သတင်း

မန္တလေးတွင် လက်ဖက်ရည်ဆိုင်ထိုင်နေသည့် အုပ်ချုပ်ရေးမှူး ပစ်သတ်ခံရ

တပ်သားသစ်စုဆောင်းသူဟု အမည်ထွက်နေသည့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦး မန္တလေးမြို့ပေါ်တွင် ပစ်ခတ်ခံရသည်။

မန္တလေးမြို့ပေါ်တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦး လက်ဖက်ရည်ဆိုင် ထိုင်နေစဉ် ယနေ့ (ဇွန် ၅) နံနက်ပိုင်းက ပစ်ခတ်ခံရသဖြင့် ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း မျက်မြင်များကို ကိုးကား၍ မြို့ခံများက ပြောသည်။

နံနက် ၈ နာရီခန့်တွင် ဆိုင်ကယ်ဖြင့် ရောက်လာသော သေနတ်သမား ၂ ဦးက ပြည်ကြီးတံခွန်မြို့နယ်၊ (ဇ) ရပ်ကွက်ရှိ “မြင့်ကျော်” လက်ဖက်ရည်ဆိုင်တွင် ရှိနေသော အဆိုပါ ရပ်ကွက်မှ အသက် ၅၀ အရွယ် အုပ်ချုပ်ရေးမှူး ဦးရဲလွင်ကို ပစ်သတ်သွားသည်ဟု ဆိုသည်။

ရပ်ကွက်အုပ်ချုပ်ရေးမှူး နေရာမှာပင် သေဆုံးသွားကြောင်း အဆိုပါ အနီးဝန်းကျင်တွင် နေထိုင်သူ အမျိုးသားတစ်ဦးက ပြောသည်။

“ခေါင်းကို ပစ်တာလို့ သိရတယ်။ မလှုပ်ဘူး။ ပွဲချင်းပြီးဆုံးတာ။ လက်ဖက်ရည်ဆိုင်ထဲတော့ လူတွေ ကြောက်လန့်တကြား ဖြစ်ကုန်ကြတယ်။ ဆိုင်ရှေ့လည်း ရုတ်ရုတ်….ရုတ်ရုတ်ဖြစ်သွားတယ်” ဟု သူက ပြောသည်။

နာရီဝက်ခန့်အကြာတွင် စစ်ကောင်စီတပ်သားများရောက်ရှိလာပြီး လက်ဖက်ရည်ဆိုင်နှင့် အနီးဝန်းကျင် လုံခြုံရေးကင်မရာ (CCTV) များကို စစ်ဆေးနေပြီး ရုပ်အလောင်းကိုလည်း လူမှုရေးကားတစ်စီးဖြင့် သယ်ဆောင်သွားသည်ဟု အထက်ပါသတင်းရင်းမြစ်က ဆိုသည်။

အွန်လိုင်းလူမှုကွန်ရက်သို့ ရောက်လာသည့် ဓာတ်ပုံများတွင် ခရမ်းရောင်အကွက်လက်တိုအင်္ကျီနှင့် ပုဆိုးအစိမ်းရောင် ဝတ်ဆင်ထားသော ဦးရဲလွင်ကို ဆိုင်အတွင်း စားပွဲ၊ ထိုင်ခုံများကြား သွေးအိုင်ထဲ မှောက်လျက်လဲနေသည့် အနေအထားနှင့် တွေ့ရသည်။

စစ်ကောင်စီ ဝါဒဖြန့် စာမျက်နှာများကလည်း ၁၃၃×၅၃ လမ်းထောင့်ရှိ လက်ဖက်ရည်ဆိုင်တွင် တပည့် ၃ ဦးနှင့်အတူ ထိုင်နေသည့် (ဇ) ရပ်ကွက် အုပ်ချုပ်ရေးမှူးကို ဆိုင်ကယ်ဖြင့် ရောက်ရှိလာသည့် PDF နှစ်ဦးက ပစ္စတိုသေနတ်ဖြင့် တစ်ချက် ဝင်ရောက် ပစ်ခတ်သွားကြောင်း ဖော်ပြထားသည်။

မည်သည့်အဖွဲ့က ၎င်းတို့၏ လက်ချက်ဖြစ်ကြောင်း ယနေ့ မွန်းလွဲပိုင်းအထိ ထုတ်ပြန်ခြင်းမရှိသေးပေ။

လက်ရှိတွင် စစ်ကောင်စီတပ်သားများက ပြည်ကြီးတံခွန်မြို့နယ်အတွင်း လမ်းများပိတ်ဆို့ကာ မော်တော်ယာဉ်များကို တားဆီးစစ်ဆေးပြီး လမ်းသွားလမ်းလာများကို စစ်ဆေးရှာဖွေနေသည်ဟု သိရသည်။

ပစ်ခတ်တိုက်ခိုက်မှုများ မကြာခဏဖြစ်ပွားလေ့ရှိသော မန္တလေးမြို့တွင် စစ်ကောင်စီသည် စစ်သားသစ်စုဆောင်းရေးကို အုပ်ချုပ်ရေးအဖွဲ့ဝင်များမှတစ်ဆင့် ကြိုးပမ်းနေသည်။

အာဏာသိမ်းမှုဆန့်ကျင်သူဟု ယူဆရသူတို့ကို ဖမ်းဆီးရာတွင် ဦးဆောင်ပါဝင်ရသည့် ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးများကို တော်လှန်ရေးအဖွဲ့များက ပစ်သတ်နေချိန်တွင် စစ်သားသစ်စုဆောင်းရာတွင်လည်း အောက်ခြေသိမ်း ပါဝင်ဆောင်ရွက်ရသောကြောင့် လုပ်ကြံ သတ်ဖြတ်ခံရမည့် အန္တရာယ်နှင့် ပိုမိုရင်ဆိုင်နေရသည်။

ပြည်ကြီးတံခွန်တွင် အသတ်ခံရသော အုပ်ချုပ်ရေးမှူးသည်လည်း ထိုရပ်ကွက်မှ လူငယ်များကို စစ်ကောင်စီတပ်သားသစ်အဖြစ် အဓမ္မ စုဆောင်းပေးနေသူဟု နာမည်ထွက်နေကြောင်း သိရသည်။

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ တမ္ပဝတီရပ်ကွက်တွင် ထောင်မှ လွတ်မြောက်လာသည်မှာ မကြာသေးသည့် အသက် ၂၀ အရွယ် ကိုပြည့်စုံအောင် ဆိုသူကို စစ်မှုထမ်းစာရင်းပါသည်ဟု ဆိုကာ စစ်ကောင်စီက မေ ၂၁ ရက် ညပိုင်းတွင် နေအိမ်မှ လာရောက်ခေါ်ဆောင်သွားသည်။

ထိုလူငယ်သည် လွန်ခဲ့သည့်နှစ်နှစ်ကျော်ခန့်က ၎င်းတို့၏ရပ်ကွက်မှ အုပ်ချုပ်ရေးမှူး သတ်ဖြတ်ခံရမှုတွင် သတင်းပေးဟု စွပ်စွဲခံရပြီး ၎င်းနှင့် လုပ်ငန်းရှင် ဖခင်ဖြစ်သူကို စစ်တပ်က ဖမ်းဆီးထောင်ချခဲ့သည်။

ဖခင်ဖြစ်သူက ထောင် ၁၀ နှစ်၊ ၎င်းက ၃ နှစ် ထောင်ဒဏ်ကျခံနေရပြီး မေလကမှ လွတ်မြောက်လာခြင်း ဖြစ်သည်ဟု ထိုရပ်ကွက်တွင် နေထိုင်သူတို့က ဆိုသည်။

“သနားဖို့အတော်ကောင်းတယ်။ ထောင်က ထွက်လာပြီး ရက်ပိုင်းပဲ ကြာတယ်။ စစ်မှုထမ်းအတွက်ဆိုပြီး ခေါ်သွားတယ်။ အိမ်မှာ အမေအိုဖြစ်သူနဲ့ သားအငယ်လေးပဲ ကျန်ခဲ့တာ။ အမေက အခု လမ်းဘေး ဈေးရောင်းနေရတာ” ဟု အဆိုပါရပ်ကွက်မှ အမျိုးသားတစ်ဦးက ဆိုသည်။

မန္တလေးတွင် တတိယသုတ်အဖြစ် စစ်သားစုဆောင်းခြင်းကို အုပ်ချုပ်ရေးမှူးများက ပုံစံပြောင်း၍ လုပ်လာကြောင်း ဒေသခံတချို့က ဆိုသည်။

ရပ်ကွက်အတွင်း အရက်သေစာသောက်စားသည့် ဆိုးသွမ်းလူငယ်များ၊ နိုင်ငံရေးအမှုဖြင့် ထောင်ကျဖူးသူများ၊ ၎င်းတို့နှင့် သဟဇာတမဖြစ်သည့်လူငယ်များ၊ ညအချိန်မတော် လမ်းပေါ်တွင် ရှိနေသူများကို စစ်မှုထမ်းရန် ဦးစားပေး စုဆောင်းနေသည်။ နိုင်ငံရေးအမှုဖြင့် ဖမ်းဆီးသည်ဟု အကြောင်းပြကာ ခေါ်ယူမှုများလည်းရှိသည်ဟု မြို့ခံတချို့က ဆိုသည်။

“အရပ်ထဲ သူတို့နဲ့မတည့်တဲ့သူတွေကို ဦးစားပေးပြီးထည့်တယ်။ ဆိုးတဲ့သွမ်းတဲ့ နာမည်ထွက်တဲ့သူတွေပေါ့။ နောက်ပြီး မလိမ့်တပတ်နဲ့ နိုင်ငံရေးအမှုလိုလို၊ ပြစ်မှုလိုလို အရပ်ထဲ သတင်းလွှင့်ပြီး လာဖမ်းခေါ်သွားတာတွေလည်း ရှိလာတယ်” ဟု မြို့ခံအမျိုးသား နောက်တစ်ဦးက ဆိုသည်။

တပ်သားအသစ်ရရှိရေး စစ်ကောင်စီအတွက် ကြိုးပမ်းပေးနေသူဟု စွပ်စွဲခံရသူတို့သည် ဒေသတော်လှန်ရေးအဖွဲ့များ၏ ပစ်မှတ်ထားခြင်းခံလာရသည်။

မန္တလေးမြို့တွင် ပြီးခဲ့သည့် မတ်လအတွင်းက စစ်မှုထမ်းစာရင်းကောက်ယူသူ မဟာမြိုင်ရပ်ကွက်မှ ကျောင်းဆရာမတစ်ဦးနှင့် အမရပူရမြို့နယ်မှ ရာအိမ်မှူးတို့ ပစ်သတ်ခံရသည်။

စစ်မှုထမ်းဥပဒေထွက်ပေါ်လာပြီးနောက် မန္တလေးမြို့တွင် မြို့နေပြည်သူများကို အခွင့်ကောင်းယူ ငွေညှစ်နေသည့် မြို့နယ် ၇ မြို့နယ်မှ လဝက၊ ထွေအုပ်၊ ရပ်ကျေး၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးများ၊ ပျူစောထီး ခေါ် ပြည်သူ့စစ်အဖွဲ့ဝင်များကို အမည်တပ်၍ တိုင်ကြားလာပါက အရေးယူသွားမည်ဖြစ်ကြောင်း မန္တလေးအခြေစိုက် မြို့ပြပြောက်ကျား ၁၃ ဖွဲ့က မတ် ၁၇ ရက်နေ့တွင် သတိပေးစာ ထုတ်ပြန်ထားသည်။

၂၀၂၁ နှစ်ဆန်းပိုင်း အာဏာသိမ်းမှုတွင် ကန့်ကွက်သူများကို လမ်းပေါ်တွင် ပစ်သတ်သောကြောင့် လက်နက်ကိုင်ခုခံမှုများ နိုင်ငံအနှံ့ ပေါ်ပေါက်လာသည်။

Related Articles

Back to top button