၂၀၂၁ ခုနှစ် ဩဂုတ်လအတွင်းက ရန်ကုန်မြို့ ဗိုလ်တထောင်မြို့နယ် ၄၄ လမ်း တိုက်ခန်းတစ်ခုကို စစ်တပ်က စီးနင်းပြီး ဖမ်းဆီးသွားသူများထဲမှ အသက် ၂၀ အရွယ် ကိုမင်းဟိန်းခန့် အင်းစိန်ထောင်တွင်း ယမန်နေ့ (စက်တင်ဘာ ၂၄) တွင် သေဆုံးသွားသည်။
ကိုမင်းဟိန်းခန့် ခေါ် အားကျယ် မွန်းတည့် ၁၂ နာရီခန့်တွင် သေဆုံးကြောင်း ထောင်အာဏာပိုင်တို့ထံမှ သိရသည်ဟု မိသားစုနှင့်နီးစပ်သူတစ်ဦးက ပြောသည်။
“ရုတ်တရက် မောတယ်ဆိုပြီး (နှလုံး) အောင့်တယ်ဆိုပြီး ထိုင်ကျသွားတာတဲ့။ ထိုင်ကျသွားပြီး အဲဒီမှာပဲ ဇက်ကျိုးသွားတဲ့ပုံစံမျိုး ပြန်မထနိုင်တော့ဘူး။ ထမင်းတွေဘာတွေ မနက်က စားသွားသေးတယ်တဲ့။ သူငယ်ချင်းတွေ ပျော်ပျော်ရွှင်ရွှင်ပဲ။ အကောင်းကြီးကနေ ဖြစ်သွားတာလို့ ပြောတယ်” ဟု မိသားစုနှင့်နီးစပ်သူတစ်ဦးက ပြောသည်။
နှလုံးရောဂါ လုံးဝမဖြစ်ဖူးသည့် ကိုမင်းဟိန်းခန့် သာကေတမြို့နယ်တရားရုံး၌ ရုံးထုတ်ချိန် ယခုနှစ် မေလ ၂၅ ရက်နေ့အထိ ကျန်းမာရေးကောင်းနေသည်ကို ထိုစဉ်က နောက်ဆုံးအကြိမ်အဖြစ် တွေ့မြင်ခဲ့ကြောင်း မိသားစုနှင့်နီးစပ်သူတစ်ဦးက ပြောသည်။
“အဲဒီနောက်ပိုင်းကနေ အခု ၉ လပိုင်းအထိကို ဆေးရုံသုံးခါလောက် တက်ရတယ်။နှလုံးရောဂါ ဖြစ်နေတယ်တဲ့၊ အထဲက ဆရာဝန်က ပြောတယ်။ အပြင်ရောက်မှကု၊ သူတို့ပေးတဲ့ဆေးပဲ သောက်အုံးလို့ ပြောတယ်” ဟု မိသားစုနှင့်နီးစပ်သူတစ်ဦးက ပြောသည်။
ပြီးခဲ့သည့် ဩဂုတ်လမှစ၍ ထောင်ဆရာဝန်ညွှန်းသည့် ဆေးဝါးများ ဝယ်ခြမ်းကာ ပို့ပေးခဲ့သည်၊ ထောင်ဆေးရုံ၌ ဆေးဝါးမလုံလောက်သဖြင့် ပြင်ပဆေးရုံတွင် ကုသခွင့်ရရန် ကိုမင်းဟိန်းခန့်က ထောင်အာဏာပိုင်များထံ စာတင်ခဲ့သော်လည်း မထူးခြားခဲ့ကြောင်း၊ ထိုဖြစ်စဉ်များကို သိခဲ့ရကြောင်း မိသားစုနှင့်နီးစပ်သူတစ်ဦးက ပြောသည်။
ကိုမင်းဟိန်းခန့်၏ ရုပ်အလောင်းကို ယနေ့နံနက် (စက်တင်ဘာ ၂၅) တွင် အင်းစိန်ထောင်မှ သွားရောက်ထုတ်ယူခဲ့ပြီး နေ့လယ် ၂ နာရီတွင် ရေဝေးသုသာန်တွင် သင်္ဂြိုဟ်ခဲ့သည်ဟု သိရသည်။
ကိုမင်းဟိန်းခန့်သည် ဆူပူအောင် လှုံ့ဆော်မှု ပုဒ်မ ၅၀၅၊ လူသတ်ရန် အားထုတ်မှု (ပုဒ်မ ၃၀၇)၊ ဖောက်ခွဲရေး (ပုဒ်မ ၃/၆) နှင့် အကြမ်းဖက်ဥပဒေ (ပုဒ်မ ၅၀/ဈ) တို့ဖြင့် စုစုပေါင်း ထောင်ဒဏ် ၂၇ နှစ် ချမှတ်ခံထားရသူဖြစ်သည်။
၁၀ တန်းကျောင်းသား ကိုမင်းဟိန်းခန့်သည် စစ်အာဏာသိမ်းပြီးနောက် ပုဇွန်တောင်၊ ဗိုလ်တထောင်လူငယ်သပိတ်ကော်မတီ (PBYSC) တွင် ပါဝင်ခဲ့သူလည်း ဖြစ်သည်။
၂၀၂၁ ခုနှစ် နိုဝင်ဘာ ၁ ရက်နေ့က အဖမ်းခံရသည့် ကိုမင်းဟိန်းခန့်သည် စစ်ကြောရေးစခန်းတွင် ၅၄ ရက်ကြာ ဖြတ်သန်းခဲ့ရပြီး အင်းစိန်ထောင်တွင် တစ်နှစ်နှင့် ၁၀ လ နေထိုင်ခဲ့ရသည်။
၂၀၂၁ ခုနှစ် ဩဂုတ်လ ၁၀ ရက်နေ့က ၄၄ လမ်းရှိ PBYSC လူငယ်များနေထိုင်ရာ တိုက်ခန်းကို စစ်ကောင်စီတပ်က အကြမ်းဖက်စီးနင်းစဉ် တိုက်ပေါ်မှ လူငယ် ၅ ဦး ခုန်ချထွက်ပြေးရာ ထိုအထဲမှ ၂ ဦး သေဆုံးခဲ့သည်၊ ၃ ဦးမှာ ဒဏ်ရာများဖြင့် အဖမ်းခံရသည်။
ကိုမင်းဟိန်းခန့်နှင့် အခြားတစ်ဦးဖြစ်သည့် ကိုကောင်းဆက်တို့မှာ တိုက်ခန်းစီးနင်းစဉ် လွတ်မြောက်သွားပြီးနောက် 44 st UG အဖွဲ့ဖွဲ့ကာ စစ်အာဏာရှင် တော်လှန်ရေးလုပ်ငန်းများ ဆက်လက်လုပ်ကိုင်ခဲ့ရာ ၂ လ အကြာတွင် အဖမ်းခံလိုက်ရခြင်းဖြစ်သည်။
တိုက်ခန်းတွင် အဖမ်းခံရသည့် ၃ ဦးအပြင် အခြားလူငယ် ၈ ဦးလည်း ဆက်စပ်ကာ အဖမ်းခံခဲ့ရသည်။ အဖမ်းခံရသည့် ကိုရဲမင်းဦး၊ ကိုမင်းသစ္စာအောင်၊ ကိုဝေယံထက်၊ ကိုသီဟကောင်းဆက်၊ မပိုးကျော့ကျော့ခန့်၊ ကိုဝေဖြိုးအောင်၊ စိုင်းဝင်းလွင်ထွဋ်နှင့် အငှားယာဉ်မောင်း ကိုကျော်ကျော်ဦးတို့ ထောင်ဒဏ် ၁၂ နှစ် ချမှတ်ခံထားရသည်။
ရန်ကုန်ဆေးရုံကြီး၌ ဆေးကုနေသည့် ကိုဝေယံထက်မှလွဲ၍ ကျန်သူများကို သာယာဝတီထောင်သို့ ပို့ဆောင်ထားသည်။ ကိုမင်းဟိန်းခန့်နှင့် ကိုကောင်းဆက်တို့သည် အင်းစိန်ထောင်တွင် ကျန်ရစ်ခဲ့သည်။
ကိုကောင်းဆက်ကို ဖမ်းဆီးချိန်တွင် ဖခင်ဖြစ်သူကိုပါ စစ်ကောင်စီတပ်က ပစ်သတ်ခဲ့သည်၊ ကိုကောင်းဆက်မှာ ထောင်ဒဏ် ၂၅ နှစ် ချမှတ်ခံထားရသည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ ထုတ်ပြန်ချက်တွင် ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးချိန်မှ ယခုနှစ် စက်တင်ဘာ ၂၂ ရက်အထိ အာဏာသိမ်းမှုဆန့်ရေး လှုပ်ရှားမှုသံသယဖြင့် ထောင်သောင်းချီ အဖမ်းခံခဲ့ရသည်၊ ဆက်လက်ဖမ်းဆီးခံထားရသူပေါင်း ၁၉၂၆၀ ဦး အနည်းဆုံး ရှိသည်ဟု ဖော်ပြသည်။ ထို့ပြင် သတ်ဖြတ်ခံရသူပေါင်း ၄၁၀၀ ထက်မနည်း ရှိသည်ဟုလည်း AAPP က ဆိုသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။