ရုပ်ပုံလွှာ

စစ်အာဏာသိမ်းမှုကို လက်မခံခဲ့သည့် ဝင်းနိမ္မိတာရုံဆရာတော်

မန္တလေးတိုင်းအတွင်း ပစ်သတ်ခံရသည့် ဝင်းနိမ္မိတာရုံဆရာတော်သည် စာပေကျမ်းဂန် သိမြင်နှံ့စပ်သည်သာမက ပြည်သူတို့ ခေတ်ဆိုးစနစ်ဆိုးနှင့် ကြုံတွေ့နေရခြင်းကိုလည်း စာနာနားလည်ခဲ့သူဖြစ်သည်။

ပဲခူးတိုင်း၊ ပဲခူးမြို့၊ ကလျာဏီရပ်ကွက်ရှိ ဝင်းနိမ္မိတာရုံကျောင်းတိုက် ပဓာနနာယကဆရာတော်ရုပ်အလောင်းကို ကျောင်းတိုက်အတွင်း ပြန်သယ်လာချိန်သည် ဇွန်လ ၂၀ ရက် နံနက် ၄ နာရီ မိုးသောက်ယံဖြစ်သည်။

ဆရာတော်၏ ရုပ်အလောင်းကို နီညိုရောင်သင်္ကန်းရုံထားသည့် ကိုရင်ငယ်လေးများက တန်းစီ၍ လက်အုပ်ချီကာ ကြိုဆိုနေကြသည်။

ကိုရင်ငယ်လေးများ၏ မျက်နှာတွင် ဝမ်းနည်းမှုအရိပ်အယောင်များ ထင်ဟပ်နေသလိုပင်။

၎င်းတို့၏ ဆရာဖြစ်သည့် ဝင်းနိမ္မိတာရုံကျောင်းတိုက် ပဓာနနာယကဆရာတော် အရှင်မုနိန္ဒာဘိဝံသသည် မန္တလေးသို့ ရွှေကျင်ဂိုဏ်းအစည်းအဝေးသွားတက်စဉ် ဇွန်လ ၁၉ ရက်နေ့တွင် သေနတ်ဖြင့် ပစ်သတ်ခံရသဖြင့် ရုတ်တရက်ကွယ်လွန်သွားရသောကြောင့်ဖြစ်သည်။

ဝင်းနိမ္မိတာရုံကျောင်းတိုက်မှ ဦးဇင်းတစ်ပါးကလည်း “ရွှေတောင်ကြီးပြိုသလိုပေါ့။ ခြေမကိုင်မိ၊ လက်မကိုင်မိပေါ့။ ခေါင်းတွေလည်း နောက်ကုန်တာပေါ့။ ဒကာကြီးရယ်” ဟု Myanmar Now ကို မိန့်သည်။

ဝင်းနိမ္မိတာရုံဆရာတော်၏ ရုပ်အလောင်းကို ကိုရင်များကြိုဆိုနေခြင်း (ဓာတ်ပုံ – ဝင်းနိမ္မိတာရုံကျောင်းတိုက် Facebook)

ကြီးမားသည့်ဆုံးရှုံးခြင်း

ဝင်းနိမ္မိတာရုံဆရာတော်သည် ဝါတော် ၅၇၊ သက်တော် ၇၈ နှစ်တွင် ပျံလွန်တော်မူသွားခြင်းဖြစ်သည်။

ဝင်းနိမ္မိတာရုံဆရာတော်နှင့် ပတ်သက်၍ လူသိနည်းကြသည့် အကြောင်းမှာ ဆရာတော်သည် စစ်တပ်အာဏာသိမ်းမှုကို လက်မခံဟု ကြေညာခဲ့သည့် ဖြစ်ရပ်ပင်။

စစ်တပ်အာဏာသိမ်းမှုဖြစ်ပြီးနောက် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ပဲခူးမြို့အခြေစိုက် စာသင်တိုက် ၁၁ တိုက်၏ စစ်အာဏာသိမ်းမှုကို လက်မခံကြောင်း ပူးတွဲကြေညာချက်တစ်စောင်ထွက်ပေါ်ခဲ့ဖူးပြီး ကြေညာချက်တွင် ပထမဆုံးလက်မှတ်ထိုးခဲ့သူမှာ ဝင်းနိမ္မိတာရုံကျောင်းတိုက်ဆရာတော် အရှင်မုနိန္ဒာဘိဝံသ ဖြစ်သည်။

အဆိုပါကြေညာချက်တွင် “မြင့်ရာသို့ ပို့ဆောင်နိုင်သော ဓမ္မအလင်းရောင် ထွန်းပြောင်ပါစေ။ တာဝန်ရှိသူများသည် မေတ္တာ၊ ကရုဏာ၊ ပညာတရားများ ကြီးကြီးမားမားထား၍ ဓမ္မလမ်းကြောင်း မတိမ်းစောင်းအောင် ထိန်းကျောင်း ဆောင်ရွက်နိုင်ပါစေ” ဟု ရေးသားထားသည်။

ဝင်းနိမ္မိတာရုံဆရာတော်လက်မှတ်ထိုးထားသည့် အာဏာသိမ်းမှုကို လက်မခံကြောင်း ကြေညာစာ (ဓာတ်ပုံ – ဝင်းနိမ္မိတာရုံကျောင်းတိုက် Facebook)

ဆရာတော်သည် ၂၀၂၂ ခုနှစ်က ပြုလုပ်သည့် တရားပွဲတစ်ခုတွင်လည်း လက်ရှိမြန်မာနိုင်ငံတွင် ဖြစ်ပွားနေသည့် အခြေအနေများအပေါ် စိတ်မချမ်းမသာဖြစ်ရကြောင်း မိန့်ခဲ့ဖူးသည်။

“အပြင်မှာ တွေ့ကြုံနေရတဲ့ ဒကာဒကာမတွေ၊ နိုင်ငံသူနိုင်ငံသားတွေ တွေ့ကြုံနေရတဲ့ ဆင်းရဲဒုက္ခတွေ သောကဗျာပါဒတွေကို တွေ့ရမြင်ရတဲ့အခါမှာ မခံစားနိုင်ဘူး။ စိတ်ထဲမှာ တော်တော်ကို ပြင်းပြင်းပြပြ ဝေဒနာခံစားရပါတယ်။ ကိုယ်လည်း ဘာမှမတတ်နိုင်တဲ့အခြေအနေမျိုး” ဟု ဆရာတော်က မိန့်သည်။

ထိုကဲ့သို့သောအခြေအနေတွင် စာသင်သားရဟန်များကို စာပေသင်ကြားပို့ချခြင်း၊ ဗုဒ္ဓဘာသာကျမ်းစာများ ရေးသားခြင်းနှင့် ရွတ်ဖတ်သင့်သည့် သုတ္တန်များ ရွတ်ဖတ်ခြင်းတို့တွင်သာ စိတ်နှစ်ထားရကြောင်း ဆရာတော်က ရှင်းပြသည်။

မြန်မာနိုင်ငံတွင် မဖြစ်သင့်မဖြစ်ထိုက်သည့် အခြေအနေများကြုံနေရခြင်းသည် ဗုဒ္ဓဘာသာဝင်များ ဗုဒ္ဓ၏အဆုံးအမအတိုင်း လိုက်နာကျင့်သုံးမှုမရှိခြင်းကြောင့်ဖြစ်ကြောင်း ဝင်းနိမ္မိတာရုံဆရာတော်က မှတ်ချက်ပြုထားသည်။

ဝင်းနိမ္မိတာရုံဆရာတော်ပျံလွန်သွားသဖြင့် ၎င်း၏ တပည့်များနှင့် ထင်ရှားသည့် ဗုဒ္ဓဘာသာရဟန်းတော်များကလည်း ကြီးမားသည့် ဆုံးရှုံးမှုဟု ဆိုကာ ဝမ်းနည်းနေကြသည်။ ဆရာတော်သည် ပဲခူးတိုင်း၊ သနပ်ပင်မြို့နယ် ကုက္ကိုလ်ရွာတွင် မွေးဖွားခဲ့သူဖြစ်ပြီး မိဘများမှာ ဦးထွန်းရွှေနှင့် ဒေါ်ကျေးရင် ဖြစ်သည်။

သာသနာရေးဆောင်ရွက်မှု

ဝင်းနိမ္မိတာရုံဆရာတော်သည် ဝိနယာဓိက ပရိယတ္တိ ပထမကျော်၊ နိုင်ငံတော်အစိုးရ ပထမကျော်၊ သကျသီဟ၊ စေတိယင်္ဂဏ၊ အစိုးရဓမ္မာစရိယ၊ အင်္ဂုတ္တရနိကာယပါဠိပါရဂူ၊ ဒီဃဘာဏက၊ အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတ၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ စသည့်ဘွဲ့များ ရရှိထားသည့်သူဖြစ်သည်။

မြန်မာနိုင်ငံဗုဒ္ဓဘာသာ ဘုန်းကြီးလောက၌ လေးစားထိုက်သော ဘွဲ့ဖြစ်သည့် မန္တလေး သကျသီဟ အဘိဝံသဘွဲ့နှင့် ရန်ကုန် စေတိယင်္ဂဏ အဘိဝံသ ၂ ခုလုံး အောင်မြင်ထားသည့် ရှားရှားပါးပါးဆရာတော်များထဲတွင် ပါဝင်သည်။

ထို့ပြင် ဗုဒ္ဓ၏ တရားတော်များကို ပြန်လည်စုစည်းထားသည့် ပိဋကတ်တော် ၃ ခုရှိသည့်အနက် သုတ္တန်ပိဋကတ် ဒီဃနိကာယ၊ တစ်နည်းအားဖြင့် ပိဋကတ်တစ်ပုံကို အာဂုံဆောင်နိုင်သူလည်းဖြစ်သည်။

ဆရာတော်သည် ပဲခူးမြို့ ကြခတ်ဝိုင်းကျောင်းတိုက်တွင် တိုက်အုပ်ဆရာတော်အဖြစ် တာဝန်ယူစဉ်ကတည်းက စာသင်သားများကို စာသင်စာချပေးခဲ့ပြီး ဝင်းနိမ္မိတာရုံကျောင်းတိုက်တည်ထောင်သောအခါတွင်လည်း စာသင်စာချအလုပ်နှင့် ဗုဒ္ဓဘာသာဆိုင်ရာ ကျမ်းစာများရေးသည့်အလုပ်ကို ဆက်လုပ်ခဲ့သူဖြစ်သည်။

ဝင်းနိမ္မိတာရုံဆရာတော်နှင့်အတူ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့တွင် အတူအလုပ်လုပ်ခဲ့ဖူးပြီး ညီနောင်ကဲ့သို့ ဆက်ဆံရေးရှိသည့် ပဲခူးသာမဏေကျော်ကျောင်းတိုက်ဆရာတော် ဒေါက်တာဘဒ္ဒန္တဝိစက္ခဏာ လင်္ကာရာဘိဝံသကလည်း ဝင်းနိမ္မိတာရုံဆရာတော် ပျံလွန်တော်မူခြင်းသည် သာသနာအတွက်သာမက တိုင်းပြည်အတွက်ပါ နစ်နာဆုံးရှုံးရကြောင်း Myanmar Now ကို မိန့်သည်။

ပဲခူးသာမဏေကျော်ကျောင်းတိုက်ဆရာတော်သည် လက်ရှိ နိုင်ငံတော်သံဃမဟာနာယက ၄၇ ပါးတွင် ပါဝင်နေသော ၁၅ ပါးမြောက်ဆရာတော်ဖြစ်သည်။

“သူ့ရဲ့ ခံယူချက်ကတော့ စာသင်စာချသာသနာ ပြန့်အောင်ဖြန့်တဲ့အလုပ်ပဲပေါ့။ အဓိကတော့ တောင်မြို့မဟာဂန္ဓာရုံဆရာတော်ကြီး အရှင်ဇနကာဘိဝံသကို အားကျတဲ့သူပေါ့။ အဲဒီလိုအားကျပြီး ကျမ်းစာတွေကို သူရေးခဲ့တယ်” ဟု ပဲခူးသာမဏေကျော်ဆရာတော်က မိန့်သည်။

ဝင်းနိမ္မိတာရုံဆရာတော်သည် ယမကရှင်းတမ်း၊ ရူပသိဒ္ဓိရှင်းတမ်း၊ ဋီကာကျော်ရှင်းတမ်း၊ ကင်္ခါရှင်းတမ်း စသည့် ဗုဒ္ဓဘာသာဆိုင်ရာ ကျမ်းစာများ ရေးသားပြုစုခဲ့သဖြင့် ရှင်းတမ်းဆရာတော်ဟု ရဟန်းလောကတွင် ထင်ရှားသူဖြစ်သည်။

ဆရာတော်ရေးသည့် ရှင်းတမ်းစာအုပ်များသည် ပါဠိဘာသာဖြင့် ရေးထားသည့် ဗုဒ္ဓစာပေများကို လူအများ နားလည်လွယ်ရန် ဗမာဘာသာဖြင့် ပြန်ရေးထားသည့် စာအုပ်များဖြစ်ပြီး စာသင်သားရဟန်းများသာမက စာချဆရာတော်များပင် ဖတ်ရှုလေ့လာကြရကြောင်း သိရသည်။

တပည့်ရဟန်းတချို့ကမူ ဆရာတော်သည် ကျမ်းစာပေါင်း ၆၁ ကျမ်းကို ရေးသားခဲ့ကြောင်း ဆိုကြသည်။

 ဝင်းနိမ္မိတာရုံဆရာတော် ပျံလွန်သွားသည့်အတွက် နှမြောမိသည်ဟု ပဲခူးသာမဏေကျော်ကျောင်းတိုက်ဆရာတော်က မိန့်သည်။

“ကမ္ဘာအေးမှာတော့ ဘုန်းဘုန်းတို့ နိုင်ငံတော်ဝိနည်းဓိုရ်လို့ခေါ်တဲ့ အမှုကိစ္စတွေဆုံးဖြတ်တဲ့နေရာမှာလည်း သူနဲ့အတူတူလုပ်ဖူးတယ်။ အပြင်ဘက်မှာလည်း အထိအတွေ့တွေ များတဲ့အခါကျတော့ ဆွေမျိုးရင်းခြာကဲ့သို့ ရှိနေတာဖြစ်သည့်အတွက် ရင်ထဲမှာတော့ တော်တော် ဆို့နေအောင်ခံစားရတယ်။ နှမြောတာပေါ့” ဟု ပဲခူးသာမဏေကျော်ကျောင်းတိုက်ဆရာတော်က မိန့်သည်။

ဝင်းနိမ္မိတာရုံဆရာတော်၏ ရုပ်ကလာပ်အား ဦးဇင်းတစ်ပါး ရှိခိုးအရိုအသေပေးနေခြင်း (ဝင်းနိမ္မိတာရုံကျောင်းတိုက် Facebook)

လောကအကျိုးဆောင်သူ

ဆရာတော်သည် ဗုဒ္ဓသာသနာအရေးသာမက လောကီလူသားများ၏ အကျိုးအတွက်လည်း တတ်နိုင်သမျှ လုပ်ဆောင်ခဲ့သူဖြစ်ကြောင်း ဆရာတော့်အကြောင်းများရေးသားတင်ပြသည့် ကြခတ်ဝိုင်းသောတုဇနတို့ ဆုံစည်းရာ Facebook စာမျက်နှာတွင် တွေ့ရသည်။

ဇာတိဖြစ်သည့် သနပ်ပင်မြို့နယ် ကုက္ကိုလ်ရွာရှိ အခြေခံပညာမူလတန်းကျောင်းကို ပြင်ဆင်ဆောက်လုပ်ခြင်း၊ ကျောင်းဝင်းအတွင်း စာသင်ဆောင်အသစ်တည်ဆောက်ခြင်းများအတွက်လည်း ငွေကြေးလှူဒါန်းခဲ့သူဖြစ်သည်။

ကုက္ကိုလ်ရွာတွင် ကျေးရွာသူကျေးရွာသားများ လွယ်ကူစွာ ဖြတ်သန်း သွားလာနိုင်ရန် တံတား ၂ စင်း ဆောက်ပေးခဲ့သည်။

ပဲခူးမြို့ အမှတ် (၄) အခြေခံပညာအလယ်တန်းကျောင်းကို အထက်တန်းကျောင်းဖြစ်မြောက်ရေးအတွက်လည်း ဝိုင်းကူခဲ့သည့်အပြင် ပဲခူးမြို့ရှိ အမှတ် (၇) အခြေခံပညာအလယ်တန်းကျောင်း၌လည်း ကျောင်းအိမ်သာများ ဆောက်လုပ်လှူဒါန်းပေးခဲ့သည်။

ဆရာတော်သည် ပဲခူးမြို့တွင်လည်း အများပြည်သူသွား လမ်းခင်းရာ၌ အလှူငွေ ထည့်ဝင်တတ်သလို နွေရာသီတွင် ရေရှားပါးတတ်သည့် သနပ်ပင်နှင့် ကဝမြို့နယ်သို့ ရေလှူရာတွင်လည်း ဆောင်ရွက်ခဲ့သူဖြစ်သည်။

၂၀၂၀ ရွေးကောက်ပွဲတွင် ရွေးကောက်တင်မြှောက်ခံရသည့် ပဲခူးမြို့မှ လွှတ်တော်ကိုယ်စားလှယ်ဖြစ်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ တောင်ပိုင်းတိုင်း အမှတ် (၂) စစ်ဒေသခွဲမှူး ဦးတင်ဦးကလည်း ဆရာတော် အသတ်ခံရသည့်အတွက် ဝမ်းနည်းမိကြောင်း Myanmar Now ကို ပြောသည်။

“ဆရာတော်ဟာ ၄၈ နှစ်လုံးလုံး ဗုဒ္ဓစာပေသင်ကြားပို့ချပေးခြင်း အလုပ်ကိုပဲ လုပ်ခဲ့တာပါ။ တခြားကိစ္စတွေကို စိတ်ဝင်စားတာမဟုတ်ဘူး။ ဆရာတော်ရဲ့ အကျင့်သိက္ခာနဲ့ပတ်သက်ပြီး ကျွန်တော့်အနေနဲ့ လေးစားတန်ဖိုးထားပါတယ်” ဟု ၎င်းက ဆိုသည်။

မုသားကြားက အမှန်တရားပေါ်လာသည့် အသတ်ခံရမှု

ဆရာတော်အသတ်ခံရမှုနှင့်ပတ်သက်၍ အာဏာသိမ်းစစ်ကောင်စီက နိုင်ငံပိုင်မီဒီယာများမှတစ်ဆင့် လိမ်လည်သတင်းထုတ်ပြန်ခဲ့သော်လည်း နောက်ဆုံးတွင်မူ အမှန်တရားသည် ဖုံးကွယ်မရဘဲ ပေါ်လာသည်။

ရန်ကုန်မြို့မှတစ်ဆင့် မန္တလေးသို့ လေယာဉ်ဖြင့် ကြွလာပြီး လေဆိပ်မှ ကားဖြင့် ငါန်းဇွန်မြို့နယ်ဘက်က ရွာတစ်ရွာသို့ အသွားတွင် သေနတ်ဖြင့် ပစ်ခတ်ခံရခြင်းဖြစ်သည်။

ပစ်ခတ်ခံရသည့်နေရာသည် မဂျီရွာနှင့် ကမ္မရွာအနီး မြို့သာ-ငါန်းဇွန်မြို့လမ်းတစ်နေရာတွင် ဖြစ်ကြောင်း ဆရာတော်နှင့် နီးစပ်သူများက ဆိုသည်။

မဂျီရွာနှင့် ကမ္မရွာတို့သည် မန္တလေးမြို့အနောက်တောင်ဘက် ၄၅ မိုင်ခန့်အကွာတွင် တည်ရှိသည်။

ရွှေကျင်နိကာယဗဟိုဌာနနှင့် နီးစပ်သည့် ဆရာတော်တစ်ပါးကလည်း ဝင်းနိမ္မိတာရုံဆရာတော်သည် ရွှေကျင်ဂိုဏ်း၏ ဗဟိုအလုပ်မှုဆောင် အပါး ၂၀ တွင် ပါဝင်သည့် ဆရာတော်ဖြစ်ပြီး ရွှေကျင်ဂိုဏ်းအစည်းအဝေးတက်ရန် လာရောက်စဉ်တွင် ပစ်ခတ်ခံရခြင်းဖြစ်ကြောင်း Myanmar Now ကို မိန့်သည်။

“အစည်းအဝေးလုပ်ဖို့ လှမ်းပင့်လိုက်တာ။ လှမ်းပင့်လို့လာရင်းနဲ့ အဲဒီလိုဖြစ်တာ။ သူနဲ့အတူတူလာတဲ့ ဆရာတော်ကလည်း သူ့ရွာသွားရင်းနဲ့ ရွာကအပြန်ကို အဲဒီလိုဖြစ်တာပေါ့။ ကားကို ရပ်ခိုင်းတာမှာ မရပ်လို့ ပစ်လိုက်တာ” ဟု ရွှေကျင်နိကာယဗဟိုဌာနနှင့် နီးစပ်သည့် ဆရာတော်တစ်ပါးက မိန့်သည်။

ရွှေကျင်ဂိုဏ်းသည် မြန်မာနိုင်ငံတွင် ဒုတိယအင်အားအကြီးဆုံး သံဃာ့ဂိုဏ်းတစ်ခုဖြစ်ပြီး ဂိုဏ်း၏ လက်ရှိသာသနာပိုင်မှာ သီတဂူဆရာတော်ဖြစ်သည်။

တယ်လီဂရမ် လူမှုကွန်ရက်တွင် ထွက်ပေါ်လာသော အာဏာသိမ်း စစ်ကောင်စီလက်အောက်ခံ မန္တလေးတိုင်းဒေသကြီး သာသနာရေးမှူး လက်မှတ်ပါသည့် စာတစ်စောင်တွင် ဝင်းနိမ္မိတာရုံဆရာတော်နှင့် ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်၊ ကန်သုံးဆင့်ကျောင်းတိုက်မှ ဆရာတော်တို့သည် ရွှေကျင်ဂိုဏ်းအစည်းအဝေးတက်ရန် တံတားဦးလေဆိပ်သို့ ရန်ကုန်မှတစ်ဆင့် လေယာဉ်ဖြင့် ရောက်လာကြောင်း ပါရှိသည်။

ဝင်းနိမ္မိတာရုံဆရာတော်နှင့် ကန်သုံးဆင့်ကျောင်းဆရာတော်တို့သည် ကန်သုံးဆင့်ကျောင်းဆရာတော်၏ ဇာတိဖြစ်သည့် ပန်းချီ-ကမ္မရွာသို့ သွားရောက်ခဲ့ပြီးနောက် အထွက်တွင် စစ်ကောင်စီ၏ တပ်ဖွဲ့ဝင်များနှင့် တွေ့ဆုံမိကြသည်။

လက်နက်ကိုင်များက ပစ်ခတ်စဉ် ကားအရှေ့ခန်းတွင် ထိုင်နေသည့် ဝင်းနိမ္မိတာရုံဆရာတော် ထိမှန်သွားကာ ပွဲချင်းပြီး ပျံလွန်သွားခြင်းဖြစ်ကြောင်း သိရသည်။

အာဏာသိမ်းစစ်ကောင်စီဘက်ကမူ ဇွန်လ ၁၉ ရက်တွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) နှင့် တိုက်ပွဲဖြစ်ပွားပြီး တိုက်ပွဲကြားထဲ မောင်းလာသော ကားတစ်စီးမောင်းဝင်လာကြောင်း၊ အဆိုပါကားကို PDF များက မိုင်းဆွဲတိုက်ခိုက်ပစ်ခတ်သဖြင့် ကားမှောက်သွားကြောင်း သတင်းထုတ်ပြန်သည်။

မှောက်သွားသည့် ကားကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးရာ ဝင်းနိမ္မိတာရုံဆရာတော်သေဆုံးနေပြီး ကန်သုံးဆင့်ဆရာတော်နှင့် ကားဒရိုင်ဘာမှာ ဒဏ်ရာရထားကြောင်း၊ ဒဏ်ရာရသူများကို မန္တလေးနန်းတွင်းထဲက တပ်ဆေးရုံတွင် ဆေးကုသပေးခဲ့ကြောင်း စစ်ကောင်စီ၏ ကနဦးထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ပစ်ခတ်ခံရစဉ် အဆိုပါ မော်တော်ယာဉ်ပေါ်တွင် အတူရှိခဲ့သည့် ကန်သုံးဆင့်ကျောင်းဆရာတော် ဘဒ္ဒန္တ ဂုဏိကာဘိဝံသကမူ ကားကို ဖောကားပေါ်မှ လက်နက်ကိုင်တို့က သေနတ်ဖြင့် ၇ ချက်၊ ၈ ချက်ပစ်ခဲ့ကြောင်း ဇွန်လ ၂၀ ရက်နေ့က ပဲခူးမြို့ ဝင်းနိမ္မတာရုံကျောင်းတိုက်ရှိ သံဃာ့ပရိသတ်အလယ်တွင် မိန့်ဆိုလိုက်သည်။

ကန်သုံးဆင့်ဆရာတော်၏ မိန့်ဆိုချက်အရ ပစ်ခတ်ခံရသည့်နေရာသည် ကမ္မရွာမှ မြို့သာမြို့ဘက်အထွက် ၁ မိုင်ခန့်အကွာတွင် ဖြစ်ကြောင်း သိရသည်။ ပစ်ခတ်မှုဖြစ်သည့်အချိန်သည် ၁၀ နာရီ ၃၀ မိနစ်တွင် ဖြစ်သည်။

“ဘုရားတပည့်တော်က တံခါးဖွင့်ပြီးတော့ အပြင်ဘက်ထွက်လိုက်ပါတယ်။ သင်္ကန်းတွေမှာ သွေးတွေအလိမ်းလိမ်းအကပ်ကပ်ဖြစ်နေပါတယ်။ အဲ့လိုသွေးတွေ ဖြစ်နေတဲ့အခါ ကားထဲ ကြည့်လိုက်တဲ့အခါ အရှင်ဘုရားတို့ရဲ့ ညီတော်နောင်တော်၊ ဒကာဒကာမတို့ရဲ့ ဆရာတော်ဖြစ်တဲ့ ဝင်းနိမ္မိတာရုံဆရာတော်ဟာ ခေါင်းငိုက်စိုက်ကျပြီးတော့ အသက်မရှိတော့ပါဘူးဘုရား” ဟု ကန်သုံးဆင့်ကျောင်းဆရာတော်က မိန့်သည်။

ပစ်ခတ်မှုကြောင့် ကန်သုံးဆင့်ကျောင်းဆရာတော်၏ ခေါင်းတွင် ကားမှန်စထိမှန်သွားခဲ့သည်။

“တပည့်တော် အပြင်ဘက်ရောက်တဲ့အခါ ခင်ဗျားတို့ ရက်စက်လှချည်လားဗျာ။ ဘုန်းကြီးတွေ ဒီလောက်ရက်စက်ရသလားလို့ ဖောကားပေါ်မှာ ပါတဲ့ ရှင်းရှင်းပြောရရင် စစ်ဗိုလ်စစ်သားတွေ၊ ရက်စက်လှချည်လားဆိုတော့ အရှင်ဘုရားတို့က ဘုန်းကြီးမှန်းမသိလို့ပါတဲ့၊ ကားတံခါးလည်း ပိတ်ထားတော့ ရန်သူ့ကားထင်လို့ တပည့်တော်တို့ ပစ်ပါတယ်ဘုရားတဲ့၊ သူတို့ကိုယ်တိုင် ဝန်ခံပါတယ်” ဟု ကန်သုံးဆင့်ကျောင်းဆရာတော်က ရှင်းပြသည်။

ပစ်ခတ်ခံရအပြီး တယ်လီဖုန်း အသိမ်းခံရ၊ နာရီအတန်ကြာ ဟန့်တားခံခဲ့ရသည့် ဆရာတော်၏ ရှင်းပြချက်သည် မိုင်းဆွဲတိုက်ခိုက်မှုကြောင့် ကားမှောက်သွားသည်ဟူသော စစ်ကောင်စီထုတ်ပြန်ချက်နှင့် ဆန့်ကျင်ဘက်ဖြစ်နေသည်။

တံတားဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပ.က.ဖ) တာဝန်ခံ ဆရာကျောင်းကမူ မော်တော်ယာဉ် ပစ်ခတ်ခံရသည့်နေရာသည် စစ်ကောင်စီတပ်စိုးမိုးထားသည့် နယ်မြေဖြစ်ကြောင်း Myanmar Now ကို ရှင်းပြသည်။

စစ်ကောင်စီတပ်များအထိုင်ချထားသော ငါးန်းဇွန်မြို့၊ မြို့သာမြို့နှင့် ဆီမီးခုံမြို့ကြား အလယ်ဗဟိုနေရာတွင် ပစ်ခတ်ခံရခြင်းဖြစ်သည်ဟု ၎င်းက  ဆိုသည်။

“တော်လှန်ရေးအဖွဲ့တွေ မဝင်ရဲဘူး။ မြို့သာ၊ ဆီမီးခုံနဲ့ ငါးဇွန်နဲ့ တြိဂံနယ်မြေကြားထဲမှာ တော်လှန်ရေးအဖွဲ့တွေ မအောင်းနိုင်ပါဘူး။ ဆီမီးခုံမှာက ရေနက်ဆိပ်ကမ်း၊ သင်္ဘောကြီးပေါ်မှာ ဆုံလည်ကြီးနဲ့ လှည့်ပတ်ပြီးတော့ ပစ်နေကြ၊ မြို့သာမှာလည်း စခန်း၊ ငါန်းဇွန်မှာလည်း စခန်းရှိတယ်” ဟု ပ.က.ဖ တာဝန်ခံ ဆရာကျောင်းက ဆိုသည်။

ငါန်းဇွန်မြို့နယ်ဒေသခံတစ်ဦးကမူ ဆရာတော်တို့စီးလာသည့် ကားသည် ငါန်းဇွန်းမြို့နယ် ကမ္မရွာမှ မြို့သာမြို့ဘက်ထွက်လာစဉ် ထွန်းသာရွာအနီး၌ ပစ်ခတ်ခံရခြင်းဖြစ်ကြောင်း ပြောသည်။

Google Earth မြေပုံဆော့ဖ်ဝဲ၌ မျဉ်းဖြောင့်တိုင်းလျှင် ထွန်းသာရွာနှင့် ကမ္မရွာသည် ၂ မိုင်ခန့်ဝေးကြောင်း တွေ့ရသည်။

တိုက်ဆိုင်သည့် ကိစ္စတစ်ခုမှာ ဝင်းနိမ္မိတာရုံဆရာတော် ပစ်ခတ်ခံရသည့် ဇွန်လ ၁၉ ရက်နေ့တွင် စစ်ကောင်စီ၏ မန္တလေးတိုင်းဝန်ကြီးချုပ် ဦးမျိုးအောင်နှင့် အဖွဲ့သည် သောဠသမ ရွှေကျင်သာသနာပိုင်ဖြစ်သူ သီတဂူဆရာတော် ဒေါက်တာ ဘဒ္ဒန္တဉာဏိဿရထံ သွားရောက်တွေ့ဆုံခဲ့ကြောင်း စစ်ကောင်စီထိန်းချုပ်ထားသည့် မြန်မာ့အလင်းသတင်းစာတွင် ဖော်ပြလာခြင်းဖြစ်သည်။

တွေ့ဆုံမှု၌ ရွှေကျင်ဂိုဏ်းဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဝင်းနိမ္မိတာရုံဆရာတော် ပစ်ခတ်ခံရမှုနှင့်ပတ်သက်၍ ပြောကြားခြင်းရှိမရှိ ထည့်မရေးထားပါ။ ထို့အတူ ရွှေကျင်ဂိုဏ်းအနေနှင့်လည်း ဝင်းနိမ္မိတာရုံဆရာတော် ပျံလွန်တော်မူသည့် ကိစ္စနှင့်ပတ်သက်၍ ကြေညာချက်ထုတ်လာသည်ကို မတွေ့ရသေးပေ။

ဇွန် ၂၁ ရက်နေ့ ညပိုင်းတွင်မူ စစ်ကောင်စီက ဝင်းနိမ္မတာရုံကျောင်းတိုက်ဆရာတော်ကို ၎င်းတို့ ပစ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း၊ ဖြစ်ရပ်မှန်စုံစမ်းရေးအဖွဲ့က ဖော်ထုတ် စစ်ဆေးမည်ဖြစ်ကြောင်း ကြေညာသည်။

ဆရာတော်၏ ဈာပနကို ဇွန်လ ၂၇ ရက်တွင် ပဲခူးမြို့ရှိ ဝင်းနိမ္မိတာရုံကျောင်းတိုက်၌ ကျင်းပမည်ဖြစ်သည်။ ဈာပနပွဲမတိုင်မီ ၃ ရက်တွင် ညတရားပွဲများ ပြုလုပ်သွားမည်ဟုလည်း ဝင်းနိမ္မိတာရုံကျောင်းတိုက်နှင့် နီးစပ်သူများထံမှ သိရသည်။

ဇွန်လ ၂၄ ရက် ညတွင် ဒေါက်တာ ဘဒ္ဒန္တစန္ဒာဝရာဘိဝံသ ဟောမည်ဖြစ်ပြီး ဇွန်လ ၂၅ ရက် ညတွင် ဒေါက်တာ ဘဒ္ဒန္တနန္ဒမာလာဘိဝံသ၊ ဇွန်လ ၂၆ ရက် ညတွင် တိပိဋကယောဆရာတော်တို့ တရားဟောမည်ဖြစ်သည်။

Show More

Related Articles

Back to top button