ဝင်းနိမ္မိတာရုံကျောင်းတိုက်ဆရာတော်ကို မန္တလေးတိုင်း ငါးဇွန်မြို့နယ်အတွင်း ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့က ပစ်သတ်ခဲ့ရာတွင် စစ်ကောင်စီ တပ်ဖွဲ့ဝင် ၁၄ ဦးနှင့် ငါးဇွန်အခြေစိုက် ပျူစောထီးပြည်သူ့စစ် ၁၅ ဦး စုစုပေါင်း ၂၉ ဦးပါဝင်သည်။
၎င်းတို့ထဲမှ သံသယရှိသူနှစ်ဦး၏အမည်များကို ပေါက်ကြားလာသည့် စစ်ကောင်စီတပ်၏ ထောက်လှမ်းရေးအစီရင်ခံစာများမှတစ်ဆင့် Myanmar Now က ဖော်ထုတ်နိုင်ခဲ့သည်။
အဆိုပါစစ်ကြောင်းကို မန္တလေးတိုင်း ကျောက်ဆည်အခြေစိုက် အမှတ်(၂) အင်အားပြန်လည်ဖြည့်တင်းရေးတပ်မှ ဗိုလ်မှူးမျိုးမင်းဦးက ဦးဆောင်ပြီး ၎င်းနှင့်အတူ စစ်သား ၁၃ ဦး ပါဝင်သည်။
စစ်ကောင်စီက စစ်သင်တန်းပေး၊ လက်နက်ထုတ်ပေးထားသည့် ငါးဇွန်အခြေစိုက် ပျူစောထီးအဖွဲ့ကို မျိုးမင်းခိုင်ဆိုသူက ဦးဆောင်သည်။ ငါးဇွန်ပျူစောထီးခေါင်းဆောင် မျိုးမင်းခိုင်နှင့်အတူ ပျူစောထီး ၁၄ ဦးလည်း ပါဝင်သည်။
စစ်ကောင်စီတပ်နှင့် ပျူစောထီး ၂၉ ဦးသည် ငါးဇွန်မြို့နယ် မြို့သာရွာနှင့် ပန်းချီကမ္မရွာကြားတွင် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။
ဝင်းနိမ္မိတာရုံဆရာတော် ဘဒ္ဒန္တ မုနိန္ဒာဘိဝံ လိုက်ပါလာသည့် Surf အမျိုးအစားမှန်လုံကားကို Faw ကားပေါ်မှ စစ်သားနှင့် ပျူစောထီးတို့က ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း အခင်းဖြစ်ပွားရာနေရာတွင် ရှိနေသည့် ကံသုံးဆင့်ဆရာတော် ဘဒ္ဒန္တ ဂုဏိကာဘိဝံသက ယမန်နေ့က မိန့်ကြားလိုက်သည်။
ထိုပစ်ခတ်မှုကြောင့် ဝင်းနိမ္မိတာရုံဆရာတော်မှာ အခင်းဖြစ်ရာနေရာတွင် သေနတ်ဒဏ်ရာတို့ဖြင့် ပျံလွန်တော်မူခဲ့ပြီး ကံသုံးဆင့်ဆရာတော်နှင့် ယာဉ်မောင်းအမျိုးသားတို့မှာ အသေးစားဒဏ်ရာများရခဲ့သည်။
ဗိုလ်မှူးမျိုးမင်းဦး၊ ငါးဇွန်ပျူစောထီးခေါင်းဆောင် မျိုးမင်းခိုင်တို့အပါအဝင် စစ်ကောင်စီတပ်သားများက ၎င်းတို့ မှားယွင်းပစ်ခတ်ခဲ့ကြောင်း ဝန်ခံခဲ့သော်လည်း ကံသုံးဆင့်ဆရာတော်နှင့် ယာဉ်မောင်းတို့ကို ဆေးကုသမှုမပေးဘဲ အခင်းဖြစ်နေရာတွင် နှစ်နာရီနီးပါးကြာ တားဆီးထားခဲ့သည်။
“ဘယ်မှလည်း ဖုန်းမဆက်ပါနဲ့တဲ့။ အဲ့ဒီနေရာမှာ နှစ်နာရီလောက် ကြာပါတယ်။ ဘုရားတပည့်တော်တို့ ဆွမ်းလည်းမဘုန်းပေးရပါဘူး” ဟု ကံသုံးဆင့်ဆရာတော်က ဝင်းနိမ္မိတာရုံဆရာတော်၏ ဥတုဇရုပ်ကလာပ်ထားရှိရာ ပဲခူးတိုင်း၊ ပဲခူးမြို့ ကလျာဏီရပ်ကွက်ရှိ ဝင်းနိမ္မိတာရုံကျောင်းတိုက်တွင် ယမန်နေ့ နေ့လယ်ပိုင်းက သံဃာတော်များ စုဝေးချိန်တွင် မိန့်ကြားသည်။
ထို့နောက် မန္တလေးတိုင်း တံတားဦးမြို့နယ်ဆေးရုံသို့ ဆက်လက်ပို့ဆောင်ခဲ့ပြီး ဆေးရုံတွင်လည်း ကံသုံးဆင့်ဆရာတော်ကို အကြိမ်ကြိမ်စစ်ချက်ယူခဲ့သည်။
“ဘုန်းကြီးမှာ ခဏခဏ လာစစ်တယ်။ သူတို့လိုချင်တဲ့ စကားလုံးရအောင် ဘုန်းကြီးကို ခဏခဏလာစစ်တယ်။ ဘုန်းကြီးကလည်း အမှန်အတိုင်းပြောတယ်” ဟု ကံသုံးဆင့်ဆရာတော်က မိန့်သည်။
ကံသုံးဆင့်ဆရာတော်၏မိန့်ကြားမှုတွင် ဝင်းနိမ္မိတာရုံဆရာတော်ကို ပစ်သတ်သူများမှာ “စစ်ဗိုလ်၊ စစ်သားများ” ဟုလည်း ဆိုသည်။
ကံသုံးဆင့်ဆရာတော်ကို မန္တလေးတွင် နန်းတွင်းစစ်တပ်ထဲသို့ ခေါ်ဆောင်သွားပြီး အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ကြည်ခိုင်က နာရီပေါင်းများစွာ စစ်မေးခဲ့သည်။
“(ည) ၉ နာရီထိအောင် နန်းတွင်းထဲမှာ မပြန်ရသေးပါဘူး။ စစ်ဆေးနေတာပါပဲ။ ဘုန်းကြီးကို နန်းတွင်းထဲကျတော့ ငါးခါလောက် စစ်ဆေးပါတယ်။ ဒါပေမဲ့ ဘုန်းကြီးကတော့ ရှေ့ကပြောပြီးသားစကားကို နောက်စကားနဲ့တူညီအောင် ဘုန်းကြီးထွက်ဆိုပါတယ်” ဟု ကံသုံးဆင့်ဆရာတော်က မိန့်သည်။
ဗိုလ်ချုပ်ကြည်ခိုင်သည် စစ်တက္ကသိုလ်အပတ်စဉ် ၃၇ ကျောင်းဆင်းတစ်ဦးဖြစ်ပြီး စစ်တပ်အာဏာသိမ်းပြီးနောက် ၂၀၂၂ ခုနှစ် အောက်တိုဘာ ၄ အထိ တပ်မတော်နည်းပညာတက္ကသိုလ်ကျောင်းအုပ်အဖြစ် တာဝန်ယူခဲ့သူဖြစ်သည်။
၂၀၂၂ ခုနှစ် နိုဝင်ဘာ ၃ တွင် အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှုးအဖြစ် တာဝန်ပေးခံရပြီး ၂၀၂၃ ခုနှစ် ဇန်နဝါရီတွင် ဗိုလ်ချုပ်အဆင့် ရာထူးတိုးမြှင့်ပေးခြင်းခံရသည်။
၂၀၂၃ ခုနှစ် ဩဂုတ် ၂၃ တွင် အလယ်ပိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ကိုကိုဦးကို ဒုတိယဗိုလ်ချုပ်ကြီးအဆင့် တိုးမြှင့်ပေးလိုက်ပြီးနောက် ဗိုလ်ချုပ်ကြည်နိုင်ကို အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်သို့ ပြောင်းရွေ့တာဝန်ပေးသည်။
စစ်ကောင်စီသည် ယာဉ်မောင်းဖြစ်သူကို ၎င်းတို့အလိုကျ အမျိုးသားညီညွတ်ရေးအစိုးရ NUG လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF များပစ်ခတ်သည်ဟု လိမ်ညာထွက်ဆိုရန် ဖိအားပေးနိုင်ခဲ့သော်လည်း ကံသုံးဆင့်ဆရာတော်ကတော့ ထိုဖိအားကို ခုခံနိုင်ခဲ့သည်။
ဝင်းနိမ္မိတာရုံဆရာတော်ကို ပစ်သတ်သူများမှာ စစ်ဗိုလ်နှင့် စစ်သားများဖြစ်သည်ဟု ကံသုံးဆင့်ဆရာတော်၏ မိန့်ကြားမှု ထွက်ပေါ်လာပြီးနောက် ဖြစ်စဉ်များကွဲလွဲနေသည်ဟု စစ်ကောင်စီထိန်းချုပ်ထားသည့် မီဒီယာများတွင် ယနေ့ (ဇွန်လ ၂၁) ရက်တွင် ထုတ်ပြန်လာသည်။
ယင်းတို့၏ သတင်းထုတ်ပြန်ချက်များသည် လုံခြုံရေးတပ်ဖွဲ့အဆင့်ဆင့်၏ တင်ပြလာမှုများအပေါ် အခြေခံ၍ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ ကွဲလွဲမှုများပေါ်ပေါက်လာခြင်းကြောင့် စိစစ်ဖော်ထုတ်နေသည်၊ လိုအပ်သည့် အရေးယူမှုများလုပ်မည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။