ဇင်းကျိုက် – မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးအခြေအနေဆိုင်ရာ အထူးအစီရင်ခံစာတင်သွင်းသူ မစ္စရန်ဟီလီ မကြာသေးမီက သွားရောက်လေ့လာခဲ့သည့် မွန်ပြည်နယ်ရှိ ကျောက်ထုတ်စခန်းတစ်ခုတွင် အကျဉ်းသားများ ယနေ့တိုင် သံခြေချင်းများဖြင့် ဆက်လက်၍ အလုပ်ကြမ်းလုပ်နေရကြောင်း တွေ့ရှိရသည်။
ရန်ဟီလီသည် ပေါင်မြို့နယ်ရှိ ဇင်းကျိုက်ကျောက်ထုတ်ရဲဘက်အကျဉ်းစခန်းသို့ သွားရောက်ခဲ့ခြင်းဖြစ်ပြီး သူ၏ အဓိကစိုးရိမ်ပူပန်မှုမှာ အကျဉ်းသားတို့ ကျောက်ထုတ်သည့် မိုင်းများတွင် အလုပ်လုပ်ကိုင်စဉ်နှင့် အိပ်ဆောင်တွင် နေထိုင်စဉ် သံခြေချင်းတပ်ဆင်ခံရခြင်း ဖြစ်သည်။
ထိုကဲ့သို့ အကျဉ်းသားများကို သံခြေချင်းခတ်ပြီး အလုပ်ကြမ်းများခိုင်းစေခြင်းသည် ၎င်းတို့ခံစားရမည့် တရားရုံးက ချမှတ်သည့် ပြစ်ဒဏ်များအပြင် ထပ်ဆောင်းအပြစ်ပေးခြင်း ပုံစံဖြစ်နေကြောင်း ရန်ဟီလီက ရန်ကုန်တွင် ဇန်နဝါရီ ၂၄ ရက်က ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
ရန်ဟီလီပြန်သွားပြီး တစ်လခန့်အကြာ အကျဉ်းသား ၄ဝဝ ခန့် ရှိသော ဇင်းကျိုက်ကျောက်ထုတ်အကျဉ်းစခန်းသို့ Myanmar Now သတင်းဌာနက သွားရောက်လေ့လာသည့်အခါ အကျဉ်းသားတို့သည် အန္တရာယ်များသည့် ကျောက်မိုင်းလုပ်ငန်းခွင်တွင် သံခြေချင်းများဖြင့် ဆက်လက်အလုပ်နေရကြောင်း တွေ့ရှိခဲ့ပြီး၊ ထိုကဲ့သို့ အလုပ်လုပ်နေရသည့် အကျဉ်းသားများကို ဓာတ်ပုံမှတ်တမ်းရယူနိုင်ခဲ့သည်။
ကျောက်မိုင်းလုပ်ငန်းခွင်တွင် မည်သည့်စက်ယန္တရားအကူအညီမျှ မပါဘဲ ကျောက်တောင်ကမ်းပါးယံကို သံချောင်းဖြင့် ထိုးနေသော အကျဉ်းသားများ၊ ကြီးမားသော ကျောက်တုံးများကို ထုခွဲနေရသော အကျဉ်းသားများ၊ ကျောက်တုံးများကို ရော်ဘာပုံးထဲ ထည့်ပြီး ဆယ်ဘီးကားကြီးများပေါ် တင်ဆောင်နေသော အကျဉ်းသားများကို တွေ့ရှိခဲ့သည်။
အကျဉ်းသားအများအပြား သံခြေချင်းများဖြင့် အလုပ်လုပ်နေရကြောင်း Myanmar Now သတင်းထောက်တစ်ဦးက တွေ့ရှိခဲ့ခြင်း ဖြစ်သည်။
ဇင်းကျိုက်အကျဉ်းစခန်းတွင် အကျဉ်းကျနေသူတစ်ဦး၏ အမည်မဖော်လိုသော မိခင်ဖြစ်သူက ၎င်း၏သားသည် ဖေဖော်ဝါရီ လဆန်းပိုင်းတွင် အင်းစိန်ထောင်မှ ထိုစခန်းသို့ ပြောင်းရွှေ့ ခံခဲ့ရပြီး ကျောက်မိုင်းလုပ်ငန်းခွင်တွင် သံခြေချင်းဖြင့် အလုပ်လုပ်နေရကြောင်း၊ မကြာသေးမီက ထောင်ဝင်စာသွားရောက် တွေ့ဆုံစဉ် အကျဉ်းသားတစ်ဦး လုပ်ငန်းခွင်အတွင်း ကျောက်စထိမှန်၍ ခြေသလုံးတွင် ဒဏ်ရာအကြီးအကျယ်ရသွားသည်ကို တွေ့ရှိရကြောင်း ပြောကြားသည်။
အကျဉ်းထောင်အသီးသီးမှ ရဲဘက်ကျောက်ထုတ်စခန်းသို့ ရောက်ရှိလာသော အကျဉ်းသားများကို စခန်းသို့ရောက်ရှိသည့်အချိန်မှစ၍ အနည်းဆုံး တစ်လအထိ ခြေချင်းခတ်၍ ခိုင်းစေကြောင်း၊ လုံခြုံရေးအရစိတ်မချရသော အကျဉ်းသားများကိုလည်း အနည်းဆုံး တစ်လအထိ ခြေချင်းခတ်ကြောင်း ဇင်းကျိုက်ကျောက်ထုတ်စခန်းကို အုပ်ချုပ်သော အကျဉ်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်လွင်ဦးက ဆိုသည်။
“အကျဉ်းသားတွေက သတ်မှတ်ထားတဲ့ စည်းကမ်းကို မလိုက်နာနိုင်ဘူးဆိုရင် နောက်ထပ်ပြစ်ဒဏ် ထပ်မတိုးစေချင်တဲ့ စေတနာနဲ့ ထောင်ပိုင်တစ်ယောက်အနေနဲ့ အပြစ်ပေးတဲ့ သဘောနဲ့ ဒီလိုမျိုးလုပ်ပိုင်ခွင့် ကျွန်တော်တို့ဆီမှာ ရှိတယ်” ဟု တပ်မတော်အရာရှိအဖြစ်မှ အကျဉ်းဦးစီးဌာနသို့ ပြောင်းရွှေ့လာသူ ဦးအောင်လွင်ဦးက ဆိုသည်။
လုံခြုံရေးအရစိုးရိမ်ရသော အကျဉ်းသားကို ထောင်အရာရှိက သံခြေချင်းခတ်ခွင့်ရှိသည်ဟု ၁၈၉၄ အကျဉ်းထောင်လက်စွဲဥပဒေတွင် ပြဋ္ဌာန်းထားသော်လည်း အကျဉ်းထောင်အသီးသီးမှ ရဲဘက်စခန်းများသို့ ရောက်ရှိလာသော အကျဉ်းသားတို့ကို စခန်းရှိထောင်ပိုင်များက မည်သူမည်ဝါသည် လုံခြုံရေးအရ စိုးရိမ်ရသည်ဆိုသည်ကို ခွဲခြားစိစစ်ခြင်း မပြုနိုင်သဖြင့် ရောက်လာသော လူသစ်အားလုံးအား အနည်းဆုံး ခြေချင်းတစ်လခတ်ပြီး အလုပ်ခိုင်းစေကြောင်း အကျဉ်းဦးစီးဌာန ပြောရေးဆိုခွင့်ရှိသူ ဒုတိယညွှန်ကြားရေးမှူး ဦးမင်းထွန်းစိုးက ဆိုသည်။
“ပြစ်ဒဏ်ပေးတဲ့အနေနဲ့ သံခြေချင်းခတ်တယ်ဆိုတာတော့ လုပ်လို့မရဘူး။ လုံခြုံရေးအရဆိုရင်တော့ ခတ်လို့ရတယ်။ လုံခြုံရေးအရ လိုအပ်ရင် သုံးလအထိတောင် ခတ်လို့ရတယ်” ဟု ၎င်းက ဆက်၍ပြောကြားသည်။
ပြည်ထဲရေးဝန်ကြီးဌာနအောက်ရှိ အကျဉ်းဦးစီးဌာနတွင် အကျဉ်းထောင် ၄၆ ခု၊ ရဲဘက်အလုပ်စခန်း ၄၈ ခု ရှိပြီး၊ အကျဉ်းသား ၁ဝဝ,ဝဝဝ ခန့် ပြစ်ဒဏ်ကျခံနေရသည်။
လွန်ခဲ့သည့် နှစ်အနည်းငယ်အတွင်း အကျဉ်းသားများ၏ အစားအသောက်အနေအထိုင်နှင့် ပတ်သက်၍ တိုးတက်လာသည်ဟု ဆိုသော်လည်း အလုပ်ကြမ်းအကျဉ်းစခန်းများတွင် နှိပ်စက်မှု၊ လာဘ်ပေးရမှု၊ အကျဉ်းသားအပေါ် ခေါင်းပုံဖြတ်မှုအများအပြား ရှိနေဆဲဖြစ်သည်။
၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း (၁) တွင် ပြဋ္ဌာန်းထားသော လူ့ဂုဏ်သိက္ခာ ညှိုးနွမ်းသေးသိမ်စေသည့် ပြစ်ဒဏ်ပြဋ္ဌာန်းခွင့် မရှိစေရဟူသော အချက်ကို ချိုးဖောက်သည့်သဘော သက်ရောက်သည့် လူ့အခွင့်အရေးချိုးဖောက်မှုများ၊ အကျဉ်းသား၏လုပ်အားကို ပုဂ္ဂလိကအကျိုးစီးပွားနှင့် မဆက်စပ်ရဟူသော မြန်မာနိုင်ငံက လက်မှတ်ရေးထိုးထားသည့် အဓမ္မခိုင်းစေမှုဆိုင်ရာ ၁၉၃ဝ နိုင်ငံတကာအလုပ်သမားအဖွဲ့အစည်းပဋိညာဉ် (IL0 Forced Labor Convention, 1930) ကို ပြောင်ပြောင်တင်းတင်းချိုးဖောက်၍ အကျဉ်းသား၏လုပ်အားကို အသုံးပြု၍ စီးပွားရှာနေမှုများ စသည့် အခြေအနေများသည် အကျဉ်းဦးစီးဌာန အလုပ်ကြမ်း ရဲဘက်အကျဉ်းစခန်းများတွင် ဆက်လက်ဖြစ်ပျက်နေကြောင်း Myanmar Now က ၂ဝ၁၆ ခုနှစ်တွင် ရေးသားထုတ်ဝေသော “ငရဲဘုံအလားအကျဉ်းစခန်းများ” သတင်းဆောင်းပါးတွင် ဖော်ပြခဲ့သည်။
ထိုဆောင်းပါးထုတ်ဝေပြီးနောက် ရဲဘက်အကျဉ်းစခန်းများပိတ်သိမ်းရန် အစီအစဉ်ရှိမရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်အမတ်များက လွှတ်တော်တွင် နှစ်ကြိမ်တိုင်မေးမြန်းရာ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက ထိုအကျဉ်းစခန်းများသည် အကျဉ်းသားတို့ အသက်မွေးဝမ်းကျောင်းပညာများ တတ်မြောက်စေရန် ရည်ရွယ်ဖွင့်လှစ်ထားခြင်းဖြစ်သောကြောင့် ပိတ်သိမ်းရန် အစီအစဉ်မရှိကြောင်း ပြန်လည်ပြောဆိုခဲ့သည်။
သို့သော် ထိုအကျဉ်းစခန်းများ၏ အန္တရာယ်ရှိ ကျောက်မိုင်းလုပ်ငန်းခွင်များတွင် ကျောက်ခွဲ၊ ကျောက်သယ်ခြင်း စသည့် အလုပ်များကို နိစ္စဓူဝခိုင်းစေခြင်းမှအပ မည်သည့်အသက်မွေးဝမ်းကျောင်းအလုပ်ကိုမျှ သင်ကြားပေးခြင်း မရှိကြောင်း အကျဉ်းစခန်းများမှ လွတ်မြောက်လာသူများက ဆိုသည်။
ဇင်းကျိုက်အကျဉ်းစခန်း ထောင်ပိုင် ဦးအောင်လွင်ဦးကလည်း ကျောက်ခွဲ၊ ကျောက်သယ်ခြင်းမှအပ သူ့စခန်းရှိ အကျဉ်းသားများကို အခြားသော အသက်မွေးဝမ်းကျောင်းပညာများ သင်ကြားပေးခြင်း မရှိကြောင်း ပြောသည်။
“တခြားပညာတွေသင်ပေးဖို့ဆိုတာက ကျွန်တော်တို့အနေနဲ့ လုပ်လို့မရဘူး၊ အထက်ဌာနကနေ စီမံချက်တစ်ခုနဲ့ စီစဉ်ဆောင်ရွက်ပေးမှသာလျှင် ဒီလိုမျိုးပုံစံက ဖြစ်လာမှာ။ စောစောက ကျွန်တော်ပြောသလိုပဲ ကျွန်တော်တို့စခန်းရဲ့ရည်ရွယ်ချက်က ကျောက်ထုတ်ဖို့။ ကျောက်ထုတ်ဖို့ဆိုတော့ ပိတ်ရက်ကလွဲလို့ ကျောက်နဲ့ပဲ နိစ္စဓူဝ ထိတွေ့ရမှာပဲ” ဟု သူက ဆိုသည်။ ။