ရုပ်ပုံလွှာ

ရက်ပ်သီချင်းဖြင့် တော်လှန်ပုန်ကန်သူ မြို့ပြပြောက်ကျားတစ်ဦး၏ နောက်ဆုံးနေ့များ

ဟစ်ဟော့တေးဂီတကို ရူးသွပ်သည့် ရန်ကုန်မြို့မှ အသက် ၁၈ နှစ်အရွယ် လူငယ်တစ်ဦးသည် စစ်တပ်အာဏာသိမ်းချိန်တွင် သီချင်းသွင်းသည့် စတူဒီယိုခန်းထဲမှ ထွက်လာပြီးနောက် အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုများကို အသက်သေဆုံးသည်အထိ ပြုလုပ်သွားခဲ့သည်။

ဟစ်ဟော့တေးဂီတကို ရူးသွပ်ကြသည့် လူငယ်များထဲတွင် ရန်ကုန်မြို့က မင်္ဂလာတောင်ညွန့်သား ကိုကောင်းမင်းသန့်လည်း အပါအဝင်ဖြစ်သည်။

FL3xx ဆိုသည့် အနုပညာအမည်ဖြင့် ဟစ်ဟော့သီချင်းများ၊ လက်တန်းစပ်ဆိုသည့် Rap များရေးဖွဲ့ရင်း၊ အောင်မြင်သည့် ဟစ်ဟော့အဆိုတော်တစ်ယောက်ဖြစ်လာရန်အတွက် သူ့တွင်လည်း ရည်မှန်းချက်အပြည့်ရှိခဲ့သည်။

၂၀၂၁ စစ်တပ်အာဏာသိမ်းတော့ FL3xx ရဲ့အသက်က ၁၈ နှစ်ခန့်သာ ရှိသေးသည်။ FL3xx က သူ၏အနုပညာအိပ်မက်များကို စွန့်လွှတ်ပြီး စစ်ကောင်စီကို ဖြုတ်ချရန် ဆုံးဖြတ်လိုက်သည်။

သီချင်းသွင်းသည့် စတူဒီယိုခန်းထဲမှ ရန်ကုန်မြို့၏လမ်းမများပေါ်ထွက်လာပြီး အခြားသောဆန္ဒပြလူငယ်များနှင့် ပူးပေါင်းခဲ့သည်။ သူ့လက်ထဲက မိုက်ကရိုဖုန်းမှတစ်ဆင့် Rap သီချင်းများအစား အာဏာရှင်ဆန့်ကျင်ရေးကြွေးကြော်သံများထွက်လာသည်။

သည်လိုနှင့် FL3xx တစ်ယောက် Rap သီချင်းဆိုသည့် လူငယ်တစ်ယောက်အဖြစ်မှ စစ်ကောင်စီကို တော်လှန်ပုန်ကန်သည့် မြို့ပြပြောက်ကျားအဖွဲ့ဝင် လူငယ်အဖြစ် နေ့ချင်းညချင်း ရောက်သွားခဲ့သည်။

၂၀၂၃ အတွင်း မဲဆောက်မြို့တွင် တွေ့ရသော ကောင်းမင်းသန့်။ (ဓာတ်ပုံ- ပေးပို့)

ရန်ကုန်တွင် ဆန္ဒပြပွဲများ အကြီးအကျယ်ဖြစ်နေချိန် ၂၀၂၁ ဖေဖော်ဝါရီနှင့် မတ်လအစောပိုင်းကာလများတွင် FL3xx သည် သူနေထိုင်ရာ မင်္ဂလာတောင်ညွန့်နှင့် ကပ်လျက် ပုစွန်တောင်မြို့နယ်တွင် နေထိုင်သည့် အသက် ၄၀ အရွယ် ကိုအေးချမ်း (အမည်လွှဲ) နှင့် ဆန္ဒပြပွဲများ၌ ရင်းနှီးလာကြသည်။

အသက်ချင်းကွာသော်လည်း ယုံကြည်ချက်တူကြသည့် သူတို့နှစ်ယောက်က တတွဲတွဲဖြစ်လာသည်။ FL3xx က စစ်ကောင်စီပြုတ်ကျရေး အဆုံးအထိတိုက်ပွဲဝင်ရန် ရည်မှန်းထားပုံရပြီး စိတ်ဓာတ်လည်း ပြင်းထန်ကာ အပင်ပန်းလည်းခံနိုင်သည့် လူငယ်တစ်ယောက်ဟု ကိုအေးချမ်းက မှတ်ချက်ပေးသည်။

“သပိတ်တွေလုပ်ရင် သူကရှေ့က ကင်းထောက်လည်းလုပ်တယ် ဝင်လည်းဆန္ဒပြတယ် ဝန်ကြီးများရုံးလို လမ်းမလိုနေရာတွေမှာ စာရေးကြမယ်ဆိုလည်း တစ်ညလုံးမအိပ်ဘဲ သွားရေးတယ်” ဟု ကိုအေးချမ်းက ပြန်ပြောင်းပြောပြသည်။

အိမ်ထောင်ကွဲမိသားစုတွင် ကြီးပြင်းလာရသူဖြစ်ပြီး လူမှန်းသိတတ်စကတည်းက အဘွားနှင့် ကြီးပြင်းခဲ့ရသည်ဟု FL3xx ဘဝတစ်စိတ်တစ်ပိုင်းကို ကိုအေးချမ်းထံမှ သိခွင့်ရခဲ့သည်။

ရန်ကုန်မြို့မှ ဆန္ဒပြလူငယ်များက ပုဇွန်တောင်-ဗိုလ်တထောင်လူငယ်များသပိတ်ကော်မတီ (PBYSC) ကို ဖွဲ့စည်းခဲ့ကြပြီး ကိုအေးချမ်းနှင့် FL3xx လည်း အဖွဲ့ဝင်များဖြစ်လာခဲ့ကြသည်။

ရန်ကုန်မြို့မှ ဆန္ဒပြသူများကို ဖိနှိပ်ပစ်ခတ်သတ်ဖြတ်နေချိန်တွင် PBYSC သပိတ်ကော်မတီက ဆန္ဒပြပွဲများ မရပ်တန့်ဘဲ မရရသည့်နည်းဖြင့် တော်လှန်ကြရန် ဆုံးဖြတ်ခဲ့ကြသည်။ ပြောက်ကျားသပိတ်ဟု အမည်ပေးထားသည့် ရုတ်တရုက်ပေါ်လာပြီးနောက် ဆန္ဒပြပွဲများပြုလုပ်ကာ ချက်ချင်းလူစုခွဲသည့်နည်းဖြင့် ၎င်းတို့က စစ်ကောင်စီကို ဆက်လက်တော်လှန်ကြသည်။

“ဘာတွေလဲ ရန်ကုန်သားတွေ” ဟု ဘန်နာစာတန်းတွင် ရေးထားသည့် ဆန္ဒပြပွဲစီစဉ်ခဲ့စဉ်။ (ဓာတ်ပုံ-ပေးပို့)

သူတို့၏စုရပ်က ဗိုလ်တထောင်မြို့နယ် ၄၄ လမ်းက တိုက်ခန်းတစ်ခုတွင်ဖြစ်ပြီး ပြောက်ကျားသပိတ်အပြင် စစ်ကောင်စီပစ်မှတ်များကို ဖောက်ခွဲတိုက်ခိုက်သည့် နည်းများဖြင့်လည်း မြို့ပြပြောက်ကျားတော်လှန်ရေးကို အသက်သွင်းကြသည်။

လနှင့်ချီကြာ လျှို့ဝှက်လှုပ်ရှားနေကြရင်း ၂၀၂၁ ဩဂုတ် ၈ ရက်တွင် ရန်ကုန်မြို့၊ မဟာဗန္ဓုလလမ်းနှင့် ဘုန်းကြီးလမ်းထောင့်ရှိ ရဲကင်းတစ်ခုကို ကိုအေးချမ်းတို့က ဖောက်ခွဲတိုက်ခိုက်ခဲ့ပြီး ခြေရာဖျောက်နေခဲ့လိုက်သည်။

နောက်တစ်ရက်အကြာတွင် သူတို့အသုံးပြုသည့် Taxi အငှားယာဉ်ကို CCTV လုံခြုံရေးကင်မရာများမှတစ်ဆင့် စစ်ကောင်စီက ခြေရာခံမိသွားခဲ့သည်။ အငှားယာဉ်မောင်းရော၊ စစ်ကောင်စီတပ်များက FL3xx တို့အဖွဲ့ ၄၄ လမ်းတွင် နေထိုင်သည်ကို ခြေရာခံမိခဲ့သော်လည်း တိုက်ခန်းနံပါတ်ကို အတိအကျမသိကြ။

ထိုနေ့က ၄၄ လမ်းတစ်ဝိုက် နေရာ ၅ ခုတွင် ဗုံးပေါက်ကွဲခဲ့ပြီး စစ်ကောင်စီက တစ်လမ်းလုံးကို ပိတ်ဆို့လိုက်သည်။ ပေါက်ကွဲမှုက စစ်ကောင်စီတပ်လက်ချက်ဟု ကိုအေးချမ်းတို့က ယုံကြည်သည်။ ၄၄ လမ်းကို ပိတ်ဆို့ထားချိန်တွင် ကိုအေးချမ်းက တိုက်ခန်းတွင်မရှိဘဲ အပြင်ရောက်နေခဲ့သည်။

တိုက်ခန်းထဲမှ FL3xx တို့အဖွဲ့ထဲမှ လူငယ်တစ်ယောက်က လမ်းထဲမှ စစ်ကောင်စီတပ်၏ အခြေအနေကို ကြည့်ရန် တိုက်အောက်ဆင်းပြီး ကင်းထောက်ခဲ့သည်။ ထိုလူငယ်ကို စစ်တပ်က ဖမ်းလိုက်ပြီး တိုက်ခန်းလိပ်စာကို ရသွားခဲ့သည်။

“(စစ်တပ်က ဝင်) စီးပြီဆိုတာ သိရချိန် ယောက်ယက်ခတ်နေတာ။ ဒီကောင်တွေက ပတ်ပတ်လည်ချထားတော့ သွားကယ်လို့လည်း မရဘူး” ဟု ကိုအေးချမ်းက ပြောသည်။

ခဏကြာတော့ စစ်တပ်ဖမ်းတာမခံဘဲ တိုက်ခန်းထဲမှ လူ ၆ ယောက် ခုန်ချလိုက်ကြသည်ဟု သတင်းများ တက်လာသည်။

“ခုန်ချတဲ့အထဲ FL3xx လည်း ပါတယ် မလှုပ်တော့ဘူးတွေတွေ့တယ်၊ ရင်ကွဲတာပေါ့ဗျာ” ဟု ကိုအေးချမ်းက ပြောသည်။

၂၀၂၁ ဩဂုတ် ၁၀ ရက်က ၄၄ လမ်း အထပ်မြင့်တိုက်ပေါ်မှ ပြုတ်ကျအပြီး တွေ့ရသည့် မြင်ကွင်းတစ်ခု။

ထိုနေ့က စစ်တပ်အဖမ်းမခံဘဲ ခုန်ချသူ ၅ ဦးအနက် ၂ ဦးမှာ ပွဲချင်းပြီး ၃ ဦးကို ဒဏ်ရာများဖြင့် စစ်တပ်က ဖမ်းမိသွားသည်။ တိုက်ခန်းထဲမှ နောက်ထပ်တော်လှန်ရေးသမား ၃ ဦး၊ ကင်းထောက်လူငယ်နှင့် အငှားယာဉ်မောင်းတို့ကိုလည်း စစ်တပ်က ဖမ်းခဲ့သည်။ အမှုတွဲအဖြစ် နောက်ထပ်လူငယ် ၂ ဦးလည်း ထပ်အဖမ်းခံခဲ့ရသည်။ ၎င်းတို့ကို စစ်တပ်က ထောင်နှစ်ရှည် ချလိုက်သည်။

စစ်တပ်လက်ထဲရောက်သွားသည့် ရဲဘော်ရဲဘက်များအတွက် စိတ်ပူနေသည့် ကိုအေးချမ်းတစ်ယောက် FL3xx သတင်းကိုလည်း နားစွင့်နေခဲ့သည်။ ဖမ်းခံရလား၊ သတ်ဖြတ်ခံရလားဆိုသည်ကို သူ သေချာမသိခဲ့။

ဩဂုတ် ၁၁ နံနက်တွင် FL3xx က ကိုအေးချမ်းကို ဆက်သွယ်လာသည်။ စစ်သားများကို လှည့်စားပြီး သူ လွတ်မြောက်လာပုံကို FL3xx က ပြောပြခဲ့သည်။ စစ်တပ်က တိုက်ခန်းကို ဝင်စီးချိန်တွင် တစ်ညလုံး ခေါင်မိုးပေါ်တွင် ပုန်းအောင်းနေခဲ့ရပြီး ကံသီစွာလွတ်လာခဲ့သည်ဟု FL3xx က ရှင်းပြခဲ့သည်ဟု ကိုအေးချမ်းက ပြောသည်။

ခဏကြာတော့ လူချင်းတွေ့ကြပြီးနောက် ရန်ကုန်ကို စွန့်ခွာပြီး လွတ်မြောက်နယ်မြေမှ ရဲဘော်ရဲဘက်များဖြင့် ပူးပေါင်းရန် သူတို့ဆုံးဖြတ်လိုက်ကြသည်။ ရက်အနည်းငယ်ကြာတော့ ကရင်ပြည်နယ်ထဲမှ ကရင်အမျိုးသားအစည်းအရုံး KNU ထိန်းချုပ်နယ်မြေထဲ လျှို့ဝှက်ထွက်ခွာခဲ့ကြသည်။

“ကိုယ့်လူတွေ ကျဆုံးသွားပြီးနောက် တောထဲကျ လက်နက်ကိုင်တဲ့လမ်းစဉ်ကို မရွေးဖြစ်တော့ဘူး” ဟု ကိုအေးချမ်းက ပြောသည်။

မဲဆောက်မြို့ရှိ ဖျော်ဖြေပွဲတစ်ခုတွင် သီဆိုနေစဉ်။ (ဓာတ်ပုံ- ပေးပို့၊ အံ့မှူးမဟာ)

FL3xx တစ်ယောက် စစ်ကောင်စီစစ်ကြောရေးစခန်းတွင် မေးမည့် မေးခွန်းများကို မဖြေရအောင် ထွက်ပြေးနိုင်ခဲ့သော်လည်း တော်လှန်ရေးတပ်သားအချင်းချင်း မေးကြသည့်မေးခွန်းများကိုတော့ ရင်ဆိုင်ခဲ့ရသည်။ အချို့က စစ်ကောင်စီက သူ့ကို တမင်လွှတ်ပေးပြီး ဒလန်လုပ်ခိုင်းခြင်းလားဟု မေးခွန်းထုတ်ကြသည်။ လူရင်းများက သူ့အစားဖြေရှင်းခြင်းဖြင့် FL3xx ကို ကာကွယ်ပေးကြသည်။

KNU တပ်မဟာ ၇ တွင် FL3xx တို့ ၆ လခန့်နေပြီး အခြေခံစစ်သင်တန်းတစ်ခု တက်လိုက်သေးသည်။ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလတွင် နယ်စပ်ဖြတ်ပြီး ထိုင်းဘက်ခြမ်း မဲဆောက်ကို ကူးလာသည်။

မဲဆောက်တွင် FL3xx က ဘဝသစ် ပြန်စသည်။ သူ၏ချစ်သူနှင့် ဆုံခွင့်ရခဲ့သည်။ သူ ချစ်သည့် ဟစ်ဟော့သီချင်းများ သီဆိုခွင့်ရခဲ့သည်။

“သူဆိုတဲ့သီချင်းတိုင်းလည်း စစ်အာဏာရှင်ဆန့်ကျင်ရေးသီချင်းတွေပဲ” ဟု FL3xx ၏မိတ်ဆွေ မောင်စိမ့်က ပြောသည်။

ရေခြားမြေခြား၊ Rap တေးသွားများ

မဲဆောက်ရောက်တော့ FL3xx စပ်ဆိုသည့် Rap သီချင်းများက တော်လှန်ရေးကဲသည့် တေးသွားများဖြစ်လာခဲ့သည်။

စိတ်ကူးယဉ်အချစ်ဇာတ်လမ်းများအကြောင်း တွေးနေတတ်သည့် ဆယ်ကျော်သက်အရွယ် လူငယ်တစ်ယောက်၏ တေးသီချင်းများက သူရုန်းကန်ခဲ့ရသည့်ခေတ်အခြေအနေကြောင့် အရာရာပြောင်းလဲသွားခဲ့သည်။ သူသီချင်းများ ရေးတော့လည်း စစ်အာဏာရှင်တော်လှန်ရေးအကြောင်းအရာများသာ စာသားများထွက်ကျသည်။

၂၀၂၃ ဧပြီလအတွင်းက သူ၏ Facebook စာမျက်နှာမှတစ်ဆင့် လွှင့်တင်သည့် ဟစ်ဟော့သီချင်းတစ်ပုဒ်တွင် FL3xx က စစ်အာဏာရှင်ကို တော်လှန်ရန် စာသားများ ထည့်သွင်းစပ်ဆိုခဲ့ပြီး သံပြိုင် Chorus အပိုဒ်တွင် “တချို့တချို့တွေ နေနိုင်လွန်းတယ်” ဟု ထည့်သွင်းစပ်ဆိုခဲ့သည်။

ထိုစာသားက ဂန္တဝင်တေးရေးဆရာ ကိုနေဝင်းရေးပြီး တေးရေးဆရာနှင့် ဂီတာသမား ကိုရဲလွင်က သံစဉ်သွင်းကာ ခိုင်ထူးသီဆိုထားသည့် “နောက်ဆုံးအိမ်မက်” သီချင်းကို နားထောင်ပြီး ထွက်ကျလာသည့် သံစဉ်နှင့်စာသားများဖြစ်ကြောင်း FL3xx က သူ၏Facebook စာမျက်နှာတွင် ရေးသားခဲ့သည်။

“နောက်ဆုံးအိပ်မက်” သီချင်းသည် ၁၉၇၆ ခုနှစ်တွင် ဖြစ်ပွားခဲ့သည့် “မှိုင်းရာပြည့်ကျောင်းသားအရေးအခင်း” နှင့် ဆက်စပ်ပြီး ရေးသားသည်ဟု ယုံကြည်ခဲ့ကြပြီး အစဉ်အဆက်အာဏာရှင်တော်လှန်ရေးသမားများအကြားတွင် ထင်ရှားသည့်သီချင်းဖြစ်သည်။

မဲဆောက်မြို့တွင် မောင်စိမ့်တို့စီစဉ်သည့်ပွဲများ၌ FL3xx က သီချင်းဆိုသည်။ အခြားရပ်ပ်ပါများနှင့်လည်း တွဲပြီး စစ်အာဏာရှင်ဆန့်ကျင်ရေးသီချင်းများ ဖန်တီးသည်။ FL3xx ပုံစံက ဆံပင်အပွနှင့် တစ်ကိုယ်လုံး တက်တူးအပြည့် ထိုးထားသည်။ အဝတ်ပွပွများ ဝတ်ဆင်တတ်ပြီး ဆောင့်ကြွားကြွားဆန်သည်ဟု မောင်စိမ့်က ပြောသည်။

ဖျော်ဖြေပွဲအပြီး အာဏာရှင်ဆန့်ကျင်ရေး အမှတ်လက္ခာဏာဖြစ်သော လက် ၃ ချောင်းသင်္ကေတဖြင့် Felxx နှင့် သူငယ်ချင်းများ။ (ဓာတ်ပုံ- အံ့မှူးမဟာ)

“ဘယ်သူ့မှ ဂရုမစိုက်ဘူးဆိုတဲ့ပုံစံနဲ့ ရှင်သန်လာတာ” ဟု မောင်စိ့မ်က ပြောသည်။ သူနှင့်လည်း အသက်ကွာဟမှုကြောင့် အမြင်မတူသည့်အခါမျိုးတွင် စကားများရသည်များ ရှိသည်။

“သူ မှန်တယ်ထင်တာ သူ ပြောတယ်၊ သူ မှားတယ်လို့ ထင်ရင်လည်း တောင်းပန်ဖို့ ဝန်မလေးတဲ့ကောင်ပဲ” ဟု မောင်စိမ့်က ဆိုသည်။

မဲဆောက်မြို့သို့ ရောက်ပြီး မကြာခင်မှာပင် စစ်တပ်ရန်ကြောင့် တိမ်းရှောင်လာရသည့် ရပ်ပ်ရွတ်သည့် ရပ်ပါလူငယ်များနှင့် FL3xx အဖွဲ့ ကျသွားသည်။ ရပ်ပ်သီချင်းတစ်ပုဒ် အတူလုပ်ကြရင်းက အဖွဲ့တစ်ဖွဲ့ကို အတူဖွဲ့သည်။ သီချင်းအတူလုပ်၊ ဘောလုံးအတူကန်ကြသည်။

“အကုန်လုံးက ပြည်ပြေး၊ သီချင်းလုပ်နေတဲ့သူတွေဆိုတော့ အတူတူ Share ဖြစ်တယ် အခုမှ စလုပ်ပေမဲ့ ကိုယ့်ကောင်တွေကတော့ ကောင်းတယ်ဗျာ ခံယူချက်နဲ့ စိတ်ဓာတ်တွေက မိုက်ပြီးသား Skills ကတော့ မြှင့်လို့ ရပါတယ်” ဟု FL3xx နှင့် ရင်းနှီးသည့် ရပ်ပ်ပါလူငယ် Razzi က ပြောသည်။

အသက် ၂၈ နှစ်အရွယ်ရှိ Razzi သည် မဲဆောက်မြို့နယ်တွင် နေထိုင်ပြီး စစ်အာဏာရှင်တော်လှန်ရေးလှုပ်ရှားမှုများတွင် ပါဝင်နေသည်။ မကြာသေးမီက Fuck that Election အမည်ရ ရပ်ပ်သီချင်းတစ်ပုဒ် ထွက်ရှိထားပြီး စစ်အာဏာရှင်တော်လှန်ရေးစာသားများပါဝင်သည့် ထိုသီချင်း Music Video တွင် အဆိုတော် နိုဗန်ထူးအပါအဝင် မဲဆောက်မြို့ရှိ စစ်အာဏာရှင်တော်လှန်နေသော အနုပညာသမားများ ပါဝင်ထားသည်။

FL3xx တွင် မထုတ်ရသေးသော သီချင်းအကြမ်းများ ရှိနေသေးသည်။ အုပ်စုလိုက်ရော တစ်ဦးချင်း Solo Album ထွက်ရန်ပါ သူ ကြိုးစားနေသည်။ သူ့သူငယ်ချင်းများက FL3xx အမှတ်တရအခွေ ထုတ်ပေးရန် စီစဉ်နေသည်။

“သူ့ကို ချစ်ခင်တဲ့သူတွေ နားထောင်လို့ရအောင် အမြန်ဆုံးထုတ်တော့မယ် ပိုကြမ်းတဲ့ဟာတွေ ၅-၆ ပုဒ်လောက်တော့ ရှိတယ်” ဟု Razzi က ပြောသည်။

အာဏာသိမ်းပြီးနောက် တိုင်းပြည်အခြေအနေများ၊ လူမှုစီးပွားအခက်အခဲများကို FL3xx က သီချင်းများ ရေးထားသည်။ “Art Strike ခေါ် အနုပညာဖြင့် တော်လှန်ခြင်းဖြစ််သည်ဟု သူက ဆက်ပြောသည်။

“Hip Hop က နဂိုကတည်းက တော်လှန်ဂီတပဲ သူ Hip Hop နဲ့ ဆက်ပြီးတော်လှန်တယ် ဒါပါပဲ” 

FL3xx ၏ နောက်ဆုံးနေ့ရက်များ

၂၀၂၃ ဒီဇင်ဘာ ၃၁ ၊ နှစ်သစ်ကူးညတွင် တော်လှန်ရေးမိတ်ဆွေ ကိုအေးချမ်းအိမ်သို့ FL3xx ရောက်လာသည်။ သူ မွန်းကျပ်နေ၍ လာဦးမည်ဟု FL3xx က ကိုအေးချမ်းကို စာပို့သည်။ သူမျက်လုံးတွေ ကြည့်ရ ဝါးနေသည်ဟု ပြောသည်။ အိပ်နေရင်း အကြောတွေတောင့်ပြီး လန့်နိုးလာသည်ဟု FL3xx က ရင်ဖွင့်ခဲ့သည်။

ထိုညတွင် တပ်မဟာ ၇ တွင် ရှိစဉ်က ခင်မင်ခဲ့သော သူငယ်ချင်းအားလုံးကို Facebook မှ Group call ခေါ်သည်။ သီချင်းများ အတူ အော်ဆိုကြသည်။ Happy New Year ဆိုပြီး နှစ်သစ်ကို ကြိုဆိုကြသည်။ ကျန် သူ ခင်သည့်လူများကို ဖုန်းပတ်ခေါ်သည်။

ထိုညက FL3xx ချောင်းတအားဆိုးနေ၍ အိပ်မရ။ လည်ချောင်းယားသည် ပြောတော့ ရေနွေးကြမ်းနှင့် ဆေးတိုက်သည်။ သူကြိုက်သည့် ချဉ်ပေါင်ကြော်နှင့် ထမင်းစားသည်။ ထလိုက် ထိုင်လိုက်ဖြစ်နေ၍ ကိုအေးချမ်းက သူ့ကို အိပ်ယာတစ်ခု စီစဉ်ပေးသည်။ ထိုညက နှစ်ဦးစလုံး ကောင်းစွာမအိပ်ရ။

မနက်လင်းတော့ သူ့အတွက် ရေ ၂ လီတာဘူး ထားပေးခဲ့ပြီး ကိုအေးချမ်းက ကားထွက်ဆွဲသည်။ အော်ဒါလိုက်ပြီး ပြန်လာတော့ FL3xx တစ်ယောက် ခုတင်ပေါ်ထိုင်နေသည်။ ကိုယ်လက်သန့်စင်ပြီး ပြန်ထွက်လာတော့ FL3xx ခေါင်းက အပေါ်ကိုလန်နေသည်။ အရေးပေါ်အခြေအနေဖြင့် မဲဆောက်မြို့ မှ ရွှေ့ပြောင်းမြန်မာများအားကိုးရာ မယ်တော်ဆေးရုံကို မောင်းသည်။

မဲဆောက်ဆေးရုံကြီးကို တင်မည်ဆိုပါက ဘတ်ငွေ ၂ သောင်း စရန်တင်ရမည်။ တရားဝင်နေထိုင်သူတစ်ဦးက ထောက်ခံချက် ပေးရဦးမည်။ 

“မယ်တော်ဆေးခန်းမှာ စစ်ဆေး၊ အောက်ဆီဂျင်ပေးနေချိန် ဒီဘက်မှာ ကျွန်တော်တို့က ဆေးရုံကြီးပို့ဖို့ ပိုက်ဆံရှာနေရတယ်” ဟု ကိုအေးချမ်းက ပြောသည်။ ကူကြပါရန် ရင်းနှီးသူများကို စာပို့၊ ဖုန်းဆက်သည်။ ငွေက ချက်ချင်းမရသေး။ FL3xx  က သူငယ်အိမ်ကျယ်နေပြီ ခြေလက်များ အကြောဆိုင်းနေပြီ။

“ကျောက်ကပ်ပျက်စီးနေတာ ရှင်တို့.. မသိဘူးလားဆိုပြီး ကျွန်တော်တို့ကို (မယ်တော်ဆေးခန်းက) ဆူတယ်၊ ကျွန်တော်တို့ဆီ ညကမှ ရောက်လာတာ မသိလို့ပါလို့။ နောက်ထပ် တက်တယ်” ဟု သူက ဆက်ပြောသည်။

မယ်တော်ဆေးခန်းက ကုသမပေးနိုင်တော့သည့်အခြေအနေဖြစ်နေတာ ကိုအေးချမ်းတို့ ရိပ်စားမိလာသည်။

ကားပေါ် ပြန်တင်ပြီး မဲဆောက်ဆေးရုံသို့ မောင်းသည်။ ကိုအေးချမ်းမျက်လုံးတို့ ပြာဝေနေသည်။ ဘတ်နှစ်သောင်း ကူညီကြပါရန် အကူအညီပတ်တောင်းသည်။

ခဏနေတော့ အလှူရှင်တစ်ဦးပေါ်လာသည် ရောက်အောင်သာသွား ဟိုရောက်ရင် Scan ပို့လိုက်ဟု ဆိုလာသည်။ ဝမ်းသာချိန်မရလိုက် FL3xx က ထပ်တက်သည်။ နီးရာ ကားထိုးရပ်လိုက်ပြီး ပြုစုကြသော်လည်း အချိန်မမီတော့ပေ။ FL3xx တစ်ယောက် လူ့လောကမှ ထွက်ခွာသွားလေပြီ။

“ကမ္ဘာပျက်သလိုပါပဲဗျာ အော်လိုက်ဟစ်လိုက် ကားမောင်းလိုက် ဖုန်းတွေပတ်ဆက်လိုက်နဲ့ ကားတောင် အတော် ဂရုစိုက်မောင်းရတယ်”

စစ်တပ် အာဏာသိမ်းလိုက်ကတည်းက FL3xx တစ်ယောက် အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုများတွင် ကိုအေးချမ်းနှင့်အတူ တက်တက်ကြွကြွပါဝင်ခဲ့သည်။ အတူသွား၊ အတူစား၊ အတူငတ်၊ အတူပြေးရလွှားရပြီး အတူပင် ပျော်ခဲ့ကြသည်။

၃ နှစ်တာအတွင်း အဖြစ်အပျက်တို့ မြန်ဆန်လွန်းသည်။

FL3xx နာရေးအခမ်းအနား (ဓာတ်ပုံ-အံ့မှူးမဟာ)

FL3xx ကို ရောဂါဖြစ်ကတည်းက သိပြီး ဆေးရုံကြီးသာ ပြနိုင်ခဲ့လျှင်ဆိုသည့် အတွေးတို့က ကိုအေးချမ်းကို ယူကျုံးမရဖြစ်စေသည်။ သို့သော် မြေခြားမှာ တရားမဝင်နေရသည့်ဘဝများက ထင်မထားလောက်အောင် ခက်ခဲလွန်းသည်။ ကျန်းမာရေးကိစ္စဖြစ်လျှင်တောင် ဆေးခန်းမပြရ၊ ပြဖို့လည်း ပိုက်ဆံမရှိ၊ မယ်တော်ဆေးခန်းမှာသာ တိုးဝှေ့တန်းစီကုရသည်။

ပုစွန်တောင်-ဗိုလ်တထောင်လူငယ်များသပိတ်ကော်မတီ (PBYSC) မှ အဖွဲ့ဝင်များ အခုဆို သေသူများက သေ၊ ထောင်ထဲရောက်သူများရောက်နှင့် ဘဝတွေ ပြောင်းလဲကုန်ကြပြီ။ ကိုအေးချမ်းအဖို့ စိတ်တူကိုယ်တူလူရင်းများ ကုန်သလောက်ဖြစ်သွားခဲ့ပြီ။ မသေဘဲ၊ အဖမ်းမခံရဘဲ အတူကျန်သည့် FL3xx လည်း ၄၄ လမ်းတိုက်ပေါ်မှ ခုန်ချခဲ့သည့်ရဲဘော်များနောက် လိုက်သွားလေပြီ။

တစ်ဖက်ကမ်းတွင် သူတို့တွေ့နေကြမည်လား။ ဘာအကြောင်းတွေ ပြောဖြစ်ကြမလဲ။ ကျန်ခဲ့သူအဖို့မှာ လူက နေသော်လည်း စိတ်က သေနေသည်။

“ကျွန်တော်တစ်ယောက်ပဲ ကျန်ခဲ့တယ်ဗျာ တစ်ခါခါ တွေးမိတာ ငါလည်း ထွက်သွားချင်ပြီပေါ့” ဟု ကိုအေးချမ်းက ပြောသည်။

FL3xx နာရေးအခမ်းအနားမြင်ကွင်း။

တစ်ချိန်က ရန်ကုန်မြို့လမ်းမများထက်တွင် ရည်မှန်းချက်အပြည့်ဖြင့် Rap သီချင်းများ ရေးစပ်နေသည့် ဆယ်ကျော်သက်လူငယ်တစ်ယောက်သည် ခေတ်ဝန်ကို ထမ်းရန် သူ၏အိပ်မက်များကို စွန့်လွှတ်ရုံသာမက ဘဝနှင့် အသက်ကိုပါ စတေးပစ်ခဲ့သည်။

HipHop ရော၊ တော်လှန်ရေးကိုပါ ယုံကြည်သူ FL3xx က သူ၏ Facebook စာမျက်နှာတွင် အောက်ပါအတိုင်း ရေးထိုးထားခဲ့သည်။

“Hip Hop ဆိုတာ တော်လှန်ခြင်း အနှစ်ပါမှ….မြိုင်တာ စစ်ဖိနပ်အောက်က ကောင်တွေရဲ့”

Show More

Related Articles

Back to top button