မြို့လယ် ဆန္ဒပြပွဲတစ်ခုတွင် ရိုက်နှက်ဖမ်းဆီးခံခဲ့ရပြီး အင်းစိန်နှင့် ကျိုက်မရောထောင်များတွင် ၁ နှစ်ကျော် နေခဲ့ရပြီးနောက် သာယာဝတီထောင်သို့ ရောက်ရှိခဲ့သည်။

သာယာဝတီထောင်တွင် နိုင်ကျဉ်းအားလုံး အလုပ်ကြမ်းများ လုပ်ရသည်၊ ခြေချင်းခတ်ခံထားရသူများ၊ ဒေါက်ခတ်ခံထားရသူများ အားလုံးကို အလုပ်ကြမ်းများ အဓမ္မစေခိုင်းပြီး ရိုက်နှက်လေ့ရှိသည်၊ မိလ္လာရေများကို ရေပုံးဖြင့် ခပ်ပြီး စိုက်ခင်းများကို ရေလောင်းရ​သည်ဟု သူက ပြန်ပြောပြသည်။

“တောင်ယာမှာ အဓိကတော့ မိလ္လာရေပဲပေါ့။ မိလ္လာရေ၊ ရေချိုးကန်က ရေပုပ်တွေနဲ့ ရေလောင်းရတယ်။ ရေတွေက နံနံစော်စော်တွေနဲ့ပေါ့။ နံနံစော်စော်နဲ့ပဲ အိပ်ရတယ်။ အကုန်လုံးက ရေလည်း ဝဝလင်လင် မချိုးရဘူး။ လူတွေက ညှီစော်တွေ နံပြီးတော့ ဝဲတွေ ပေါက်ပြီးတော့ ညှဉ်းသိုးသိုးအနံ့တွေ နံနေတာပေါ့” ဟု သူက ပြန်ပြောပြသည်။

၂၀၂၂ ဩဂုတ်လက ၁ တိုက်နှင့် ၂ တိုက်ရှိ အဆောင်များရှိ နိုင်ကျဉ်းများကို မိလ္လာကျင်းတူးခိုင်းရာ ငြင်းဆန်သဖြင့် ထိုအဆောင်တွင် နေထိုင်သူအားလုံးကို ထောင်ရုံးခန်းရှေ့ ကွင်းပြင်သို့ ခေါ်ဆောင်ကာ ရိုက်နှက်ခဲ့သည်ဟု နိုင်ကျဉ်းဟောင်း လူငယ်နောက်တစ်ဦးက ဆိုသည်။

“ကျဉ်စက်နဲ့ တို့တယ်၊ ခွေးနဲ့ တိုက်တယ်၊ နံပါတ်တုတ်တွေ၊ ပူလီကြိုးတွေနဲ့ ဝိုင်းရိုက်ပြီး မျက်နှာတွေ၊ ခေါင်းတွေကို စစ်ဖိနပ်တွေနဲ့ ဝိုင်းကန်ကြတယ်။ တစ်ညနေလုံး ရိုက်နှက်ပြီးတော့မှ ခြေချင်းခတ်ပြီး တိုက်ပိတ်ထားလိုက်တယ်” ဟု သူက ပြောသည်။

ငွေမပေးနိုင်သူများမှာ မိလ္လာထမ်းရသည့် အလုပ်ကြမ်းကို လုပ်ကြရသဖြင့် အလုပ်ကြမ်းခိုင်းစေခြင်းမှာ သာယာဝတီထောင်ဝန်ထမ်းများ၏ အဓိက ဝင်ငွေရှာလမ်း ဖြစ်နေသည်ဟု လွတ်မြောက်လာသူများထံမှ သိရသည်။

ကိုစံထွန်းက ထောင်သို့ ရောက်ခါစတွင် မိလ္လာ​လောင်းခဲ့ရသော်လည်း ငွေကြေးတတ်နိုင်သူဖြစ်၍ မြက်နုတ်ရသည့် အလုပ်၊ ထောင်သန့်ရှင်းရေး အလုပ်များကိုသာ အများဆုံးလုပ်ခဲ့ရသည်ဟု ပြန်ပြောပြသည်။

“တကယ့် ငရဲခန်းပါပဲ။ အဆောင်ထဲ ဝင်လိုက်ပြီဆိုတာနဲ့ လူတွေရဲ့ အနံ့တွေက ညှီစို့နေတဲ့ အနံ့တွေနဲ့၊ သေတောင် သေချင်သွားတယ်။ တစ်ယောက်နဲ့ တစ်ယောက်က လှိမ့်လို့တောင် မရဘူး။ အိပ်ရင် ဘေးစောင်းလို့ မရဘူး။ ပက်လက်ပဲ အိပ်ရတယ်” ဟု ကိုစံထွန်းက ပြောသည်။

သာယာဝတီထောင် မြင်ကွင်းတစ်ခု (ဓာတ်ပုံ – ပေးပို့)

“ကျွန်တော်တို့ ကမ္ဘာမကျေဘူး”

သာယာဝတီအကျဉ်းထောင်မှ လွတ်မြောက်လာသူများထဲမှ နိုင်ကျဉ်း ၁၀ ဦးကို Myanmar Now က ဆက်သွယ်မေးမြန်းခဲ့ရာ ထောင်အတွင်း နှိပ်စက်၊ ညှဉ်းပန်းခံခဲ့ရမှုများကို သူတို့တစ်သက် မေ့ပျောက်မည်မဟုတ်ဘဲ အလျော်အစားပေးရမည်ဟု ဆိုသည်။

စစ်အာဏာရှင်စနစ်ဆိုး၏ ယုတ်မာ၊ ရက်စက်မှုများကို သာယာဝတီအကျဉ်းထောင် ငရဲခန်းတွင် ရင်ဆိုင်ခဲ့ရသူ အများစုမှာ စစ်အာဏာရှင်စနစ်၏ ဆိုးရွားမှုများကို တွေ့ကြုံခဲ့ပြီး တော်လှန်လိုသည့် စိတ်များ ပိုမိုပြင်းထန်လာခဲ့သည်ဟု ကိုဘုန်းက ပြောပြသည်။

“ကောင်းကင်ကြီးထဲအောက်မှာ အေးအေးဆေးဆေးအိပ်နေရပေမဲ့ ကျွန်တော့် ရဲဘော်တွေကတော့ အလှောင်အပိတ်တွေကြားထဲမှာ သံလှောင်အိမ်တွေကြားထဲမှာ နေနေရတယ်။ ကျွန်တော် သူတို့အတွက် အရမ်းဝမ်းနည်းမိတယ်။ ကျွန်တော် သူတို့ကို ဘယ်လိုမှ မထားခဲ့နိုင်ဘူး။ အရမ်းပဲ ပူဆွေးရတယ်” ဟု သူက မျက်ရည်သုတ်ရင်း ပြောသည်။

သာယာဝတီအကျဉ်းထောင်အတွင်းရှိ နိုင်ကျဉ်းများမှာ NUG နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တို့၏ သတင်းများကိုသာ နေ့စဉ် စောင့်မျှော်နေကြပြီး တော်လှန်စိတ်၊ စစ်အာဏာရှင်ကို မုန်းတီးသည့် စိတ်များ တစ်နေ့တခြား ပိုမိုခိုင်မာလာသည်ဟု သူက ဆက်ပြောသည်။

“အကုန်လုံးကတော့ NUG တို့ PDF တို့ကို မျှော်လင့်ပြီးတော့ပဲ အသက်ရှင်နေကြရတယ်။ ဘယ်တော့လာမလဲ၊ ဘယ်တော့များ လာကယ်မလဲ။ ဘယ်တော့များ လာထုတ်မလဲဆိုတာကို မျှော်လင့်နေကြတယ်။ ငါတို့တွေ ဒီလောက် နှိပ်စက်ခံနေရတာ၊ နှိပ်စက်နေတဲ့ ဒီကောင်တွေကို NUG တို့ PDF တို့က ဘာလို့ မျက်စိစုံမှိတ်ပြီးတော့ နေကြသလဲလို့ တွေးနေကြတယ်” ဟု သူက ပြောသည်။

စစ်တပ်ဒေါက်တိုင်များ၊ စစ်တပ်စခန်းများ သေကျေပျက်စီးသည့် သတင်းမျိုးကို ဝါဒဖြန့်သတင်းစာများတွင် ရံဖန်ရံခါ ဖော်ပြတတ်ရာ ထိုသတင်းများကို ဖတ်ရှုရသည့်အခါတွင် နိုင်ကျဉ်းများ စိတ်ဓာတ်တက်ကြွရသည်ဟု သူက ဆက်ပြောသည်။

“ကျွန်တော်တို့ကတော့ ပြန်ယူချင်တယ်။ ကျွန်တော်တို့ ခံစားထားရသလိုမျိုး သူတို့ကို ပြန်လုပ်ချင်တယ်။ နောက်လူတွေကို ထပ်မနှိပ်စက်နိုင်အောင် လုပ်ချင်တယ်။ ကျွန်တော်တို့ပြီးရင် သူတို့အလှည့် ရှိပါသေးတယ်ဆိုတာကို ဒီကောင်တွေ ခေါင်းထဲမှာ ထည့်ထားစေချင်တယ်။ ကျွန်တော်တို့ကတော့ ကမ္ဘာမကျေဘူးပေါ့ဗျာ” ဟု ကိုဘုန်းက နာကြည်းစွာ ပြောလိုက်သည်။ 

လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button