မြို့ပြဒေသ အရက်ဘားတစ်ခုတွင် စင်ပေါ်တက်လာသည့် အသက် ၃၀ ဝန်းကျင် အမျိုးသမီးက ကြည်လင် ပြတ်သားသော အသံဖြင့် သီချင်းဆိုလိုက်ရာ လက်ခုပ်သြဘာသံများ ထွက်လာသည်။
ဆိုင်အတွင်း စကားပြောနေသူ၊ အရက်ခွက်ကိုင်ထားကြသူများထဲတွင် သီချင်းလိုက်ညည်းသူများ ရှိသည်၊ အမျိုးသမီး၏သီချင်းဆုံးသွားလျှင် လက်ခုပ်တီးကြပြန်သည်။
အရက်ဝိုင်းထဲမှ ပရိသတ်က “အပြာရောင်ကော်ဖီဆိုင်” သီချင်း တောင်းဆိုလိုက်ရာ အဆိုတော်အမျိုးသမီးလည်း တီးဝိုင်းနှင့် ညှိနှိုင်းပြီး ဆိုပေးစဉ် ပရိသတ်တစ်ဦးက စင်ပေါ်တက်ပြီး သူ့ကို ဆုငွေပေးနေတာ တွေ့ရသည်။ သီချင်း သုံးလေးပုဒ်ဆိုပြီး မိုးမိုး* ဟုခေါ်သော အဆိုတော်မိန်းကလေး စင်ပေါ်မှ ခပ်သွက်သွက်ဆင်းသွားသည်။
မိုးမိုး ညဘက်မိုးချုပ် သီချင်းလိုက်ဆိုနေသည်မှာ ၂ နှစ်နီးပါး ရှိပြီ။ စစ်တပ်အာဏာမသိမ်းခင်က သူ့အလုပ်အကိုင်နှင့် စစ်အာဏာသိမ်းပြီးနောက်ပိုင်း သူ့အလုပ် လုံးဝမတူတော့ပြီ။
အာဏာမသိမ်းခင်က မိုးမိုးသည် နိုင်ငံအလယ်ပိုင်း မြို့ငယ်လေးတစ်ခု၏ ပြည်သူ့ဆေးရုံတွင် လက်ထောက်ခွဲစိတ်ဆရာဝန်အဖြစ် တာဝန်ကျသည်။ ဝါသနာပါသည့်အလုပ်ကို ကြိုးစားလုပ်ကိုင်သည်။ အလုပ်များသော်လည်း ခင်ပွန်းသည်နှင့် ကလေးနှစ်ယောက်တာဝန်ကိုလည်း မပျက်ကွက်ခဲ့။ တခြားဆရာဝန်သူငယ်ချင်းများက အားကျအတုယူခဲ့ကြရသည်။
“အာဏာမသိမ်းခင်ကတော့ ရည်မှန်းချက်ကြီးကြီးမားမားထားခဲ့တာပေါ့။ တစ်နေ့ ခွဲစိတ်ပါရဂူ ဖြစ်ရမယ်ဆိုပြီးတော့ပေါ့” ဟု မိုးမိုးက ပြောသည်။
၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းရက်များတွင် သူလည်း စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲများတွင် ပူးပေါင်းဆောင်ရွက်ခဲ့သည်။
စစ်အာဏာသိမ်းပြီး မကြာခင် ဌာနဆိုင်ရာ ဝန်ထမ်းများက အာဏာဖီဆန်ရေးလှုပ်ရှားမှု Civil Disobedience Movement (CDM) ကို ဦးဆောင်ကြရာ သူလည်း ပါဝင်ခဲ့သည်။
အာဏာဖီဆန်သူတို့ကို စစ်တပ်က ဖမ်းဆီးစစ်ဆေးလာသည့်အတွက် ဝန်ထမ်းလိုင်းခန်းကို သူစွန့်ခွာခဲ့သည်။
“အစပိုင်းမှာတော့ သူငယ်ချင်းအိမ်တွေ၊ အသိမိတ်ဆွေအိမ်တွေမှာ သွားနေရတာပေါ့။ ကိုယ့်မှာက ကလေးတွေနဲ့ဆိုတော့ သိပ်အဆင်မပြေဘူး။ အိပ်သာအိပ်နေရတာပါ ငါ့ကို ဘယ်အချိန်လာဖမ်းမလဲလို့ အမြဲကြောက်လန့်နေရတာ” ဟု ဒေါက်တာမိုးမိုးက ပြောသည်။
ဘားအဆိုတော်ဘဝ
ဒေါက်တာမိုးမိုး၏ ခင်ပွန်းသည်မှာလည်း စစ်တပ်အာဏာသိမ်းမှု ဆန့်ကျင်ရေး ဆန္ဒပြပွဲများတွင် ပါဝင်မှုဖြင့် အဖမ်းခံခဲ့ရသည်။
ထို့နောက် ဒေါက်တာမိုးမိုးလည်း မန္တလေးမြို့သို့ သွားပြီး ပုဂ္ဂလိကဆေးရုံ၊ ဆေးခန်းတချို့တွင် လုပ်ကိုင်ခဲ့သည်။
နောက်ပိုင်းတွင် အာဏာသိမ်းစစ်ကောင်စီက CDM ခေါ် အာဏာဖီဆန်ရေးလှုပ်ရှားမှုတွင် ပါဝင်နေသည့် ဆေးဝန်ထမ်းများကို အလုပ်မပေးရန် ပုဂ္ဂလိကဆေးရုံဆေးခန်းများကို ဖိအားပေးလာရာ ဒေါက်တာမိုးမိုးလည်း အလုပ်ပြုတ်ခဲ့ရသည်။
“နောက်ပိုင်းတင်းကျပ်လာတဲ့အခါကျတော့ CDM တွေဆိုရင် မခေါ်ကြတော့ဘူးပေါ့။ သူတို့လဲ သူတို့ဆေးရုံကြီးပိတ်လိုက်ရမှာ ကြောက်တဲ့အတွက် မခေါ်ကြတော့ဘူး။ လက်မခံကြတော့ဘူး CDM တွေကို၊ အဲဒီတော့ အလုပ်မရှိတော့ဘူးပေါ့” ဟု ဒေါက်တာမိုးမိုးက ဆိုသည်။
ဒေါက်တာမိုးမိုးက ဂီတ ဝါသနာပါသည့်အပြင် ယခင်ကပင် စင်အတွေ့အကြုံရှိသောကြောင့် လက်ရှိအလုပ်အကိုင်မှာ သူ့အတွက် အခက်အခဲမရှိပေ။
“အစကတော့ အပျော်သဘောနဲ့ဆိုတာ၊ နောက်ပိုင်းကျတော့ အသိတွေနဲ့ချိတ်ဆက်ပြီးတော့ ဆိုင်တွေမှာ လိုက်ဆိုတာ၊ ဘာပဲဖြစ်ဖြစ် တစ်ဖက်တစ်လမ်းက ဝင်ငွေရတယ်ဆိုတော့ လုပ်ဖြစ်သွားတာပါ” ဟု ဒေါက်တာမိုးမိုးက ပြောသည်။
အရက်ဘားဟု ခေါ်ကြသော အရက်ဘီယာသောက်ရင်း တေးဂီတ ခံစားဆင်နိုင်သည့်၊ ရောင်စုံမီးများဖွင့်ထားသည့် စားသောက်ဆိုင်တွင် သီချင်းဆိုရာမှ ရသည့် ဝင်ငွေမှာ မိသားစုစားဝတ်နေရေးအတွက် မလုံလောက်သောကြောင့် မင်္ဂလာဆောင်နှင့် ဧည့်ခံပွဲတချို့တွင်လည်း သီချင်းလိုက်ဆိုရသည်။ ခင်ပွန်းသည် ထိန်းသိမ်းခံရပြီးနောက်ပိုင်းတွင်လည်း သားသမီးများကို မိဘတာဝန်မလစ်ဟင်းအောင် ထားခဲ့သည်။
လုပ်ဖော်ကိုင်ဖက်တချို့မှာ နိုင်ငံပြင်ပသို့ ထွက်ခွာသွားနိုင်သဖြင့် စစ်ကောင်စီတပ်၏ရန်မှ လွတ်မြောက်နေကြသည်ဟု သူက ဆိုသည်။
“တခြားသူငယ်ချင်းဆရာဝန်တွေလဲ အဆင်ပြေတဲ့လူလဲရှိတယ်၊ မပြေတဲ့လူလဲရှိတော့ပေါ့နော်။ တချို့တွေက အရမ်းကြီး မတင်းကျပ်တဲ့ အချိန်တုန်းက နိုင်ငံခြားကို စွန့်စားပြီး ထွက်သွားကြတာပေါ့၊ ကိုယ်ကျတော့ ကလေးတွေနဲ့ဆိုတော့ အဲလိုစွန့်စားပြီး မသွားရဲဘူး” သူက ညည်းညည်းညူညူ ဆိုသည်။
လက်ရှိအလုပ်အကိုင်က ဝင်ငွေအသင့်အတင့်ရှိနေသော်လည်း ပျော်ရွှင်ခြင်း မရှိပေ။
“အခုအလုပ်နဲ့ အရင်ကရည်မှန်းချက်နဲ့ကတော့ တခြားစီပေါ့၊ ဘာမှကိုမဆိုင်တာပေါ့။ အခုကတော့ သီချင်းဆိုတယ်၊ လူတွေကို ဖျော်ဖြေပေးနေရတဲ့အလုပ်ပေါ့၊ အရင်ကတော့ ခွဲစိတ်ခန်းထဲမှာ ဓားကိုင်ပြီးတော့ အသက်ကယ်တဲ့အလုပ်ပေါ့၊ ဘာမှတော့ မဆိုင်ပါဘူး၊ တစ်လမ်းစီပေါ့” ဟု သူက စိတ်မကောင်းဟန်ဖြင့် ပြောဆိုသည်။
“အရင်တုန်းကတော့ အထူးကုဆေးရုံတွေမှာ အလုပ်သွားလျှောက်သေးတယ်။ သူတို့ကတော့ လိုအပ်ရင် ခေါ်မယ်လို့တော့ ပြောတာပေါ့။ နောက်ပိုင်း CDM တွေကြောင့် ပိတ်ခံရတဲ့ ဆေးရုံတွေများလာတဲ့အခါကျတော့ မခေါ်ရဲကြတော့ဘူးလေ။ တချို့ ခင်တဲ့လူတွေတောင် မခေါ်ရဲကြတာလေ၊ အဲတော့ လျှောက်တော့ လျှောက်တာပဲရှိတာလေ၊ အခုလောလောဆယ်တော့ ဆရာဝန်အလုပ် မလုပ်နေတော့ဘူးပေါ့”
ပုဂ္ဂလိက ဆေးရုံ၊ ဆေးခန်း အများအပြားသည် ဒေါက်တာမိုးမိုးကဲ့သို့ CDM ဆရာဝန်များကို အလုပ်ခန့်ထားမှု အကြောင်းပြချက်ဖြင့် လုပ်ငန်းပိတ်သိမ်းခံထားရသည်။
နိုင်ငံ၏ ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းသည် CDM တွင် ပါဝင်ခြင်းမရှိသည့် ဆရာဝန်များ၊ စစ်တပ်ဆရာဝန်များနှင့်သာ လုံလောက်မှု မရှိကြောင်း၊ ယခင်က အားလုံးအတူတူ လုပ်ကိုင်ချိန်ကပင်လျှင် အားနည်းချက်များစွာရှိခဲ့ကြောင်း ဒေါက်တာမိုးမိုးက ပြောသည်။
ယခုအခါ ကျန်းမာရေးဝန်ထမ်း လုံလောက်မှု မရှိသော ပြည်သူ့ဆေးရုံများကို အားကိုးရန် ပြည်သူများက ပိုမို တွန့်ဆုတ်လာသည်ဟု သူက ပြောသည်။
“သွေးစစ်မယ်ဆိုရင် အပြင်ဈေးနဲ့ သိပ်မကွာတဲ့ဈေး ပေးရတယ်။ တခြားစစ်တာဆေးတာတွေ လုပ်မယ်ဆိုရင်လဲ ငွေကုန်တယ်ပေါ့နော်။ လူနာတွေက ခွဲခန်းဝင်မယ်ဆိုရင် ဆေးတွေဝယ်ရတယ်။ ဆေးကုမယ်ဆိုရင် ဆေးတွေဝယ်ရတယ်” ဟု ဒေါက်တာမိုးမိုးက ပြောသည်။
လူအများစု ခက်ခဲကျပ်တည်းနေကြသော်လည်း ဤအခြေအနေကြောင့် ပြင်ပတွင် ကုသရန် ကြိုးစားသူ ပိုများလာသည်ဟု သူက ဆိုသည်။
ခင်ပွန်းသည် ဖမ်းဆီးအကျဉ်းကျခံနေရချိန် သားသမီးနှစ်ဦးနှင့်အတူ ဘဝကို ရုန်းကန်နေရသော်လည်း ဒေါက်တာမိုးမိုး ဆုံးဖြတ်ချက်ပြတ်သားသည်။
“CDM လုပ်လို့ နောင်တရတယ်လို့ မရှိပါဘူး။ တချို့ဆို အလုပ်ပြန်ဝင်သွားကြတယ်။ အဆင်ပြေနေတဲ့ လူတွေလဲ ရှိပါတယ်။ အားမကျပါဘူး။ သူတို့လုပ်နေတဲ့အလုပ်က မှန်လားမှားလား သူတို့လဲ သိပါတယ်။ သူတို့ကို အားကျပြီးတော့ ပြန်ဝင်ဖို့လဲမရှိပါဘူး” ဟု ဒေါက်တာမိုးမိုးက မျက်နှာထားတည်တည်နှင့် ပြောသည်။
CDM လုပ်ထားသူများ အဆက်အသွယ်ကောင်းလျှင် အထောက်အပံ့ရသည်ဟု သိထားသော်လည်း ဒေါက်တာမိုးမိုးကမူ ထောက်ပံ့မှု ရရှိမထားပေ။ သူငယ်ချင်း CDM များထဲမှ စိတ်ဓာတ်ကျနေသူကိုပင် အားပေးစကားပြောပေးနေရသည်ဟု ဆိုသည်။
ခေတ်ပြန်ကောင်းလျှင် ဆရာဝန်အလုပ်ကိုသာ ပြန်လုပ်လိုသည်ဟု ဆိုသည်။
“လူတွေကို လူတွေလိုဆက်ဆံတဲ့၊ ပညာရှင်တွေကို ပညာရှင်တွေလို ဆက်ဆံတဲ့ အစိုးရတစ်ရပ် ပြန်ဖြစ်လာတဲ့အချိန်၊ ပြည်သူတွေအားလုံးလက်ခံပြီးတော့ ထောက်ခံတဲ့အစိုးရတစ်ရပ် ပေါ်ပေါက်လာတဲ့အချိန်ဆိုရင်တော့ ခွဲစိတ်ခန်းပြန်ဝင်မှာပါ” ဟု ဒေါက်တာမိုးမိုးက ပြောသည်။
ဒေါက်တာမိုးမိုး၏ဖုန်းမှ ringtone သံ မြည်လာသည်။
“နေဝင်ညကို ကူးဖြတ်ပြီးမှ ရောင်နီသာတဲ့နေ့သစ်ကို ရောက်မယ်၊ ယုံကြည်ခြင်းနဲ့ ကြိုးစားထားမှ တစ်ချိန်မှာ အောင်မြင်လွတ်မြောက်မယ်မဟုတ်လား”
ကိုနေဝင်း၏ နာမည်ကျော် ခွန်အားဖြည့်မိငယ် သီချင်းဖြစ်သည်။
“ကျွန်မ သီချင်းဆိုဖို့သွားရတော့မယ်၊ ညနေ ၅ နာရီတောင် ထိုးတော့မယ်” ဟု ဒေါက်တာမိုးမိုးက လက်ပတ်နာရီကို ငုံ့ကြည့်ရင်း ပြောဆိုနှုတ်ဆက်ကာ ထွက်ခွာသွားသည်။
(*လုံခြုံရေးအရ အမည်လွှဲဖြင့် ဖော်ပြထားပါသည်)