ရဲစခန်းများ၊ လုံခြုံရေးဘန်ကာများ၊ ကင်းပုံးများ ပတ်လည်ဝိုင်းနေသည့် ရန်ကုန်မြို့လယ်ကောင်ရှိ ဗိုလ်တထောင်မြို့နယ် လမ်းမတစ်နေရာတွင် ဇူလိုင် ၂၈ ရက်က သေနတ်ဖြင့် အနီးကပ်ပစ်ခံရသော်လည်း ကိုသန်းဝင်း ခေါ် ဘော်ဘီ ကံကောင်းစွာဖြင့် ဒဏ်ရာသာရခဲ့သည်။
၄၂ လမ်းနှင့် ကုန်သည်လမ်းထောင့်တွင် ရပ်နေသည့် ဘော်ဘီကို လူငယ် ၂ ဦးက ပစ်ခတ်ရန် ရောက်ရှိလာစဉ် သူက ရိပ်မိသွားပြီး အနီးရှိ မော်တော်ယာဉ်ကို အကာအကွယ်ယူ ပုန်းရှောင်ရန် ပြင်ဆင်စဉ် သေနတ် ၃ ချက် ထိမှန်ခဲ့ခြင်းဖြစ်သည်ဟု မျက်မြင်အချို့က ဆိုသည်။
“သူ့ကို ပစ်တော့မယ်ဆိုပြီးတော့ သူ့နားကို ရောက်လာတဲ့ အချိန်မှာ ရိပ်မိသွားပြီးတော့ သူက ထပြီး ကားကြားထဲကို ဝင်သွားတဲ့ အချိန်မှာ ဟိုက လိုက်ပစ်တာ။ ပစ်တဲ့ အချိန်မှာ ဒီကောင်က ပတ်ပြေးတာ။ တစ်ချက်ပစ်ပြီးတော့ ဟိုဘက်က တစ်ယောက်က ထပ်ပစ်တဲ့ အချိန်မှာ ဒီကောင်လဲကျသွားတာ” ဟု ထိုလမ်းထိပ်တွင် နေထိုင်သူ အမျိုးသားတစ်ဦးက ပြောသည်။
လည်ပင်း၊ ပခုံးနှင့် တင်ပါးဆုံရိုးတို့တွင် ဘော်ဘီ ကျည် ၃ ချက် ထိမှန်ပြီး၊ ထိုဒဏ်ရာများဖြင့် ၎င်းသည် ရန်ကုန် မင်္ဂလာဒုံစစ်ဆေးရုံတွင် လက်ရှိအချိန်ထိ ဆေးကုသမှုခံယူနေသည်ဟု သိရှိရသည်။
အာဏာသိမ်းစစ်ကောင်စီ၏ အုပ်ချုပ်ရေးယန္တရားတွင် အခြေခံအကျဆုံးဖြစ်သော ရပ်ကွက် ကျေးရွာ အုပ်ချုပ်ရေးမှူးများကို ရန်ကုန်နှင့် မြို့ကြီးများတွင် တော်လှန်ရေးအင်အားစုများက ပစ်မှတ်ထား တိုက်ခိုက်နေရာ ဘော်ဘီ၏ ပစ်ခတ်ခံရမှုမှာ မထူးခြားသလိုဖြစ်သော်လည်း သူသည် ထူးခြားသည့် အုပ်ကြီးတစ်ယောက်ဖြစ်လေသည်။
အာဏာရပ်ဝန်းနှင့် ပုလဲပနံသင့်သည့် အသက် ၄၈ နှစ်အရွယ် ဘော်ဘီမှာ အစ္စလာမ်ဘာသာဝင်အများစု နေထိုင်သည့် ဗိုလ်တထောင်မြို့နယ် ၇ ရပ်ကွက် အုပ်ချုပ်ရေးမှူးဖြစ်သည်။ ထိုတာဝန်ကို လွန်ခဲ့သည့် ၇ နှစ်ဝန်းကျင်မှစ၍ သူက တာဝန်ယူခဲ့သည်။
ယူနီဖောင်းချွတ် ဗိုလ်ချုပ်ကြီးဟောင်း သမ္မတ ဦးသိန်းစိန်အစိုးရခေတ်၊ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)အစိုးရခတ်တို့သာမက လက်ရှိ အာဏာသိမ်းသည့် စစ်ကောင်စီကိုပါ သူက သစ္စာခံနေသူဖြစ်သည်။
ထို့ပြင် မွတ်စလင်မုန်းတီးရေးနှင့် ဗုဒ္ဓဘာသာမြှင့်တင်ရေးခေါင်းစဉ်များဖြင့် အမျိုးသားရေးအမည်ခံ အင်အားစုများကို လက်နက်တပ်ဆင်ပြီး လူထုကို နှိပ်ကွပ်နေသော စစ်အုပ်ချုပ်ရေးခတ်တွင် ဘော်ဘီကဲ့သို့ အစ္စလာမ်ဘာသာဝင်တစ်ဦး စစ်ကောင်စီ၏ အုပ်ကြီးတစ်ဦးဖြစ်နေသည်မှာလည်း ထူးခြားသည့်အချက်ဖြစ်သည်။
ခေါင်းကို ပစ်ခဲ့တာပါ။ နောက်ကပြေးလိုက်လာတဲ့ လူအုပ်စုတစ်စုရှိပေမဲ့ အဆုံးထိတော့ မလိုက်လာကြပါဘူး
ဘော်ဘီသည် စစ်တပ်ကျောထောက်နောက်ခံ ပြည်ထောင်စုကြံ့ခိုင်ရေးပါတီ၏ စည်းရုံးရေးမှူးလည်းဖြစ်ပြီး၊ မူးယစ်ဆေးဝါးမှုဖြင့် ၂၀၀၀ ပြည့်နှစ်များတွင် ထောင်ကျဖူးသူဖြစ်သည်။ အာဏာသိမ်းပြီးနောက်ပိုင်း ၎င်းသည် စစ်တပ် သတင်းပေး (ဒလန်) စသည့် ဂုဏ်ပုဒ်ကို ဗိုလ်တစ်ထောင်မြို့နယ်တွင် ရရှိလာခဲ့သည်။
၄၄ လမ်း တစ်နှစ်ပြည့် သွေးကြွေး
ယမန်နှစ် ဩဂုတ် ၁၀ ရက်က စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြလူငယ်များ တစ်စုတစ်ဝေးရှိနေသည့် ဗိုလ်တထောင်မြို့နယ် ၄၄ လမ်း တိုက်ခန်းတစ်ခုကို စစ်ကောင်စီက အကြမ်းဖက်စီးနင်းရာ လူငယ် ၅ ဦး တိုက်ပေါ်မှ ပြုတ်ကျခဲ့ပြီး ၂ ဦး သေဆုံးခဲ့သည်။
ထိုဖြစ်စဉ်တွင် တိုက်ပေါ်မှ ကျသော်လည်း အသက်ရှင်ကျန်သူ ၃ ဦး၊ တိုက်ခန်းအတွင်း အဖမ်းခံရသူ ၃ ဦး၊ အငှားယာဉ်မောင်း ၁ ဦးတို့ ဖမ်းဆီးခံရကာ ပေါက်ကွဲစေတတ်သည့် အရာများနှင့်အတူ မိသည်ဟု စစ်ကောင်စီက စွပ်စွဲ၍ ၎င်းတို့ကို ကြီးလေးသော ပုဒ်မများဖြင့် တရားစွဲခံထားသည်။
နာမည်ကျော် ထိုဖြစ်ရပ်မှာ ဘော်ဘီ၏ သတင်းပေးမှုကို အခြေခံ၍ ပေါ်ပေါက်ခြင်းဖြစ်၍ သွေးကြွေးဆပ်ရန် သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံခဲ့ခြင်းဖြစ်ကြောင်း ရန်ကုန် မြို့ပြပြောက်ကျားအဖွဲ့ Inya Urban Force – IUF မှ လူငယ်တစ်ဦးက ပြောသည်။
“ခေါင်း ကိုပစ်ခဲ့တာပါ။ နောက်ကပြေးလိုက်လာတဲ့ လူအုပ်စုတစ်စုရှိပေမဲ့ အဆုံးထိတော့ မလိုက်လာကြပါဘူး” ဟု ၎င်းက ပြောသည်။
ထိုသို့ပစ်ခတ်ခံရပြီးနောက် သွေးအိုင်ထဲတွင် လဲကျနေသည့် ဘော်ဘီကို ၎င်းတည်ထောင်ထားသည့် ပရဟိတအသင်းမှ မော်တော်ယာဉ်ဖြင့် ရန်ကုန်ဆေးရုံကြီးသို့ ချက်ချင်းပို့ဆောင်ခဲ့ရာမှ အသက်ဘေးမှ လွတ်မြောက်သွားခဲ့ခြင်းဖြစ်သည်။
ဘော်ဘီနေထိုင်သည့် ရန်ကုန်မြို့လယ်ကောင် ၄၂ လမ်းမှာ စစ်ကောင်စီက လုံခြုံရေး အထူးတင်းကျပ်ထားသည့် ဧရိယာအတွင်းရှိ၍ အချိန်ယူကာ ခက်ခက်ခဲခဲ ကြိုတင်ပြင်ဆင်ခဲ့ရသည်ဟု IUF မှ မြိုပြပြောက်ကျားလူငယ်က ဆက်ပြောသည်။
“ရန်သူက ဘယ်နေရာ ဘယ်လိုပဲရှိနေရှိနေ၊ ရန်သူကို သုတ်သင်ရှင်းလင်းနိုင်စွမ်း ကျွန်တော်တို့မှာ ရှိတယ်။ တောက်လျှောက်လည်း အဲဒီလိုပဲ ရှင်းလင်းနိုင်ခဲ့တယ်။ ခုမစ်ရှင်မှာဆိုရင်လည်း အားလုံး လုံလုံခြုံခြုံနဲ့ အဆင်ပြေပြေ ချောချောမွေ့မွေ့ ပြီးသွားပါတယ်” ဟု သူက ပြောသည်။
“အဓိကအနေနဲ့ကတော့ စကစလက်အောက်မှာ တာဝန်ထမ်းဆောင်နေတဲ့ အုပ်ချုပ်ရေးမှူးတွေအနေနဲ့ ဘော်ဘီ့နောက်မလိုက်ချင်ရင် ချက်ချင်းနုတ်ထွက်ပါ” ဟု လူငယ်က ဆက်ပြောသည်။
၄၄ ဖြစ်စဉ်တွင် သတင်းပေး၊ ဒလန်လုပ်ခဲ့သူ ဘော်ဘီကို ထိုအချိန်ကတည်းကပင် ရှင်းလင်းရန် ရည်ရွယ်ခဲ့သော်လည်း မြို့ပြပြောက်ကျားအဖွဲ့အချို့၏ သတင်းပေါက်ကြားမှု၊ လူမှုကွန်ရက် စာမျက်နှာများပေါ်တွင် ရေးသားမှုများကြောင့် အချိန်ယူ စောင့်ဆိုင်းခဲ့ရခြင်းဖြစ်သည်ဟု သူက ဆိုသည်။
“တချို့တွေက အွန်လိုင်းပေါ်ကနေပြီးတော့ ဘော်ဘီ့ကို ဘယ်လိုလုပ်မယ်၊ ဘယ်လိုရှင်းလိုက်မယ်ဆိုပြီး ရေးတင်ကြတဲ့အခါကျတော့ သူက ထွက်ပြေးပုန်းရှောင်သွားလိုက်နိုင်တယ်။ နောက် တော်တော်ကြာ သူပြန်လာပြီဆိုတော့မှ ကျွန်တော်တို့က စောင့်ကြည့်နေခဲ့ပြီးတော့ အခုမှ လုပ်ဖြစ်သွားတာပါ” ဟု ၎င်းက ဆက်ပြောသည်။
ဘော်ဘီမှာ သူ့ကို လုပ်ကြံမည့် သတင်းများကြောင့် အရပ်ထဲတွင် မနေဘဲ လပေါင်းများစွာ ၎င်း၏ ဆွေမျိုးသားချင်းများရှိရာ ရန်ကုန်မြစ်တစ်ဖက်ကမ်း ဒလမြို့နယ်တွင် တိမ်းရှောင်နေခဲ့ပြီး မကြာသေးခင်ကမှ ရဲလုံခြုံရေးအစောင့်အကြပ်ဖြင့် ရပ်ကွက်အတွင်း ပြန်ရောက်လာသည်ဟု သိရှိရသည်။
ထောင်မှလွတ်ပြီး ပြည်ခိုင်ဖြိုးဝင်ပြီ
၂၀၀၀ ခုနှစ်ဝန်းကျင်က မူးယစ်ဆေးဝါး အမှုဖြင့် ထောင်ဒဏ်ကျခံခဲ့ပြီး အကျဉ်းထောင်မှ လွတ်မြောက်ပြီးနောက် ဘော်ဘီသည် စစ်တပ်လက်ကိုင်တုတ်အဖြစ် အမည်ဆိုးဖြင့် ကျော်ကြားသည့် ပြည်ခိုင်ဖြိုးပါတီဝင်တစ်ဦးဖြစ်လာသည်ဟု ၎င်း၏ အိမ်နီးချင်းအချို့က ဆိုသည်။
ထောင်မှ ဘော်ဘီ လွတ်ပြီးနောက် ဥပဒေနှင့် မလွတ်ကင်းသည့် မူးယစ်ဆေးနှင့် လောင်းကစားလုပ်ငန်းများကို အာဏာပိုင်များနှင့် ပေါင်း၍ လွတ်လွတ်လပ်လပ် လုပ်ကိုင်နိုင်ရန် ပြည်ခိုင်ဖြိုးပါတီ စည်းရုံးရေးမှူးတာဝန်ကို ရယူခဲ့ခြင်းဖြစ်သည်ဟု အသက် ၅၀ အရွယ် ဒေသခံ အိမ်နီးချင်းတစ်ဦးက ဆိုသည်။
“ဒီကောင်က အရင်တုန်းက မင်္ဂလာဆောင်ပွဲတွေမှာ အခြောက်တွေနဲ့ တွဲပြီးတော့ ကတာပေါ့။ အဲဒါမျိုးတွေ လုပ်တယ်။ အဲဒီကနေပြီးတော့မှ မူးယစ်ဆေးဝါးတွေ ရောင်းတယ်ဆိုပြီးတော့ ၂ ခါလောက် အဖမ်းခံရတယ်။ အဲဒီနောက်ပိုင်းကနေစပြီးတော့ သူက သူရဲ့ လုပ်ငန်းတွေကို ကာကွယ်ဖို့အတွက် ကြံ့ဖွံ့ထဲ ဝင်ပြီးတော့ လုပ်တာပေါ့” ဟု သူက ပြောသည်။
ထို့နောက် စစ်တပ်က ဦးဆောင်ကျင်းပသည့် ၂၀၁၀ ရွေးကောက်ပွဲရလဒ်ဖြင့် တိုင်းပြည်ကို အုပ်ချုပ်သည့် ကြံ့ခိုင်ရေးပါတီမှ ဗိုလ်ချုပ်ကြီးဟောင်းသိန်းစိန် အစိုးရအဖွဲ့၏ ငါးနှစ်သက်တမ်း နှောင်းပိုင်းမှစ၍ ဒေသခံ လူဆိုး၊ လူမိုက်များဖြင့် အုပ်စုဖွဲ့ နေထိုင်နေသူ ဘော်ဘီက ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦး ဖြစ်လာခဲ့သည်။
၂၀၁၅ အထွေထွေရွေးကောက်ပွဲအပြီး NLD အစိုးရလက်ထက်တွင် အုပ်ချုပ်ရေးမှူး ဘော်ဘီ၏ ငိုရခက်၊ ရယ်ရခက် အမှုတစ်ခုမှာ ထင်ရှားခဲ့ပြီး Myanmar Now ကလည်း ၂၀၁၉ တွင် ၎င်းကို သွားရောက်တွေ့ဆုံကာ သတင်းတင်ဆက်ခဲ့ဖူးသည်။
ဘော်ဘီကို ဒေသခံ ၁၀ ဦးက နိုင်ငံပိုင် အုတ်ခဲ အလုံး ၁၀၀ ခိုးယူမှုဖြင့် ၂၀၁၇ နိုဝင်ဘာတွင် နိုင်ငံတော်သမ္မတရုံးသို့ တိုင်ကြားသည့် ကိစ္စဖြစ်သည်။
ထိုသို့ တိုင်ကြားသူ ဒေသခံ ၁ဝ ဦးကို ဘော်ဘီက ပြန်တရားစွဲရာ မြို့နယ်တရားရုံးက အမှုကို ပလပ်ခဲ့သည်။ တိုင်ကြားသူထဲမှ တစ်ဦးက အုတ်ခဲ ၁၀၀ ဖြစ်ရပ်အကြောင်း Facebook တွင် ရေးရာ ဘော်ဘီက အလွတ်မပေးဘဲ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့် ထပ်မံ၍ ဗိုလ်တထောင်မြို့နယ်ရဲစခန်းတွင် အမှုဖွင့်ဖူးသည်။
ထိုအမှုအခင်းများနှင့် စပ်လျဉ်း၍ ဘော်ဘီအား မေးမြန်းရန် Myanmar Now က ၎င်း၏ ရုံးခန်းသို့ သွားရောက်ရာ အသားညိုညို နှာတံကောင်းကောင်း ရွှေလက်စွပ်ဝတ်ဆင်ထားသူ ဘော်ဘီမှာ အနက်ရောင်သားရေဆုံလည်ထိုင်ခုံပေါ်တွင် ထိုင်၍ ၎င်း၏ရုံးလုပ်ငန်းများကို လုပ်ဆောင်နေသည်။
၎င်းက သက်ကြီးရွယ်အို၊ ကလေးငယ်များနှင့် လမ်းသွားလမ်းလာတို့ အဆင်ပြေရေးအတွက် အုတ်ခဲများကို ယူသုံးခဲ့ခြင်း ဖြစ်သည် ထိုအချိန်က ဖြေကြားခဲ့သည်။
“ကိုယ်ကတော့ ကုသိုလ်လိုချင်လို့ လုပ်ခဲ့တာ။ ကျွန်တော်က သမာသမတ်ကျတယ်။ ကိုယ့်ကိုယ်ကိုယ်လည်း အာမခံရဲတယ်။ သူတို့ကတော့ အဖွဲ့လိုက် တစိုက်မတ်မတ်လိုက်ပြီး အမျိုးမျိုး တိုင်နေတာ” ဟု သူ့အားတရားစွဲဆိုသူများနှင့်ပတ်သက်၍ ၎င်းက ဆိုခဲ့သည်။
ထိုအချိန်က ဘော်ဘီကို တိုင်ကြားခံရသည့် အချက်များတွင် လျှပ်စစ်မီး တရားမဝင်ခိုးယူ သုံးစွဲခဲ့ဖူးသည်ဟူသော အချက်လည်း ပါဝင်သည်။
Myanmar Now က ဖတ်ရှုခွင့်ရသော ၂ဝဝ၅ ခုနှစ် တရားရုံးစီရင်ချက် မိတ္တူတစ်စောင်တွင် ဦးသန်းဝင်းသည် လျှပ်စစ်မီး တရားမဝင်သုံးစွဲမှုကြောင့် လျှပ်စစ်ဥပဒေ ပုဒ်မ-၂၃၊ ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ – ၃၇၉ ကျူးလွန်မှုဖြင့် ငွေဒဏ် ကျပ် တစ်သောင်း သို့မဟုတ် ထောင်ဒဏ် ၆ လ ကျခံစေရန် အမိန့်ချမှတ်ခံရကြောင်း ဖော်ပြထားသည်။
ထိုအမှုနှင့် ပတ်သက်၍ ငွေဒဏ်ဆောင်ခဲ့လား သို့တည်းမဟုတ် ထောင်ကျခံခဲ့လားဟု သူ့အား ၂၀၁၉ ခုနှစ်တွင် Myanmar Now ကမေးမြန်းရာ ကိုဘော်ဘီက မည်သို့မျှမှတ်ချက်မပေးပေ။
ဘော်ဘီ သေနတ်ဖြင့် ပစ်မခံရမီ ရက်ပိုင်းအလိုတွင် ၎င်းသည် စစ်တပ်က လက်နက်တပ်ဆင်ပေးမည့် အရပ်သားအဖွဲ့ (ပျူစောထီး) ဖွဲ့စည်းရန် ဦးဆောင်လှုပ်ရှားသည်ဟု သတင်းများထွက်ပေါ်ခဲ့သည်။ ဗိုလ်တထောင်မြို့နယ်တွင် ပြည်သူ့စစ်အဖွဲ့ဝင် ၂၅ ဦးအား ကိုဘော်ဘီက လူစုဆောင်းပေးခဲ့သည်ဟု အိမ်နီးချင်းများက ၎င်းနှင့် ပတ်သက်၍ စွပ်စွဲပြောဆိုသည်။
ရပ်ကွက်အတွင်း နေထိုင်သည့် ဒီမိုကရေစီအရေးလှုပ်ရှားသူများမှာ ၎င်း၏ သတင်းပေးမှုကြောင့် မကြာခဏ အဖမ်းခံခဲ့ရကြောင်းလည်း ဗိုလ်တထောင် ၇ ရပ်ကွက်တွင် နေထိုင်သူ အမျိုးသားတစ်ဦးက ပြောသည်။
“ဆန္ဒပြတဲ့ကလေးတွက ၄၄ လမ်းမှာ အခန်းငှားနေတော့ ဗုံးစမ်းရင်း အခန်းမှာ ပေါက်ကွဲတယ်။ ပေါက်တော့ ၂ ယောက်က ဒဏ်ရာရတယ်။ အဲဒီချာတိတ်တွေဖြစ်သွားတဲ့ ကိစ္စမှာလည်း ညနေရောက်တော့ ဒီကောင်ဘော်ဘီက စစ်တပ်က ကောင်တွေခေါ်လာပြီး ဦးဆောင်လမ်းပြပြီးတော့ ရောက်လာခဲ့တာ” ဟု ၎င်းက ပြောသည်။
ထိုသို့ လက်ဇောင်းထက်သည့် ဘော်ဘီမှာ လုပ်ကြံခံရပြီး အသက်ဘေးမှ သီသီလေးလွတ်သွားခဲ့သဖြင့် ဒီမိုကရေစီရေးတက်ကြွလှုပ်ရှားသူများကို အငြိုးတကြီးဖြင့် ကလဲ့စားချေ တုံ့ပြန်မည်ကို စိုးရိမ်မိသည်ဟု ထိုရပ်ကွက်တွင်နေထိုင်သူတစ်ဦးက ပြောသည်။
“ ပြည်သူတွေအတွက် စိုးရိမ်စရာပဲ။ ဒုက္ခိတဖြစ်ပြီးတော့ တစ်လျှောက်လုံး ဆင်းရဲ ဒုက္ခ ခံစားရမယ်ဆိုပေမဲ့ အငြိုးအတေးထားပြီးတော့ စစ်ကောင်စီကို သတင်းပေးတာမျိုးတွေ ထပ်လုပ်နေမှာ စိုးရိမ်ရပါတယ်” ဟု သူက ပြောလိုက်သည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)