ပြီးခဲ့သည့်နှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ နံနက်အစောပိုင်းအချိန်ကို လွှတ်တော်ဝန်ထမ်းတစ်ဦးဖြစ်သူ ကိုကာလု* ကောင်းကောင်းမှတ်မိနေသည်။ ဆောင်းနှောင်းကာလ အေးစက်စက်နံနက်ခင်းမှာ ပုံမှန်ထက် တိတ်ဆိတ်ခြောက်သွေ့နေသည့်နှယ်ရှိသည်။
ရွေးကောက်ပွဲအပြီး တတိယအကြိမ်လွှတ်တော် စတင်မည့်နေ့ဖြစ်သည်။ လုပ်ငန်းခွင်ရှိရာ လွှတ်တော်ရုံးသို့ သွားရန် ကိုကာလုတစ်ယောက် စိတ်စောနေမိသည်။ အာဏာသိမ်းမည်၊ လွှတ်တော်မကျင်းပနိုင်အောင် လုပ်မည်ဆိုသော သတင်းများကြောင့်လည်း စိုးရိမ်နေသည်။
မိုးမလင်းမီကတည်းက ဖုန်းနှင့် အင်တာနက်လိုင်းများ ပြတ်တောက်နေသဖြင့် လွှတ်တော်ဝန်ထမ်း ကိုကာလု ပို၍ ထိတ်ထိတ်ပျာပျာဖြစ်နေသည်။ သို့သော် လွှတ်တော်ရုံးသို့ မဖြစ်မနေ အရောက်သွားမည်ဟု ဆုံးဖြတ်လိုက်ပြီး နံနက် ၇ နာရီ မထိုးမီကတည်းက နေအိမ်မှ ဆိုင်ကယ်ဖြင့် ထွက်လာသည်။
စိုးရိမ်ကြောင့်ကြမှုများကို ခေတ္တမေ့၍ တတိယအကြိမ်လွှတ်တော်သက်တမ်းကို စတင်အသက်သွင်းမည့် ပြည်သူ့လွှတ်တော်အစည်းအဝေး ကျင်းပချိန် နံနက် ၁၀နာရီထက် စောနိုင်သမျှစော၍ ရောက်ရှိရန်ကိုသာ ကိုကာလုက စိတ်နှစ်ထားလိုက်သည်။
ထိုအစည်းအဝေးကို စစ်တပ်နှင့် အပေါင်းအပါများက ကဖျက်ယဖျက်လုပ်မည်ဆိုသော သတင်းများမှာလည်း ယမန်နေ့ ညကတည်းက ကျယ်ပြန့်စွာထွက်နေသည်။
သို့သော် နေပြည်တော် စည်ပင်ဧည့်ရိပ်သာတွင် တည်းခိုနေသည့် ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရအမတ်များ ပြည်သူ့လွှတ်တော်သို့ လာရာလမ်းတွင် ဟန့်တား၍ အစည်းအဝေးမစနိုင်ရန် လုပ်မည်၊ အာဏာသိမ်းမည်ဆိုသော ခန့်မှန်းချက်နှစ်ခုအနက် ပထမတစ်ခုသာ ဖြစ်ဖွယ်ရှိသည်ဟု ကိုကာလု အကောင်းမြင်ထားသည်။
အာဏာသိမ်းရန် တစ်လအလို၌ လွှတ်တော်ပရိဝုဏ်အတွင်း အထူးရဲတပ်ဖွဲ့ဝင်တို့က မိုင်းရှာဖွေရေး၊ လုံခြုံရေးသရုပ်ပြ အစမ်းလေ့ကျင်မှုများပင် လာလုပ်ခဲ့သေးသည်ဖြစ်၍ တတိယအကြိမ်လွှတ်တော် မဖြစ်မနေကျင်းပရန် အရိပ်အခြည်ဖြစ်သည်ဟု ကိုကာလု ယူဆထားသည်။
သို့သော်လည်း ပျဉ်းမနား – တောင်ညိုလမ်းမကြီးပေါ်မှ လွှတ်တော်သွားရာ ပြည်ကြီးမဏ္ဍိုင်လမ်းသို့ ဆိုင်ကယ် ချိုးဝင်လိုက်ချိန်တွင် ကိုကာလု စိတ်ထဲ ပို၍ထင့်လာသည်။ ယခင် စစ်ဆေးလေ့မရှိသည့် သပြေအေးဘုန်းတော်ကြီးကျောင်းရှေ့လမ်းမပေါ်၌ စစ်သားများ တွေ့လိုက်ရ၍ဖြစ်သည်။
“မြင်နေကျရဲတွေ မဟုတ်တော့ဘူး။ စစ်သားတွေဖြစ်နေတယ်။ တိုက်ခိုက်ရေးယူနီဖောင်းတွေနဲ့ ဖြစ်သွားပြီ”
လွှတ်တော်ဝန်ထမ်းဖြစ်ကြောင်း ပြောပြီးနောက် ရှေ့ဆက်သွားခွင့်ရသည်။ ထို့နောက် ငါးမိနစ်မပြည့်မီ နောက်တစ်ဖွဲ့နှင့် တိုးသည်။ လွှတ်တော်သို့သွားရာ မဟာဇေယျလမ်းမကြီးနှင့် ချမ်းမြေ့ဇေယျာလမ်းသွယ် ဆုံရာနေရာတွင် ဖြစ်ပြီး ရှေ့ဆက်သွားခွင့်ရပြန်သည်။
သို့သော် နောက်ထပ် မီတာ ၄၀၀ ခန့် ရှေ့ဆက်သွားနိုင်ပြီးနောက်တွင် လွှတ်တော်သို့ သွားမည့် သူ၏ခရီး လမ်းဆုံးပြီဟု ကိုကာလု ရိပ်မိလိုက်ပြီ။
မြနန်းဘုံသာလမ်းသွယ်ထိပ် မဟာဇေယျလမ်းမကြီးပေါ်တွင် တင့်ကားနှစ်စီး၊ ထရပ်ကားသုံးစီးက လမ်းကို ပိတ်ထားသည်။ ထိုလမ်းသွယ်ထဲတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နေထိုင်ရာ အိမ်ရှိသည်။ စစ်သားအင်အားမှာ ကျော်လွန်ပြီးဖြစ်သည့် စစ်ဆေးရေးဂိတ်နှစ်ခုထက် ပိုများသည်။
“သွားလို့ မရတော့ဘူး။ ဒီနားမှာ ခဏလေးရပ်ထားပေးပါ။ အဲဒီတုန်းကတော့ ချိုချိုသာသာပဲ ပြောတာ။ လူကြီးတွေ အထက်အမိန့်ရရင် သွားခွင့်ပြုပါမယ်၊ အဲဒီလိုပုံစံ” ဟု ကိုကာလုက ပြန်ပြောပြသည်။
ထိုအချိန်မှာ နံနက် ၇ နာရီကျော်သာ ရှိသေးသည်။ ရုံးတက်ရန် ဆိုင်ကယ်၊ ဝန်ထမ်းကြိုပို့ယာဉ်တို့ တဖွဲဖွဲ ရောက်လာပြီး သူ့ကဲ့သို့ပင် ပိတ်မိနေသည့် လွှတ်တော်ဝန်ထမ်းပေါင်း ၆၀၀ ခန့် ရှိမည်ဟု ကိုကာလု ခန့်မှန်းသည်။ ပိတ်မိနေသည့်ထဲတွင် မိုင်းရှာဖွေရေးရဲတပ်ဖွဲ့ဝင်များ၊ စစ်တပ်ပိုင် မြဝတီရုပ်မြင်သံကြားဝန်ထမ်းများပင် ပါသည်ဟု သိရသည်။
ကြုံနေရသည့် အခြေအနေတို့အရ တတိယအကြိမ်ပြည်သူ့လွှတ်တော် ပထမနေ့အစည်းအဝေးကို သတ်မှတ်ချိန် ၉ နာရီခွဲတွင် ကျင်းပရန် ခက်ပြီဆိုသည်ကို ကိုကာလု နားလည်လိုက်ပြီ။ သို့သော် အခြားသော လွှတ်တော်ဝန်ထမ်းများကလည်း ၎င်းကဲ့သို့ပင် စစ်တပ်က အာဏာသိမ်းသွားပြီဟု ထိုအချိန်အထိ မထင်ရက်ကြသေးဟု ကိုကာလုက ပြောသည်။
ထိုသို့သောစာရင်းတွင် ပြည်ထောင်စုအင်္ဂါစဉ် နံပါတ် ၆ တွင်ရှိသည့် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းလည်းပါသည်။ ထိုနေ့နံနက် ၇ နာရီကျော်အထိ ကိုကာလုတို့ကဲ့သို့ပင် အာဏာသိမ်းသည်အထိ မဖြစ်တန်ရာဟု တွေးထားသေးသည်။
မြန်မာ့ရွေးကောက်ပွဲများတွင် ဖြစ်ရိုးဖြစ်စဉ် မဲစာရင်းမှားယွင်းမှုကို ရမယ်ရှာ၍ ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ လွှတ်တော်အမတ်များဖြင့် စတင်မည့် ပြည်သူ့လွှတ်တော်အစည်းအဝေး မကျင်းပရန် စစ်တပ်က ကန့်ကွက်နေသည့် ကိစ္စကို သူ၏ ရာထူးတာဝန်အရ ကိုကာလုတို့ထက်ပို၍ နဖူးတွေ့ဒူးတွေ့ သိနေသည်။
သို့သော် စစ်တပ်အနေဖြင့် ၎င်းတို့အလိုကျရေးဆွဲထားသည့် ၂၀၀၈ အခြေခံဥပဒေကိုမူ ဖောက်ဖျက်လိမ့်မည်မဟုတ်ဟု မန်းဝင်းခိုင်သန်းက ယူဆထားသည်။ လွန်ခဲ့သည့် ၁၀ လဝန်းကျင် ပြည်ထောင်စုလွှတ်တော်၌ အခြေခံဥပဒေပြင်ဆင်ရေး ဆောင်ရွက်ရာတွင် စစ်တပ်က တစ်စက်မျှ အထိမခံခဲ့သည့် ဖြစ်စဉ်များရှိခဲ့၍ဖြစ်သည်။
၂၀၀၈ အခြေခံဥပဒေအရ ဥပဒေပြုလွှတ်တော်အသီးသီးတွင် ၂၅ ရာခိုင်နှုန်း၊ ပြည်ထောင်စုအစိုးရအဖွဲ့တွင် ကာကွယ်ရေး၊ ပြည်ထဲရေး၊ နယ်စပ်ရေးရာဝန်ကြီး သုံးနေရာ အလိုအလျောက်ကိုယ်စားပြုခွင့်ရထားသည့် အခွင့်ထူးခံအခြေအနေ အပျက်ခံ၍ စစ်ဗိုလ်ချုပ်ကြီးတို့ မိုက်မဲမည်မဟုတ်ဟု မန်းဝင်းခိုင်သန်းက ယူဆသည်။
ထို့ကြောင့် ပြည်သူ့လွှတ်တော်အစည်းအဝေးစတင်ရန် အချိန်နှစ်နာရီကျော်လိုသေးသော်လည်း စောနိုင်သမျှ စော၍သွားရန် ၎င်းက စိတ်ပိုင်းဖြတ်ထားသည်။ နောက်တစ်ရက်တွင် စတင်မည့် သူ၏ အမျိုးသားလွှတ်တော်အစည်းအဝေးကိစ္စများကိုပင် ခဏမေ့ဖျောက်ထားသည်။
တတိယအကြိမ်လွှတ်တော်သက်တမ်း ဖွင့်ပွဲဟုဆိုနိုင်သည့် ပြည်သူ့လွှတ်တော်အစည်းအဝေးပထမနေ့သို့ သူ၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ခေါင်းဆောင်များဖြစ်သည့် သမ္မတ ဦးဝင်းမြင့်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တက်ရောက်ရန်လည်း ရှိနေသည်။
မန်းဝင်းခိုင်သန်းက ဖုန်းနှင့် အင်တာနက်လိုင်းများ ပြတ်တောက်နေသည်ကိုပင် သတိမမူမိဘဲ လွှတ်တော်သို့ သွားရန်သာ စိတ်လောနေသည်။ နံနက် ၇ နာရီဝန်းကျင်တွင် အသင့်ဖြစ်နေပြီ။ သို့သော် နေအိမ်၌ ခေါင်းပေါင်းရှာမတွေ့။ သမီးဖြစ်သူကို အမျိုးသားလွှတ်တော်ဥက္ကဋ္ဌရုံးခန်းသို့ လွှတ်ကာ သွားယူခိုင်းလိုက်သည်။
“ပြန်လည်းပြန်လာရော ဖကြီးရေ (အဖေရေ) တဲ့၊ လွှတ်တော်ထဲမှာလည်း တင့်ကားတွေနဲ့ အကုန်ပိတ်ထားတယ်။ သွားလို့မရဘူးတဲ့” ဟူသည့် သတင်းဆိုးစ၍ ကြားရကြောင်း မန်းဝင်းခိုင်သန်းက ပြောသည်။
ထို့ကြောင့် ဆက်သွယ်၊ မေးမြန်းရန် ကြိုးပမ်းချိန်ကျမှ ဖုန်းနှင့် အင်တာနက်လိုင်း ဖြတ်တောက်ခံထားရသည်ကို သူသိသည်။ ဘေးကပ်လျက်ရှိ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်နေအိမ်သို့ လူလွှတ်၍ မေးရာတွင်လည်း ဘာမျှမသိ၊ ဦးတီခွန်မြတ်လည်း နေအိမ်၌ပင်ရှိသည်ဟုသာ သတင်းရသည်။
နံနက် ၈ နာရီမတိုင်မီတွင် နေအိမ်မှ အပြင်မထွက်ရန် လာရောက်တားမြစ်သွားသည်ဆိုသည့် သတင်းစကား အိမ်တော်ဝန်ထမ်းများထံမှတစ်ဆင့် မန်းဝင်းခိုင်သန်းထံ ရောက်လာသော်လည်း မည်သူ့အမိန့်မှန်း သေချာစွာ မသိရ။
ထို့အတူ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအဖွဲ့ဝင်လည်းဖြစ်သည့် ၎င်းထံ တိုင်းပြည်၌ ဘာဖြစ်နေသည်ဟု လာရောက်အစီရင်ခံသူပင်မရှိဟု မန်းဝင်းခိုင်သန်းက ပြောသည်။ ဦးတီခွန်မြတ်မှာလည်း အလားတူကြုံရသည်ဟု တစ်ဆင့်စကားကို ကိုးကား၍ ၎င်းက အတည်ပြုသည်။
နံနက် ၉ နာရီဝန်းကျင်တွင် နိုင်ငံပိုင်မီဒီယာများကို ထိန်းချုပ်လိုက်ပြီးဖြစ်သည့် စစ်တပ်က ကာလုံအစည်းအဝေးခေါ်၍ နိုင်ငံတော်၏ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေး အာဏာသုံးရပ်ကို ချုပ်ကိုင်မည့် စစ်ကောင်စီကို ဖွဲ့လိုက်ပြီဟု ကြေညာသည်။
သို့သော် အခြေခံဥပဒေအရ အာဏာလွှဲပေးရမည့် သမ္မတဦးဝင်းမြင့်က ပျောက်နေပြီး စစ်တပ်က တင်မြှောက်ထားသည့် ဒုတိယသမ္မတ ဦးမြင့်ဆွေက အရေးပေါ်အခြေအနေအဖြစ် သတ်မှတ်ကာ အာဏာလွှဲပေးကြောင်း သိလိုက်ရသည်။
၂၀၀၈ အခြေခံဥပဒေအရဆိုလျှင် သမ္မတကသာ နိုင်ငံတော်အာဏာကို အချိန်အကန့်အသတ်ဖြင့် စစ်တပ်ခေါင်းဆောင်ထံ လွှဲနိုင်သည်။ ထို့ကြောင့် စစ်ကောင်စီသည် အခြေခံဥပဒေတွင် မပါသည့် နည်းလမ်းကို သုံးလိုက်ပြီဟု မန်းဝင်းခိုင်သန်း နားလည်လိုက်ရပြီ။
“လုံးဝ မထင်တာ၊ လုံးဝမထင်တာ၊ ဖြစ်မှသာ ဖြစ်တာ”
နံနက် ၇ နာရီဝန်းကျင်က ၎င်း၏နေအိမ်ကို ဒုတိယသမ္မတ ဦးမြင့်ဆွေအိမ်နှင့် မှား၍ စစ်ကားတစ်စီး ရောက်လာသဖြင့် လမ်းညွှန်ပေးခဲ့ရသည်ဟု လုံခြုံရေးဝန်ထမ်းများထံမှ ကြားရသော စကား၏ အနက်အဓိပ္ပာယ်ကိုလည်း မန်းဝင်းခိုင်သန်း သဘောပေါက်ခဲ့ရပြီ။
“ဥပဒေနဲ့ လုပ်ချင်တယ်။ ဥပဒေနဲ့လည်း မညီဘူးပေါ့ဗျာ၊ လုပ်တာက။ ကျွန်တော်မြင်တာက သူတို့ ၂၀၀၈ လည်း မပျက်စေချင်ဘူး။ ကိုယ့်လည်း (NLD လည်း) မရှိစေချင်ဘူး။ ပုံစံမျိုးဖြစ်တာပေါ့”
ထိုအချိန်တွင် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်အနီး ကိုကာလုနှင့်အတူ ပိတ်မိနေသည့် လွှတ်တော်ဝန်ထမ်းများသည်လည်း စစ်တပ်က အာဏာသိမ်းလိုက်သည်ကို FM ရေဒီယိုမှတစ်ဆင့် သိခဲ့ရပြီဖြစ်သည်။
ကိုကာလုနှင့် သိကျွမ်းသည့် လူငယ် ၂၀ ဝန်းကျင် လွန်စွာစိတ်လှုပ်ရှားနေကြသည်။ ဆန္ဒပြရန် သို့မဟုတ် တစ်ခုခုလှုပ်ရှားရန် ကြံစည်ခဲ့သေးသော်လည်း ပတ်ဝန်းကျင်အခြေအနေများကြောင့် ဘရိတ်အုပ်ခဲ့ရသည် ဆိုသည်။
“စနိုက်ပါတွေကလည်း လမ်းကြားတွေထဲ စပြီး ဝင်လာပြီ။ အမိန့်ကြေညာပြီးတဲ့နောက်ပိုင်းမှာ။ တင့်ကားတွေနဲ့ သစ်ပင်တွေပေါ်တွေမှာလည်း ခွေးတွေတက်နေတာ ကျွန်တော်တို့ မြင်ရတယ်” ဟု ကိုကာလုက ပြောသည်။
ထို့ကြောင့် ဒေါ်အောင်ဆန်းစုကြည်နေအိမ်ရှိရာ မြနန်းဘုံသာလမ်းအတွင်း ဥဒဟိုဝင်ထွက်နေသည့် စစ်ကားများကို ကြည့်နေရုံမျှအပ ကိုကာလုတို့လူစု ဘာမှ မတတ်နိုင်ခဲ့ကြ။
“ရဟတ်ယာဉ် နှစ်စီးလားမသိဘူး ပျံနေတာ။ ကျွန်တော်တို့ရဲ့ လွှတ်တော်နဲ့ (သမ္မတ) အိမ်တော်ပေါ်(ဘက်)မှာ”
ထိုနေ့ မွန်းတည့် ၁၂ နာရီကျော်တွင် ကိုကာလုနှင့် လွှတ်တော်ဝန်ထမ်းများကို စစ်သားတို့က နေအိမ်သို့ ပြန်ခွင့်ပြုသည်။ သို့သော် နောက်နှစ်ပတ်အကြာ (၂၀၂၁၊ ဖေဖော်ဝါရီ ၁၅)တွင် စစ်ကောင်စီက ရုံးပြန်တက်ရန် ခေါ်သော်လည်း အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်ရန်သာ ကိုကာလုက စိတ်ပိုင်းဖြတ်လိုက်သည်။
ပြည်သူ့ဆန္ဒမဲကို ကိုယ်စားပြုခြင်းအငွေ့အသက် ကင်းမဲ့ကာ စစ်တပ်အရာရှိများ နှစ်ပတ်တစ်ကြိမ် လူပြောင်းအုပ်ချုပ်နေသည့် လွှတ်တော်ပရိဝုဏ်ဘက်ကို ခြေဦးလှည့်ရန် သူ့အတွက် အကြောင်းမရှိတော့။
အာဏာစသိမ်းသည့်နေ့မှ နောက် ၂ ပတ်အတွင်း သာမန်လွှတ်တော်ဝန်ထမ်း ကိုကာလုအတွက် ရွေးချယ်စရာလမ်းပေါ်ပြီးဖြစ်သည်။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းမှာမူ ရှေ့ဆက် မည်သို့ကြုံတွေ့မည်ကို မခန့်မှန်းနိုင်သေး။
“(နေအိမ်)ဝန်ထမ်းလေးတွေကို ကျွန်တော်တို့နဲ့ စကားမပြောရဘူးလို့ (စစ်သားတွေက) ပြောထားတယ်တဲ့။ စကားပြောရင် ပြောတဲ့သူ ကိုယ့်ဘာသာကိုယ်ခံ အဲဒီလို ပြောတာတဲ့” ဟု မန်းဝင်းခိုင်သန်းက ရှင်းပြသည်။
စစ်တပ်က အာဏာရယူလိုက်သည်ကို မည်သို့မျှ တရားဝင်အသိပေးခြင်း မခံရသည့် ကာလုံအဖွဲ့ဝင် ၎င်းထံသို့ ၂၀၂၁၊ ဖေဖော်ဝါရီ ၁ ညနေပိုင်းတွင်မူ သတင်းစကားတစ်ခု ရောက်လာသည်။
အရေးကြီးပုဂ္ဂိုလ်တို့၏ မော်တော်ယာဉ်များကို စီမံခန့်ခွဲသည့် ဌာနမှဖြစ်ပြီး အမျိုးသားလွှတ်တော်ဥက္ကဋ္ဌအဆောင်အယောင်အဖြစ် သုံးသည့် မာစီးဒီးမော်တော်ယာဉ်ကို နောက်တစ်နေ့တွင် ပြန်အပ်ရန်ဟူသော စကားပင်။
၂၀၂၁ ဖေဖော်ဝါရီ ၃ ရက် ညပိုင်းတွင် နေအိမ်ရှိ လုံခြုံရေးတပ်ဖွဲ့များ ရုပ်သိမ်းသွားပြီးနောက်တွင် ၅ ရက်နေ့ နောက်ဆုံးထား၍ အိမ်တော်မှ ရွှေ့ပေးရန် မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဌာနက မန်းဝင်းခိုင်သန်းထံ အကြောင်းကြားလာသည်။
သို့နှင့် နေရပ်ဖြစ်သည့် ကရင်ပြည်နယ်၊ မြဝတီမြို့သို့ ပြန်ရန် မိတ်ဆွေအချို့၏ အကူအညီကို ယူခဲ့ရသည်ဟု ၎င်းက ပြောသည်။ အိမ်ထောင်ပြောင်း ပစ္စည်းများတင်ဆောင်ရန် မော်တော်ယာဉ်ကိုမူ ငှားရမ်းခဲ့ရသည်ဟု မန်းဝင်းခိုင်သန်းထံမှ သိရသည်။
ကိုယ်ကလည်း အမျိုးသားလွှတ်တော် ဥက္ကဋ္ဌသာ ပြောတာ။ ကားရှိတာမှ မဟုတ်ဘဲဗျ။ ခြေလျင်လျှောက်(ပြန်) ရမဲ့ ကိန်းဆိုတော့ အဲဒါနဲ့ အမျိုးသားလွှတ်တော်အရာရှိတစ်ဦးနဲ့ (ဖုန်း)ဆက်ပြီးတော့ (အငှား) ကားစီစဉ်ရတယ်”
လွန်ခဲ့သည့် တစ်နှစ်က သမ္မတကိုဖမ်း၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့် ၎င်းကို ထိုသို့ နှင်ထုတ်ခဲ့သည့် စစ်ကောင်စီက အခြေခံဥပဒေနှင့်အညီ အာဏာယူသည်ဟု ယနေ့တိုင် တွင်တွင်ပြောနေခြင်းကို ၎င်းက ရယ်ပွဲဖွဲ့သည်။
“သူတို့က အာဏာသိမ်းတာကို မပေါ်ချင်လို့ ပြောတာ။ သမ္မတက လွှဲတယ်ဆိုရင် သမ္မတလည်း ရှိနေရမယ်။ ဒုသမ္မတတွေ ရှိနေရမယ်၊ ကျွန်တော်တို့ လွှတ်တော်ဥက္ကဋ္ဌတွေလည်း ရှိနေရမယ်၊ သဘောက၊ ဥပဒေအရ။ အခု မရှိဘူးလေ။ ပထမဆုံးပြန်လွှတ်တာက ကျွန်တော်နဲ့ ဦးတီခွန်မြတ်ကို အရင်ဆုံး ပြန်လွှတ်တာ”
ထိုသို့ နေပြည်တော်ကို စွန့်ခွာရပြီးနောက် တစ်နှစ်အတွင်း သူက ပြည်တွင်းပြည်ပမျက်နှာစာ၌ ကဏ္ဍအသီးသီးတွင် စစ်ကောင်စီကို အန်တုနေသည့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၏ ဝန်ကြီးချုပ် ဖြစ်လာသည်။
ဧပြီလအတွင်းတွင် မည်သည့်အဖွဲ့အစည်းနှင့်မျှ မပတ်သက်သေးသူ ဦးတီခွန်မြတ်ကို စစ်ကောင်စီက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနေအိမ်သို့ ပြန်ခေါ်ထားသည်ဟု မန်းဝင်းခိုင်သန်းက ပြောသည်။ ဗိုလ်ချုပ်ကြီးတို့က ကိုယ့်ခြေလှမ်းအမှားကို အချိန်လွန်မှ ကိုယ်တိုင်ရိပ်စားမိပုံရသည်ဟု သူက ပြောသည်။
အကျယ်ချုပ်သဘောသာဖြစ်ပြီး အတင်းအကျပ် ရုံးပြန်တက်ခိုင်း၍ လွှတ်တော်ကြီးရှိနေသေးသယောင် စစ်ကောင်စီက ဟန်ဆောင်နေခြင်းဖြစ်သည်ဟု ၎င်းက ဆိုသည်။
“ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌရှိပြီး အမျိုးသားလွှတ်တော်ဥက္ကဋ္ဌမှ မရှိတာ ဘယ်လိုလုပ်ဖြစ်မလဲ။ လွှတ်တော်နှစ်ရပ်ရှိမှသာ ဖြစ်တဲ့ဟာကို စဉ်းစားကြည့်လေ။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌမှ မရှိဘဲ ဘယ်လိုလုပ်သွား Run (လည်ပတ်)လို့ရမလဲ” ဟု ၎င်းက ပြောသည်။
စစ်ကောင်စီကမူ ၎င်းတို့၏ လုပ်ရပ်မှာ ၂၀၀၈ အခြေခံဥပဒေနှင့်အညီသာ ဖြစ်သည်ဟု ဆက်လက်ပြောဆိုနေဆဲဖြစ်ကာ တစ်နှစ်ပြည့်၍ သက်တမ်းတိုးမည်ဟု ဆိုသည်။ အင်္ဂါမစုံတော့သည့် လွှတ်တော်အခင်းအကျင်း၊ ကာလုံအဖွဲ့ဖြင့် မည်သို့စီမံမည်ကိုတော့ ရှင်းလင်းစွာ မသိရ။
ထို့အတူ မဲပေးပိုင်ခွင့်ရှိသူ ၃၈ သန်းကျော်အနက် ၇၀ ရာခိုင်နှုန်းကျော် မဲပေးခဲ့ပြီး NLD ထပ်မံအနိုင်ရသည့် ၂၀၂၀ ရွေးကောက်ပွဲကို မဲမသမာမှုရှိသည်ဟု စွပ်စွဲကာ အာဏာသိမ်းထားသော်လည်း တစ်ကြိမ်ထက်ပို၍ မဲပေးခဲ့သည်ဟု ယူဆရသူ ၂၀၀၀ ခန့်သာ စစ်ကောင်စီက ရှာတွေ့သေးသည်။ ထိုကိန်းဂဏန်းမှာလည်း တစ်နှစ် အချိန်ယူပြီးမှ ထွက်လာခြင်းပင်။
သို့သော် ၂၀၂၃ ၌ ရွေးကောက်ပွဲ ပြန်လုပ်ပေးမည်ဟူ၍ ဆိုကာ NLD အပြတ်အသတ်အနိုင်ရလေ့ရှိသည့် ရွေးကောက်ပွဲစနစ်ကို အချိုးကျကိုယ်စားပြု (PR) ပုံစံဖြင့် အစားထိုးရန်လည်း စစ်ကောင်စီက အပူတပြင်း ကြိုးပမ်းနေသည်။
“အခုတော့ (တပ်ကိုယ်စားလှယ်)၂၅ ရာခိုင်နှုန်းကို လက်မလွှတ်ရုံမက ကျန်တဲ့ (ပြည်သူမဲပေးရွေးသည့် အမတ်) ၇၅ ရာခိုင်နှုန်းအပေါ်မှာ PR စနစ် ပြောင်းမယ်ဆိုပြီး လုပ်နေပြန်တယ်။ တစ်ဝက်တစ်ပျက်ဒီမိုကရေစီကနေ အတုအယောင်ဒီမိုကရေစီကို ပြောင်းမဲ့သဘော”ဟု ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ ပုဗ္ဗသီရိမြို့နယ် ပြည်သူ့လွှတ်တော် NLD အမတ် ဦးရည်မွန်က ပြောသည်။
ငြိမ်းချမ်းစွာ ဆန္ဒပြလျှင်ပင် ပစ်ခတ်သည့် စစ်ကောင်စီကို နိုင်ငံအနှံ့ လက်နက်ကိုင် ခုခံမှုများ အရှိန်မြင့်နေချိန်တွင် ထိုလှုပ်ရှားမှုများကို ဦးဆောင်ရန် ဖွဲ့စည်းထားသည့် NUG တွင် ဦးရည်မွန်က ကာကွယ်ရေးဝန်ကြီးတာဝန်ယူထားသည်။
အာဏာသိမ်းမှုကို လက်မခံနိုင်သည့် ထိုအင်အားစုများအကြား စစ်ကောင်စီ၏ ရွေးကောက်ပွဲကိစ္စကို မည်သူကမျှ ဆေးဖော်ကြောဖက်မလုပ်ကြပေ။
အားလုံးက လွှတ်တော်အသီးသီးတွင် ပြည်သူ့ဆန္ဒမဲဖြင့် ကိုယ်စားပြုခွင့် ၇၅ ရာခိုင်နှုန်းသာ ရှိသည့် ၂၀၀၈ အခြေခံဥပဒေ ပျက်ပြီ၊ ယင်းစနစ်အောက်သို့ ပြန်ဝင်တော့မည်မဟုတ်ဟု အတိအလင်း ပြောဆိုထားကြပြီးဖြစ်သည်။
စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေးလှုပ်ရှားမှုများ၌ မူဝါဒနှင့် မဟာဗျူဟာပိုင်းကို တာဝန်ယူထားသည့် အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) ဖွဲ့၍ တိုင်းရင်းသားများနှင့် ပေါင်းကာ အခြေခံဥပဒေသစ်တစ်ရပ် ရေးဆွဲနေပြီလည်းဖြစ်သည်။
ပြည်သူတို့၏ ခြေလှမ်းများ ထိုသို့အရှိန်ရနေချိန်တွင် အာဏာသိမ်းသည့်နေ့ကတည်းက ကိုယ်တိုင်ချိုးဖျက်လိုက်သည့် ၂၀၀၈ အခြေခံဥပဒေ အသက်ရှိသေးသယောင် စစ်ကောင်စီက ဟန်ဆောင်နေသည်မှာ ရယ်စရာကောင်းသည်ဟု NUCC အဖွဲ့ဝင် ဦးမင်းကိုနိုင်က မှတ်ချက်ပြုသည်။
“ခင်ဗျား ကြားဖူးမှာပေါ့၊ တစ်ခါတစ်ရံကျရင် တချို့သတ္တဝါတွေက ကိုယ့်ကိုယ်ကိုယ် သေလို့သေနေမှန်း မသိဘူးဗျ။ သူတို့ကတော့ ရှင်နေသေးတယ် ထင်တာကိုးဗျ” ဟု အထင်ရှားဆုံး ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်လည်းဖြစ်သည့် ၎င်းက ပြောသည်။
“အချိန်တန်ရင် သိပါလိမ့်မယ်။ သိပ်တော့မကြာပါဘူး” ဟု ဦးမင်းကိုနိုင်က ဆက်ပြောသည်။
(* သတင်းရင်းမြစ်များ၏ လုံခြုံရေးအရ အမည်လွှဲဖြင့် ဖော်ပြထားပါသည်)
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာ တွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)