သတင်း

စစ်မှုထမ်းစာရင်းကောက်ရာတွင် ပါဝင်သည့် ကျောင်းဆရာမနှင့် ရာအိမ်မှူး ပစ်သတ်ခံရ

စစ်ကောင်စီက အပူတပြင်းအကောင်အထည်ဖော်နေသည့် စစ်မှုထမ်းဥပဒေနှင့်ပတ်သက်၍ ဆန့်ကျင် ဝေဖန်မှုများ မြင့်တက်နေချိန် စစ်မှုထမ်းစာရင်း လိုက်လံကောက်ယူရာတွင် ပါဝင်သည့် မန္တလေးမြို့မှ ကျောင်းဆရာမတစ်ဦးနှင့် ရာအိမ်မှူးတစ်ဦး အနီးကပ်ပစ်သတ်ခံလိုက်ရသည်။

စစ်ကောင်စီက အပူတပြင်းအကောင်အထည်ဖော်နေသည့် စစ်မှုထမ်းဥပဒေနှင့်ပတ်သက်၍ ဆန့်ကျင် ဝေဖန်မှုများ မြင့်တက်နေချိန် မန္တလေးမြို့၌ စစ်မှုထမ်းစာရင်း လိုက်လံကောက်ယူရာတွင် ပါဝင်ခဲ့သည့် ကျောင်းဆရာမတစ်ဦးနှင့် ရာအိမ်မှူးတစ်ဦး အနီးကပ်ပစ်သတ်ခံလိုက်ရသည်။

စစ်မှုထမ်းစာရင်းလိုက်ကောက်သည်ဆိုသော စွပ်စွဲချက်ဖြင့် ပစ်သတ်ခံရသည့်ဆရာမမှာ အသက် ၄၀ အရွယ် ဒေါ်ခင်ဖြိုးရီဖြစ်ပြီး ယခုလ ၂၀ ရက်နေ့က မဟာအောင်မြေမြို့နယ် မဟာမြိုင်ရပ်ကွက် နေအိမ်တွင် ပစ်သတ်ခံရခြင်းဖြစ်သည်ဟု သိရသည်။

“ဟုတ်ပါတယ်။ အိမ်မှာတင် ဝင်ပစ်ခံလိုက်ရတာ။ ဦးခေါင်းမှန်တယ်။ ပွဲချင်းပြီးပဲလို့ ကြားပါတယ်။ မနေ့က သင်္ဂြိုဟ်တယ်ပြောတယ်” ဟု ဒေါ်ခင်ဖြိုးရီ၏ တပည့်ဟောင်းတစ်ဦးက ဆိုသည်။

စစ်ကောင်စီက လူမှုကူညီရေးအသင်းကားဖြင့် ရုပ်အလောင်းလာသည်သွားပြီး မန္တလေးပြည်သူ့ဆေးရုံသို့ ပို့ဆောင်စစ်ဆေးခဲ့ကြောင်း၊ ယမန်နေ့ (မတ် ၂၁) တွင် အေးရိပ်ငြိမ်သုသာန်သို့ ပို့ဆောင် သင်္ဂြိုဟ်လိုက်ကြောင်း သိရသည်။

ဆရာမ ဒေါ်ခင်ဖြိုးရီသည် မဟာမြိုင်ရပ်ကွက်ရှိ အလယ်တန်းကျောင်းတွင် လက်ရှိအချိန်ထိ တာဝန်ထမ်းဆောင်နေသူဟု သိရသော်လည်း စစ်မှုထမ်းစာရင်းလိုက်ကောက်ရာ၌ မည်သို့ပါဝင်ခဲ့သည်ကို အသေးစိတ် မသိရပေ။

“သူက စစ်တပ်ထောက်ခံသူတော့ မဟုတ်ဘူး။ ဆန္ဒအလျောက်မဟုတ်ဘဲ ခိုင်းလို့လုပ်ရတယ်လို့ပဲ ထင်ပါတယ်” ဟု အသက် ၃၀ ကျော်အရွယ် တပည့်ဟောင်းဖြစ်သူက မှတ်ချက်ပြုသည်။

ယမန်နေ့ညပိုင်းမှာပင် အမရပူရမြို့နယ်၊ မိချောင်းတက်ကျေးရွာ၌ စစ်ကောင်စီလက်အောက်တွင် စစ်မှုထမ်းရန် လူငယ်များကို လိုက်လံလှုံံ့ဆော်သည့် ရာအိမ်မှူးတစ်ဦး နေအိမ်၌ ပစ်သတ်ခံရသည်။

“မိချောင်းတက်အုပ်စုဘက်က ရာအိမ်မှူးလို့ သိရတယ်။ ပစ်သတ်ခံရတာ ဟုတ်တယ်။ စစ်မှုထမ်းကိစ္စတွေ လုပ်နေလို့ ကြားတယ်။ အသေးစိတ်တော့ မသိဘူး” ဟု အမရပူရမြို့နယ်တွင် နေထိုင်သူ အမျိုးသမီးတစ်ဦးက ပြောသည်။

တယ်လီဂရမ်လူမှုကွန်ရက်ရှိ စစ်ကောင်စီဝါဒဖြန့်ချန်နယ်တစ်ခုတွင် မိကျောင်းတက်ရွာမှ အသက် ၄၆ နှစ်အရွယ် ရာအိမ်မှူး ဦးသောင်းထွန်း နေအိမ်၌ရှိနေစဉ် PDF အဖွဲ့က သေနတ်ဖြင့် ပစ်သတ်သွားသည်ဟု ဖော်ပြသည်။

စစ်တပ်ဝါဒဖြန့် အွန်လိုင်းမီဒီယာတစ်ခုတွင် မိကျောင်းတက်ကျေးရွာရှိ ရာအိမ်မှူး ဦးသောင်းထွန်း (၄၆ နှစ်) နေအိမ်၌ ပစ်သတ်ခံထားရသည်ကို ထုတ်ပြန်ထားစဉ်။

အထက်ပါ ပစ်ခတ်လုပ်ကြံမှုများမှာ မည်သည့်အဖွဲ့အစည်း၏ လက်ချက်ဖြစ်သည်ကို မသိရသည့်နည်းတူ ထုတ်ပြန်ကြေညာသူလည်း မရှိသေးပေ။

အရပ်သားများကို စစ်တပ်ထဲ ဆွဲသွင်းနိုင်ရေး စစ်ကောင်စီက ပြည်သူ့စစ်မှုထမ်းဥပဒေကို အသက်သွင်းလိုက်ပြီးနောက် စာရင်းကောက်ယူခြင်း၊ မဲနှိုက်ခြင်းများ စတင်ဆောင်ရွက်နေရာ ထိုလုပ်ငန်းစဉ်များတွင် ပါဝင်သူများလည်း လုပ်ကြံသတ်ဖြတ်ခံနေရသည်။ ယခုရက်ပိုင်းအတွင်း၌ပင် မန္တလေးနှင့် မကွေးတိုင်းအတွင်း ကျေးရွာအုပ်ချုပ်ရေးမှူးနှစ်ဦး ပစ်သတ်ခံထားရသည်။

စစ်မှုထမ်းဥပဒေအရ အရွယ်ရောက်သူတိုင်း ၅ နှစ်အထိ စစ်မှုထမ်းရမည်ဖြစ်ကာ စစ်မှုထမ်းရန် ငြင်းဆိုပါက ထောင်ဒဏ်ငါးနှစ်အထိ အပြစ်ပေးနိုင်သည်ဟု အာဏာသိမ်းစစ်တပ်က ပြဋ္ဌာန်းလိုက်သည့် ဥပဒေတွင် ပါရှိသည်။ စစ်မှုထမ်းအကျုံးဝင်သူ ၁၄ သန်းရှိကြောင်း၊ သင်္ကြန်အပြီး ဧပြီလတွင် အပတ်စဉ်တစ်ခုလျှင် လူ ၅၀၀၀ နှုန်းဖြင့် စတင်ခေါ်ယူမည်ဖြစ်ကြောင်းလည်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။

စစ်မှုထမ်းဆင့်ခေါ်နိုင်ရေး စစ်ကောင်စီလက်အောက်ခံအဖွဲ့များက ရပ်ကွက်နှင့်ရွာအလိုက် တစ်အိမ်တက်ဆင်း စာရင်းကောက်ယူခြင်းများ ပြုလုပ်နေသည်။ မန္တလေးမြို့တွင် စစ်မှုထမ်းစာရင်းကောက်ယူရာ၌ စစ်ကောင်စီက လက်နက်တပ်ဆင်ပေးထားသည့် ပြည်သူ့စစ်များက ယူနီဖောင်းအပြည့်ဖြင့် လုံခြုံရေးလိုက်ပေးကြောင်း၊ အုပ်ချုပ်ရေးအဖွဲ့ဝင် စာရေးမနှင့် ကျောင်းဆရာများပါမကျန် ရာအိမ်မှူး၊ ဆယ်အိမ်မှူးများ ပါဝင်ကြောင်း သိရသည်။

စစ်မှုထမ်းဥပဒေနှင့်ပတ်သက်၍ ပါဝင်ပတ်သက်သည့် လဝက၊ ထွေအုပ်၊ ရပ်ကျေး၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးများနှင့် ပျူစောထီးအဖွဲ့များကို အမည်တပ် တိုင်ကြားလာပါက တုံ့ပြန်တိုက်ခိုက်သွားမည်ဟု မန္တလေးမြို့အခြေစိုက် မြို့ပြပြောက်ကျားတပ်ဖွဲ့ ၁၃ ခုက ယခုလ ၁၇ ရက်တွင် သတိပေးချက်ထုတ်ပြန်သည်။

Show More

Related Articles

Back to top button