ရုပ်ပုံလွှာ

နိုင်ငံရေးလောကဓံ ကြံ့ကြံ့ခံနေသူ၏ အသက် ၈၀ ကျော် အစီအစဉ်

ယခုရက်ပိုင်းအတွင်း မြန်မာလူထု၏ အထူးတလည် အမှတ်ရ၊ လွမ်းဆွတ်နေမှုကို နေပြည်တော်အချုပ်ထောင်ရှိ ၁၀ ပေကျော် ပတ်လည်သာ ကျယ်ဝန်းမည့် အခန်းထဲတွင် အထီးကျန်စွာ ရှိနေသည့် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် မကြားရ၊ မမြင်ရသော်လည်း သိနိုင်ပါလိမ့်မည်။

ပြင်ပကမ္ဘာတွင် ရှိသည်ဖြစ်စေ၊ အချုပ်အနှောင်ဘဝ ရောက်နေသည်ဖြစ်စေ နှစ်စဉ် ဇွန် ၁၉ ရက် မွေးနေ့ရောက်တိုင်း ချစ်ခင်၊ ယုံကြည်၊ ကိုးစားကြသူ ပြည်သူများ နည်းလမ်းပေါင်းစုံဖြင့် ပို့သသော ဆုမွန်ကောင်းများကို ဒေါ်အောင်ဆန်းစုကြည် ရလေ့ရှိသည့် အစဉ်အလာမှာ နှစ်ပေါင်း ၃၀ ကျော်တိုင် မပျက်မကွက် ရှိခဲ့သည်။

လက်ရှိတွင် စစ်တပ်က တစ်ကျော့ပြန် အာဏာသိမ်းထားသည်ဖြစ်၍ ယခုနှစ်တွင် ကျရောက်သော ဒေါ်အောင်ဆန်းစုကြည် အသက် ၇၈ နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် လှုပ်ရှားမှုများကို ပြည်တွင်း၌မူ ပေါ်ပေါ်ထင်ထင် တွေ့ရမည်တော့ မဟုတ်ပါ။ ဒေါ်အောင်ဆန်းစုကြည်သည်လည်း ပထမဆုံးအကြိမ်အဖြစ် ယခုနှစ် မွေးနေ့၊ မွေးရက်တွင် အချုပ်ဆောင်အတွင်း တစ်ဦးတည်း ရှိနေပါလိမ့်မည်။

နိုင်ငံအတွင်း၌မူ ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အထိမ်းအမှတ် တိုးတိုးတိတ်တိတ်၊ ရိုးတိုးရိပ်တိပ် လှုပ်ရှားမှုများ လူထုကြားတွင် ရှိနေသည်။ ဦးခေါင်းထက်တွင် ပန်းများ ဝေနေအောင် ပန်တတ်သည့် ဒေါ်အောင်ဆန်းစုကြည်ကို ရည်ညွှန်းသော “ပန်းသပိတ်”၊ သူ နှစ်ခြိုက်သည့် “ခွန်အားဖြည့်မိငယ်” သီချင်းသီဆိုမှု စသည့် ပုံသဏ္ဌာန်မျိုးစုံသော လှုပ်ရှားမှုများ ပြုလုပ်ရန် မွေးနေ့မတိုင်မီကတည်းက လူထုကြားတွင် လှုံ့ဆော်နေကြသည်။

နိုင်ငံအလယ်ပိုင်း စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်အတွင်း စစ်ကောင်စီကို အန်တုကာ ဒေါ်အောင်ဆန်းစုကြည် ၇၈ နှစ်ပြည့် မွေးနေ့အကြို ဆန္ဒထုတ်ဖော်မှုကို ဇွန် ၁၇ ရက်က ပြုလုပ်သည်။ ဓာတ်ပုံ – ပေးပို့

ရွေးကောက်ပွဲရလဒ်ဖြင့် တိုင်းပြည်ကို အုပ်ချုပ်နေသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရကို ၂၀၂၁ ဖေဖော်ဝါရီ ၁ တွင် ဖြုတ်ချကာ စစ်တပ်က အာဏာသိမ်းပြီးကတည်းက လူ့အခွင့်အရေးဆိုင်ရာ အခြေခံလွတ်လပ်ခွင့်များ မြန်မာလူထုထံမှ တစ်မုဟုတ်ချင်း ယုတ်လျော့ ပျက်သုဉ်းသွားခဲ့ပြီး ဖြစ်သည်။

NLD ဥက္ကဋ္ဌလည်းဖြစ်၊ အစိုးရအဖွဲ့တွင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီးတာဝန်များ ယူထားသူလည်းဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည်ကိုပင်လျှင် အာဏာသိမ်းသည့်နေ့ကတည်းက စစ်တပ်က ဖမ်းခဲ့ပြီး ပုဒ်မမျိုးစုံဖြင့် စွပ်စွဲ၍ ထောင် ၃၃ နှစ် ချကာ နေပြည်တော်အချုပ်ထောင်သို့ ပို့ထားသည်။

ထို့ကြောင့် မွေးနေ့ရှင်ကြီး မည်သို့သော အခြေအနေဖြင့် ရင်ဆိုင်နေရသည်ကို မည်သူမျှ တပ်အပ်မပြောနိုင်။ နေပြည်တော်အချုပ်ထောင်၌ ကာလအတန်ကြာ ချုပ်နှောင်ခံရပြီး ပြန်လည်လွတ်မြောက်လာသူ၊ အချုပ်ထောင်နှင့် နီးစပ်သူတို့ကမူ အလျား၊ အနံ၊ အမြင့် ၁၀ ပေကျော် ကွန်ကရစ်အဆောက်အအုံငယ်တစ်ခုတွင် ဒေါ်အောင်ဆန်းစုကြည် ရှိနေသည်ဟု ပြောကြသည်။

ထိုအဆောက်အအုံ အဝင်မျက်နှာစာတွင် သံတံခါးရှိပြီး ကျန်သည့် အရပ်သုံးမျက်နှာတွင် အတွင်းဘက်၌ သံတိုင်များ စိုက်ထားကာ အပြင်ဘက်မှ မှန်တံခါးတပ်ထားသည့် ၃ ပေခန့် ကျယ်သော ပြတင်းပေါက် နှစ်ခုစီ ရှိသည်ဟု ဆိုကြသည်။

နေပြည်တော်သည် နွေ၊ မိုး၊ ဆောင်း ရာသီသုံးပါးစလုံးတွင် အပူဒဏ်၊ အအေးဒဏ်၊ လေတိုက်နှုန်းတို့ ပြင်းထန်သည်၊ မိုးသည်းထန်စွာ ရွာလေ့ရှိသည်၊ ရောဂါဘယ ပေးနိုင်သည့် ခြင်၊ ယင်၊ ပိုးမွှားအင်းဆက် ပေါများသည်ဖြစ်ရာ ထိုအဆောက်အအုံအတွင်း တစ်ကိုယ်တည်း နေထိုင်ရသည့် ပိန်ပိန်လျလျ အဘွားအို၏ ကျန်းမာရေးအတွက် မည်သို့မျှ ကောင်းနိုင်စရာမရှိဟု ထိုအချုပ်ထောင်နှင့် အကျွမ်းတဝင်ရှိခဲ့ဖူးသူတို့က တညီတညွတ်တည်း ပြောကြသည်။

အာဏာသိမ်းစ ၂၀၂၁ ဖေဖော်ဝါရီတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများကို လွှတ်ပေးရန် ဆန္ဒပြနေသည့် ပြည်သူများ။ ဓာတ်ပုံ-ဉာဏ်လှိုင်လင်း/Myanmar Now

ထိုအထဲမှ တစ်ဦးဖြစ်သည့် NLD ပါတီမှ ဦးမောင်မောင်ဆွေက “နေထွက်၊ နေဝင်ကို နေထိုးတယ်။ မိုးရွာရင် ပြတင်းပေါက်တွေက ရေဝင်တဲ့ သဘောရှိတော့ (ဝန်ထမ်းအချို့က) ပလတ်စတစ်နဲ့ သွားကာပေး၊ ပိတ်ပေးရတာမျိုး ရှိတယ်။ အဲသလို ပိတ်လိုက်ပြန်တော့ တအား လှောင်သွားပြန်ရော၊ ဒါနဲ့ လိုက်ကာတပ်တယ်။ လိုက်ကာတပ်ထားရင်လည်း အထဲမှာ ပြုတ်ထားသလိုပဲ တအားပူတယ်။ ခုတင်ကိုလည်း ပြတင်းပေါက်တွေနဲ့ လွတ်အောင် ချထားလို့မရဘူး” ဟု ပြောသည်။

အသက် ၅၂ နှစ်အရွယ် ဦးမောင်မောင်ဆွေသည် မန္တလေးတိုင်းမဲဆန္ဒနယ် အမှတ် (၉) အမျိုးသားလွှတ်တော်အမတ်ဖြစ်ပြီး ဆူပူစေရန် လှုံ့ဆော်မှု ပုဒ်မ ၅၀၅ – က ဖြင့် ထောင် ၂ နှစ် ချမှတ်ခံခဲ့ရသူ ဖြစ်သည်။ ရမည်းသင်းထောင်သို့ မရောက်မီ နေပြည်တော်အချုပ်ထောင် အမှတ် (၂) တိုက်၌ ၈ လနီးပါး ချုပ်နှောင်ခံရသည်။

ထို့ပြင် ဦးမောင်မောင်ဆွေသည် ၂၀၂၁ အောက်တိုဘာက နေပြည်တော်အချုပ်ထောင်တွင်း တရားရုံး၌ ဒေါ်အောင်ဆန်းစုကြည်နှင့် ၃ ကြိမ် တွေ့ဆုံဖူးသည်။ ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီ စွပ်စွဲထားသည့် အမှု ၁၉ မှုအနက် ၃ မှုအတွက် ၎င်းက သက်သေထွက်ပေးခဲ့ရခြင်းဖြစ်သည်။

ရွေးကောက်ပွဲတွင် မလျော်ဩဇာသုံးသည်ဆိုသော ပုဒ်မ ၁၃၀ (က)၊ နေပြည်တော် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း မြေနေရာ ဝယ်ယူမှုကို အကြောင်းပြု၍ အဂတိတိုက်ဖျက်ရေးပုဒ်မ ၅၅ ဖြင့် စွပ်စွဲခံရသည့် အမှုနှစ်ခုတို့တွင် ဦးမောင်မောင်ဆွေက ဒေါ်အောင်ဆန်းစုကြည် အပြစ်မရှိကြောင်း ထွက်ဆိုပေးခဲ့သည်။

၂၀၂၂ နိုဝင်ဘာတွင် ပြန်လွတ်လာသူ ဦးမောင်မောင်ဆွေက ဒေါ်အောင်ဆန်းစုကြည်၏ ပြုမူလှုပ်ရှားမှုများသည် ယခင်ကအတိုင်း ပြောင်းလဲမှုမရှိဟု ဆိုသည်။

နေပြည်တော်အချုပ်ထောင် တရားခွင်အတွင်း တွေ့ဆုံခွင့်ရသည့် သုံးကြိမ်စလုံးတွင် ဒေါ်အောင်ဆန်းစုကြည်ကို ယခင်ကကဲ့သို့ပင် တက်ကြွဖျတ်လတ်စွာ တွေ့မြင်ရသည်ဟု ပြန်ပြောင်းပြောပြသည်။

“အိုး (ဒေါ်အောင်ဆန်းစုကြည်က) ဘယ်တုန်းက ညည်းလို့လဲ။ ထောင်ထဲမှာလည်း လမ်းလျှောက်ရင် လွှားခနဲ၊ လွှားခနဲ နေတာပဲ။ ထုံးစံအတိုင်းပဲ။ …. ပိုပြီးတော့ တည်ငြိမ်လာတယ်။ ဗုဒ္ဓဘာသာအယူအဆအရ ပြောရရင် သမာဓိ ပိုကောင်းလာတယ်”။

ဒေါ်အောင်ဆန်းစုကြည်ကို အကျဉ်းချထားသည့် နေပြည်တော်အချုပ်ထောင် တည်နေရာပြမြေပုံ။

အစိုးရအကြီးအကဲများ၊ နိုင်ငံရေးလှုပ်ရှားသူများကို ဖမ်းဆီးမှု၊ တိုင်းပြည်နေရာအနှံ့တွင် စစ်လေယာဉ်ဖြင့်ပင် ဗုံးကြဲ၊ ပစ်ခတ်၊ ရွာစဉ်လှည့် မီးရှို့မှု၊ အရပ်သားများ၏ အသက်၊ အိုးအိမ်၊ စည်းစိမ်များအပေါ် ထင်သလို ပြုမူမှုများကြောင့် နိုင်ငံတကာဖိအားတိုးနေပြီး နိုင်ငံအနှံ့ တော်လှန်မှုများနှင့် ရင်ဆိုင်နေရသည့် စစ်ကောင်စီက ရာဇဝတ်သားသဖွယ် ပြုမူနေခြင်းကို လူထု၏ သည်းသည်းလှုပ်ထောက်ခံမှုကို ရထားသည့် ဒေါ်အောင်ဆန်းစုကြည်က သူ့ပုံစံအတိုင်း တည်တည်ငြိမ်ငြိမ် ရင်ဆိုင်နေခြင်းဖြစ်သည်။

မိခင်ဖြစ်သူ၏ ထိုသို့ ယုံကြည်ချက်ခိုင်မြဲမှုကို သိရှိသော်လည်း သားငယ် အသက် ၄၆ နှစ်အရွယ် ကိုထိန်လင်း(ခ) Dannian Kim Arundel Aris ကမူ ဒေါ်အောင်ဆန်းစုကြည် ကြုံတွေ့နေရသည့် အခြေအနေများအပေါ် အထူးစိုးရိမ်နေသည်။ အသက် ၁၀ နှစ်ကျော် ၁၉၈၈ ကတည်းက သူ့ကို အင်္ဂလန်တွင် ထားရစ်ခဲ့ကာ မြန်မာ့နိုင်ငံရေးထဲ ခြေစုံပစ်ဝင်သွားသည့် မိခင်ဖြစ်သူနှင့် နှစ်ပေါင်း ၃၅ နှစ်အတွင်း အကြိမ်ရေ အနည်းငယ်မျှသာ ကိုထိန်လင်းက တွေ့ဆုံခွင့်ရခဲ့သူ။

သို့သော် ၁၉၈၈ မှသည် ၂၀၁၀ အထိ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၊ ၂၀၂၁ မှသည် ယနေ့အထိ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် စသည့် အာဏာရှင်နှစ်ဆက်၏ ဒေါ်အောင်ဆန်းစုကြည်ကို ဖိနှိပ်သမျှအပေါ် အမေချစ်သား ကိုထိန်လင်းက မျက်ခြည်မပြတ် စောင့်ကြည့်နေသည်။

လွန်ခဲ့သည့် နှစ်နှစ်ကျော် မိခင်ဖြစ်သူ တစ်ကျော့ပြန် ဖမ်းဆီးခံရပြီးကတည်းက ဗြိတိန်နိုင်ငံခြားရေးရုံးမှတစ်ဆင့်ဖြစ်စေ၊ လန်ဒန်ရှိ မြန်မာသံရုံးကို တိုက်ရိုက်ဆက်သွယ်၍ဖြစ်စေ အခြေအနေများကို ကိုထိန်လင်း ဆက်တိုက် မေးမြန်းနေသည်။ သို့သော် စစ်ကောင်စီထံမှ မည်သည့်အကြောင်းပြချက်မျှ ရောက်မလာ။

“မသေချာသေးပေမဲ့ သူ အရင်နေခဲ့တဲ့ (ရန်ကုန်) တက္ကသိုလ်ရိပ်သာလမ်းက အိမ်ကိုတော့ ပြန်လည်ရှင်းလင်းနေပြီး ရွှေ့ပြောင်းဖို့ အခြေအနေတွေ ရှိနေတယ်လို့ ကောလာဟလအနေနဲ့ သိထားပါတယ်။ မြန်မာစစ်တပ်ကတော့ ဒီလိုအခြေအနေတွေကို လူအများသိအောင် အတိအကျ ဘယ်တော့မှ ပြောမှာမဟုတ်ပါဘူး” ဟု ကိုထိန်လင်းက ပြောသည်။

အကျယ်ချုပ်ကျနေသည့် ဒေါ်အောင်ဆန်းစုကြည် နေထိုင်ရာ ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်း နေအိမ်ကို ၁၉၉၀ ခုနှစ်က တွေ့ရစဉ်။ ဓာတ်ပုံ – Getty Images

ထို့အတူ အာဏာသိမ်းစစ်တပ်၏ ရန်ကြောင့် နိုင်ငံလူဦးရေ သုံးပုံတစ်ပုံဝန်းကျင် အိုးအိမ် စွန့်ခွာ ထွက်ပြေးနေရသော လက်ရှိအခြေအနေများနှင့် သူ့မိခင် ကြုံတွေ့နေရသည်များကို ကမ္ဘာ့နိုင်ငံများက ၂၀၁၀ မတိုင်မီကနှင့် မတူဘဲ တုံပြန်မှု နှေးကွေးနေသည်ဟု ကိုထိန်လင်းက ယူဆသည်။

“နိုင်ငံတကာအစိုးရတွေဟာ မြန်မာ့အရေးနဲ့ ပတ်သက်ပြီး လုပ်ဆောင်ဖို့ အများကြီးပျက်ကွက်နေတာ အသိသာကြီးပါ”

နိုင်ငံတကာက အားပေးထောက်ခံမှုပြယုဂ်ဖြစ်သည့် ၁၉၉၁ ကမ္ဘာ့ငြိမ်းချမ်းရေး နိုဘယ်ဆု ချီးမြှင့်ခံရချိန်ကဆိုလျှင် ကိုထိန်လင်းသည် အစ်ကိုဖြစ်သူ ကိုမြင့်ဆန်းအောင် (Alexander Aris Myint San Aung)၊ ဖခင် ဒေါက်တာ မိုက်ကယ်အဲရစ်တို့နှင့်အတူ ရန်ကုန်တွင် နေအိမ်အကျယ်ချုပ်ကျနေသည့် မိခင်ဖြစ်သူကိုယ်စား နော်ဝေနိုင်ငံ အော်စလိုမြို့၌ ဆုလက်ခံရယူခဲ့ဖူးသည်။

အာဏာရှင်ဟောင်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေခေတ် ၁၉၈၉ မှသည် ၂၀၁၀ နိုဝင်ဘာအတွင်း ၁၅ နှစ်တာမျှ ရန်ကုန်တက္ကသိုလ်ရိပ်သာလမ်း နေအိမ်၌ အကျယ်ချုပ်ကျခံရသူ၊ ဒီပဲယင်းဒေသ လုပ်ကြံသတ်ဖြတ်မှုမှ လွတ်မြောက်လာသူ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာက ဒီမိုကရေစီခေါင်းဆောင်အဖြစ် အမွှမ်းတင်၍ ဘွဲ့ထူး၊ ဂုဏ်ထူးများ ပေးအပ်ခဲ့ကြဖူးသည်။

ယခုအခါတွင်မူ ကမ္ဘာ့နိုင်ငံများက လှိုက်လှိုက်လှဲလှဲ ကူညီဖေးမမှုများ၊ တောင်းဆိုမှုများ၊ သတိတရ ထုတ်ဖော်ပြောဆိုမှုများ မရှိကြတော့ပေ။

ဒေါ်အောင်ဆန်းစုကြည်ကို ချီးမြှင့်သည့် နိုဘယ်ဆုကို ၁၉၉၁ ခုနှစ်က နော်ဝေနိုင်ငံ အော်စလိုမြို့တွင် ကိုယ်စား လက်ခံရယူနေသည့် မိသားစု။ (ဝဲမှယာ – ကိုမြင့်ဆန်းအောင်၊ ကိုထိန်လင်း၊ ဒေါက်တာမိုက်ကယ်အဲရစ်) ဓာတ်ပုံ – EPA

ဒေါ်အောင်ဆန်းစုကြည်ကို ချီးမြှင့်ပြီးဖြစ်သည့် ဂုဏ်ထူးဆောင် နိုင်ငံသားဆုများ၊ တက္ကသိုလ်များမှ ဒေါက်တာဘွဲ့များ၊ လူ့အခွင့်အရေး၊ လွတ်လပ်ရေးနှင့် ငြိမ်းချမ်းရေးဆိုင်ရာ ဆုတံဆိပ်ပေါင်း ၅၈ ခုအနက် ၁၇ ခုမှာ ၂၀၁၈ ခုနှစ်နောက်ပိုင်း ပြန်လည်ရုပ်သိမ်းသွားကြသည်။

မြန်မာနိုင်ငံအကြောင်း နှစ်ကာလရှည် လေ့လာရေးသားနေသည့် ဆွီဒင်မှ ဝါရင့်သတင်းစာဆရာ ဘာတေးလ်လစ်တနာကမူ နိုဘယ်ဆုချီးမြှင့်ခံရပြီး ၂၁ နှစ်အကြာ ၂၀၁၂ ခုနှစ် ဇွန်လလယ်တွင် အော်စလို၌ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ကိုယ်ကျ မိန့်ခွန်းပြောချိန်နှင့် တိုက်ဆိုင်စွာ ရခိုင်ပြည်နယ်တွင် ရုတ်တရက် မီးထတောက်ခဲ့သည့် ရခိုင်နှင့် ရိုဟင်ဂျာတို့အကြား ဘာသာရေး၊ လူမျိုးရေးဆန်သော အဓိကရုဏ်းမှာ ထောင်ချောက်ဖြစ်နိုင်သည်ကို ထိုစဉ်ကတည်းက သတိပြုမိသည်ဟု ပြောသည်။

နိုဘယ်ဆုရှင် မိန့်ကြားမှုများကို နိုင်ငံတကာမှ ဂုဏ်သရေရှိလူကြီးမင်းများ တက်ရောက်နားထောင်ကြသည့် ထိုအခမ်းအနားအတွင်း သူကိုယ်တိုင် ရှိနေခဲ့သလို ရခိုင်ပြည်နယ်အရေးကိစ္စကြောင့် ဒေါ်အောင်ဆန်းစုကြည် အကျပ်တွေ့နိုင်သည်ဟု စဉ်းစားမိ၍ ၎င်း၏ မိတ်ဆွေအချို့ကိုပင် ပြောပြဖြစ်သည်ဟု ဘာတေးလ်လစ်တနာက ဆိုသည်။

“ဘယ်လောက်ဟန်ကျလိုက်သလဲ။ သူက ဗုဒ္ဓဘာသာ ရခိုင်တွေဘက်က ရပ်တည်လိုက်ရင် ကမ္ဘာကြီးက အုတ်အော်သောင်းနင်း ထဖြစ်မယ်။ အကယ်၍များ ရိုဟင်ဂျာတွေဘက်က ရပ်တည်ပြန်ရင်လည်း ပြည်တွင်းမှာ လူတွေက သူ့အပေါ် သဘောမတူ ဆန့်ကျင်တဲ့အမြင်တွေ ရှိလာမယ်။ ဘာမှ မပြောဘဲနေလို့လည်း မဖြစ်ပြန်ဘူး။ ဆိုတော့ သူဘာပဲလုပ်လုပ် ဒါမှမဟုတ် ဘာမှ မလုပ်ဘဲနေနေ တစ်နည်းမဟုတ် တစ်နည်းနဲ့ ဆန့်ကျင်ခံရမယ့် ကိန်းဆိုက်နေပြီ”

နိုဘယ်ဆုရပြီး ၂၁ နှစ်ကြာ ၂၀၁၂ ရောက်မှ နော်ဝေနိုင်ငံ အော်စလိုမြို့တွင် ကိုယ်တိုင် မိန့်ခွန်းခြွေနိုင်ခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်။ ဓာတ်ပုံ – Getty Images

ထိုအရေးအခင်းမှာ ဘင်္ဂလားပင်လယ်ကို မေးတင်ထားသည့် ရခိုင်ပြည်နယ် ကျောက်နီမော်ရွာတွင် ပေါ်ပေါက်ခဲ့သည်ဆိုသော ရခိုင်အမျိုးသမီးတစ်ဦး အဓမ္မပြုကျင့် သတ်ဖြတ်ခံရမှုတွင် အစ္စလာမ်ဘာသာဝင် အမျိုးသားသုံးဦးက သတ်ဖြတ်သည်ဆိုသော စွပ်စွဲချက်အပေါ် အခြေခံခဲ့သည်။ ထိုဖြစ်စဉ်နှင့် ပတ်သက်၍ စစ်တပ်ကျောထောက်နောက်ခံ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအစိုးရက သွေးထိုးလှုံ့ဆော်ရာရောက်သော သတင်းထုတ်ပြန်ပြီးနောက်တွင် ရခိုင်ပြည်နယ်၌ အခြေအနေများ ထိန်းမနိုင်သိမ်းမရ ဖြစ်သွားသည်။

၂၀၁၂ ပဋိပက္ခအတွင်း ရခိုင်ပြည်နယ်မြို့တော် စစ်တွေမြို့နယ်အတွင်းရှိ ရိုဟင်ဂျာ ၂ သိန်းဝန်းကျင်မှာ အိုးအိမ် ဖျက်ဆီးခံရပြီး ကိုယ့်ရပ်ရွာ၊ ကိုယ့်ဒေသကို ရုတ်ခြည်း စွန့်လွှတ်လိုက်ရကာ ယနေ့တိုင် စစ်တွေမြို့ပြင်ရှိ ဒုက္ခသည်စခန်းများတွင် နေထိုင်နေရဆဲဖြစ်သည်။

ရခိုင်ပြည်နယ်အတွင်း အငြင်းပွားဖွယ်ကိစ္စများမှာ ထိုမျှနှင့် ရပ်တန့်မသွားဘဲ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် NLD အစိုးရလက်ထက် ၂၀၁၆၊ ၂၀၁၇ တို့တွင် စစ်တပ်၏ နယ်မြေရှင်းလင်းရေး စစ်ဆင်ရေးများကြောင့် ရိုဟင်ဂျာများ အလားတူ အတိဒုက္ခရောက်ခဲ့ရကာ လူပေါင်းတစ်သန်းကျော် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှိနိုင်ငံဘက်သို့ ထွက်ပြေးခဲ့ရပြီး ယနေ့တိုင် ခိုလှုံနေရသည်။

ထိုလုပ်ရပ်ကြောင့် မြန်မာနိုင်ငံသည်လည်း လူမျိုးသုဉ်းသတ်ဖြတ်မှုဖြင့် အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) တွင် တရားစွဲခံရသည်။ ထိုစဉ်က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်အဖြစ် တာဝန်ယူထားသည့် ဒေါ်အောင်ဆန်းစုကြည်က သူ့ကို အစဉ်တစိုက် ဖိနှိပ်လေ့ရှိသည့် စစ်တပ်ကြောင့် နိုင်ငံအပေါ် ကျရောက်လာသည့် တရားစွဲဆိုမှုကို ၂၀၁၉ ခုနှစ်အတွင်း နယ်သာလန်နိုင်ငံ၊ ဟိဂ်မြို့ရှိ တရားရုံးတွင် ကိုယ်တိုင်သွားရောက်ချေပဖူးသည်။

လက်တွေ့တွင်မူ စစ်အာဏာရှင်ဟောင်း ဦးသန်းရွှေ စိတ်ကြိုက်ရေးဆွဲထားသည့် ၂၀၀၈ အခြေခံဥပဒေအရ ဥပဒေပြုလွှတ်တော်များတွင် စစ်သား ၂၅ ရာခိုင်နှုန်း၊ အစိုးရအဖွဲ့အတွင်း အရေးကြီးသော ကာကွယ်ရေး၊ ပြည်ထဲရေးနှင့် နယ်စပ်ရေးရာ ဌာနများတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ခန့်သည့် ဝန်ကြီးများသာ ပါဝင်သည်ဖြစ်၍ ၇၅ ကျပ်သား ဒီမိုကရေစီဟု ကျော်ကြားသည့် နိုင်ငံရေးစနစ်ဖြင့် ဖွဲ့စည်းထားသော အရပ်သားအစိုးရအဖွဲ့မှာ စစ်ဆင်ရေးကိစ္စများကို တိုက်ရိုက် ကွပ်ကဲညွှန်ကြားရန် အခွင့်အရေးမရှိပေ။

ရခိုင်ပြည်နယ် အဓိကရုဏ်းအတွင်း ရိုဟင်ဂျာများနေထိုင်သည့် မြို့တော်စစ်တွေ နာဇီရပ်ကွက် အပျက်အစီးများကို ၂၀၁၂ ဇွန် ၁၆ ရက်က တွေ့ရစဉ်။ ဓာတ်ပုံ-EPA

ထိုသို့ အခြေအနေအရပ်ရပ်ကို မျက်မြင်ကိုယ်တွေ့ သိလျက်နှင့်ပင် ရိုဟင်ဂျာများအပေါ် ကျူးလွန်သည့် စစ်တပ်၏ လုပ်ရပ်နှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်က လူသိရှင်ကြား ပြစ်တင်ဝေဖန်မှု မလုပ်ခဲ့သလို ICJ ၌ပင် သွားရောက် ကာကွယ်ပေးခဲ့သည်၊ ရိုဟင်ဂျာများ၏ နစ်နာမှုအပေါ် ဒီမိုကရေစီခေါင်းဆောင်တစ်ဦးအနေဖြင့် နှုတ်ဆိတ်နေသည်ဆိုသော ဝေဖန်မှုများ ကမ္ဘာအနှံ့ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်ခဲ့သည်။

“(ရခိုင်ပဋိပက္ခကို) စစ်ဗိုလ်ချုပ်တွေက နောက်ကွယ်ကနေ ဖန်တီးသလားဆိုတာကိုတော့ အထောက်အထားနဲ့ စွပ်စွဲနိုင်တာမျိုးတော့ မရှိဘူးပေါ့ဗျာ။ ဒါပေမဲ့ အခြေအနေတွေကို ပိုရှုပ်ထွေးအောင် လုပ်ပစ်ပြီး အဲဒီလို ထိန်းမနိုင်သိမ်းမရ အခြေအနေတွေအပေါ်မှာ အမြတ်ထုတ်ခဲ့ကြတယ်ဆိုတာကတော့ အသေအချာပဲ။ …….. သူ့ကို ဆုပ်လည်းစူး၊ စားလည်းရူး အခြေအနေထဲကို တွန်းပို့လိုက်သလို ဖြစ်ခဲ့ရသလို၊ စစ်တပ်အတွက် အမြတ်ထွက်စေခဲ့တာကတော့ အမှန်ပါပဲ” ဟု ဘာတေးလ်လစ်တနာက ပြောသည်။

တိုက်တိုက်ဆိုင်ဆိုင်ပင် ICJ တရားခွင်အပြီး တစ်နှစ်အကြာ စစ်တပ်က တစ်ကျော့ပြန် အာဏာသိမ်းပြီးနောက်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် မြန်မာပြည်သူများ ကြုံတွေ့နေရသည့် ဆိုးရွားသော အခြေအနေများကို ကူညီဖြေရှင်းပေးရန် နိုင်ငံတကာ၏ စိတ်အားထက်သန်မှု လျော့ပါးသွားသည့် အခြေအနေသို့ ဆိုက်ရောက်သည်။

ထို့အတူ ဒေါ်အောင်ဆန်းစုကြည် တိုင်းပြည်ကို ဦးဆောင်၍ ကြိုးပမ်းလျှင် တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ရနိုင်လိမ့်မည်ဟု ထုတ်ဖော်ပြောဆိုကြဖူးသည့် တိုင်းရင်းသားခေါင်းဆောင်အချို့သည်လည်း NLD အစိုးရလက်ထက်တွင် စစ်တပ်ကိုသာ မျက်နှာမူ၍ အလျှော့ပေး စေ့စပ်သည်ဟု ယူဆရသည့် အခြေအနေကြောင့် NLD နှင့် ဝေးကွာသွားကြသည်။

၂၀၂၁ အာဏာမသိမ်းမီ ရက်ပိုင်းအလိုတွင် NLD ထပ်နိုင်သည့် ရွေးကောက်ပွဲရလဒ်ကို စိန်ခေါ်၍ စစ်တပ်၏ ခြိမ်းခြောက်အကျပ်ကိုင်မှုမျိုးစုံ ကြုံတွေ့နေရသော်လည်း ၁၉၈၈ မှစ၍ ကာလရှည် နိုင်ငံရေးမဟာမိတ်အဖြစ် ရပ်တည်ခဲ့ဖူးသူတို့၏ အားကိုပင် ဒေါ်အောင်ဆန်းစုကြည် ဆွဲယူအသုံးပြုနိုင်စွမ်း မရှိတော့။ ကြုံနေရသည့် ဖိအားများကို ထုတ်ဖော်ပြောဆိုမှုမပြုဘဲ နှုတ်ဆိတ်၊ ကြိတ်မှိတ်ခံ၍ ကံစီမံရာဟုသာ သဘောပိုက်ခဲ့ပုံရသည်။

နိုင်ငံအလယ်ပိုင်း စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်အတွင်း တော်လှန်ရေးသမားအချို့ကို ၂၀၂၂ နှစ်ကုန်ပိုင်းက တွေ့ရစဉ်။ ဓာတ်ပုံ – Myanmar Now

အကျိုးဆက်သည်ကား အာဏာသိမ်းပြီးနောက် ဆန္ဒပြလျှင်ပင် သေနတ်ဖြင့် ပစ်သည့် စစ်ကောင်စီကို တိုင်းပြည်အနှံ့ စစ်မီးဟုန်းဟုန်းတောက်သည်အထိ ခုခံနေကြရရာ အဘက်ဘက်မှ ချွတ်ခြုံကျတော့မည့် ကျရှုံးနိုင်ငံအဖြစ်သို့ ဦးတည်နေသည်။ ယခုတစ်ကြိမ် စစ်အာဏာသိမ်းမှုအပေါ် လူထုက မဖြစ်မနေ ရွေးချယ်၍ ဆန့်ကျင်နေသည့် နည်းလမ်းမှာ ဒေါ်အောင်ဆန်းစုကြည် တစ်သက်တာနီးပါး ကိုင်စွဲခဲ့သည့် အကြမ်းမဖက်နိုင်ငံရေးလမ်းစဉ်နှင့်လည်း ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေသည်။

NLD ဥက္ကဋ္ဌရုံး အကြီးအကဲ၊ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း အမှုဆောင်ညွှန်ကြားရေးမှူး၊ NLD အစိုးရ၏ ငြိမ်းချမ်းရေးကော်မရှင်အကြံပေးအဖြစ် ဒေါ်အောင်ဆန်းစုကြည်နှင့် ၈ နှစ်ဝန်းကျင် အလုပ်တွဲလုပ်ဖူးသူ ဦးမိုးဇော်ဦးကမူ ပြည်သူတို့၏ တော်လှန်ရေးခရီးကြမ်းအပေါ် ဒေါ်အောင်ဆန်းစုကြည် အပြစ်ဆိုဖွယ်မရှိဟု ပြောသည်။

“အတတ်နိုင်ဆုံး တိုင်းပြည်ကို မထိအောင်၊ ပြည်သူလူထု မနာအောင် ကြိုးစားခဲ့သော်ငြားလည်း ဒီလမ်းတွေကို ပိတ်ပစ်ပြီးတော့ ကျန်တဲ့ ဘယ်လမ်းကိုမှ မပေးဘဲနဲ့ ဒီလမ်းကိုပဲ လျှောက်ခိုင်းတာ ဖြစ်တဲ့အတွက်ကြောင့် ဒီတိုင်းပြည်က ဒီလမ်းပေါ်ကို ရောက်လာတာကို သူ့အနေနဲ့ ကောင်းကောင်းနားလည်မယ်လို့ ယုံကြည်ပါတယ်”

လက်ရှိတွင် ဦးမိုးဇော်ဦးသည် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ နိုင်ငံခြားရေး ဒုဝန်ကြီးအဖြစ် တာဝန်ယူထားသည်။

ထို့အတူ ဒေါ်အောင်ဆန်းစုကြည်၏ ဘဝနေဝင်ချိန်အတွက် မျှော်တွေးပြင်ဆင်မှုများကို မသိဘဲ လူထုအပေါ် ဩဇာညောင်းသည့်၊ လူထုက ချစ်ခင်သည့် သူ့ကို စစ်တပ်က နိုင်ငံရေးမှ အင်အားသုံးဖယ်ရှားခြင်း၊ အဂတိလိုက်စားသည်ဟု ယိုးစွပ်ကာ ထောင်ထဲသို့ ပို့ထားခြင်းတို့မှာ ရယ်ဖွယ်သာဖြစ်သည်ဟု ၎င်းက ဆက်ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ဥစ္စာ၊ ဓန၊ အိုးအိမ် ပိုင်ဆိုင်မှုအားလုံးကို အသက်မွေးဝမ်းကျောင်းဆိုင်ရာ အခမဲ့သင်တန်းများ၊ စာကြည့်တိုက်များ ဖွင့်လှစ်နေသည့် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းထံ လှူဒါန်းထားပြီးဖြစ်ရာ စစ်ကောင်စီ၏ အမှုဆင် အပြစ်ဖို့မှုမှာ လွန်စွာထင်ရှားသည်ဟု ဦးမိုးဇော်ဦးက ဆိုသည်။

နေပြည်တော်ရှိ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း၏ လရောင်တောစီမံကိန်းအတွင်း ဒေါ်အောင်ဆန်းစုကြည်နှင့် တိုက်ချီဒိုတို့ကို ၂၀၂၁ မတိုင်မီ တွေ့ရစဉ်။ ဓာတ်ပုံ-ပေးပို့

ထို့ပြင် ၂၀၂၀ ရွေးကောက်ပွဲအလွန် အစိုးရဖွဲ့ပြီးချိန်တွင် ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံရေးမှ ဖယ်ခွာကာ အနားယူရန် စီစဉ်နှင့်ပြီး ဖြစ်နေသည်။ နေပြည်တော် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းပိုင် လရောင်တော စိုက်ပျိုးရေးသင်တန်းကျောင်းဝင်းအတွင်း အိမ်တစ်လုံးတွင် နေထိုင်ကာ စာရေး၊ စိုက်ပျိုးရေးသင်တန်းပေး၍ တရားဓမ္မဖြင့်သာ လက်ကျန်ဘဝကို အေးအေးလူလူ ဖြတ်သန်းရန် ဒေါ်အောင်ဆန်းစုကြည် ပြင်ဆင်ထားသည်။

“ဒီဘက်နောက်ပိုင်းဆိုရင် ကျွန်တော် သိသလောက် နိုင်ငံရေးနဲ့ ပတ်သက်ပြီး ကြီးကြီးမားမား တာဝန်မယူတော့ဘူး။ ဒါပေမဲ့ သူဆက်ပြီးတော့ နိုင်ငံရေးမှာ ရှိဖို့ လိုတယ်ဆိုတာကိုတော့ သူလက်ခံတယ်။ ဒါပေမဲ့ အင်မတန်တာဝန်ကြီးတဲ့၊ အင်မတန်အလုပ်များတဲ့ တာဝန်မယူတော့ဘဲနဲ့၊ တစ်ဖက်က ကျတော့ သူ့ရဲ့ နောက်ဆုံးအချိန်တွေအတွက် ပြင်ဆင်ဖို့ ဆောင်ရွက်သွားမယ်ဆိုတာ သိရတယ်” ဟု ဦးမိုးဇော်ဦးက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်၏ ပြင်ဆင်မှုများထဲတွင် ၂၀၁၀ ခုနှစ်က သားငယ် ကိုထိန်လင်း လက်ဆောင်ပေးခဲ့သည့် အချစ်တော်ခွေးလေး တိုက်ချီဒိုကို ပို၍ အချိန်ပေး ဂရုစိုက်မည့် အစီအစဉ်လည်း ပါဝင်သည်။

ဒေါ်အောင်ဆန်းစုကြည်၏ သားငယ် ကိုထိန်လင်းနှင့် တိုက်ချီဒိုတို့ကို ရန်ကုန် တက္ကသိုလ်ရိပ်သာလမ်း နေအိမ်၌ ၂၀၁၀ နိုဝင်ဘာ ၂၇ ရက်နေ့က တွေ့ရစဉ်။ ဓာတ်ပုံ – EPA

တိုက်ချီဒိုကို ဒေါ်အောင်ဆန်းစုကြည်က တစ်ဦးတည်းသော မိသားစုဝင်အဖြစ် သဘောပိုက်ကာ ခွေးဟုပင် ခေါ်ဝေါ်သည်ကို မနှစ်မြို့သလို ဘဝနောက်ဆုံးအချိန်အတွင်း တစ်ဦးကို တစ်ဦး စောင့်ရှောက်၍ အတူတူ အိုမင်းသွားကြမည်ဟု မကြာခဏ ထုတ်ဖော်ပြောဆိုတတ်သည်။

“သူ့ရဲ့ အဓိက အနီးကပ်သံယောဇဉ်က သူ့ရဲ့ ခွေးလေး၊ တိုက်ချီဒို၊ တိုက်ချီဒိုဆိုရင် သူက အင်မတန် သံယောဇဉ်ကြီးတယ်။ ခွေးဆိုတဲ့ဟာမျိုးတောင် မပြောဘူး။ အပြောမခံဘူး။ သတိပေးတဲ့ ဆိုင်းဘုတ်မှာတောင်မှ ခွေးကိုက်တတ်သည်လို့ မရေးဘူး။ သတိ ကိုက်တတ်သည်၊ ဒီလောက်ပဲ ရေးတယ်ပေါ့လေ” ဟု ဦးမိုးဇော်ဦးက ပြောသည်။

၂၀၁၀ မြန်မာပြည်သို့ ခေတ္တရောက်ချိန်တွင် မင်္ဂလာဈေးအနီး အိမ်မွေးတိရစ္ဆာန်ရောင်းဝယ်သည့် ဆိုင်တစ်ဆိုင်၌ အခြားသောခွေးငယ်များ အိပ်မောကျနေချိန် တစ်ကောင်တည်း နိုးနိုးကြားကြားရှိနေသည့် ခွေးကလေး၏ ထူးခြားမှုကို သတိပြုမိ၍ ကိုထိန်လင်းက မိခင် ဒေါ်အောင်ဆန်းစုကြည် အဖော်ပြုနိုင်ရန် ဝယ်ယူပေးခဲ့ရာမှ တိုင်းသိပြည်သိ၊ ကမ္ဘာသိ တိုက်ချီဒို ဖြစ်လာသည်။

“ခွေးတွေဟာ လူတွေထက် သစ္စာပိုရှိတဲ့ သတ္တဝါတွေပါ။ တိုက်ချီဒိုဟာ အမေ့ကို အခြားသူတွေထက် ပိုပြီး ကာကွယ်စောင့်ရှောက်နိုင်မယ်လို့ ထင်တယ်။ မေမေ့အတွက်လည်း သက်တော်စောင့်အနေနဲ့ ကောင်းကောင်း ရှိမယ်လို့လည်း မျှော်လင့်ထားတယ်” ဟု ကိုထိန်လင်းက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် တိုက်ချီဒိုတို့ကို အာဏာမသိမ်းမီ လပိုင်းအလို ၂၀၂၀ စက်တင်ဘာ ၁၉ ရက် နေပြည်တော်၌ တွေ့ရစဉ်။ ဓာတ်ပုံ- Getty Images

စစ်ကောင်စီ အာဏာသိမ်းပြီးနောက်တွင်မူ တစ်ဦးနှင့် တစ်ဦး မေတ္တာကြီးသည့် ဒေါ်အောင်ဆန်းစုကြည်နှင့် တိုက်ချီဒိုတို့ ရှင်ကွဲကွဲနေကြရသည်။ ၂၀၂၁ အာဏာသိမ်းစက ဒေါ်အောင်ဆန်းစုကြည်ကို တိုက်ချီဒိုနှင့်အတူ နေပြည်တော်တွင်း လျှို့ဝှက်နေရာတစ်ခုတွင် ထားသေးသည်။ သို့သော် ၂၀၂၂ ဇူလိုင် ၂၃ ရက် နေပြည်တော်အချုပ်ထောင်သို့ သွားရတော့မည့် အချိန်တွင် ဒေါ်အောင်ဆန်းစုကြည်က သူနှင့်အတူ တိုက်ချီဒိုကို ခေါ်မသွားရန် ဆုံးဖြတ်လိုက်သည်။ ယခုမူ ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းရှိ ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်တွင် တိုက်ချီဒို ရှိနေသည်။

Retriever အမျိုးအစား တိုက်ချီဒိုသည် အသက် ၁ဝ နှစ်ကျော်ပြီဖြစ်ပြီး သက်ကြီးပိုင်း ရောက်နေသည်ဖြစ်ရာ လက်ရှိတွင် ကျန်းမာရေးလည်း မကောင်းလှပေ။

“သူနဲ့ တိုက်ချီဒိုဆိုတာ တကယ့်မိသားစုတွေလို နေကြတာလေ။ တိုက်ချီဒိုကို သူ ခွဲခွာပြီး ထားခဲ့ရတယ်ဆိုတာ ဘယ်လောက်သူခံစားရမလဲ၊ ဘယ်လောက် သူကြေကွဲမလဲဆိုတာ ကျွန်တော်တို့ နားလည်တယ်။ ကျွန်တော်တို့ နားလည်လို့ရတယ်” ဟု ဦးမိုးဇော်ဦးက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်၏ သားဖြစ်သူ ကိုထိန်လင်းကမူ မိခင်ဖြစ်သူနှင့် မိခင်ချစ်သည့်၊ မိခင်ကို ချစ်ခင်သူ များပြားသည့် မြန်မာနိုင်ငံ ရင်ဆိုင်နေရသည့် အခြေအနေအရပ်ရပ် အကောင်းဘက်သို့ ရောက်လာလိမ့်မည်ဟု မျှော်တွေးထားသည်။

“နောက်နှစ် ဒီအချိန်ရောက်ရင် အမေ့ကို ပျော်ရွှင်စရာ မွေးနေ့လေးဖြစ်ပါစေလို့ ဆုတောင်းပေးချင်ပါတယ်။ ဒီလိုမျှော်လင့်ချက်မျိုးကို ကျွန်တော်ထုတ်ဖော်ပြသတာ ဒါ ပထမဆုံးအကြိမ် မဟုတ်ပါဘူး။ အခုအချိန်မှာတော့ ကျွန်တော့်အတွေးတွေက သူနဲ့အတူ ရှိနေတယ်ဆိုတာ သူသိဖို့ပဲ မျှော်လင့်မိပါတယ်” ဟု ကိုထိန်လင်းက ပြောလိုက်သည်။

မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်သည့် ကိုထိန်လင်းကို မိခင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ ၂၀၁၁ ခုနှစ် ဇူလိုင် ၈ ရက်နေ့ ပုဂံခရီးစဉ်၌ တွေ့ရစဉ်။ ဓာတ်ပုံ – EPA

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button