ဆောင်းပါးရုပ်ပုံလွှာ

တော်လှန်ဆရာဝန်တစ်ဦးရဲ့ ကချင်-စစ်ကိုင်း ခရီးစဉ်

မြို့ပြဒေသ သားဖွားမီးယပ်အထူးကုဆရာဝန်တစ်ဦးရောက်သွားတဲ့ စစ်မြေပြင် ယာယီဆေးရုံမှာ ကြုံတွေ့ရတတ်တာကတော့ မတူခြားနားတဲ့ လူနာတွေ၊ ဆေးပစ္စည်းပြတ်လပ်မှု၊ စိတ်ဒဏ်ရာရမှုတို့ပဲ ဖြစ်ပါတယ်။

ကိုထက်* ဟာ   နွေဦးတော်လှန်ရေးမှာ ပါဝင်နေတဲ့ ဆရာဝန်တစ်ယောက်ဖြစ်ပါတယ်။ ထရော်မာလို့ ခေါ်တဲ့ စိတ်ဒဏ်ရာတွေကို သူ့လက်နဲ့ ကိုယ်တိုင်ထိတွေ့ခံစားခဲ့ရသူဖြစ်ပြီး ဒါတွေကို ဆေးကြောကုစားနိုင်ဖို့ ကဗျာတွေလည်း ရေးလေ့ရှိပါတယ်။ 

“အဲ့ဒီစိတ်ဝေဒနာတွေထဲမှာ …..ထုတ်မရတဲ့ သတ္ထုအစတွေပါတယ်။ မသန်တော့တဲ့ ခြေ၊ လက်တွေပါတယ်။ အေးစက်နေတဲ့ ဘော်ဒီတွေ ပါတယ်။ နောက်ပြီး……..အများကြီးပါတယ်…….”

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှု ဖြစ်ပွားချိန်ကစလို့ မြန်မာနိုင်ငံဟာ ကျန်းမာရေးဝန်ထမ်းတွေအတွက် ပစ္စန္တရာဇ်အရပ်တစ်ခု ဖြစ်လာခဲ့ပါတယ်။ ကျန်းမာရေးဝန်ထမ်းပေါင်း ၆၀,၀၀၀ လောက် အစိုးရ ဆေးရုံက ရာထူးတွေကို စွန့်ပြီး စစ်အာဏာသိမ်းမှုကို ဆန့်ကျင်လာကြတဲ့အတွက် စစ်အာဏာရှင်များရဲ့ မျက်မုန်းကျိုးခြင်းကိုလည်း ခံကြရပါတယ်။ အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှု (CDM) မှာ ပူးပေါင်း ပါဝင်ခြင်း၊ ဒဏ်ရာရ ဆန္ဒပြပြည်သူတွေကို ဆေးကုသပေးခြင်း၊ အစိုးရဆေးရုံမဟုတ်တဲ့ နေရာတွေမှာ ဆေးခန်းဖွင့်လှစ်ပြီး ပြည်သူလူထုကို ကျန်းမာရေးဝန်ဆောင်မှုပေးခြင်းတို့ကြောင့် ကျန်းမာရေး ဝန်ထမ်း မြောက်မြားစွာဟာ ဖမ်းဆီးခြင်း၊ ကိုယ်ထိလက်ရောက် တိုက်ခိုက်ခြင်းတွေကို တွေ့ကြုံခဲ့ကြရပါတယ်။ 

အသက် ၃၄ နှစ်အရွယ်ကိုထက်ဟာ  သားဖွားမီးယပ်အထူးကုဖြစ်ပါတယ်။   ရန်ကုန်က ပြည်သူ့ဆေးရုံတစ်ရုံမှာ တာဝန်ထမ်းဆောင်ရာကနေ  တော်လှန်ရေး အင်အားစု ထိန်းချုပ်ထားတဲ့ စစ်ကိုင်းတိုင်း တစ်နေရာကို ရောက်ရှိလာခဲ့ပြီး သူတတ်ကျွမ်းတဲ့ ဆေးပညာနဲ့ တော်လှန်ရေးကို အားဖြည့်ပေးနေသူ ဖြစ်ပါတယ်။  

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလအတွင်း ရန်ကုန်မြို့တွင်းမှာ စစ်အာဏာရှင်ကို ဆန့်ကျင် ဆန္ဒပြနေကြတဲ့ ဆရာဝန်များ။ (ဓာတ်ပုံ – Myanmar Now) 

စစ်အာဏာသိမ်းပြီး ရက်အနည်းငယ်မှာပဲ ကိုထက်ဟာ CDM လှုပ်ရှားမှုမှာ ပါဝင်ခဲ့ပါတယ်။ ခိုင်မာပြတ်သားတဲ့ ဆုံးဖြတ်ချက်နဲ့အတူ အာဏာသိမ်း စစ်ကောင်စီ လက်အောင်မှာ အမှုထမ်းဖို့ကို ငြင်းဆန်ခဲ့ပြီး ပြည်သူ့ဆေးရုံမှာပဲ အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှုကို ဦးဆောင်ခဲ့ပါတယ်။ 

အာဏာသိမ်းစစ်ကောင်စီရဲ့ အုပ်ချုပ်ရေးယန္တရား ပြင်ပကနေပြီးတော့ ဆေးကုသရေးလုပ်ငန်းကို ဆက်လက် ဆောင်ရွက်ဖို့အတွက် အခမဲ့ဆေးခန်းတစ်ခုကို ဖွင့်လှစ်ပြီးတော့ ရန်ကုန်မြို့မှာရှိတဲ့ အမျိုးသမီးများအတွက် ဆေးဝါးကုသမှုတွေ ပြုလုပ်ပေးခဲ့ပါတယ်။ 

ဒါပေမယ့် သိပ်မကြာခင်မှာပဲ ဒီယာယီဆေးခန်းဟာ မလုံခြုံတော့ဘူးဆိုတာ သိလာရပါတယ်။ 

စကစ လက်ပါးစေ တပ်သားတွေဟာ ဒီလို ယာယီဆေးခန်းတွေကို တစ်ခုပြီးတစ်ခု ဝင်ရောက်စီးနင်းတာ၊ စနစ်တကျ ဖျက်ဆီးတာ၊ ကျန်းမာရေးဝန်ထမ်းတွေကိုလည်း ဖမ်းဆီးတာ၊ စစ်ကြောမေးမြန်းတာ၊ ရက်ရက်စက်စက် နှိပ်စက်တာတွေကို ပြုလုပ်လာခဲ့ကြပါတယ်။ 

“ကျွန်တော်အနေနဲ့တော့ ကိုယ့်မှာရှိတဲ့ လွတ်လပ်ခွင့်တွေကို တစ်ခုမကျန် အကုန်လုယူသွားသလို ခံစားလိုက်ရတယ်။ လွတ်လပ်စွာ ထုတ်ဖော်ခွင့်၊ လွတ်လပ်စွာ ပြောဆိုခွင့်​တွေ သာမကပဲ ဆေးဝါးကုသဖို့ လိုအပ်နေတဲ့ လူနာတွေကို လွတ်လွတ်လပ်လပ် ကျန်းမာရေး စောင့်ရှောက်ခွင့်တောင် ပေးခွင့်မရတော့သလို ဖြစ်လာတယ်” လို့ ကိုထက်က ပြောပါတယ်။

CDM လှုပ်ရှားမှု အရှိန်အဟုန် မြင့်မားလာတာနဲ့အမျှ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကလည်း ဆရာဝန်တွေကို အထူးပစ်မှတ်ထားလာခဲ့ပါတယ်။ 

“ကျန်းမာရေးဝန်ထမ်း တစ်ဝက်လောက်မှာလည်း CDM လုပ်သွားပြီး ပြန်မလာကြတော့ကြောင်း” လို့ သူက  မိန့်ခွန်းတစ်ခုမှာ ထည့်ပြောပါတယ်။

“၎င်းတို့အား Blacklist သွင်းထားပြီး ပြည်ပသို့ ထွက်ခွင့်မပေးကြောင်း၊ မြန်မာနိုင်ငံ ဆေးကောင်စီနှင့် တိုင်ပင်၍ ၎င်းတို့၏ ဆ/မ များ အားလုံး ပြန်သိမ်းရန် ညှိနှိုင်းထားကြောင်း”  

စစ်ကောင်စီက လွိုင်ကော်မြို့၊ နောင်ယား(ခ)ရပ်ကွက်၊ ခရစ်တော်ဘုရင် ဗဟိုဘုရားကျောင်းတွင် တရားမဝင်ဆေးကုသသူများဖမ်းဆီးရမိကြောင်း    ၂၀၂၁ ခုနှစ် နိုဝင်ဘာလ ၂၃ ရက်စွဲဖြင့် သတင်းထုတ်ပြန်ရာတွင် ပူးတွဲပါရှိသော ကျန်းမာရေးဝန်ထမ်းတို့၏ ဓာတ်ပုံများ။

ရန်ကုန်မှ ကချင်သို့

မြို့ကြီးတွေမှာ ကျန်းမာရေးဝန်ထမ်းတွေကို နှိပ်ကွပ်လာတဲ့အတွက် ရန်ကုန်မှာနေရင် ဘာမှ ဆက်လုပ်လို့မရတော့မှာကို ကိုထက် သဘောပေါက်လာပါတယ်။ တချိန်တည်းမှာပဲ စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုဟာလည်း အရှိန်အဟုန်ရလာ၊ အင်အားစုစည်းလာတာကို ခံစားမိတဲ့အတွက် ဒီလှုပ်ရှားမှုမှာ ပါဝင်လိုစိတ် ဖြစ်ပေါ်လာတာပါ။

“ကျွန်တော့်ကိုယ် ကျွန်တော် တော်လှန်ရေးတပ်သားကောင်းတစ်ယောက် ဖြစ်လာလိမ့်မယ်လို့ မထင်ဘူးလေ။ အဲဒါကြောင့်လည်း ဆရာဝန်တစ်ယောက်အနေနဲ့ပဲ တော်လှန်ရေးမှာ ပါဝင်တာ ပိုကောင်းတယ်လို့ ဆုံးဖြတ်လိုက်တာ” လို့ ကိုထက်က ပြောပြပါတယ်။

စစ်အာဏာသိမ်းပြီး သုံးလလောက်အကြာမှာ ကိုထက်လည်း သူငယ်ချင်းတစ်ယောက်ရဲ့ ဦးဆောင်လမ်းပြမှုနဲ့အတူ ရန်ကုန်ကနေ KIO ဌာနချုပ်တည်နေရာ တရုတ်-မြန်မာ နယ်စပ်က လိုင်ဇာကို နှစ်ရက်ကြာ ခရီးနှင်ခဲ့ပါတယ်။ လိုင်ဇာကို ရောက်တဲ့အချိန်မှာတော့ ကိုထက်ဟာ စစ်ဆေးရုံမှာ တာဝန်ထမ်းဆောင်ရပြီး စကစ တပ်တွေနဲ့ တိုက်ခိုက်ရင်း ထိခိုက်ဒဏ်ရာရလာတဲ့ KIA စစ်သားတွေကို ဆေးဝါးကုသပေးခဲ့ပါတယ်။

“အဲ့ဒီမတိုင်ခင် ကျွန်တော်အနေနဲ့ ဒဏ်ရာရ လူနာတွေကို ကုသပေးရတာ ကောင်းကောင်း ကျင့်သားမရသေးသလို ဖြစ်နေတယ်၊ အရင်က သားဖွားမီးယပ် ကိစ္စတွေပဲ အဓိက လုပ်ခဲ့ရတာ” လို့ သူက ပြောပါတယ်။

ကချင်ဘက်ရောက်ပြီး ၂ ရက်လောက်အတွင်းမှာ ကိုထက်တစ်ယောက် အခက်အခဲများစွာနဲ့ ရင်ဆိုင်ရပါတော့တယ်။ ထပ်ရောက်လာတဲ့ လူနာတွေကို ကိုယ်လက်အင်္ဂါ ဖြတ်တောက်ပေးရတာကအစ အမြင်အာရုံ ဆုံးရှုံးသွားတဲ့လူတွေ၊ ခန္ဓာကိုယ် မလှုပ်ရှားနိုင်တော့တဲ့ လူနာတွေကို ကုသပေးတာအထိ ကူညီဆောင်ရွက်ပေးရပါတယ်။ 

နေ့စဉ်နေ့တိုင်း ကချင်စစ်ဆေးရုံမှာ ဒဏ်ရာရ လူနာ ၁၀ ယောက်ကနေ အယောက် ၂၀ လောက်အထိ လက်ခံကုသပေးနေရပြီး အများစုဟာ အသက်နှစ်ဆယ် ဝန်းကျင်လောက်ပဲ ရှိကြတာကို သူတွေ့ရပါတယ်။ လူနာတွေ အားလုံးထဲမှာ မျက်ပြူး ဆိုတဲ့ လူငယ်စစ်သားလေးတစ်ယောက်ကတော့ ကိုထက် စိတ်ထဲမှာ စွဲထင်နေပါတယ်။ 

ဘယ်ဘက်ခြေထောက်မှာ ဒဏ်ရာရထားပေမယ့် သိပ်မကြာခင် ပြန်ကောင်းလာလိမ့်မယ်လို့ မျက်ပြူး ခမျာ ယုံကြည်မျှော်လင့်နေပါတယ်။ 

ဒါပေမယ့်လည်း အရိုးအထူးကု ဆရာဝန်ကြီးကိုယ်တိုင် သူ့ခြေထောက်ကို စမ်းသပ်ပြီးတဲ့အခါမှာ သူ့ရဲ့ မျှော်လင့်ချက်ဟာ ကြေမွပျက်စီးလို့သွားပါတယ်။ ဒီစစ်သားငယ်လေးဟာ ခြေထောက်ဖြတ်ပစ်ဖို့ လိုနေပါတယ်။ ဒီအခိုက်အတန့်ဟာ စစ်ရဲ့ ပကတိ အနိဋ္ဌာရုံ အဖြစ် ကိုထက်စိတ်ထဲမှာလည်း စွဲကျန်လို့ နေပါတယ်။

“ခြေထောက်ဖြတ်ရမယ်လို့လည်းကြားရော သူ့ပုံစံက ချက်ချင်းပြောင်းသွားတယ်” ဆိုပြီး ပြန်ပြောပြနေတဲ့ ကိုထက်ရဲ့ အသံမှာ စိတ်လှုပ်ရှားမှုဟာ ဖုံးဖိလို့မရအောင် ဖြစ်နေပါတယ်။ 

“ရုတ်တရက်ပြောင်းလဲသွားတဲ့ သူ့မျက်နှာကို ကျွန်တော် မမေ့နိုင်တော့ဘူး။ ကိုယ်လက်အင်္ဂါ ဖြတ်တောက်လိုက်ရတဲ့ လူနာတိုင်းလိုလိုမှာ ဝမ်းနည်းမှုတွေ၊ နားကြည်းမှုတွေ၊ စိတ်ဓာတ်ကျဆင်းမှုတွေ တွေ့ရလေ့ ရှိပါတယ်” 

ကိုယ်လက်အင်္ဂါမသန်းစွမ်းမှု ကြီးကြီးမားမားတစ်ခုကို ရုတ်တရက် ကြုံတွေ့လိုက်ရသူတွေဟာ စိတ်ပိုင်းဆိုင်ရာ ပြင်းထန်တဲ့ နာကျင်မှု ဝေဒနာကို ခံစားရလေ့ရှိကြပါတယ်လို့ ကိုထက် က ရှင်းပြပါတယ်။ 

“ဒါပေမယ့် ဒီလိုခံစားရတာ သူတို့ချည်းပဲတော့ မဟုတ်ပါဘူး။ စစ်မြေပြင်ကို ရောက်ဖူးတယ်ဆိုရင်ပဲ ခန္ဓာကိုယ်မှာ ထိခိုက်ဒဏ်ရာ ရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ စိတ်ဒဏ်ရာတော့ ရသွားတတ်ကြပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း ဒါမျိုးတွေ အများကြီး ကြုံတွေ့ရဖူးပါတယ်” လို့ ကိုထက်က  ပြောပါတယ်။

“KIA စစ်သားတွေလိုမျိုး စစ်မြေပြင်မှာ ကျင့်သားရနေတဲ့လူတွေတောင် စိတ်ဒဏ်ရာတော့ ခံစားရလေ့ ရှိပါတယ်” လို့ သူက ဆိုပါတယ်။

စစ်ဆေးရုံမှာ သုံးလကြာပြီးတဲ့​နောက် လိုင်ဇာမြို့တောင်ဘက် မိုင် ၄၀ လောက် အကွာမှာရှိတဲ့ KIA ထိန်းချုပ်ရာ မိုင်ဂျာယန်မြို့မှာ ကိုဗစ် – 19 ကူးစက်ရောဂါတွေ ဖြစ်ပွားနေတဲ့အတွက် ဒေသခံ ဆရာဝန်တွေကို ကူညီပေးနိုင်ဖို့ ကိုထက်နဲ့ အတူ ဆရာဝန်၊ သူနာပြုဆရာမ စုစုပေါင်း ၁၄ ဦးတို့ကို အဲဒီမြို့ လွှတ်လိုက်ပါတယ်။ ကပ်ရောဂါ အခြေအနေ ထိန်းချုပ်နိုင်တဲ့ အချိန်အထိ အဲ့ဒီနေရာမှာပဲ ခုနစ်လကြာ တာဝန်ထမ်းဆောင်ခဲ့ကြရတာပါ။  

ကပ်ရောဂါ ထိန်းချုပ်နိုင်ပြီး ကိုထက်တို့ လိုင်ဇာမြို့ကို ပြန်ရောက်တဲ့ အချိန်မှာပဲ အမျိုးသားညီညွတ်ရေး အစိုးရ (NUG) လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) စစ်ရေးဖော်ဆောင်တဲ့ဒေသတွေမှာ တိုက်ပွဲ​တွေ ပြင်းထန်လာခဲ့ပြီး ဆေးဝါးနဲ့ ကုသရေး လိုအပ်ချက်တွေ ပိုလို့တိုးမြင့်လာတာကို တွေ့ရှိလာရပါတယ်။ 

ဒီလိုအပ်ချက်ကို အနီးကပ်ဖြည့်ဆည်းပေးနိုင်ဖို့အတွက် ကချင်ပြည်နယ်အတွင်းက မိုးညှင်းမြို့အနီးကို ရွှေ့ပြောင်းဖို့ ကိုထက် ဆုံးဖြတ်ခဲ့ပါတယ်။ ကိုထက်နဲ့ အတူ အမျိုးသမီး ဆရာဝန်တစ်ဦးလိုက်ပါလာခဲ့ပြီး KIA ထိန်းချုပ်ရာ နယ်မြေထဲက လူသူအရောက်အပေါက်နည်းတဲ့ ဒေသတစ်ခုကို တစ်ရက်နဲ့ နေ့တစ်ပိုင်း ဆိုင်ကယ်ခရီးနှင်ခဲ့ကြရပါတယ်။ 

သို့သော်လည်းပဲ သူတို့ရဲ့ စခန်းသစ်ဟာ ဝေးလံခေါင်သီလွန်းလှလို့ အချိန်မီ ဆေးဝါးကုသမှုတွေ မပေးနိုင်တာကို တွေ့ရှိလာရပါတယ်။ လူနာတော်တော်များများ သူတို့ရဲ့ စခန်းကို ရောက်ရှိလာချိန်မှာ လက်လွှတ်ရလုနီးပါး ဖြစ်နေတတ်ကြပါတယ်။ 

မိုးရာသီလို ရာသီဥတု ဆိုးဝါးတဲ့အချိန်မျိုးရောက်ရင်တော့ သွားရလာရတာ ပိုလို့တောင် ခက်ခဲသွားတတ်ပါတယ်။ ရေတက်တာမျိုး ကြုံရတတ်သလို လမ်းတွေ သုံးမရတာမျိုးလည်း ရှိတတ်တာကြောင့် ဘယ်မှ သွားမရတော့ပါဘူး။ ဒီလိုအခြေအနေမျိုးတွေနဲ့ ဆေးတပ်ဖွဲ့သားတွေ အားလုံး တောထဲမှာ ရှစ်လကြာနေထိုင်ခဲ့ကြပါတယ်။ ဆောင်းဝင်လို့ လမ်းအခြေအနေ ကောင်းမွန်လာတာနဲ့ တပြိုင်နက် ၂၀၂၂ ခုနှစ် ဒီဇင်ဘာလထဲမှာ စစ်ကိုင်းတိုင်းထဲ ဆေးတပ်ဖွဲ့သားတွေ ခရီးဆက်နိုင်ခဲ့ကြပါတယ်။ 

ကျည်ဆန်များကြားက ဆေးတပ်ဖွဲ့

ကိုထက်နဲ့ ဆေးတပ်ဖွဲ့ငယ်လေးဟာ စစ်ကိုင်းတိုင်း ကသာခရိုင်မှာ အခြေစိုက်ပြီးတော့  မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF) နဲ့ လက်တွဲအလုပ်လုပ်ခဲ့ကြပါတယ်။ လုံခြုံရေး အခြေအနေ မတည်ငြိမ် လွန်းတာကြောင့် နယ်မြေ ထိန်းချုပ်ရေးအတွက် စကစ နဲ့ ရင်ဆိုင်တိုက်ပွဲဝင်နေကြတဲ့ တော်လှန်ရေး အဖွဲ့များနဲ့အတူ သူတို့ ဆေးတပ်ဖွဲ့ဟာလည်း အမြဲတစေ ရွှေ့ပြောင်းလှုပ်ရှားခဲ့ကြရပါတယ်။ 

ဆရာဝန်သုံးယောက်နဲ့ သူနာပြုတစ်ယောက်ပါဝင်တဲ့ သူတို့ ဆေးတပ်ဖွဲ့ဟာ လူနေကျေးရွာတွေနဲ့ ခပ်ဝေးဝေးမှာသာ နေကြရတာ များပါတယ်။ တခါတလေဆိုရင် သူတို့ စခန်းချရာနေရာဟာ တိုက်ပွဲဖြစ်ပွားရာ နေရာနဲ့ မီတာ ၃၀၀-၄၀၀ အကွာလောက်မှပဲ ရှိနေတဲ့အတွက် လက်နက်ကြီးကျည် ကျရောက်လာနိုင်တဲ့ အန္တရာယ်ရှိပါတယ်။ 

ပေါင်မှာကျည်ထိထားသူကို ခွဲစိတ်ကုသပေးနေတုန်း စကစ တပ်တွေ ပတ်ချာလည် ဝိုင်းထားတဲ့ အခြေအနေမျိုးကိုတောင် ကြုံခဲ့ရဖူးပါတယ်။ ခွဲစိတ်ကုတင်ပေါ်မှာ လူနာလဲနေတုန်း   စစ်လေယာဉ်ကနေ ဗုံး နှစ်လုံးကြဲချသွားပါတယ်။ 

ဗုံးပေါက်ကွဲမှုကနေ ကိုထက်နဲ့ ရဲဘော်တွေ သီသီလေး လွတ်မြောက်သွားခဲ့ပေမယ် စိတ်ဒဏ်ရာကတော့ ခုထိ စွဲထင်နေတုန်းပဲ ဖြစ်ပါတယ်။

“နောက်တစ်လလောက်ကြာတဲ့အထိ ခပ်ဝေးဝေးကနေ လေယာဉ်ပျံလာတဲ့အသံကြားရင်တောင် ကျွန်တော်တို့တွေ ကြောက်လန့်ပြီး ဆောက်တည်ရာမရ ဖြစ်နေကြတုန်း” လို့ ကိုထက်က ပြောပြပါတယ်။ 

ဒီ တိုက်ခိုက်မှုကြောင့် ဆေးတပ်ဖွဲ့ဟာ လူနာ ခုနစ်ဦးနဲ့အတူ ဘေးလွတ်ရာကို ရွှေ့ပြောင်းဖို့ ဖြစ်လာခဲ့ပါတယ်။ လူနာခုနစ်ဦးအနက် သုံးဦးဟာ ခြေထောက်မှာ အပြင်းအထန် ဒဏ်ရာရထားပြီး နောက်တစ်ဦးကတော့ ကျည်ထိဒဏ်ရာကြောင့် ရင်ခေါင်းမှာ ပိုက်တပ်ထားရသူပါ။ စကစ တပ်သားတွေ စစ်ကြောင်းထိုးလာပြီ ဖြစ်တဲ့အတွက် သူတို့အားလုံး ဘေးလွတ်ရာကို နှစ်ရက်လောက် ထွက်ပြေးကြရပါတယ်။

“ကျွန်တော်တို့ ဧရာဝတီမြစ်ကို ဖြတ်ကူးရတာ တစ်ခါတောင်မဟုတ်ဘူး၊ အသွားအပြန် နှစ်ခါတောင် ဖြတ်ရတယ်။ လမ်းမှာလည်း သွားမယ့်လမ်းကြောင်း ဘေးကင်းမကင်းဆိုတာကိုလည်း တချိန်လုံး ထောက်လှမ်းနေရတယ်”

ABSDF တပ်ဖွဲ့ဝင်တွေရဲ့ ကူညီပေးမှုနဲ့ သူတို့ဆေးတပ်ဖွဲ့ဟာ ခွဲစိတ်ကုတင်တွေ၊ အောက်စီဂျင်အိုးတွေနဲ့ ခွဲစိတ်ကိရိယာတွေ အပါအဝင် ဆေးပစ္စည်းမြောက်မြားစွာကို ရွှေ့ပြောင်းခဲ့ရပါတယ်။ 

ဧရာဝတီမြစ်ကို ဖြတ်ကူးပြီးတဲ့နောက် ကိုထက်တို့နဲ့အတူ ဒဏ်ရာရ ABSDF တပ်ဖွဲ့ဝင်တွေ ရောက်နေတယ်ဆိုတဲ့ သတင်းရလို့ လာရောက်ဖမ်းဆီးတဲ့ စကစ တပ်တွေရဲ့ လက်ကနေ ပွတ်ကာသီကာ လွတ်မြောက်လာတဲ့ အကြိမ်ရေလည်း မနည်းပါဘူး။  

“ရွာတစ်ရွာကနေ ကျွန်တော်တို့ ထွက်လာပြီး နာရီဝက်လောက်နေတော့ စကစ တပ်တွေ ရောက်လာကြတာပဲ” ဆိုပြီး သူ လက်မတင်လေး လွတ်မြောက်လာခဲ့ရတဲ့ အဖြစ်ကို ကိုထက်က ပြောပြပါတယ်။

“ရောက်တာနဲ့ ကျွန်တော်တို့ အဖွဲ့ကို မြေလှန်ရှာကြတော့တာပဲ”

ကိုထက်တို့ အဖွဲ့ကို မြေလှန်ရှာကြ၊ လက်နက်ကြီးနဲ့ လက်လှမ်းမီရာ ရွာတွေကို တိုက်ခိုက်ကြတာကြောင့် ဧရာဝတီမြစ်ကို နောက်တစ်ကြိမ် ပြန်ဖြတ်ပြီး ပြေးကြရပြန်ပါတယ်။

၂၀၂၃ ခုနှစ် နိုဝင်ဘာလမှာတော့ ကိုထက်ဟာ လက်ရှိ တာဝန်ထမ်းဆောင်ရာ နေရာဖြစ်တဲ့ စစ်ကိုင်းတိုင်း ကောလင်းခရိုင်ထဲကို ရောက်ရှိလာခဲ့ပါတယ်။ ဒေသခံ ဆရာဝန်တစ်ဦးက ဒီဒေသမှာ  အပြင်းအထန် တိုက်ပွဲဖြစ်ကြတော့မယ်ဆိုတာကို ခန့်မှန်းမိတယ်၊ ဆရာဝန်တွေ ပိုပြီး လိုအပ်လာတော့မယ်လို့ ပြောလာတဲ့အတွက်   ရွှေ့ပြောင်းဖို့ ဆုံးဖြတ်လိုက်တာပါ။

၂၀၂၁ ခုနှစ် ကချင်ပြည်နယ်၊ လိုင်ဇာမြို့မှနေ၍  လက်ရှိ အခြေစိုက်ရာ စစ်ကိုင်းတိုင်းသို့ ခရီးနှင်ခဲ့သည့် ဆရာဝန် ကိုထက်၏ ခရီးစဉ် လမ်းကြောင်းပြမြေပုံ။ 

စစ်ကိုင်းမှာ အခြေစိုက်ပြီ

ခုဆိုရင်တော့ ကိုထက် စစ်ကိုင်းရောက်တာ တစ်နှစ်ကျော်လောက်ရှိပါပြီ။ ရောက်လာပြီး ကတည်းက သူနဲ့ သူ့အဖွဲ့ဟာ အနည်းဆုံး တိုက်ပွဲကြီး ငါးပွဲလောက်ဖြစ်ပွားတာကို မြင်တွေ့ခဲ့ရပြီး ဒီကနေ ဒဏ်ရာရလာတဲ့ တော်လှန်ရေး တပ်သားပေါင်း ၁၅၀ ကျော်ကို ကုသပေးခဲ့ပါတယ်။ ဒါ့အပြင် ဒေသခံ ပြည်သူပေါင်း ၃၀၀ ကျော်ကိုလည်း ကျန်းမာရေး စောင့်ရှောက်မှု ပေးနိုင်ခဲ့ပါတယ်။ 

သူတို့အများဆုံး တွေ့ရလေ့ရှိတဲ့ ဒဏ်ရာတွေက သေနတ်နဲ့ ဗုံးမျိုးစုံကြောင့် ရလာကြတာပါ။ ကျည်ထိဒဏ်ရာတွေက အများအားဖြင့် လက်နဲ့ ခြေထောက်တွေမှာ ရကြလေ့ရှိပါတယ်။ ပေါက်ကွဲမှုကြောင့် ရလာတဲ့ ဒဏ်ရာတွေကတော့ ခြေထောက်ကို ပြင်းပြင်းထန်ထန် ထိခိုက်ပေမယ့်  ခန္ဓာကိုယ်တစ်ခုလုံးကို သက်ရောက်တာမျိုးလည်း ရှိတတ်တယ်လို့ သူက ရှင်းပြပါတယ်။ 

ရှေ့တန်းမှာ ဒဏ်ရာရလာတဲ့ ရဲဘော်တွေ ကိုထက်တို့ဆီ ရောက်ဖို့ဆိုရင် နှစ်နာရီလောက် ခရီးနှင်ရပါတယ်။ ဒီ အခိုက်အတန့်ဟာ လူနာအသက်ကို အဆုံးအဖြတ်ပေးနိုင်ပါတယ်။ ကိုထက်တို့   ဒီဒေသကို ရောက်မလာခင် လွန်ခဲ့တဲ့ နှစ်နှစ်လောက်က ဆေးရုံတည်ရှိရာနေရာဟာ ဝေးလံလွန်းလှတဲ့အတွက် ဒေသခံရွာသားတွေက ဆေးရုံရောက်ဖို့ နှစ်ရက်လောက် တောနင်းပြီး ခရီးနှင်ကြရတာပါ။ ဒီလို ခရီးကြန့်ကြာမှုဟာ သေရေးရှင်ရေးကိစ္စမှာ အများကြီး စကားပြောပါတယ်။  

ကိုထက်တို့ရဲ့ ယာယီဆေးရုံဟာလည်း ဆိုလာပါဝါနဲ့ ဒိုင်နမိုမော်တာစက်တွေကို သာ လုံးလုံးလျားလျား မှီခိုနေကြရတာပါ။ မိုဘိုင်းဖုန်းကွန်ရက်တွေ သုံးမရတာလည်း နှစ်နှစ်လောက် ရှိပြီ ဖြစ်တဲ့အတွက်  ဆေးတပ်ဖွဲ့ဟာလည်း ဂြိုဟ်တု အင်တာနက်ကိုသာ အားကိုးနေကြရပါတယ်။ လျှပ်စစ်ဓာတ်အား မရနိုင်တဲ့ကိစ္စကတော့ သူတို့အတွက် သိပ်ကို ကြီးမားတဲ့ အခက်အခဲပါပဲ။ အဓိကကတော့  သွေးသိုလှောင်ထားနိုင်စွမ်း မရှိလို့ပါပဲ။ 

ဒီအတွက်ကြောင့်လည်း သူတို့အနေနဲ့ သွေးလတ်လတ်ဆတ်ဆတ် လှူမယ့်သူကိုသာ လုံးလုံး အားကိုးနေကြရပါတယ်။

“တိုက်ပွဲကနေ ဒဏ်ရာနဲ့ ရောက်လာတဲ့ လူနာရှိတယ်ဆိုရင် လူနာရဲ့ သွေးအုပ်စုကို စမ်းသပ်ပြီး သွေးအမျိုးအစား တူတဲ့ အလှူရှင်ကို ဆက်သွယ်ကြရပါတယ်” လို့ ကိုထက်က ရှင်းပြပါတယ်။ ဆေးတပ်ဖွဲ့ကနေ စက်ပေါက်ပြီး PDF စခန်းတွေ၊ အနီးအနားက ကျေးရွာတွေကနေ သွေးအလှူရှင် ရှာကြရတယ်လို့ သူကပြောပါတယ်။ 

“သွေးလှူဘဏ်ရှိတယ်ဆိုရင်တော့ ပြဿနာမရှိပေမယ့် အခုလို ကျေးလက်ဒေသတွေမှာတော့ သက်ဆိုင်ရာ သွေးအလှူရှင် ရှာဖို့ဆိုတာ အင်မတန် ခက်ခဲပါတယ်” လို့ သွေးအလှူရင်ရဖို့ လူအင်အားအများကြီး သုံးရတာ၊ ချိတ်ဆက်ဆောင်ရွက်ရတာတွေကို ရည်ညွှန်းပြီး ကိုထက်က ပြောပြပါတယ်။

တိုက်ပွဲဖြစ်ပွားတဲ့ အချိန်တွေမှာဆိုရင် ဆေးတပ်ဖွဲ့ဆီကို လူနာတွေ ၁၀ – ၁၅ ယောက်လောက် တပြိုင်တည်း ပြုံတိုးပြီး ရောက်လာတတ်ပါတယ်။ ဒီလိုပြုံတိုးပြီး ရောက်လာကြရင်တော့ ဆေးဝန်ထမ်း အနည်းငယ်သာ ရှိတဲ့ သူတို့ အဖွဲ့အတွက် ဝန်နဲ့ အားမမျှအောင် အလုပ်လုပ်ကြရပါပြီ။ အဆင့်မီတဲ့ ခွဲစိတ်ခန်းတွေလည်း ရှိမနေတဲ့အတွက် ရရာနေရာတွေမှာ အဆင်ပြေအောင် ကြည့်ကြပ်ပြင်ဆင်ပြီး ခွဲစိတ်ကုသမှုတွေ ပြုလုပ်ကြရတာပါ။

တိုက်ပွဲတစ်ခုနဲ့ တစ်ခု ကြားကာလတွေမှာ ကိုထက်ကိုယ်တိုင် PDF စခန်းတွေနဲ့ အနီးအနားက ကျေးလက်ပြည်သူတွေအတွက် ဆေးဝါးကုသမှုတွေ ပြုလုပ်ပေးတာ၊ ဆေးတပ်သား သင်တန်းပေးတာတွေ ပြုလုပ်ပေးပါတယ်။ ဆေးဝါးပစ္စည်း အထောက်အပံ့ရရှိရေးဟာလည်း နောက်ထပ် စိန်ခေါ်မှုကြီးတစ်ရပ် ဖြစ်ပါတယ်။ အများအားဖြင့် လိုအပ်တဲ့ ဆေးဝါးပစ္စည်းတွေကို မြို့ပေါ်ကနေ မှာယူရတာ ဖြစ်တဲ့အတွက် စခန်းအရောက် ပို့ဆောင်ရေးက အင်မတန်မှ ခက်ခဲပါတယ်။ 

ဆေးပစ္စည်းတွေ ကိုထက်တို့ အဖွဲ့ဆီ ရောက်ဖို့ကို တစ်လ ကနေ နှစ်လ လောက်အထိ ကြာမြင့်တတ်တဲ့အတွက် ဆေးဝါးပြတ်လပ်မှုတွေနဲ့ တွေ့ကြုံကြရပြီး အသုံးပြုပြီးသား တစ်ခါသုံး ပစ္စည်းတွေကို ပြန်သုံးရတာမျိုးတောင် ရှိတတ်ပါတယ်။

နောက်ထပ် အခက်အခဲတစ်ခုကတော့ သူနဲ့ မရင်းနှီးတဲ့ ကုသမှုမျိုးတွေမှာ ဝင်ပါရတာပါပဲ။ ရွေးချယ်စရာ မရှိတဲ့အတွက် တခါတလေ သူတစ်ခါမှ မလုပ်ဖူးတဲ့ ခွဲစိတ်ကုသမှုမျိုးတွေမှာ ဝင်လုပ်ပေးရတတ်ပါတယ်။ အင်မတန် စိတ်ဖိစီးစရာ ကိစ္စမျိုး ဖြစ်ပေမယ့် သူဝင်မလုပ်ရင် လူနာရဲ့ အသက် ဆုံးရှုံးသွားမှာ ဖြစ်ပါတယ်။

NUG အစိုးရရဲ့ ကျန်းမာရေး ဝန်ကြီးဌာနက ဖွဲ့စည်းပေးထားတဲ့ CDM ဆရာဝန်များ ကွန်ရက်နဲ့ ပတ်သက်လို့တော့ ကိုထက်က တခုတ်တရကို ချီးကျူးပြောဆိုပါတယ်။ အင်မတန် ဝေးလံခေါင်သီတဲ့ တိုက်ပွဲဖြစ်ပွားရာ ဒေသမျိုးမှာရောက်နေရင်တောင် ကိုထက် အနေနဲ့ ဒီ ကွန်ရက်ကို ဆက်သွယ်ပြီး အထူးကု ဆရာဝန်ကြီးတွေဆီကနေ အကြံဉာဏ်တောင်းလို့ရပါတယ်။

ကိုထက်အတွက်တော့ ဒီကွန်ရက်ဟာ အရင်းအမြစ်တစ်ခုထက်မကပါဘူး။ ဒါဟာ ရှေ့တန်းရောက် ဆေးဝန်ထမ်းတွေ အတွက် အသက်ကယ်ဆယ်ရေးလုပ်ငန်းတွေမှာ ထောက်ပံ့ကူညီပေးတဲ့ တံတားတစ်စင်း သဖွယ် ဖြစ်ပါတယ်။

“ရှေ့တန်းမှာ တိုက်ပွဲဝင်နေတဲ့ လူတွေနဲ့ ယှဉ်လိုက်ရင်တော့ ကျွန်တော် တွေ့ကြုံခံစားခဲ့ရတာတွေဟာ ဘာမှ မပြောပလောက်ပါဘူး” လို့ ကိုထက်က ပြောပါတယ်။ ဒီ ကိုယ်ချင်းစာနာတဲ့ ခံစားချက်ကို သူရေးတဲ့ “ထရော်မာနဲ့လူ” ကဗျာရဲ့ နောက်ဆုံးစာကြောင်းမှာ တွေ့နိုင်ပါတယ်။ စစ်မက်ဖြစ်ပွားရာနေရာမှာ ဆရာဝန်တစ်ယောက်အဖြစ် လှုပ်ရှားနေရပေမယ့်လည်း ကိုထက်ကတော့ သူ့လူနာတွေ အရေးကိုသာ အမြဲဦးစားပေး​ ဆောင်ရွက်လျက် ရှိနေပါတော့တယ်။ 

“ငါ့ထက်ပို ထရော်မာများတဲ့သူတွေ ထရော်မာနဲ့ပိုရင်းနှီးတဲ့သူတွေ ထရော်မာတွေ မမွေးမိပါစေနဲ့ ဆုတောင်းမိပါတယ်”

(*လုံခြုံရေးအရ အမည်လွှဲ၍ ဖော်ပြထားပါသည်။)


Related Articles

Back to top button