သတင်း

၄၄ လမ်းဖြစ်စဉ်တွင် ပြင်းထန်ဒဏ်ရာရရှိထားသူနှစ်ဦး ထောင်ပြင်ပဆေးကုသခွင့်မရ

စစ်ကောင်စီတပ်ရန်ကြောင့် လေးထပ်တိုက်ပေါ်မှ ခုန်ချထွက်ပြေးစဉ် ပြင်းထန်သည့်ဒဏ်ရာများနှင့် ဖမ်းဆီးခံထားရသူ လူငယ်နှစ်ဦး သင့်လျော်သည့်ကုသမှု ဆက်လက် လိုအပ်နေသည်။

၂၀၂၁ခုနှစ် ဩဂုတ်လအတွင်းက ရန်ကုန်မြို့၊ ဗိုလ်တထောင်မြို့နယ် ၄၄ လမ်း နေအိမ်ကို စစ်တပ်ဝင်ရောက်စီးနင်းစဉ် လေးထပ်တိုက်ပေါ်မှ ခုန်ချပြီး ဒဏ်ရာပြင်းထန်စွာ ရရှိပြီး အဖမ်းခံထားရသည့် လူငယ်နှစ်ဦး ဆေးကုသမှုခံယူခွင့် ထပ်မရတော့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများ ကွန်ရက် (PPNN) နှင့် နီးစပ်သူတချို့က ပြောသည်။

ကိုဝေယံထက်သည် တိုက်ပေါ်မှ ခုန်ချစဉ် ခြေထောက်အောက်ပိုင်းကျိုးခဲ့ပြီး ဘီးတပ်ကုလားထိုင်နှင့် သွားလာနေရသူဖြစ်သည်။ ခြေထောက်နှစ်ဖက်လုံးကျိုးပြီး ပေါင်အရိုးများလည်း ကြေမွသွားရသည့်အတွက် စတီးချောင်းထည့်ထားရသည်။

ထိုဒဏ်ရာများကြောင့် ရန်ကုန်မြို့ အင်းစိန်အကျဉ်းထောင်အတွင်း အစစအရာရာ ချို့တဲ့သည့်ဆေးရုံတွင် နေထိုင်ခွင့်ရသော်လည်း မသက်သာသည့်အတွက် ပြင်ပဆေးရုံတွင် ကုသရန် လိုအပ်နေသည်ဟု PPNN ကွန်ရက်မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

ခြေထောက်နှင့် ခါးရိုးတို့တွင် ဒဏ်ရာရခဲ့သူ ကိုမင်းသစ္စာမောင် (ခ) ကိုဗလသည်လည်း ဒဏ်ရာများ မသက်သာသေးဘဲ   သာယာဝတီထောင်တွင် ရှိနေသည်။

“ဒီနေ့ထိတော့ သူတို့နှစ်ယောက်စလုံးကို ပြင်ပဆေးရုံကို ပို့ဆောင်ကုသပေးခြင်းတော့ မရှိသေးဘူးပေါ့၊ ၄၄ လမ်းဖြစ်စဉ်မှာ ပါဝင်ခဲ့တဲ့သူတွေ ဖြစ်တဲ့ဟာနဲ့ လုံခြုံရေးအရ ဂရုစိုက်ရမယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ သူတို့ကို ပြင်ပဆေးရုံကို မပို့တာ” ဟု PPNN တာဝန်ခံက ဆိုသည်။

ကိုဝေယံထက်နှင့် ကိုမင်းသစ္စာမောင်တို့သည် မင်္ဂလာဒုံစစ်ဆေးရုံ ခုတင် ၅၀၀ နှင့် ခုတင် ၁၀၀၀ တို့တွင် တစ်လကြာ နေထိုင်ခဲ့ရပြီး ၂၀၂၁ခုနှစ် စက်တင်ဘာ ၁၇တွင် အင်းစိန်ထောင်သို့ ပို့ဆောင်ခံခဲ့ရသည်။

သူတို့သည် ၂၀၂၁ ခုနှစ် ဩဂုတ် ၁၀ ရက်နေ့တွင် ဖမ်းဆီးခံခဲ့ရပြီး လေးလအကြာ ဒီဇင်ဘာ ၂၇ တွင် ပေါက်ကွဲစေတတ်သော အရာဝတ္တူများ အက်ဥပဒေတို့ဖြင့် စွဲချက်တင်ခံရပြီး ထောင်ဒဏ် ၁၂ နှစ် ချမှတ်ခံထားရသည်။

၄၄ လမ်းဖြစ်စဉ်တွင် စစ်တပ်က အင်အားအလုံးအရင်းဖြင့် ဝင်ရောက်စီးနင်းစဉ် တိုက်ပေါ်မှ ခုန်ချသူ ၅ ဦးအနက် မဝေဝေမြင့်နှင့် ကိုဝေဖြိုးဇော်တို့မှာ ပွဲပြီးချင်း သေဆုံးခဲ့သည်။

ဝင်ရောက်စီးနင်းချိန်တွင် တိုက်ခန်းအပေါ်ထပ် ခေါင်မိုး၌ ပုန်းအောင်းနေသည့် ကိုကောင်းမင်းသန့်တစ်ဦးသာ ထွက်ပြေးလွတ်မြောက်ခဲ့သည်။

၂၀၂၄ ဇန်နဝါရီ ၁ ရက်နေ့တွင် ကိုကောင်းမင်းသန့်သည် ကျောက်ကပ်ရောဂါကြောင့် ထိုင်း-မြန်မာနယ်စပ်၊ မဲဆောက်မြို့တွင် ကွယ်လွန်သွားသည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ၏ ဧပြီလ ထုတ်ပြန်ချက်တွင် နိုင်ငံအနှံ့ထောင်များတွင် နိုင်ကျဉ်းပေါင်း ၂၀၃၀၂ ဦး ရှိနေသည်ဟု ဆိုသည်။ ထိုအရေအတွက်သည် စစ်အာဏာရှင်အဆက်ဆက် ဖမ်းဆီးမှုနှင့် နှိုင်းယှဉ်ပါက ၂၀၂၁ အာဏာသိမ်းစစ်တပ်က စံချိန်တင် ဖမ်းဆီးထားသည့် အရေအတွက်ဖြစ်သည်။

အကျဉ်းထောင်များတွင် နိုင်/ကျဉ်းများနှင့် ရာဇဝတ်အကျဉ်းသားများ ရောနှောထားခြင်း၊ အကျဉ်းထောင်များတွင် ဆေးဝါးမလုံလောက်ခြင်း၊ ဆေးကုသခွင့်မရခြင်း၊ သောက်သုံးရေ မလုံလောက်ခြင်းတို့အပြင် ထောင်တွင်း ရိုက်နှက်ခံရမှုများ၊ ထောင်ပြင်ခေါ်ထုတ် လက်စဖျောက်ခံရသူများလည်း ရှိနေသည်။

ထောင်တွင်းအခြေအနေများကို လေ့လာရန် တောင်းဆိုထားသည့် နိုင်ငံတကာကြက်ခြေနီအသင်း ICRC ကိုလည်း စစ်ကောင်စီက ဆက်လက် ကန့်သတ်ထားသည်။

Show More

Related Articles

Back to top button