နိုင်ငံရေးအကျဉ်းသား အများစုအပါအဝင် ရန်ကုန် အင်းစိန်အကျဉ်းထောင်တွင် ဖမ်းဆီးထားသည့် အကျဉ်းသား ၂၀၀ နှင့် အကျဉ်းသူ ၆၀ ကို ပဲခူးတိုင်း၊ ဒိုက်ဦးအကျဉ်းထောင်သို့ ဇူလိုင် ၂၁ နံနက်ပိုင်းတွင် စစ်ကောင်စီက ရွှေ့ပြောင်းလိုက်သည်။
ဇူလိုင် ၂၃ တွင် ကိုဂျင်မီနှင့် ကိုဖြိုးဇေယျာသော်တို့ အပါအဝင် နိုင်/ကျဉ်း ၄ ဦး ကြိုးပေးသတ်ဖြတ်ခံခဲ့ရသည့် ၂ နှစ်ပြည့် နှစ်ပတ်လည်နေ့ ထောင်တွင်း သပိတ်တိုက်ပွဲ ပေါ်ပေါက်လာမည်ကို စိုးရိမ်ပြီး ထောင်ပြောင်းရွှေ့ခြင်းဖြစ်နိုင်သည်ဟု နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) အဖွဲ့ဝင် ကိုသိုက်ထွန်းဦးက ပြောသည်။
“အကျဉ်းသား ရွှေ့ပြောင်းမှုက ရာနဲ့ချီပြီးရှိတယ်။ ဒိုက်ဦးအကျဉ်းထောင်ကိုတော့ နိုင်ငံရေးအကျဉ်းသား ဦးစားပေးအနေနဲ့ အမျိုးသား ၂၀၀ ၊ အမျိုးသမီး ၆၀ ရောက်ရှိတယ်လို့ စာရင်းရထားပါတယ်။ အဲဒါက ဒိုက်ဦးကို ရောက်တဲ့ စာရင်းပဲ ရှိသေးတယ်။ သာယာဝတီကို ဘယ်လောက်ရောက်တယ် ဆိုတာက မသိရသေးဘူး” ဟု ၎င်းက ပြောသည်။
ပြီးခဲ့သည့်လ ဇွန် ၁၉ ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ မတိုင်မီကပင် ဇွန် ၁၅ ကလဲ မွန်ပြည်နယ် ကျိုက်မရောထောင်မှ နိုင်ကျဉ်းအမျိုးသား ၁၀၀ ကျော်၊ အမျိုးသမီး ၆၀ ကျော်ကို ဒိုက်ဦးနှင့် သာယာဝတီထောင်များသို့လည်းကောင်း၊ မန္တလေး အိုးဘိုထောင်မှ နိုင်ကျဉ်း ၇၃ ဦးနှင့် မူးယစ်မှု ၃ ဦးကို မြင်းခြံနှင့် မကွေးထောင်များသို့လည်းကောင်း ထောင်ပြောင်းရွှေ့ခဲ့သည်။
“ဒီလို အထိမ်းအမှတ်နေ့တွေမှာဆိုရင် မြန်မာနိုင်ငံရဲ့ အကျဉ်းထောင်အသီးသီးမှာရှိတဲ့ နိုင်ငံရေးအကျဉ်းသူတွေဟာ ပြင်ပမှာရှိတဲ့ မိဘပြည်သူတွေနဲ့အတူတူ ထောင်တွင်းသပိတ်တိုက်ပွဲတွေကို ဖော်ဆောင်ကြတယ်။ ဒီလိုမျိုး ထောင်ထဲမှာ လှုပ်ရှားမှုတွေကို ဦးဆောင်ပါဝင်နိုင်မယ့်သူတွေကို စုဖွဲ့မှုတွေ ပြိုကွဲအောင်လို့ ထောင်အာဏာပိုင်တွေက လုပ်ဆောင်နေခြင်းဖြစ်တယ်လို့ ပြောလို့ရပါတယ်” ဟု ကိုသိုက်ထွန်းဦးက ဆက်ပြောသည်။
ပြီးခဲ့သည့် နှစ် ၂၀၂၂ အောက်တိုဘာ ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်တို့ ကြိုးပေးသတ်ဖြတ်ခံရသည့် ၃ လပြည့် နှစ်ပတ်လည်အနေဖြင့် အင်းစိန်ထောင်တွင် သုံးလပြည့်ဆွမ်းကပ်ပြီး မီးပိတ်သပိတ်လှုပ်ရှားမှုကို ပြုလုပ်ခဲ့ပြီးနောက် အင်းစိန်ထောင်တွင်း အရေးယူမှုများ ပေါ်ပေါက်ခဲ့သည်ဟု ထိုလှုပ်ရှားမှုတွင် ပါဝင်သူ နိုင်/ကျဉ်း ဟောင်းတစ်ဦးက ပြောသည်။
“ထောင်ထဲမှာ လိမ္မော်ရောင် လက်ပတ်လှုပ်ရှားမှုလုပ်ကြတယ်။ အဲဒီတုန်းက တော်တော်ကြီးကို ကြမ်းကြမ်းတမ်းတမ်း အရေးယူမှုတွေ ဖြစ်သွားတယ်။ အဲဒီနောက်ပိုင်းတော့ ထောင်အာဏာပိုင်တွေက ခုလိုရက်မျိုးဆို သတိထားပြီး စောင့်ကြည့်နေတာပေါ့” ဟု ၎င်းက ပြောသည်။
ထိုလှုပ်ရှားမှုဖြစ်ပေါ်ပြီးနောက် နိုင်/ကျဉ်းများကို ထောင်ပြောင်းရွှေ့မှုများ ဆက်တိုက် ပေါ်ပေါက်လာခြင်းဖြစ်ပြီး ထောင်ပြောင်းရွှေ့သည့် အချိန်တိုင်းတွင် ထောင်အာဏာပိုင်များက ကြိုတင်အကြောင်းကြားခြင်း မရှိဘဲ နေ့လယ် ထမင်းစားပြီးချိန်အပြီးမှသာ ထောင်ပြောင်းရွှေ့ ပါမပါကို သိရသည်ဟု ၎င်းက ပြောသည်။
“ခေါ်ရင် ပုံစံ ၂ စုံ၊ အရပ်ဝတ် ၁ စုံ၊ ဆေးနည်းနည်း ယူလို့ရမယ်ပေါ့။ ဒီလောက်ပဲ။ ရုတ်တရက်ပါပဲ။ နေ့ခင်းပိုင်းခေါ်ပြီးရင် ပါတဲ့သူတွေကို ခေါ်သွားတယ်။ ဆံပင်ရှည်တဲ့သူကို ဆံပင်ထိုးတယ်။ ပြီးရင် ၂ ယောက် ၁ တွဲ ဒေါက် ခြေချင်းခတ်တယ်။ ပြီးရင် ၁ နေရာကို စုပြီး ပို့လိုက်တယ်” ဟု ၎င်းက ပြောသည်။
အင်းစိန်ထောင်တွင် ထောင်ဝင်စာ ၁ လ ၂ ကြိမ် ပို့ခွင့်ရှိပြီး ၁ လတစ်ကြိမ် လူတွေ့ တွေ့ခွင့်ရှိသည်၊ ရန်ကုန်တွင် နေထိုင်သူများအနေဖြင့် ၎င်းတို့ မိသားစုဝင်များ အခြားနယ်ထောင်များသို့ ထောင်ပြောင်းရွှေ့ပါသွားပါက ထောင်ဝင်စာပို့ရသည်မှာ ခက်ခဲသွားမည်ဖြစ်သည်။
ရန်ကုန်တွင် နေထိုင်သည့် နိုင်/ကျဉ်း မိသားစုဝင်တစ်ဦးက ယမန်နေ့ (ဇူလိုင် ၂၁) အင်းစိန်ထောင် နိုင်/ကျဉ်းများကို ထောင်ပြောင်းရွှေ့သတင်းကို ကြားသိထားရပြီး ၎င်း၏ မိသားစုဝင်ဖြစ်သူ ထိုထောင်ပြောင်းရွှေ့သည့် လူစာရင်းတွင် ပါဝင်သွားမည်ကို စိုးရိမ်ရသည်ဟု ပြောသည်။
“ထောင်ပြောင်းမယ့် အထဲကို ပါသွားရင်တော့ အရင်ဆုံး အခက်အခဲကတော့ ပါဆယ်ပို့ရတာ အခက်အခဲပေါ့။ ဝေးသွားတော့ ပါဆယ်ပို့ရမယ်ဆိုရင် ၁ ရက်ကြိုသွားရမှာတို့ အစောကြီး သွားရမှာတို့ ရှိတော့ အကျဉ်းသားတွေ စားသောက်ဖို့က အခက်အခဲရှိတာပေါ့။ ပြီးတော့ ဟိုထောင်တွေမှာက အင်းစိန်ထောင်လောက်တော့ သိပ်မကောင်းဘူးပေါ့” ဟု ၎င်းက ပြောသည်။
ဖေဖော်ဝါရီ ၁ စစ်အာဏာသိမ်းချိန်မှ ၂၀၂၄ ဇူလိုင် ၁၈ အထိ စစ်အာဏာရှင်စနစ် ဆန့်ကျင်သူ ၅၄၀၆ ဦး သေဆုံးခဲ့ပြီး အမည်စုံစမ်းဆဲ သတ်ဖြတ်ခံရသူ ၂၀၀၀ ရှိပြီဖြစ်သည်၊ ဖမ်းဆီးခံခဲ့ရသူ ၂၇၀၈၅ ရှိပြီဖြစ်သည်ဟု နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ (AAPP) က ဇူလိုင် ၁၈ က ထုတ်ပြန်ထားသည်။



