သတင်း

နေပြည်တော် ရပ်ကျေး အုပ်ချုပ်ရေးမှူးများ သေနတ်ပစ်သင်တန်းတက်

တပ်သားသစ်စုဆောင်းရာတွင် ပါဝင်သည့် အုပ်ချုပ်ရေးအဖွဲ့ဝင်များ ပစ်သတ်ခံနေရချိန်တွင် စစ်တပ်က နေပြည်တော်ရှိ ရပ်ကျေးအုပ်ချုပ်ရေးမှူးများကို အခြေခံစစ်ပညာသင်ပေးနေသည်။

ဗိုလ်ချုပ်ကြီးများ နေထိုင်သည့် နေပြည်တော်တွင် ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများကို စစ်သင်တန်း ၂ ပတ်ကြာ ပေးနေသည်ဟု သင်တန်းတက်ခဲ့သည့် အုပ်ချုပ်ရေးမှူးတချို့နှင့် ဒေသခံတချို့က ပြောသည်။

မတ်လဆန်းမှစတင်ပြီး နီးစပ်ရာ တပ်စခန်းများအတွင်း အခြေခံစစ်ပညာသင်တန်းတက်ရသည်ဟု သိရသည်။ 

သင်တန်းတွင် သေနတ်ပစ်ခြင်း၊ ချီတက်ခြင်း၊ ကိုယ်ကာယလေ့ကျင့်ခန်းတို့ ပါဝင်သည်ဟု ပုဗ္ဗသီရိမြို့နယ်မှ အုပ်ချုပ်ရေးမှူး တစ်ဦးက ပြောသည်။

“အဓိကကတော့ လက်နက်ပစ်သင်တန်းပါပဲ၊ သေနတ်အဖြုတ်အတပ်နဲ့ သေနတ်ပစ်တာ လေ့ကျင့်ရတာ” ဟု သူက ဆိုသည်။

သင်တန်းတွင် ပုဗ္ဗသီရိနှင့် ဥတ္တရသီရိ၊ ဇဗ္ဗူသီရိမြို့နယ်တို့မှ အုပ်ချုပ်ရေးမှူး ၃၀ တွေ့ရသည်ဟု သင်တန်းတက်ခဲ့သူတစ်ဦးက ပြောသည်။

သင်တန်းပေးသည့် နေရာများထဲတွင် ဗိုလ်လောင်းများ ရွေးချယ်လေ့ရှိသည် ဥတ္တရသီရိမြို့နယ် တောင်ညို- မိုးဆွေလမ်းပေါ်ရှိ စစ်တပ်စခန်းလည်း ပါဝင်သည်ဟု ဆိုသည်။

လယ်ဝေးမြို့နယ် အုပ်ချုပ်ရေးမှူးတစ်ဦးကလည်း ၎င်းတို့မြို့အတွင်း စစ်တပ်စခန်းတစ်ခုတွင် အလားတူ သင်တန်းရှိသည်ဟု သိရကြောင်း ပြောသည်။

“အုပ်ချုပ်ရေးမှူး အကုန်တက်ရတာတော့ မဟုတ်ဘူး၊ သူတို့ စစ်တပ်နဲ့ နီးစပ်တဲ့သူတွေထင်တယ်။

ကျွန်တော်တို့ကိုတော့ ခုထိ အကြောင်းကြားတာ ဘာမှမရှိသေးဘူး” ဟု လုံခြုံရေးအရ အမည်မဖော်လိုသော ထိုအမျိုးသားက ပြောသည်။

Myanmar Now ၏ သတင်းရင်းမြစ်တစ်ခုကလည်း ဇဗ္ဗူသီရိမြို့နယ်ရှိ ၎င်း၏မိတ်ဆွေ အုပ်ချုပ်ရေးမှူးတစ်ဦး သင်္ကြန်အပြီးတွင် စစ်သင်တန်းတက်ရမည်ဟု သိရကြောင်း ပြောသည်။

သင်တန်းပြီးလျှင်လည်း စစ်တပ်နှင့် နီးစပ်သည့် အုပ်ချုပ်ရေးမှူးတချို့ကိုသာ လက်နက်ထုတ်ပေးသည်ဟု အုပ်ချုပ်ရေးမှူးများနှင့် နီးစပ်သူနှစ်ဦးက Myanmar Now ကို အတည်ပြုသည်။

သေနတ်ကိုင်ခွင့်ရရှိသည့် ဇဗ္ဗူသီရိနှင့် ဒက္ခိဏသီရိမြို့နယ်ရှိ အုပ်ချုပ်ရေးမှူးတချို့သည် ညပိုင်းတွင် လူမှုရေးကူညီရေးတံဆိပ် ကားများဖြင့် ဒေသတွင်း လှည့်ပတ် စစ်ဆေးလေ့ရှိသည်ဟု သိရသည်။

စစ်ကောင်စီ အဖွဲ့ဝင်များ၊ ဝန်ကြီးများ၊ အငြိမ်းစား စစ်ဗိုလ်ချုပ်များလည်း သေနတ်ကိုင်ဆောင်ထားတတ်သည်ဟု   နေပြည်တော်ဝန်ထမ်းများထံမှ စုံစမ်းသိရှိရသည်။

အာဏာသိမ်းစစ်ခေါင်းဆောင်နှင့် ဗိုလ်ချုပ်ကြီးများ နေထိုင်သည့် နေပြည်တော်သည် လုံခြုံရေး အထူးတင်းကျပ်ထားသည့်မြို့ဖြစ်ရာ တော်လှန်ရေးအင်အားစု၏ တိုက်ခိုက်နိုင်မှုနည်းပါးသည်။

စစ်ကောင်စီအုပ်ချုပ်ရေး ယန္တရားလည်ပတ်စေရန် ပါဝင် အားဖြည့်ရသည့် အုပ်ချုပ်ရေးမှူးများက ဧည့်စာရင်းစစ်ခြင်း၊ ရပ်ရွာလုံခြုံရေးခေါင်းစဉ်ဖြင့် ကင်းစောင့်ခြင်းတို့တွင် ဦးဆောင် ပါဝင်ကြသည်။

ယခုအခါ အုပ်ချုပ်ရေးမှူးများက အရပ်သားများကို နာမည်ပျက်နေသည့် စစ်ကောင်စီတပ်ထဲသို့ ဝင်ကြရန် စာရင်းကောက်ယူခြင်း၊ မဲနှိုက်စေခြင်း စသည့် လုပ်ငန်းများတွင်ပါ ဦးဆောင်လာကြသဖြင့် အချို့ဒေသများတွင် အုပ်ချုပ်ရေးမှူးများကို လုပ်ကြံသတ်ဖြတ်လာကြရာ ယနေ့အထိ  ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့ဝင် ၃၀ ကျော် အသတ်ခံထားရသည်။

စစ်တပ်သည် အာဏာသိမ်းပြီးနောက် ဆန္ဒပြသူများကို လမ်းပေါ်တွင် ပစ်သတ်ရာမှ လက်နက်ကိုင် ခုခံတော်လှန်မှု ဒေသအများအပြားတွင် ပေါ်ပေါက်လာသည်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကလည်း ဤအခြေအနေကို ကောင်းစွာအသုံးချပြီး စစ်ကောင်စီတပ်ကို ပြင်းပြင်းထန်ထန် ထိုးစစ်ဆင်ရာ စစ်ကောင်စီတပ်တွင် သေဆုံးသူ၊ လက်နက်ချသူ၊ ထွက်ပြေးသူ များပြားလာသည်။

တစ်နိုင်ငံလုံးတွင် စစ်မျက်နှာဖွင့်ထားရချိန် လက်နက်ကိုင်အင်အား လိုအပ်နေသည့် စစ်ကောင်စီက ကနဦးတွင် ပျူစောထီး ခေါ် ပြည်သူ့စစ်အဖွဲ့များကို ဒေသအများအပြားတွင် ဖွဲ့စည်းခဲ့ပြီး ရဲ၊ စစ်တပ်တို့နှင့် ပူးပေါင်းလှုပ်ရှားခိုင်းခဲ့သည့်ကို တွေ့ရသည်။

ယခုအခါ နိုင်ငံအနှံ့မှ လူငယ်များကို စစ်တပ်ထဲ အတင်းအကျပ်ထည့်ရန် စီစဉ်နေသလို စစ်မှုထမ်းဟောင်းထဲမှလည်း တချို့ကို တပ်ထဲ ပြန်ခေါ်နေသည်။ ယခု နောက်ဆုံးအစီအစဉ်ကြောင့် စစ်တပ်၏ အင်အား “အထိုက်အလျောက်” မြင့်တက်လာလိမ့်မည်ဟု စစ်ခေါင်းဆောင်က မတ်လ ၂၇ ရက်နေ့ နေပြည်တော် စစ်ရေးပြအခမ်းအနားတွင် ပြောသည်။

Show More

Related Articles

Back to top button