မန္တလေး အိုဘိုထောင်တွင် နိုင်ငံရေးအကျဉ်းသားတစ်ဦး မကြာသေးမီက နှိပ်စက် သတ်ဖြတ်ခံရပြီး ဒိုက်ဦးထောင်တွင်လည်း နိုင်ငံရေးအကျဉ်းသူများ ရိုက်နှက်ခံရကာ ဆေးကုသခွင့်မရဟု စုံစမ်းသိရှိရသည်။
စစ်ကိုင်းတိုင်းဒေသခံ ကိုထက်ရန်နိုင်က အိုးဘိုထောင်တွင်း မူးယစ်ဆေးအရောင်းဝယ်လုပ်နေကြသည့် အခြေအနေကို ထောင်အာဏာပိုင်များထံ တိုင်းကြားရန် ကြိုးစားရာ ဇွန်လ ၂၁ ရက်နေ့တွင် ထောင်ဝန်ထမ်းတို့က ရိုက်နှက်ကြသဖြင့် သေဆုံးသွားခြင်းဖြစ်သည်ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ပြောသည်။
“ဝါးဆစ်ပိတ်တုတ်၊ သစ်သားတုတ်၊ နံပါတ်တုတ် ကျဉ်စက်တွေနဲ့ ကိုထက်ရန်နိုင်ကို ဝိုင်းဝန်း ရိုက်နှက်ကြပါတယ်၊ သေလုမြောပါး ဖြစ်နေတဲ့အချိန်မှသာ မန္တလေး အိုးဘိုအကျဉ်းထောင်ကနေ မန္တလေးပြည်သူ့ဆေးရုံကို ပို့ဆောင်ခဲ့ပါတယ်၊ သို့သော်လည်းပဲ ကိုထက်ရန်နိုင်ဟာ အကျဉ်းထောင်မှာ ရရှိခဲ့တဲ့ ဒဏ်ရာဒဏ်ချက်နဲ့ ကျဆုံးခဲ့ရတယ်” ဟု သူက ပြောသည်။
သူသည် အကြမ်းဖက်မှုတိုက်ဖျက်ရေးပုဒ်မ ၅၂ (က) ဖြင့် ထောင်ဒဏ် ၄ နှစ်ကျခံရန် စစ်ကိုင်းတိုင်းတရားရုံးက ပြစ်ဒဏ်ချခံရခြင်းဖြစ်သည်။ ရုပ်အလောင်းကို မိသားစုက ပြန်မရဘဲ ထောင်အာဏာပိုင်တို့၏ အစီအစဉ်ဖြင့် ဆေးရုံမှ သုသာန်သို့ ပို့ဆောင် သင်္ဂြိုဟ်ခဲ့သည်ဟု သိရသည်။
အလားတူ ဇွန်လ ၁၅ ရက်နေ့ကလည်း မွန်ပြည်နယ်၊ ကျိုက်မရောထောင်မှ ပဲခူးတိုင်း ဒိုက်ဦးထောင်သို့ ပြောင်းရွှေ့ခံရသည့် နိုင်ငံရေးအကျဉ်းသူ ၃၀ ကျော်သည် နေရာသစ်တွင် ထောင်အာဏာပိုင်တို့၏ ရိုက်နှက်ခြင်းခံရပြီး ဆေးကုသခွင့်မရဟု သိရသည်။
ဒိုက်ဦးထောင်သို့ ပြောင်းရွှေ့လာရသူ နိုင်ကျဉ်း ၁၆၀ ခန့်အနက် အမျိုးသမီး ၆၀ ခန့်၏ တစ်ကိုယ်ရည်သုံးပစ္စည်းများကို ထောင်အာဏာပိုင်တို့က မပေးခြင်းကြောင့် ဝိုင်းဝန်းတောင်းဆိုရာ ရိုက်နှက်ခံရခြင်းဖြစ်ကြောင်း ဒိုက်ဦးထောင်နှင့် နီးစပ်သည့် အမည်မဖော်လိုသူ သက်လတ်ပိုင်းအမျိုးသားက ပြောသည်။
“အမျိုးသမီးဆောင်ထဲကို ယောက်ျားဝန်ထမ်းတွေ အများကြီး ဝင်ရိုက်တာ၊ (ရာထူး)အကြီးပိုင်းတွေလည်း ပါတယ်၊ မိန်းကလေး ၉ ယောက် ထိသွားတယ်၊ သွေးအန်တဲ့သူတွေပါရှိတယ်” ဟု သူက ပြောသည်။
အကြမ်းဖက်ရိုက်နှက်သူများကို ဒိုက်ဦးထောင်မှ ၁ ပွင့် အရာရှိငယ် မျိုးသီဟနှင့် မင်းဇော်သိန်းတို့က ဦးဆောင်သည်၊ အကျဉ်းထောင်တွင်း လျှပ်စစ်မီးပြင်သည့် ကိုနိုင်လင်း၊ ကိုလေးမြင့်နှင့် အဆောင်မှူးတို့လည်း ရိုက်နှက်ရာတွင် ပါဝင်သည်ဟု သိရသည်။
“မျိုးသီဟဆိုရင် မိန်းကလေးတွေကို ဝမ်းဝမ်း (တစ်ဦးချင်း) ချမလား မေးတာ၊ သူတို့လေးခွနဲ့ပစ်တာက ရွှံ့လောက်စာလုံးတွေ မဟုတ်ဘူး၊ ဘိလပ်မြေနဲ့လုံးထားတာ၊ အတွင်းကြေပြီး ခြေလက်အကျိုးတွေ အတော်များတယ်” ဟု အထက်ပါ သတင်းရင်းမြစ်က ပြောသည်။
ထိုနေ့က လေးခွများဖြင့် ပစ်ခတ်ခြင်း၊ နံပါတ်တုတ်များဖြင့် ရိုက်နှက်ခြင်းတို့အပြင် သေနတ် ၄ ချက်ဖောက် ခြောက်လှန့်ခဲ့သည်ဟု သိရကြောင်း နိုင်ငံရေးအကျဉ်းသားများကို ကူညီပေးနေသူများက ဆိုသည်။
ဇွန် ၁၆ နံနက်တွင်လည်း နိုင်ငံရေးအကျဉ်းသူ ၂ ဦး ရေချိုးနေစဉ် အမျိုးသားဝန်ထမ်းများ ဝင်ရောက်ရိုက်နှက်ပြန်သဖြင့် ၁ ဦး ဒဏ်ရာ အပြင်းအထန်ရခဲ့သည်ဟု သိရသည်။ အပြင်းအထန်ဒဏ်ရာရသူ ၁၁ ဦးအပါအဝင် ၃၀ ကျော်ကို ဆေးကုသမှုမပေးဘဲ ပစ်ထားသည်ဟု ဒိုက်ဦးထောင်နှင့် နီးစပ်သူ အမျိုးသားတစ်ဦးက ပြောသည်။
“ဆေးဝါးကုသမှု ဘာမှမရှိဘူး။ ဆရာဝန်က တစ်ခါပဲ လာကြည့်ပြီး တစ်ခါမှ မလာတော့ဘူး” ဟု သူက ပြောသည်။
ထို့ပြင် ရိုက်နှက်ခံရသူများကို ထောင်ဝင်စာ လက်ခံခွင့်နှင့် ဧည့်တွေ့ခွင့် ၂ လပိတ်ထားသည်ဟု သိရသည်။
နိုင်ငံရေးအကျဉ်းသားများအရေး ဆောင်ရွက်နေသည့် အဖွဲ့အစည်း ၈ ဖွဲ့၏ ပူးတွဲထုတ်ပြန်ချက်တွင် နိုင်ငံရေးအကျဉ်းသူ ၅ ဦးနှင့်အထက် ပြင်းထန်ဒဏ်ရာရပြီး ၃၀ ကျော်ထိခိုက်ဒဏ်ရာရခဲ့သည်ဟု ဖော်ပြထားသည်။
“တိုက်ပိတ်ခံထားရသူ ၃ ယောက်ရှိတယ်၊ ကျန်အမျိုးသမီးတွေကို ၁၀ ယောက် ၁ ခန်းနှုန်းနဲ့ ကျပ်ပိတ်နေအောင် ထည့်ထားတယ်လို့ သိရပါတယ်” ဟု ကိုသိုက်ထွန်းဦးက ပြောသည်။
အဆိုပါထောင်များတွင် ဖြစ်ပေါ်ခဲ့သည့် အခြေအနေနှင့် ပတ်သက်ပြီး အကျဉ်းဦးစီးဌာနကို ဆက်သွယ်မေးမြန်းနိုင်ခြင်း မရှိသေးသလို စစ်ကောင်စီကလည်း ထောင်များအကြောင်း သတင်းအမှောင်ချထားသည်။
ဒိုက်ဦးထောင်တွင်း ရိုက်နှက်မှုမဖြစ်ခင် တစ်ရက်အလို ဇွန် ၁၄ တွင် တရားရုံးထုတ်သည့် ရာဇဝတ်အကျဉ်းသူတစ်ဦး၏ ထဘီအတွင်းမှ မိုဘိုင်းဖုန်းတစ်လုံးရှာတွေ့သည်ဆိုကာ နိုင်ငံရေးအကျဉ်းသူများကိုပါ ခန္ဓာကိုယ်အောက်ပိုင်း ရှာဖွေသဖြင့် အချင်းများခဲ့သေးသည်ဟု သိရသည်။
ထို့ကြောင့် ဇွန် ၁၅ တွင် ကျိုက်မရောထောင်မှ ထောင်ပြောင်းရောက်လာသူ နိုင်ငံရေးအကျဉ်းသူများ၏ အသုံးအဆောင်ပစ္စည်းများကို ထပ်မံရှာဖွေခြင်းဖြစ်သည်ဟု ပဲခူးမြို့ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
“လူတွေကို ထောင်ထဲ အရင်ထည့်ပြီး ပစ္စည်းတွေ အဲ့လိုရှာရင် အမြဲပျောက်တော့ တစ်ပါတည်းယူမယ်ပြောတာမှာ ခုလိုဖြစ်ကြတာ၊ ၂ ရက်ဆက်တိုက် (အကြမ်းဖက်ရိုက်နှက်မှု) ဖြစ်တာပေါ့” ဟု သူက ပြောသည်။
ဒိုက်ဦးထောင်သို့ ပြောင်းခံရသည့် နိုင်ငံရေးအကျဉ်းသူများ အပါအဝင် ၆၀ ခန့်မှာ ကျိုက်မရောထောင်တွင် ဇွန် ၁၂ က ထောင်အာဏာပိုင်များနှင့် စကားအချေအတင် ဖြစ်ခဲ့ကြသေးသည်။
ကျိုက်မရောထောင်ရှိ အမျိုးသားဆောင်နှင့် အမျိုးသမီးဆောင်ကြား သွပ်ပြားတက်ကာပေးရသူ အကျဉ်းသားတစ်ဦး ဓာတ်လိုက်ပြုတ်ကျသဖြင့် အရေးပေါ်ဆေးကုသပေးရန် နိုင်ငံရေးအကျဉ်းသူများက တောင်းဆိုခဲ့ကြသည်။
နောက် ၃ ရက်အကြာတွင် ထိုသို့တောင်းဆိုခဲ့သူ နိုင်ငံရေးအကျဉ်းသူများကို ၂ ယောက် ၁ တွဲ ခြေချင်းခတ်ကာ ဒိုက်ဦးနှင့် သာယာဝတီထောင်များသို့ အခြားအကျဉ်းသား ၁၀၀ ကျော်နှင့်အတူ ထောင်ပြောင်းပို့ဆောင်လိုက်ခြင်း ဖြစ်သည်။
ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဇွန်လအတွင်းကလည်း ဒိုက်ဦးထောင်မှ နိုင်ငံရေးအကျဉ်းသားတချို့ကို ထောင်ပြောင်းဟုဆိုကာ ခေါ်ထုတ်သွားပြီး လမ်းတွင် လက်စဖျောက် အသတ်ခံခဲ့ကြရသည်။
ထောင်အာဏာပိုင်တို့က ထိုဖြစ်စဉ်နှင့်ပတ်သက်၍ ကားမှောက်စဉ် ထွက်ပြေးရန် ကြိုးစားသဖြင့် ပစ်ခတ်ဖမ်းဆီးရာ သေဆုံးသည်ဟု အကြောင်းပြချက်ပေးထားသည်။
စစ်တပ်က ၂၀၂၁ ဖေဖော်ဝါရီလတွင် အာဏာသိမ်းပြီးနောက် ဆန့်ကျင်သူအများအပြားကို ဖမ်းဆီးခဲ့သည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ ဇွန်လ ၂၆ ရက် ထုတ်ပြန်ချက်တွင် ၂၀၆၃၁ ဦးထက်မနည်း ဆက်လက် ထိန်းသိမ်းခံထားရသည်ဟု ဆိုသည်။
အကျဉ်းထောင်များအတွင်း လူ့အခွင့်အရေးချိုးဖောက်ခံရမှုများ ဆက်တိုက်ဖြစ်ပေါ်နေရာ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) အနေဖြင့် ချိုးဖောက်ခံနေရသူ အကျဉ်းသားများဘက်မှ ရပ်တည်ပေးရန် တောင်းဆိုသည်ဟု ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဒေါ်နီလာသိန်းက ပြောသည်။
“ခုအင်မတန်ဆိုးရွားတဲ့ အခြေအနေမှာ ICRC ရဲ့ လုပ်ဆောင်မှုတွေကို စောင့်ကြည့်နေပေမဲ့ နစ်နာသူတွေဘက်က ရပ်တည်ဖြေရှင်းတာမျိုး ခုအချိန်ထိ မတွေ့ရဘူး” ဟု ဒေါ်နီလာသိန်းက ပြောသည်။
ယခင်က ထောင်တွင်း ဝင်ရောက် စစ်ဆေးခွင့်ရှိခဲ့သော ICRC သည် အာဏာသိမ်းမှု ပေါ်ပေါက်ပြီးနောက် စစ်ခေါင်းဆောင်နှင့် သွားရောက် တွေ့ဆုံခဲ့သော်လည်း အကျဉ်းထောင်များသို့ သွားရောက်နိုင်သည့် အခွင့်အရေး မရတော့ပေ။
မြေမြှုပ်မိုင်းဒဏ်ခံရသူများ၊ ဒုက္ခသည်များအရေး ဆောင်ရွက်မှုများအကြောင်း သတင်းထုတ်ပြန်နေသော ICRC သည် အကျဉ်းသားများအရေးနှင့် ပတ်သက်ပြီး ယမန်နှစ်က ၁ ကြိမ် သတင်းထုတ်ပြန်ခဲ့သည်။
၂၀၂၃ ဧပြီလတွင် စစ်ကောင်စီက အကျဉ်းသား ၃,၀၀၀ ကျော်ကို လွတ်ငြိမ်းသက်သာခွင့်နှင့် ပြန်လွှတ်ပေးရာ ထိုအထဲမှ အယောက် ၁၀၀ ကျော်ကို လက်ခံတွေ့ဆုံခဲ့ကြောင်း၊ အိမ်အပြန်ခရီးသွားလာမှုစရိတ်၊ အစားအသောက်နှင့် ယာယီတည်းခိုမှုအတွက် ငွေကြေးထောက်ပံ့ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
နှိပ်စက်မှု၊ သတ်ဖြတ်မှုများ ဆက်လက် ဖြစ်ပေါ်နေသော အကျဉ်းထောင်များသို့ သွားရောက်ခွင့်ရရေး ကြိုးပမ်းမှု မည်သည့်အခြေအနေရှိသည်ကို ICRC က ထုတ်ဖော် ပြောဆိုခြင်း မရှိသေးပေ။
ထောင်အခြေအနေကို အနီးကပ် စောင့်ကြည့်နေကြောင်း ၂၀၂၁ ဇူလိုင်လတွင် ထုတ်ပြန်ထားသည်။