အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ဆောင်းပါး

အနုပညာအိပ်မက်ကို လျစ်လျူရှုထားရတဲ့ လက်ဖြောင့်တပ်သား

သာမန်လူငယ်ဘဝ၊ ပန်းချီလေ့လာဖန်တီးမယ့်အစီအစဉ်တွေကို လွှတ်ချထားရတဲ့ ၂၃ နှစ်အရွယ် ရဲဘော်အန်နာက အသက်ဘေးနဲ့ ကျန်းမာရေးအခက်အခဲကြားကနေ ဆက်လက် တိုက်ပွဲဝင်နေပါတယ်။

မှန်ပြောင်းတပ်ရိုင်ဖယ်ကိုင်ထားတဲ့ အမျိုးသမီးလေးက  ရှေ့တန်းစစ်မြေပြင်တနေရာမှာ ရန်သူ့လှုပ်ရှားမှုတွေကို စောင့်ကြည့်နေပါတယ်။ ဒီလိုစောင့်ကြည့်ရင်း ဘာမြင်တွေ့နေရတယ်ဆိုတာ တခြားရဲဘော်တွေကို သူက လှမ်းအသိပေးနေပါတယ်။ 
အန်နာလို့ခေါ်တဲ့ ဒီအမျိုးသမီးလေးရဲ့ ဇာတိက  စစ်ကိုင်းတိုင်း တန့်ဆည်မြို့နယ်ဖြစ်ပါတယ်။ အန်နာဆိုတာ အမည်ရင်း မဟုတ်ဘဲ တော်လှန်ရေးကာလမှာ သုံးနေတဲ့လျှို့ဝှက်နာမည် ဖြစ်ပါတယ်။
စစ်အာဏာမသိမ်းခင်အထိ တခြားသော လူငယ်တွေလိုပဲ အနာဂတ်မှာ ဝါသနာပါတာလုပ်မယ်ဆိုတဲ့ ရည်မှန်းချက်ရှိသူ တယောက်ပါ။ အခုတော့ ဆံပင်ရှည်ရှည်၊ ပိန်ပိန်ပါးပါး၊ အသက် ၂၃ နှစ်အရွယ် အန်နာက   တက္ကသိုလ်ကျောင်းသား၊ အထက်တန်းကျောင်းသားတွေနဲ့ စုဖွဲ့ထားတဲ့ ပြည်သူ့တော်လှန်ရေးတပ်ဦး (PRF) ရဲ့ တပ်ဖွဲ့ဝင်တယောက် ဖြစ်နေပါတယ်။  
 သူ့ကိုယ်သူ စိတ်ဓာတ်ပိုင်းဆိုင်ရာ သန်မာတဲ့သူ တယောက်ဖြစ်တယ်လို့ အန်နာက ပြောပါတယ်။
“အမျိုးသမီးတွေက (အမျိုးသားတွေနဲ့ ယှဉ်ရင်)  ခန္ဓာကိုယ်ဖွဲ့စည်းပုံ မတူတော့ အားနည်းတာတွေက အများကြီးရှိတယ်။ ဒါပေမဲ့ ရုပ်ပိုင်းဆိုင်ရာ  အားနည်းတယ်ဆိုရင်တောင် ကျွန်တော့်မှာ စိတ်ပိုင်းဆိုင်ရာတော့  အများကြီး ပိုပြီးတော့သန်မာတယ်။ ဒီစိတ်နဲ့ပဲ ဒီလိုမျိုးအခြေအနေအထိ ရောက်လာခဲ့ပြီးတော့ ဒီလိုလုပ်နိုင် နေတာ”လို့ အန်နာက ဆေးမင်ကြောင်တွေထိုးထားတဲ့ သူ့လက်နှစ်ဖက်ကို လှုပ်ရမ်းပြီး ပြောပါတယ်။ 
သူက သေတူရှင်ဘက်ရဲဘော်တွေနဲ့ အမှတ်တရဓာတ်ပုံတွေ၊  နှစ်သက်ရာကဗျာအပိုင်းအစတွေကို Facebook မှာ တင်တတ်ပါတယ်။ ထိုးထားတဲ့  ဆေးမင်ကြောင်တွေကတော့ မိခင်နဲ့ဖခင် ဆိုတဲ့စကားလုံး၊ ကမ္ဘာကျော် ပြောက်ကျားတော်လှန်ရေးသမား ချေဂွေဗားရား၊ ကျဆုံးသွားတဲ့ မိတ်ဆွေရဲဘော် ဝဿန်တို့ရဲ့ နာမည်တွေ ပါဝင်ပါတယ်။ 
Myanmar Now က အန်နာ့ကို တွေ့ဆုံမေးမြန်းနေချိန်မှာ ဆေးလိပ်သောက်တဲ့ အန်နာက ညာဘက်လက်မှာ မီးခြစ်ကိုင်ထားပြီး၊ ဘက်ဘက်လက်မှာတော့ လက်ပတ်နာရီနဲ့ ဆင်မြီးလက်စွပ် စွပ်ထားပါတယ်။ ဒါက အန်နာ့ရဲ့ အဆင်တန်ဆာပါ။ အန်နာ့လိုပဲ လက်နက်ကိုင်တော်လှန်ရေးမှာ ပါဝင်နေတဲ့ အမျိုးသမီး အများအပြားဟာ ကျောက်မျက်ရတနာတွေ ဝတ်ဆင်လေ့မရှိပါဘူး။

အန်နာက PRF ကို ၂၀၂၂ ခုနှစ်မှာ ပြောင်းရွှေ့ပြီးနောက် စစ်ကိုင်းနဲ့ မကွေးတိုင်းအတွင်းက စခန်းသိမ်း တိုက်ပွဲတွေ၊ စစ်ကြောင်းဖြတ်တောက်တိုက်ခိုက်တဲ့ တိုက်ပွဲတွေမှာ ဆက်တိုက်ပါဝင်ခွင့် ရခဲ့ပါတယ်။  

“အရင်ဆုံးတော့ စိတ်ညစ်စရာတွေလာတာပဲ။  အောင်ပွဲခံရတဲ့အခါမျိုးဆိုရင်တော့ ပျော်ရတာပဲလေ။ ဒဏ်ရာရ၊  (ကိုယ်နဲ့ မဟာမိတ်ဘက်က) အကျအဆုံးတွေလည်းရှိတဲ့ အခါကျတော့ ဘယ်တိုက်ပွဲမှာမှ အပြည့်အဝ ပျော်ရတယ်လို့တော့ မရှိခဲ့ဘူး” လို့ သူက ဆိုပါတယ်။

၂၀၂၅ ခုနှစ် ဇွန်လ အန်နာ့မွေးနေ့မှာ ချင်းပြည်နယ်ကို လက်ဖြောင့်တပ်သား သင်တန်းသွားတက်ဖို့ တာဝန်ပေးခံရပါတယ်။ သင်တန်းဆင်းပြီး ရက်ပိုင်းအတွင်းမှာပဲ ပေါက်မြို့နယ်ထဲက တိုက်ပွဲတခုမှာ ပါဝင်ခဲ့ရပါတယ်။  
သူတို့တာဝန်ယူနေတဲ့ ကျေးရွာကို စစ်တပ်က စစ်ကြောင်းထိုးလာတာကြောင့် တိုက်ပွဲ ဖြစ်ခဲ့တာပါ။  စစ်တပ် စအထိနာပြီး နောက်ပြန်လှည့်သွားရတဲ့အထိ သူနဲ့ သူ့ရဲဘော်တွေက တိုက်ခိုက်နိုင်ခဲ့ပါတယ်။    လက်နက်ကိုင်အင်အားများပြားတဲ့ စစ်ကြောင်းကို နယ်မြေကျွမ်းကျင်တဲ့ အန်နာတို့က ပြောက်ကျားစနစ်နဲ့ တိုက်ခိုက် အနိုင်ယူခဲ့တာကြောင့် ဒီတိုက်ပွဲဟာ သူ့အတွက် အမှတ်ရစရာ ဖြစ်နေပါတယ်။ 

အဲ့ဒီနောက်ပိုင်းမှာတော့ စစ်တပ်က သူ့လှုပ်ရှားမှုတွေကို ပိုပြီး သတိထားမိလာတယ်၊ ပျူစောထီး ထိန်းချုပ်တဲ့ ရွာတွေထဲမှာ ရန်သူက အရက်မူးချိန်ဆိုရင် အသံချဲ့စက်နဲ့ ဆဲဆိုခြိမ်းခြောက်ကြတယ်လို့ အန်နာက ပြောပါတယ်။ 
 
“အရှင်ရရအသေရရပေါ့လေ၊ ဖမ်းချင်တယ်၊ ဒီအတိုင်းတော့ မသတ်ဘူးဆိုပြီး မူးတဲ့အချိန်တိုင်း အဲဒီလိုမျိုး ပြောပြီးဆဲတာ”  

ဓာတ်ပုံ – မိုးဦး/ Myanmar Now

အမျိုးသမီးတွေ ရှေ့တန်းထွက်တိုက်ခွင့်

အန်နာက နွေဦးတော်လှန်ရေးမှာ ပါဝင်လာသူတွေ တော်လှန်ရေးကို မစွန့်ခွာဘဲ ဆက်လက်ပြီး အတူရပ်တည်ကြဖို့ မျှော်လင့်နေပါတယ်။  
လက်နက်ကိုင်အဖွဲ့ဝင်တိုင်း စစ်တိုက်ခွင့် မရကြပါဘူး။ နောက်တန်းက ဌာနအသီးသီးမှာ တာဝန်ကျကြပါတယ်။ အမျိုးသမီးရဲဘော် ဆိုရင်တော့ အမျိုးသမီးဖြစ်နေတဲ့အတွက်ကြောင့် အများစုက နောက်တန်းမှာပဲ တာဝန်ယူရပါတယ်။ 
အန်နာကတော့ စစ်ကိုင်းတိုင်းထဲမှာ လှုပ်ရှားတဲ့ MDF တပ်ဖွဲ့မှာရှိစဉ်ကလည်း  စစ်တိုက်ခွင့်ရခဲ့တယ်၊ ဒါကြောင့် တခြားတော်လှန်ရေးတပ်ဖွဲ့တွေမှာလည်း အမျိုးသမီးရဲဘော်တွေကို တိုက်ပွဲဝင်ခွင့် ပြုကြဖို့ မျှော်လင့်ပါတယ်။ 

“လက်တွဲခေါ်စေချင်တာ၊ အနည်းဆုံးတော့။ မိန်းကလေးဖြစ်နေတဲ့အတွက် တိုက်ပွဲကိုကြောက်တာမျိုး၊  စိတ်ပူတာမျိုးတွေ  ရှိတာလေ။ ဒါပေမဲ့ တကယ်လက်တွေ့မှာ အဲဒီလို အဲ့ဒါကို ဖြတ်သန်းကြည့်လိုက်၊ အရမ်းကြီးခက်ခဲမနေဘူးဆိုတာ သိလာလိမ့်မယ်”လို့ သူက ဆိုပါတယ်။

 “အမျိုးသမီးတွေအတွက် အခွင့်အရေးမရလို့။  အခွင့်ရေးရတယ်ဆိုရင် သူတို့လုပ်နိုင်တာတွေလည်း အများကြီး” 

ရှေ့တန်းထွက် စစ်တိုက်ခွင့်မရတဲ့ ရဲဘော်တွေလည်း လိုအပ်တဲ့ တာဝန်တခုထမ်းဆောင်နေတာပဲလို့ အန်နာက ထောက်ပြပါတယ်။ 

“ဌာနဆိုင်ရာအလုပ် လုပ်နေရတဲ့ ရဲဘော်တွေလည်း စိတ်ဓာတ်တော့ မကျစေချင်ဘူး။ သူတို့၊ သူတို့တောင် စစ်တိုက်ရတယ်၊ ငါတို့ မတိုက်ရဘူး ဆိုတဲ့အတွေးမျိုးလည်း မဝင်စေချင်ဘူး။ စစ်ပွဲတွေဆီ မရောက်ဘူးဆိုရင် အသက်ရှင်ဖို့ ရာခိုင်နှုန်းတော့ ပိုများတာပေါ့လေ” လို့ သူက ပြောပါတယ်။

ဓာတ်ပုံ - မိုးဦး/ Myanmar Now
ဓာတ်ပုံ – မိုးဦး/ Myanmar Now

သာမန်လူတယောက်လို နေထိုင်လိုသူ

Myanmar Now က အန်နာ့အကြောင်း ရုပ်သံကို ၂၀၂၆ ခုနှစ် မတ်လဆန်းမှာ ထုတ်လွှင့်ခဲ့ပါတယ်။ အဲဒီတုန်းက  ရန်သူနဲ့ တကီလိုမီတာလောက်ပဲ ဝေးတဲ့ နေရာတခုမှာ သူ့ကင်းတာဝန်ကျပါတယ်။   တိုက်ပွဲမရှိတဲ့နေ့တွေမှာတောင် နေ့ညမနား အလှည့်ကျကင်းစောင့်ရပါတယ်။ 
 
ရဲဘော်အန်နာက လူငယ်ဘဝကို လူငယ်တယောက်လိုပဲ ဖြတ်သန်းချင်သူပါ။ စစ်တိုက်တာ၊ လူသတ်တာကို နှစ်သက်လို့ လုပ်နေသူမဟုတ်ဘဲ စစ်အာဏာသိမ်းမှုနောက်ပိုင်း အခြေအနေတွေကြောင့် လက်နက်ကိုင် တော်လှန်ရေးကို ရွေးချယ်လိုက်သူတွေထဲက တယောက်ပါ။ 

“လူငယ်တယောက်ရဲ့ဘဝကို ကျွန်တော်လည်း ကောင်းကောင်းကြီး ဖြတ်သန်းချင်တယ်၊ အချိန်မှန်အိပ်မယ်၊ အချိန်မှန်စားမယ်။ အချိန်မှန်မအိပ်ဘဲနဲ့ အဲ့ဒီလို အလုပ်လုပ်ရတာမျိုးတွေလည်း ရှိတာဆိုတော့ ကျွန်တော်လည်း ပျော်တော့ ပျော်မနေဘူးပေါ့လေ” 
ငယ်စဉ်ကတည်းက  ပန်းချီဆရာတယောက်ဖြစ်ဖို့ ရည်မှန်းခဲ့ပါတယ်။  တက္ကသိုလ်တက်မယ်၊ ပန်းချီပညာ လေ့လာမယ်ဆိုတဲ့ အိပ်မက်တွေလည်း ရှိခဲ့ပါတယ်။ 
  
ဒါပေမဲ့  အထက်တန်းကျောင်း တက်နေချိန်မှာပဲ ကိုဗစ်ကပ်ဘေးနဲ့ ကြုံရပါတယ်။   တဆက်တည်းမှာပဲ စစ်တပ် အာဏာသိမ်းတာနဲ့ ဆက်လက် ရင်ဆိုင်ရတဲ့အတွက် ဖမ်းဆီး၊ သတ်ဖြတ်မှုတွေကို လက်နက်ကိုင် ခုခံတဲ့ တော်လှန်ရေးမှာ အန်နာ ပါဝင်လိုက်ပါတယ်။ ဒီလိုကြောင့်ပဲ ပန်းချီအနုပညာနဲ့ အလှမ်းဝေးနေပါတယ်။ 

လက်နက်ကိုင်တော်လှန်ရေး လမ်းကြောင်းကို ရွေးချယ်မိတဲ့အတွက် အန်နာ့ရဲ့ မိသားစုဟာ စစ်တပ်ရဲ့ ဖိအားပေးမှုကို  ခံခဲ့ရပါတယ်။ မိသားစုနဲ့ ဝေးနေချိန်၊ ကြမ်းကြမ်းတမ်းတမ်း တိုက်ပွဲဝင်နေရပေမယ့် အန်နာဟာ ကျန်းမာတဲ့သူတယောက်တော့ မဟုတ်ပါဘူး။ ကျောက်ကပ်ခွဲစိတ်ကုသဖို့ လိုအပ်နေသူပါ။ 
 
အချိန်မရွေး ဒဏ်ရာရ၊ သေဆုံးသွားနိုင်တဲ့ အခြေအနေဆိုးကို နေ့စဉ်ရင်ဆိုင်နေရသူ ဖြစ်နေလင့်ကစား သူက ခွဲစိတ်ကုသမှုခံယူရမှာကို စိုးရိမ်နေပါတယ်။ 
 
“မခွဲရဲဘူး၊ ကြောက်တယ်။ ပြီးတော့ တခုခုချို့ယွင်းသွားမှာ  ကြောက်တာမျိုး။ ဒီတော့ ကျွန်တော် မလုပ်ရဲဘူး၊ မလုပ်ရဲတော့ ဆေးစားတယ်။ ပုံမှန် ဆေးခန်းပြတယ်၊  ဆေးပုံမှန်သွင်းတယ်” လို့ သူက ဆိုပါတယ်။

“ပြဿနာက နေပူတဲ့အချိန်မှာ ရေမသောက်ရတာ၊ ရေလုံလုံလောက်လောက် မသောက်လိုက်ရတဲ့ ဟာမျိုးပေါ့။  စခန်းပြန်တဲ့အချိန်ဆိုရင် လုံလုံလောက်လောက် အနားယူတယ်။ ပြန်ထွက်စရာရှိရင် ကျွန်တော် ဆေးအိတ်ကြီးနဲ့ပဲ ရှေ့တန်း ပြန်ထွက်ရတယ်”
 
အန်နာ့အတွက်တော့ တော်လှန်ရေးထဲမှာ ဆက်ရှိနေတယ်ဆိုတာ စစ်တိုက်ရုံတင် မဟုတ်ပါဘူး၊ သူ့ရဲ့ အိပ်မက်တွေကို ဘေးဖယ်ထားခဲ့ရတာ၊ ကျန်းမာရေးပြဿနာတွေနဲ့ လုံးပန်းနေရတာ၊ တချိန်က မျှော်လင့်ခဲ့ဖူးတဲ့ ပုံမှန်ဘဝလေးကို လက်လွှတ်ဆုံးရှုံးထားရတာတွေလည်း ပါဝင်နေပါတော့တယ်။

ဓာတ်ပုံ – မိုးဦး/ Myanmar Now

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။