သတင်း

ဝင်းနိမ္မိတာရုံဆရာတော်ကို ပစ်သတ်မိကြောင်း စစ်တပ်ဝန်ခံ

၃ နှစ်အတွင်း သတ်ဖြတ်မှုများအနက်မှ အထင်ကရ ဆရာတော်တစ်ပါးကို ငါန်းဇွန်မြို့နယ်အတွင်း ပစ်သတ်ခဲ့မှုအတွက် စစ်ကောင်စီက စုံစမ်းရေးအဖွဲ့ ဖွဲ့ပြီး ဖြစ်ရပ်မှန် ဖော်ထုတ်မည်ဟု ပြောသည်။

ဝင်းနိမ္မတာရုံကျောင်းတိုက်ဆရာတော် ခရီးသွားနေစဉ် ပျံလွန်သွားရခြင်းမှာ ၎င်းတို့ ပစ်ခတ်လိုက်ခြင်းကြောင့်ဖြစ်ကြောင်း၊ ဖြစ်ရပ်မှန်စုံစမ်းရေးအဖွဲ့က ဖော်ထုတ် စစ်ဆေးမည်ဖြစ်ကြောင်း စစ်ကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ဇွန် ၂၁ ရက်နေ့တွင် ပြောသည်။

ဇွန် ၁၉ ရက်နေ့တွင် စစ်ကောင်စီလက်နက်ကိုင်တို့က ဆရာတော် စီးနင်းလာသည့် ကားကို ငါန်းဇွန်မြို့နယ် မြို့သာရွာနှင့် ပန်းချီကမ္မရွာကြားတွင် ပစ်ခတ်ရာ မော်တော်ယာဉ်ပေါ်မှ ဝင်းနိမ္မိတာရုံဆရာတော် ပျံလွန်တော်မူခဲ့ပြီး ကံသုံးဆင့်ဆရာတော်နှင့် ယာဉ်မောင်းအမျိုးသားတို့ ဒဏ်ရာရခဲ့သည်။

ရပ်တန့်ပေးရန် ဟန့်တားမှုကို လျစ်လျူရှုသဖြင့် ပစ်ခတ်မိသည်ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

“ကားက ကျော်တက်မောင်းနှင်သွားတဲ့အခါမှာ နောက်ကနေ ပစ်ခတ်တားဆီးခဲ့တယ် ဆိုတာကို အကြမ်းဖျင်း သိရှိရပါတယ်” ဟု ၎င်းက ဝါဒဖြန့် ရုပ်သံဌာနများမှတစ်ဆင့် ပြောသည်။

ယင်းဒေသတွင် လက်နက်ကိုင် တော်လှန်ရေးသမားနှင့် အရပ်သား ရုတ်တရက် ခွဲခြားရန် ခက်ခဲသည်ဟု ၎င်းက ဆိုသည်။

“အဲဒေသမှာ လုံခြုံရေး ဆောင်ရွက်နေရတဲ့ စစ်သည်များရဲ့တာဝန်ထမ်းဆောင်ရမှုဟာ အခက်အခဲများစွာရှိပါတယ်” ဟု ၎င်းက ဆိုသည်။

ဖြစ်ရပ်မှန် ပေါ်ပေါက်စေရန် စစ်တပ်မှ အဆင့်မြင့်အရာရှိများ ပါဝင်သည့် စုံစမ်းစစ်ဆေးရေးအဖွဲ့ဖြင့် ဖော်ထုတ်သွားမည်ဟု ဆိုသည်။

ဆရာတော်များ လိုက်ပါလာသည့် မော်တော်ယာဉ်ကို ကျောက်ဆည်အခြေစိုက်စစ်တပ်နှင့် ငါးဇွန်အခြေစိုက် ပြည်သူ့စစ်အဖွဲ့ ခေါ် ပျူစောထီးအဖွဲ့က ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ပေါက်ကြားလာသည့် စစ်ကောင်စီတပ်၏ ထောက်လှမ်းရေးအစီရင်ခံစာများအရ သိရှိရသည်

ကားပေါ်တွင် လိုက်ပါခဲ့သည့် ဆရာတော် ၂ ပါးမှာ ယခင်က နိုင်ငံတော်သံဃမဟာနာယကအဖွဲ့တွင် တာဝန်ယူခဲ့ဖူးသူများ ဖြစ်သည်။

စစ်ကောင်စီကလည်း နောက်တစ်နေ့ ဇွန် ၂၀ ရက်နေ့တွင် သတင်းထုတ်ပြန်ရာ ဆရာတော် ပျံလွန်တော်မူရခြင်းမှာ “PDF အမည်ခံ အကြမ်းဖက်သမားများ၏ ပစ်ခတ်မှုကြောင့်” ဖြစ်သည်ဟု ဆိုသည်။

အများစိတ်ဝင်စားနေကြသည့် ထိုပစ်ခတ်မှုနှင့် ပတ်သက်ပြီး မျက်မြင်သက်သေ ကံသုံးဆင့်ဆရာတော်၏ ပစ်ခတ်ခံရမှုအတွေ့အကြုံရှင်းပြချက် ရုပ်သံမှာ ဇွန် ၂၀ ရက်နေ့တွင်ပင် ထွက်ပေါ်လာသည်။

ထိုရုပ်သံပါ ရှင်းလင်းချက်ကြောင့် မည်သူတို့က ပစ်ခတ်ခြင်းဖြစ်ကြောင်း ပေါ်လွင်သွားသည်။

စစ်ကောင်စီကလည်း နောက်တစ်နေ့တွင် သတင်း ဆက်တိုက် ထုတ်ပြန်လာသည်။ 

၎င်းတို့ ရရှိသည့်သတင်းနှင့် မျက်မြင်သက်သေဆရာတော်၏ မိန့်ကြားမှု ကွဲလွဲနေသည်ဟု ဇွန် ၂၁ ရက်နေ့ နေ့ခင်းပိုင်းတွင်  သတင်းထုတ်ခဲ့သည်။

စစ်ကောင်စီထုတ်ပြန်ချက်များသည် လုံခြုံရေးတပ်ဖွဲ့အဆင့်ဆင့်၏ တင်ပြလာမှုများအပေါ် အခြေခံထားသည်၊ ကွဲလွဲမှုများ ပေါ်ပေါက်လာခြင်းကြောင့် စိစစ်ဖော်ထုတ်နေသည်၊ လိုအပ်သည့် အရေးယူမှုများ ပြုလုပ်မည်ဟု သတင်းတွင် ဖော်ပြသည်။

ညပိုင်းတွင် ဗိုလ်ချုပ်ဇော်မင်းထွန်းကလည်း ၎င်းတို့ မှားယွင်းပစ်ခတ်မိကြောင်း ၇ မိနစ်ကျော်ကြာသည့် ရုပ်သံထုတ်ပြန်ပြီး ရှင်းပြခဲ့သည်။

စစ်ကောင်စီက ပစ်ခတ်သတ်ဖြတ်မှုများစွာအနက် ၎င်းတို့ ပစ်ခတ်မိကြောင်း၊ စုံစမ်းရေးအဖွဲ့ ဖွဲ့ပြီး ဖြစ်ရပ်မှန်ကို ဖော်ထုတ် စစ်ဆေးမည်ဖြစ်ကြောင်း ပထမဆုံး ပြောဆိုခြင်း ဖြစ်သည်။

၂၀၂၁ ဖေဖော်ဝါရီလတွင် အာဏာသိမ်းလိုက်သည့် စစ်တပ်က ဖမ်းဆီးသတ်ဖြတ်မှု၊ လူနေရပ်ကွက်များကို ပစ်ခတ်မှုတို့ကြောင့် အရပ်သားအများအပြား နေ့စဉ် သေဆုံးလျက်ရှိသည်။

အာဏာသိမ်းမှု ဆန့်ကျင်သူများ၊ အရပ်သားများ စုစုပေါင်း  ၅၃၀၂ ဦးထက်မနည်း သတ်ဖြတ်ခံထားရကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း၏ ဇွန် ၂၁ ရက်နေ့ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စစ်ကောင်စီကမူ ထိုအသင်းက ထုတ်ပြန်သည့် ကိန်းဂဏန်းများ မှားယွင်းနေသည်ဟု ယခင်က တုံ့ပြန်ခဲ့ဖူးသည်။

Show More

Related Articles

Back to top button