တိုက်ပွဲပြင်းထန်နေသည့် ရခိုင်ပြည်နယ် သံတွဲမြို့ရှိ သံတွဲထောင်ကို လက်နက်ကြီးကျည် ထိမှန်ပြီး အမျိုးသမီးအကျဉ်းသား ၂ ဦး သေဆုံးသွားသည်ဟု ဒေသခံများက ပြောသည်။
ထင်ရှားသည့် ငပလီကမ်းခြေနှင့် သံတွဲလေဆိပ်အပါအဝင် သံတွဲမြို့နေရာအများစုကို အာရက္ခတပ်တော် (AA) က ထိန်းချုပ်ထားပြီးနောက် တိုက်ပွဲ ဆက်လက်ပြင်းထန်နေစဉ် ထိုဖြစ်ရပ် ပေါ်ပေါက်လာခြင်းဖြစ်သည်။
ဇူလိုင် ၁၂ မွန်းလွဲပိုင်းက သံတွဲထောင်သို့ လက်နက်ကြီးကျည် ကျခဲ့ရာ အကျဉ်းထောင်တစ်ခြမ်း ပြိုကျပျက်စီးသွားသည်၊ AA က မြို့ခံများကို ဘေးလွတ်ရာသို့ တိမ်းရှောင်ရန် တိုက်တွန်းထားသည်ဟု သံတွဲမြို့မှ တိမ်းရှောင်လာသည့် ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။
သေဆုံးသူ ၂ ဦး၏ အမည်များကို မသိရသေးသလို မည်သည့်အဖွဲ့က ပစ်ခတ်သည်ကို အတည်ပြုနိုင်ခြင်းမရှိပါ။
သံတွဲထောင် လက်နက်ကြီးကျည် ထိမှန်ခြင်း၊ စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု အန္တရာယ်စိုးရိမ်ခြင်းတို့ကြောင့် ဒေသခံများ မြို့မှ ထွက်ခွာရန် AA က ပြောသည်ဟု အထက်ပါ ဒေသခံ အမျိုးသားက ဆိုသည်။
“မြို့ထဲကလူတွေအားလုံး အပြင်ကို ထွက်ခိုင်းနေတယ်၊ ဗုံးထိမှာ ကြောက်လို့တဲ့၊ လေယာဉ်က ရမ်းသန်းပြီး အကုန်ကြဲနေတာ၊ အကုန်ရွှေ့ခိုင်းနေတယ်၊ မရှိတော့ဘူး။ ကျွန်တော်တို့လဲ လွတ်ရာကို ပြေးလာခဲ့ရတာ” ဟု ၎င်းက ပြောသည်။
သံတွဲထောင် လက်နက်ကြီးကျည် ထိမှန်ခြင်း၊ အကျဉ်းသားများ ထိခိုက်မှု အခြေအနေတို့နှင့် ပတ်သက်၍ စစ်ကောင်စီအကျဉ်းဦးစီးဌာန တာဝန်ရှိသူများကို ဖုန်းဖြင့် ဆက်သွယ်သော်လည်း လက်ခံ ဖြေကြားခြင်း မရှိပေ။
သံတွဲထောင်တွင် သာမန်အမျိုးသားအကျဉ်းသားများထားရှိရာ အဆောင် ၄ ခု ရှိပြီး နိုင်/ကျဉ်းများကိုမူ သီးသန့်ထားရှိသည်။
လက်နက်ကြီးထိမှန်သည့် အဆောင်မှာ ထောင်ဝင်ပေါက် ဗဟိုကင်းဘေးရှိ အမျိုးသမီးအကျဉ်းသားတို့၏ အဆောင်ဖြစ်သည်။
သံတွဲမြို့အတွင်း AA ၏ ထိုးစစ်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက သံတွဲ မြို့မရဲစခန်းနှင့် သံတွဲအကျဉ်းထောင်တွင် တပ်စွဲခုခံနေသည်။
အကျဉ်းထောင်တွင်း ဗုံးကျပြီးနောက်တွင် နေအိမ်မှ မထွက်ခွာသူများကို ရွှေ့ပေးနေသည်ဟု အကျဉ်းထောင်ဘေးတွင် နေထိုင်သူ သတင်းရင်းမြစ်တစ်ဦးက ၎င်း၏ မိသားစုနှင့် နောက်ဆုံးအဆက်အသွယ်ရချိန်က ရရှိသည့် အချက်အလက်များကို ကိုးကားပြီး ပြောသည်။
“သံတွဲထောင်က ဗုံးစမှန်လို့ လူ ၂ ယောက်သေသွားတယ်။ ထောင်က တစ်ခြမ်းကြီးပွင့်ထွက်သွားတယ်။ အကျဉ်းသားတွေကို စစ်သားတွေက အကုန်လွှတ်ပေးလိုက်တယ်။ အကျဉ်းသားတွေ မရှိတော့ဘူး” ဟု ၎င်းက ပြောသည်။
သို့သော် သံတွဲထောင်တွင် ရခိုင်တပ် AA နှင့် ဆက်စပ်သည့် နိုင်/ကျဉ်းများ ရှိနေသေးပြီး စစ်ကောင်စီတပ်က ထိုအကျဉ်းသားများကို လူသားတံတိုင်းအဖြစ် အသုံးပြုထားသည်ဟု ၎င်းဆိုသည်။
ထိုအချက်အလက်များနှင့်ပတ်သက်၍ Myanmar Now က သီးခြား အတည်ပြုနိုင်ခြင်းမရှိပါ။ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က ပြုစုထားသည့် စာရင်းများတွင်မူ သံတွဲထောင်တွင် နိုင်ငံရေးအကျဉ်းသား ၄၅ ဦး ရှိနေသည်ဟု ဆိုသည်။
သံတွဲမြို့ခံများကိုမူ မြို့တောင်ဘက် ၁၀ မိုင်ဝန်းကျင် အကွာအဝေးတွင် ရှိသည့် ဇလွန်၊ ပိန်းတောကြီး၊ ကင်းမော်၊ ဇာသပြင်၊ ကျောင်းတိုက်၊ ခြံပြင် ရွာများသို့ AA က ရွှေ့ပြောင်းပေးထားသည်ဟု သိရသည်။
သံတွဲထောင် လက်နက်ကြီးကျည် ထိမှန်သည့် သတင်းကို ဒေသခံ နိုင်/ကျဉ်းများထံမှ ကြားသိထားရပြီး အတည်ပြုနိုင်ရန် ကြိုးစားနေဆဲ ဖြစ်သည်ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ပြောသည်။
“နိုင်ကျဉ်းတချို့လဲ လွတ်မြောက်လာတယ်လို့ ကျွန်တော်တို့ ကြားပါတယ်။ ဒါပေမဲ့ အဆောင်တွေကလူတွေပဲ တော်တော်များများကတော့ ထွက်ပြေးလို့ လွတ်မြောက်သွားနိုင်တာတွေ ရှိတယ်။ အကုန်လုံးတော့မဟုတ်ဘဲ တိုက်ထဲမှာ တိုက်ပိတ်ခံထားရသူတွေ၊ တံခါးပိတ်ထားတဲ့ အဆောင်တွေဆိုရင်တော့ သူတို့ ထွက်ပြေးလို့ မရဘူးပေါ့” ဟု ၎င်းက ပြောသည်။
ထို့ပြင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက သံတွဲထောင်တွင် နေရာချ တပ်စွဲထားပြီး အကျဉ်းသားများကို လူသားတံတိုင်းအဖြစ် အသုံးပြုနေ၍ နိုင်/ကျဉ်းများ၏ အသက်အန္တရာယ်အခြေအနေမှာ စိုးရိမ်ရသည်ဟု ၎င်းက ဆက်ပြောသည်။
“စစ်ကောင်စီက သူတို့ အသက်အန္တရာယ် နဲ့ ပတ်သက်လာရင် အကျဉ်းသားမရွေး သူတို့က လူသားတံတိုင်းအနေနဲ့ အသုံးပြုနိုင်ခြေလဲ များတာကို။ တိုက်မယ့် ၂ ဘက်တပ်တွေ အနေနဲ့လဲ ဒါလေးကိုတော့ ပိုပြီးတော့ ဂရုစိုက်ပေးဖို့ လိုအပ်တာပေါ့” ဟု ၎င်းက ပြောသည်။
“၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်း” နှင့်အတူ ယမန်နှစ် နိုဝင်ဘာက စတင်ခဲ့သည့် အာရက္ခတပ်တော် AA ၏ ထိုးစစ်သည် ရခိုင်ပြည်မြောက်ပိုင်းတွင် မောင်တောနှင့် စစ်တွေ မြို့ကြီးများအပ မြို့အများစုကို ထိန်းချုပ်ထားသည်။
ယခုနှစ် ဧပြီက စတင်ပြီး ပြည်နယ်တောင်ပိုင်းရှိ သံတွဲ-တောင်ကုတ် လမ်းတလျှောက်ရှိ ကျေးရွာများတွင် တိုက်ပွဲများ စတင်ခဲ့ပြီး သံတွဲမြို့အထိ စစ်ရှိန်မြင့်တက်လာခဲ့ခြင်းဖြစ်သည်။
လက်ရှိတွင် AA သည် စစ်ကောင်စီ၏ တပ်ရင်းနှစ်ခုဖြစ်သည့် ခမရ ၅၆၆ ၊ ခလရ ၅၅ နှင့် သံတွဲ (ငပလီ) လေဆိပ်တို့ကို ထိန်းချုပ်ထားသည်။
သံတွဲမြို့နယ်တွင် ထိုတပ်ရင်းနှစ်ခုနှင့် မောင်ရွှေလေး ရေတပ်စခန်းတို့ရှိပြီး AA က ထိုစခန်းများကို တိုက်ခိုက်သိမ်းပိုက်နိုင်လျှင် သံတွဲမြို့ကို ထိန်းချုပ်နိုင်မည်ဖြစ်သည်။