သတင်း

၄၄ လမ်းဖြစ်စဉ်မှ လူငယ် ၁၀ ဦး ထောင်ဒဏ် ၁၂ နှစ်အထိ ချခံရ 

၂၀၂၁ ခုနှစ် ဩဂုတ်လအတွင်းက ရန်ကုန်မြို့၊ ဗိုလ်တထောင်မြို့နယ်ရှိ ၄၄ လမ်းတိုက်ခန်းတစ်ခုကို စစ်တပ်က အင်အားသုံး ဝင်ရောက်စီးနင်းစဉ် အဖမ်းခံရသည့် လူငယ်အချို့နှင့် ဆက်စပ်သူများ အပါအဝင် စုစုပေါင်းလူငယ် ၁၀ ဦးကို စစ်ကောင်စီက ထောင်ဒဏ် ၅ နှစ်မှ ၁၂ အထိ ချမှတ်လိုက်သည်။​

အဆိုပါ လူငယ်များကို ပေါက်ကွဲစေတတ်သော အရာဝတ္တုများ အက်ဥပဒေပါ ပုဒ်မ ၃ (ဖောက်ခွဲမှု)၊ ပုဒ်မ ၆ (အားပေးကူညီမှု) နှင့် ပုဒ်မ ၅ (လက်ဝယ်တွေ့ရှိမှု) တို့ဖြင့် စစ်ကောင်စီ၏ အင်းစိန်ထောင်တွင်း တရားရုံးက ထောင်ဒဏ်များ ချမှတ်လိုက်ခြင်းဖြစ်သည်ဟု တရားရုံးနှင့် နီးစပ်သူတစ်ဦးက Myanmar Now ကို ပြောသည်။​

ထောင်ဒဏ်ချမှတ်ခံရသူများမှာ ၄၄ လမ်းတိုက်ခန်းကို စစ်တပ်က စီးနင်းစဉ် နောက်ဘက်မှ ခုန်ချသူ ငါးဦးအနက် အသက်ရှင်ကျန်ရစ်သည့် ကိုရဲမင်းဦး၊ ကိုမင်းသစ္စာအောင်၊ ကိုဝေယံထက်၊ တိုက်ခန်းအတွင်း အဖမ်းခံရသည့် ကိုသီဟကောင်းဆက်၊ မပိုးကျော့ကျော့ခန့်နှင့် ကိုဝေဖြိုးအောင်၊ လမ်းခုလတ်တွင် အဖမ်းခံရသည့် အငှားယာဉ်မောင်း ကိုကျော်ကျော်ဦးနှင့် အခြားသူတစ်ဦးဖြစ်သည့် စိုင်းဝင်းလွင်ထွဋ်တို့အပြင် နောက်ဆက်တွဲ အဖမ်းခံရသည့် ကိုကောင်းဆက်နှင့် ကိုမင်းဟိန်းခန့်တို့ ဖြစ်သည်။​

၎င်းတို့ ၁၀ ဦးအနက် စိုင်းဝင်းလွင်ထွဋ်မှအပ ကျန် ၉ ဦးနှင့် ပတ်သက်၍ Myanmar Now က သတင်းများ ဖော်ပြခဲ့ပြီးဖြစ်သည်။ စိုင်းဝင်းလွင်ထွဋ်နှင့် ပတ်သက်၍ လက်ရှိအချိန်ထိ အသေးစိတ်အချက်အလက်များ မသိရပေ။​

အပြီးသတ်အမိန့်ချပြီးနောက် အသက် ၂၇ နှစ်အရွယ် သားဖြစ်သူ ကိုရဲမင်းဦးနှင့် တွေ့ဆုံခွင့်ရခဲ့ကြောင်း ၎င်း၏ ဖခင်ဖြစ်သူက ယမန်နေ့တွင် ပြောသည်။

“တခြားကလေးတွေနဲ့ ပတ်သက်လို့တော့ ကျွန်တော် မပြောလိုပါဘူး။ (ရဲမင်းဦးက) ရောက်တဲ့အရပ်မှာ အဆင်ပြေအောင်နေမယ်ဆိုတာပဲ။ အကျဆောင် ရောက်သွားရင် အဆင်ပြေအောင်နေဖို့ ကျွန်တော်တို့က နောက်ကွယ်ကနေ ပံ့ပိုးပေးဖို့ ဒါပဲပြောသွားတယ်။ ကျန်းမာရေးကတော့ ကောင်းပါတယ်။ (ဘယ်) ခြေထောက်ကတော့ တစ်ဖက်သိမ်သွားတာ ရာသက်ပန်ပေါ့ဗျာ” ဟု ၎င်းက ပြောသည်။

၄၄ လမ်း အထပ်မြင့်တိုက်ပေါ်မှ ပြုတ်ကျအပြီး တွေ့ရသည့် မြင်ကွင်းတစ်ခု

စစ်တပ်က အင်အားအလုံးအရင်းဖြင့် ဝင်ရောက်စီးနင်းစဉ် တိုက်ပေါ်မှ ခုန်ချသူငါးအနက် မဝေဝေမြင့်နှင့် ကိုဝေဇော်ဖြိုးတို့မှာ ပွဲချင်းပြီး သေဆုံးခဲ့ပြီး ကျန်သုံးဦးမှာ ဒဏ်ရာ အပြင်းအထန်ရရှိခဲ့သည်။​ 

စိုင်းဝင်းလွင်ထွဋ်နှင့် ၄၄ လမ်းတိုက်ခန်း ဝင်စီးခံရစဉ် အဖမ်းခံရသူ လူငယ်ငါးဦး စုစုပေါင်း ၆ ဦးမှာ ပုဒ်မ သုံးခုဖြင့် စုစုပေါင်း ထောင်ဒဏ် ၁၂ အထိ ချမှတ်ခံရသည်။​ အငှားယာဉ်မောင်း ကိုကျော်ကျော်ဦးနှင့် အခြားလူငယ်နှစ်ဦးမှာ ထောင်ဒဏ် ၇ နှစ်စီ အချခံရသည်။ 

လူငယ် ၁၀ ဦးအနက် မပိုးကျော့ကျော့ခန့်တစ်ဦးသာ ထောင် ၅ ငါးနှစ် အချခံရသည်။ 

အကြမ်းဖက် ဖမ်းဆီးခံရစဉ်က ကိုယ်ဝန်ရှိနေသည့် အသက် ၂၂ နှစ်အရွယ် မပိုးကျော့ကျော့ခန့်မှာ ယခုနှစ် ဖေဖော်ဝါရီလကုန်တွင် ၎င်း၏ရင်သွေးကို အင်းစိန်အကျဉ်းထောင်၌ မွေးဖွားခဲ့ကြောင်း သိရသည်။

အဆိုပါ လူငယ် ၁၀ ဦးအနက် ကိုကောင်းဆက်နှင့် ကိုမင်းဟိန်းခန့်တို့မှာ ထောင်ဒဏ် ၇ နှစ် ချခံရပြီးဖြစ်သော်လည်း အခြားအမှုတွဲများအတွက် ဆက်လက် တရားရင်ဆိုင်ရမည်ဟု သိရသည်။​

ကိုကောင်းဆက်မှာ ယမန်နှစ် အောက်တိုဘာ ၂၈ ရက်က ဖခင်ဖြစ်သူ ဦးမျိုးလွင်ကို စစ်တပ်က ပုဇွန်တောင်မြို့နယ်တွင် ပစ်သတ်ပြီးနောက် ၎င်းကိုပါ ဖမ်းဆီးခဲ့ပြီး ကိုမင်းဟိန်းခန့်မှာ နိုဝင်ဘာ ၁ ရက်တွင် အခြားလူငယ် ၁၂ ဦးနှင့် အတူ သင်္ဃန်းကျွန်းမြို့နယ်၌ အဖမ်းခံရခြင်းဖြစ်သည်။ 

၄၄ လမ်းတိုက်ခန်း စီးနင်းမှုကြောင့် ပန်းသီး (ခ) မဝေဝေမြင့်နှင့် ကိုဝေဇော်ဖြိုးတို့ သေဆုံးခဲ့ရသည့် ဖြစ်စဉ်မှာ ပြည်တွင်းပြည်ပထိတိုင် အကြီးအကျယ်လှုပ်ခတ်စေခဲ့သည်။ ထိုစဉ်က တိုက်ခန်းအပေါ်ထပ် ခေါင်မိုး၌ ပုန်းအောင်နေသည့် ကိုကောင်းမင်းသန့်တစ်ဦးသာ ထွက်ပြေးလွတ်မြောက်ခဲ့သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button