ရိုဟင်ဂျာဒုက္ခသည် ၁၀၀၀ ခန့်ကို ပြန်လည်လက်ခံရေးအတွက် စစ်ကောင်စီက ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ကိုယ်စားလှယ်အဖွဲ့ စေလွှတ်ပြီး ဒုက္ခသည်များကို ရခိုင်ပြည်နယ်တွင် နေထိုင်ခဲ့သူများ ဟုတ်မဟုတ် စစ်ဆေး မေးမြန်းလျက်ရှိသည်။
ရခိုင်ပြည်နယ်စစ်ကောင်စီအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဦးအောင်မျိုးဦး ဦးဆောင်သော ၁၇ ဦးပါ အဖွဲ့သည် ဘင်္ဂလားဒေ့ရှ်အစိုးရပေးပို့ထားသည့် ဒုက္ခသည် ၁၀၀၀ ဝန်းကျင်စာရင်းတွင် ပါဝင်သူများကို စစ်ဆေးခြင်း ဖြစ်သည်ဟု သိရသည်။
မတ် ၁၅ ရက်နေ့က ကိုယ်စားလှယ်အဖွဲ့ကို တက္ကနာမြို့ (Taknaf) Transit Center တွင် တွေ့ခဲ့ကြောင်း ရှာလ်ဘာဂါန် (ခေါ်) စခန်းအမှတ် (၂၇) တွင် နေထိုင်သော ရိုဟင်ဂျာတချို့က ပြောပြသည်ဟု ဘာလုခါလီဒုက္ခသည်စခန်းမှ ရိုဟင်ဂျာအမျိုးသားတစ်ဦးက ပြောသည်။
“ဒုက္ခသည် ၁၀၀၀ လောက်ကို လက်ခံဖို့ ပြင်ဆင်ထားတဲ့အထဲက ၇၁၁ ဦးကို သူတို့ (စစ်ကောင်စီ) စာရင်းနဲ့ စိစစ်ပြီးတော့ အတည်ပြုခဲ့တယ်။ နောက် ကျန်တဲ့ ရှိနေတဲ့လူတွေက ဒီဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ မွေးခဲ့တဲ့ကလေးတွေဖြစ်လို့ ပြန်ပြီးစိစစ်ရမယ်လို့ ပြောတယ်” ဟု ဘင်္ဂလားဒေ့ရှ်ရောက် ထိုအမျိုးသားက ဆိုသည်။
“ဒီက အစိုးရက စီစဉ်ပေးတဲ့ နေရာမှာပဲ ဒုက္ခသည်တွေကို ခေါ်ယူပြီးတော့ မေးမြန်းစစ်ဆေးနေတာ။ ပြန်လည်လက်ခံမဲ့ နေ့ကိုလည်း အတိအကျ မသိရဘူး။ သူတို့ ဒီကနေ ပြန်မှ ရက်အတိအကျကို ထုတ်ပြန်မယ်လို့ ပြောတယ်”
စာရင်းတွင် ပင်လယ်ပြင်ထဲရှိ ဘာဆင်ဂျာကျွန်းသို့ ပို့ဆောင်ထားသည့် မိသားစု ၄ စု လည်း ပါဝင်နေရာ ထိုသူများကို စစ်ဆေးမေးမြန်းနိုင်ရန် ဘင်္ဂလားဒေ့ရှ်အစိုးရက ခေါ်ယူပေးခဲ့ကြောင်း ရိုဟင်ဂျာဒုက္ခသည်များအဆိုအရ သိရသည်။
ထို့နေ့က တက္ကနာမြို့ စခန်းအမှတ် ၂၄၊ ၂၅၊ ၂၆၊ ၂၇ တို့တွင် ခိုလှုံနေသူများကို စစ်ဆေးခဲ့သည်ဟု ကူတူပါလောင်ဒုက္ခသည်စခန်းမှ ကိုအောင်မြိုင်က Myanmar Now ကို ပြောသည်။
“ကျွန်တော်တို့ သိရတာက ဘင်္ဂလားဒေ့ရှ်အစိုးရဘက်က မြန်မာဘက်ကို ပို့ထားခဲ့တဲ့ စာရင်းရှိတယ်။ မြန်မာဘက်ကလည်း စိစစ်ပြီးတော့ ဒီဘက်ကို ပြန်ပို့ထားတာ ရှိတယ်။ ဥပမာအားဖြင့် မိသားစု ငါးယောက် ရှိတယ်ဆိုပါစို့။ မြန်မာဘက်က စာရင်းစစ်တဲ့အချိန်မှာ မိသားစု ငါးယောက်က မစုံဘူး။ သုံးဦးစာရင်းပဲ သူတို့တွေ့တယ် ဆိုပြီးတော့ ဘင်္ဂလားဒေ့ရှ်ဘက်ကို ပြန်ပြီး စာရင်းပို့ထားတာ ရှိတယ်။ အဲလိုမျိုးကိစ္စတွေကို စစ်ဆေးဖို့ လာတာပါ” ဟု ၎င်းက ဆိုသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ရှိ ရိုဟင်ဂျာဒုက္ခသည်စခန်း ၃၄ ခုတွင် ခိုလှုံနေသူတို့ မူလနေရာသို့ ပြန်နိုင်ရေးကို စစ်ကောင်စီက စီစဉ်နိုင်မည်မဟုတ်ဟု အထက်ပါအမျိုးသားက ဝေဖန်သည်။
“စစ်ကောင်စီက ကျွန်တော်တို့ကို ရိုးသားစွာ ခေါ်ဖို့ လုပ်နေတာ မဟုတ်ဘူး။ ဒါဟာ နိုင်ငံတကာကို ဟန်ပြအနေနဲ့ပဲ လုပ်ပြတာပါ” ဟု သူက ဆိုသည်။
ပြန်လာလိုသော်လည်း အာမခံချက် မရေရာ
စစ်ကောင်စီအဖွဲ့နှင့် တွေ့ဆုံစဉ် လုံခြုံရေးအာမခံချက်နှင့် ယခင်က နေထိုင်ခဲ့သော နေရာတွင် ပြန်လည်နေရာချပေးရန် အစီအစဉ်ရှိမရှိ မေးမြန်းခဲ့သော်လည်း တိကျသောအဖြေ မရရှိခဲ့ကြောင်း အထက်ပါ ဘာလုခါလီဒုက္ခသည်စခန်းမှ အမျိုးသားက ဆိုသည်။
“သူတို့က အထက်လူကြီးကို တင်ပြပေးမယ်။ တင်ပြပြီးတော့ နောက်ထပ် သူတို့ဘာလုပ်မယ်ဆိုတာကို ပြောပြမယ်လို့ ပြောတယ်တဲ့” ဟု သူက ရှင်းပြသည်။
မြန်မာဘက်သို့ ပြန်လာရန် အဆင်သင့်ရှိကြသော်လည်း မူလနေရပ်တွင် ပြန်နေထိုင်ခွင့်၊ လွတ်လပ်စွာသွားလာခွင့်တို့ကို အာမခံချက်ပေးခြင်း မရှိသောကြောင့် ပြန်လာရန် ဝန်လေးနေကြသည်ဟု ရိုဟင်ဂျာများက ဆိုသည်။
“ကျွန်တော်တို့တော့ ပြန်ချင်တယ်။ ကျွန်တော်တို့ရဲ့ ကျန်းမာရေး၊ ပညာရေး၊ လွတ်လပ်စွာ သွားလာရေး ဆောင်ရွက်ပေးရမယ်။ ပြီးတော့ မူလနေရာမှာ နေထိုင်ခွင့်ပေးရမယ်။ နိုင်ငံသားအခွင့်အရေး ပေးရမယ်။ ဒါမှ ပြန်နိုင်မယ်” ဟု တက္ကနာမြို့မှ အမည်မဖော်လိုသည့် အခြားရိုဟင်ဂျာအမျိုးသားတစ်ဦးက ပြောသည်။
ထိုလူဦးရေ ၁၀၀၀ ခန့်ကို ပြန်လည်လက်ခံပြီးပါက အမှတ် (၂) ငါးခူရနှင့် လှဖိုးခေါင်စခန်းတို့တွင် နေရာချထားပေးမည်ဖြစ်ပြီး ဒုက္ခသည်များအတွက် အသက်မွေးဝမ်းကျောင်း ကိစ္စရပ်များနှင့် ပညာရေး၊ ကျန်းမာရေး စသည့် အခြေခံလိုအပ်ချက်များကိုလည်း စစ်ကောင်စီဘက်က ပြင်ဆင်ထားသည်ဟု သိရသည်။
မောင်တောမြို့နယ်မှ ပြည်နယ်လွှတ်တော်အမတ်ဟောင်း ဦးမောင်အုန်းက ရိုဟင်ဂျာများ ပြန်လာနိုင်ရေး မသေချာသေးကြောင်း သုံးသပ်သည်။
“စစ်ကောင်စီကတော့ အရင်အစိုးရလက်ထက်မှာ လုပ်လို့မရခဲ့တာကို ငါတို့လက်ထက်မှာ ရအောင်လုပ်မယ်ဆိုပြီး ပုံစံမျိုးနဲ့ သူတို့ ဆွေးနွေးဖို့ သွားတယ်။ လက်ခံရေးကိစ္စနဲ့ ပတ်သက်လို့ တကယ့်တကယ် ဖြစ်နိုင်ဖို့၊ မဖြစ်နိုင်ဖို့ ကိစ္စကလည်း ဖြစ်လာနိုင်မှ ဖြစ်တယ်လို့ ဆိုရမယ်။ အရင်တုန်းကလည်း ဘာမှ ဖြစ်မလာခဲ့ဘူး။ ပြန်လာမဲ့ အတိုင်းအတာကတော့ သိပ်မမြင်ဘူး” ဟု ၎င်းက Myanmar Now ကို ပြောသည်။
“ရခိုင်တွေရဲ့ သဘောထားကတော့ ပြန်လည်လက်ခံရေးနဲ့ ပတ်သက်လို့ သူတို့ (စစ်ကောင်စီ) က ဘယ်လောက်အအတိုင်းအတာ လုပ်လာမလဲဆိုတာ စောင့်ကြည့်နေတယ်။ ပြန်လည်လက်ခံတာကတော့ လက်ခံပေါ့။ ပဋိပက္ခမဖြစ်ဖို့ပဲ လိုတယ်”
စစ်ကောင်စီက ကြိုးပမ်းနေသည့် ရိုဟင်ဂျာပြန်လည်လက်ခံရေးနှင့် ပတ်သက်ပြီး ရခိုင်နိုင်ငံရေးပါတီများနှင့် အရပ်ဘက်အဖွဲ့အစည်းများ နှုတ်ဆိတ်နေကြသည်။
ဒေသတွင်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဟောင်းတစ်ဦးက စစ်ကောင်စီ၏ အခြေအနေသည် နိုင်ငံတကာ၏ ဖိအားဒဏ်ကို အမြင့်ဆုံး ရင်ဆိုင်နေရ၍ ပြန်လည်လက်ခံရေးကိုလည်း အရှိန်အဟုန်မြှင့် လုပ်ဆောင်နေသဖြင့် အခွင့်အရေးရလိုသူအနည်းငယ် ဝင်ရောက်လာနိုင်သည်ဟု ၎င်းက ဆိုသည်။
“ပြန်လည်လက်ခံရေး ကြိုးပမ်းတာမှာ ဒီအကြိမ်က အမြင့်ဆုံးပဲ။ ဘာလို့လဲဆိုတော့ စစ်ကောင်စီလည်း အကျပ်တည်းဆုံး။ ဒါကြောင့် သူတို့ လုပ်ပေးချင်ရင် လုပ်ပေးနိုင်တယ်။ သူတို့လည်း လာချင်ရင် လာနိုင်တယ်။ ဒါပေမဲ့ အများစုတော့ မလာနိုင်ဘူး။ ပထမဆုံးတစ်သုတ်မှာ အခွင့်အရေးရမဲ့သူတွေ လာချင်ရင် လာနိုင်တယ်။ သိပ်အကျပ်အတည်းရှိတဲ့သူတွေပေါ့” ဟု အထက်ပါ အမတ်ဟောင်းက သုံးသပ်သည်။
သို့သော်လည်း စစ်အာဏာသိမ်းမှုကြောင့် စီးပွားရေး၊ လူမှုရေး အကျပ်အတည်းဖြစ်နေချိန်တွင် နိုင်ငံအတွင်း နေထိုင်သူအများအပြား ပြည်ပထွက်၍ အလုပ်လုပ်နေရချိန်တွင် ပြန်ဝင်လာမည့်သူများလည်း ကြာကြာ နေထိုင်နိုင်မည်မဟုတ်ကြောင်း ၎င်းက ဆက်ပြောသည်။
၂၀၁၇ ခုနှစ်တွင် မောင်တောဒေသရှိ ရဲကင်စခန်းများကို ARSA အဖွဲ့က တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဘက်က အရပ်သားများကို သတ်ဖြတ်၊ အိမ်မီးရှို့ရာတွင် ရိုဟင်ဂျာ ၇ သိန်းကျော်ခန့် ဘင်္ဂလားဒေ့ရှ်ဘက်သို့ ထွက်ပြေးသွားသည်ဟု နိုင်ငံတကာက ပြောထားသည်။ သို့သော်လည်း ထွက်ပြေးသူဦးရေ ၅ သိန်းသာ ရှိသည်ဟု စစ်တပ်ဘက်က ဆိုထားသည်။
ရိုဟင်ဂျာများကို လူမျိုးသုဉ်းသတ်ဖြတ်မှု ကျူးလွန်ခဲ့သည်ဟူသော စွဲချက်ဖြင့် ၂၀၁၉ တွင် ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) တွင် တရားစွဲဆိုထားသည်။
ရိုဟင်ဂျာများ ပြန်လည်လက်ခံရေးနှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အရပ်သားအစိုးရလက်ထက်တွင် ကြိုးပမ်းခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။
ပြီးခဲ့သည့် မတ်လ ၈ ရက်နေ့ကလည်း တရုတ်၊ အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ သံရုံးများမှ သံရုံးအကြီးအကဲများ၊ သံတမန်များကို ရခိုင်ပြည်နယ် စစ်တွေ၊ မောင်တောမြို့နယ်များသို့ ခေါ်ယူပြီး ရိုဟင်ဂျာများ ပြန်လည်လက်ခံရန် ဆောင်ရွက်ထားသည့် အခြေအနေနှင့် ပတ်သက်ပြီး ရှင်းပြခဲ့သည်။
စစ်ကောင်စီအနေဖြင့် ရိုဟင်ဂျာများကို ပြန်လည်ခေါ်ယူရန် မည်သည့်အချိန်ကမျှ စိတ်ဆန္ဒမရှိခဲ့ဘဲ ယခု ပြန်လည်လက်ခံရန် စီစဉ်နေခြင်း ဖြစ်သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန အကြံပေး ဦးအောင်ကျော်မိုးက ပြောသည်။
“ရိုဟင်ဂျာတွေ မြေပြင်အခြေအနေက ၂၀၁၇ တုန်းက ထွက်ပြေးခဲ့ရတဲ့ အခြေအနေထက်တောင် အာဏာသိမ်းပြီးနောက်ပိုင်း ပိုဆိုးသွားတယ်။ အဲဒီအခြေအနေမှာ ရိုဟင်ဂျာတွေကို ပြန်ခေါ်ဖို့ဆိုတာက လက်တွေ့ဖြစ်နိုင်ခြေ မရှိပါဘူး။ အခုလည်း လက်တစ်ဆုပ်စာ သူတို့ထိတွေ့မှုရှိတဲ့ ဒေသတွင်းသံတမန်တွေကို ခေါ်ပြတယ်ဆိုတာက နိုင်ငံတကာရဲ့ဖိအား လျော့နည်းသွားမလားဆိုပြီး လုပ်တာဖြစ်နိုင်သလို စကစ သံခင်းတမန်ခင်းမှာ အကြီးအကျယ် ကျရှုံးလာတာကို ပြန်နာလန်ထူဖို့ ကြိုးစားတဲ့ ဟန်ပြလုပ်ရပ်သာ ဖြစ်တယ်” ဟု ၎င်းက ပြောသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)