သတင်း

ဆန္ဒပြလူငယ်တစ်ဦး အဖမ်းခံရပြီး တစ်နှစ်ကျော်တွင် ထောင် ၂၅ နှစ် ချခံရ

ကျောင်းသား လူငယ်များပါမကျန် ဆန့်ကျင်သူမှန်သမျှကို ထောင်သွင်းအကျဉ်းချနေသည့် အာဏာသိမ်း စစ်တပ်သည် ရန်ကုန်မှ လူငယ်တစ်ဦးကို ဖမ်းဆီးပြီးတစ်နှစ်ကျော်အကြာတွင် ပုဒ်မအသီးသီးတပ်ကာ ထောင်ဒဏ် ၂၅ နှစ်အထိ ချမှတ်လိုက်သည်။ 

အသက် ၂၈ နှစ်အရွယ် ရေကြောင်းတက္ကသိုလ် ကျောင်းသားဟောင်း ကိုကောင်းဆက်ကို စစ်ကောင်စီ၏ အင်းစိန်ထောင်တွင်း တရားရုံးက ယခုလ ၂၇ ရက်တွင် ထောင်ဒဏ်များ ချမှတ်လိုက်ခြင်းဖြစ်သည်ဟု နီးစပ်သူတစ်ဦးထံမှ သိရသည်။ကိုကောင်းဆက်မှာ ပြီးခဲ့သည့် နိုဝင်ဘာလ ၃ ရက်က ရန်ကုန်မြို့အထွက် စစ်ဆေးရေးဂိတ်တစ်ခုတွင် အဖမ်းခံရခြင်းဖြစ်သည်။

၎င်းကို စစ်ကောင်စီက ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၅၀၅-ကဖြင့် ထောင် ၃ နှစ်၊ လက် နက်ဥပဒေပါ ပုဒ်မ ၁၉ (စ) ဖြင့် ၃ နှစ်၊ ရာဇသတ်ကြီးပါ ပုဒ်မ ၃၀၇ ဖြင့် ၇ နှစ်၊ ပေါက်ကွဲစေတတ်သော ဝတ္ထုပစ္စည်းများအက်ဥပ ဒေပါ ပုဒ်မ ၃ နှင့် ၆ တို့ဖြင့် ၇ နှစ်၊ ထိုပုဒ်မများဖြင့်ပင် နောက်တစ်မှုအတွက် ၅ နှစ်၊ စုစုပေါင်း ထောင်ဒဏ် ၂၅ နှစ် ချမှတ်ခဲ့ခြင်းဖြစ်သည်။

ကိုကောင်းဆက်မှာ ကျန်းမာရေးကောင်းမွန်ပြီး ၎င်းနှင့်အတူ အဖမ်းခံရသည့် ကိုဝေထွန်းသည်လည်း ပေါက်ကွဲစေတတ်သောဝတ္ထုပစ္စည်းများအက်ဥပဒေ ပုဒ်မ ၃ နှင့် ၆ တို့ဖြင့် ထောင်ဒဏ် ၇ နှစ် ချမှတ်ခံ လိုက်ရကြောင်း သိရသည်။

“သူ့ (ကိုဝေထွန်း) ကိုကျတော့ ကောင်းဆက်နဲ့ အမှုတွဲတာပဲသိတာ။ ကျန်တာ ဘာအမှုရှိသေးလဲ မသိဘူး” ဟု အထက်ပါ တရားရုံးနှင့် နီးစပ်သူက ပြောသည်။

ကိုကောင်းဆက်၏ဖင် ဦးမျိုးလွင်သည်လည်း သားဖြစ်သူ အဖမ်းမခံရမီ ရက်ပိုင်းအလို၌ စစ်တပ်က လိုက် လံဖမ်းဆီးစဉ် ပစ်သတ်ခံခဲ့ရသည်။ ၂၀၂၁ အောက်တိုဘာ ၂၈ ရက်တွင် ဦးမျိုးလွင်ကို လိုက်လံဖမ်းဆီး ရင်းပစ်သတ်ခဲ့ခြင်းဖြစ်ကာ ရက်ပိုင်းအကြာတွင် ကိုကောင်းဆက်၏ ဦးလေးဖြစ်သူ ဦးမျိုးသက်ထွေးပါ ဖမ်းဆီးခံရသည်။ ဦးမျိုးသက်ထွေးကို လက်နက်များနှင့်အတူ ဖမ်းမိခြင်းဖြစ်ကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန် ခဲ့သည်။

အာဏာသိမ်းစစ်တပ်ကို ဆန့်ကျင်တော်လှန်သည့် ထောင်ပေါင်းများစွာ ရန်ကုန်မြို့မှ လူငယ်များတွင် ကို ကောင်းဆက်လည်း ပါဝင်ပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး အထွေထွေသပိတ်ကော်မတီ (GSC) အောက်ရှိ ပုဇွန်တောင်၊ ဗိုလ်တထောင်လူငယ်များသပိတ်ကော်မတီ (PBYSC) တွင် ပါဝင်လှုပ်ရှားခဲ့သူဖြစ်သည်။

ရန်ကုန်မြို့မှ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြလှုပ်ရှားမှုများတွင် ပါဝင်ခဲ့သူ ကိုကောင်းဆက်။

ပြီးခဲ့သည့်နှစ် ဩဂုတ်လအတွင်းက ဗိုလ်တထောင်မြို့နယ် ၄၄ လမ်းရှိ တိုက်ခန်းတစ်ခုကို စစ်ကောင်စီက အင်အားအလုံးအရင်းဖြင့် ဝင်ရောက်စီးနင်းကာ လူငယ်အချို့နှင့် အခြားဆက်စပ်သူများကိုပါ ဆက်တိုက် ဖမ်းဆီးခဲ့ရာ ကိုကောင်းဆက်လည်း အပါအဝင်ဖြစ်သည်။

၄၄ လမ်း တိုက်ခန်းကို စစ်တပ်ဝင်စီးစဉ် လူငယ်ငါးဦး ငါးလွှာအမြင့်ရှိ တိုက်ခန်းပေါ်မှာ ခုန်ချရာ နှစ်ဦး သေဆုံးပြီး သုံးဦးအပြန်းအထန် ဒဏ်ရာရရှိခဲ့သည်။ ထိုအဖြစ်အပျက်မှာ နိုင်ငံတကာအထိပါ အကြီး အကျယ် တုန်လှုပ်စေခဲ့သည်။

အာဏာသိမ်း စစ်တပ်က နှစ်မကုန်မီ ဒီဇင်ဘာလအတွင်း ဖမ်းဆီးချုပ်နှောင်ထားသူများကို ဆက်တိုက် ဆိုသလို အပြီးသတ်အမိန့်များ ချမှတ်နေရာ ၄၄ လမ်းဖြစ်စဉ်မှ အဖမ်းခံရသည့် လူငယ် ၁၀ ဦးလည်း ထောင် ၅ နှစ်မှ ၁၂ အထိ ချမှတ်ခံထားရသည်။​

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ ဒီဇင်ဘာ ၂၈ ရက်နေ့ စာရင်း များအရ အာဏာသိမ်းပြီးနောက် တစ်နိုင်ငံလုံးတွင် ဖမ်းဆီးခံရသူ ၁၃,၀၀၀ ကျော်ရှိပြီး ပြန်လည်လွတ် မြောက်လာသူ ၃၀၀၀ ကျော်သာရှိသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button