သတင်း

ဒေါ်အောင်ဆန်းစုကြည်အိမ် လေလံဆွဲသူမရှိ၊ လေလံပွဲထပ်လုပ်မည်ဟုဆို

ဒေါ်အောင်ဆန်းစုကြည်၏ ရန်ကုန်မြို့နေအိမ်ကို လေလံတင်ရောင်းရာ လေလံဆွဲလိုသူ ပေါ်မလာပေ၊ ပွဲထပ်လုပ်မည်ဟု မျက်နှာဖုံးထားကြသည့် ကမာရွတ်ခရိုင်တရားရုံးအရာရှိတို့က ကြေညာသည်။

ရန်ကုန်မြို့ ဒေါ်အောင်ဆန်းစုကြည်၏နေအိမ်ကို ယနေ့ (မတ် ၂၀) နံနက်ပိုင်းတွင် ကမာရွတ်ခရိုင်တရားရုံးအရာရှိများက လေလံတင်ရောင်းချရာ ဝယ်ယူမည့်သူမရှိဘဲ လေလံပွဲထပ်မံပြုလုပ်မည်ဟု ကြေညာသည်။

တက္ကသိုလ်ရိပ်သာလမ်း ခြံအမှတ် ၅၄ ရှေ့သို့ မျက်နှာကို နှာခေါင်းစည်းဖြင့် ဖုံးကွယ်ထားကြသော တရားရုံးအရာရှိတချို့နှင့် ရုံးဝန်ထမ်းအချို့ ရောက်ရှိလာပြီး နံနက် ၁၀ နာရီတွင် လေလံပွဲကို စတင်ခဲ့သော်လည်း လေလံဆွဲမည့်သူ တစ်ယောက်မျှ ရောက်ရှိလာခြင်းမရှိ၍ လေလံပွဲ မအောင်မြင်ခဲ့ခြင်း ဖြစ်သည်။

“စိတ်ဝင်စားမယ့်သူရှိရင် ကျွန်တော်တို့ကို စာရင်းပေးသွင်းနိုင်ပါတယ်၊ ဖောင် (လျှောက်လွှာ) ရောင်းပေးပါမယ်” ဟု တရားရုံးဝန်ထမ်းက ကြေညာသော်လည်း ဝယ်ယူမည့်သူ မရှိခဲ့ပေ။

“လေလံဆွဲဝယ်မဲ့သူများ ရှိပါသလား” ဟု သုံးကြိမ်မေးမြန်းပြီး မောင်းသုံးကြိမ်ထုကာ “လေလံဆွဲဝယ်မဲ့သူမရှိ၍ ဒီနေ့ကစပြီး နောက်တစ်ခါ လေလံပစ်ဖို့ ရုံးကို ပြန်တင်ပေးပါမယ်” ဟု တရားရုံးဝန်ထမ်းက ဆိုသည်။

ထို့နောက် “မတ် ၃ ရက် နံနက်ပိုင်းတွင် လေလံတင်ရောင်းချရာ ဝယ်ယူမည့်သူမရှိ၍ လေလံရောင်းချခြင်း မအောင်မြင်ကြောင်း ကြေညာပါတယ်ရှင်” ဟု လေလံပွဲ ဦးဆောင်သည့် တရားရုံးမှ တရားသူကြီးအမျိုးသမီးက ထပ်မံကြေညာအတည်ပြုသည်။

တရားရုံးဝန်ထမ်းများ၏ အမည်ကို သတင်းထောက်တချို့က မေးမြန်းသော်လည်း ဖြေဆိုခြင်းမရှိသည်ကို တွေ့ရသည်။

မတ်လ ၂၀ ရက် လေလံဆွဲပွဲ မအောင်မြင်ကြောင်း တရားရုံးအမိန့်စာကို ဖတ်ပြနေသည့် အမျိုးသမီး (ဓာတ်ပုံ − EPA)

ထိုပွဲသို့ ရှေ့နေတချို့၊ တရားရုံးဝန်ထမ်းတချို့၊ စစ်ကောင်စီတပ်သားများနှင့် သတင်းထောက်တချို့သာ သွားရောက်ခဲ့သည်ကို တွေ့ရသည်။

စစ်ကောင်စီကို ဆန့်ကျင်သူများ အားကောင်းသည့် ယနေ့ကာလတွင် ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ သမိုင်းဝင်နေအိမ်ကို လေလံဆွဲလိုကြောင်း ထုတ်ဖော်ပြောဆိုသူ မရှိသေးပေ။

လက်နက်ကိုင်တပ်ရှိသော အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကလည်း လေလံတင်မှု၊ လေလံဆွဲမှုနှင့် ပတ်သက်သူများကို အရေးယူမည်ဟု သတိပေးထားသည်။

NUG အစိုးရက ခြံအမှတ် ၅၄ ခြံထဲတွင် တည်ရှိသော အဆောက်အအုံများကို ယဉ်ကျေးမှုအမွေအနှစ်အဖြစ် သတ်မှတ်ထားသည်။ မည်သူမျှ ရောင်းချခြင်း၊ ရောင်းချရန် ကြိုးစားခြင်း၊ ဖျက်ဆီးခြင်း၊ ဖျက်ဆီးရန် ကြိုးစားခြင်း၊ ပုံစံပြောင်းခြင်း၊ ပြင်ဆင်ခြင်း မပြုရန် တားမြစ်ကြောင်း ကြေညာထားသည်။

ထိုအဆောက်အအုံနှင့် ခြံကို ဝယ်ယူမည့်သူသည် ငွေကြေးဆုံးရှုံးမည့်အန္တရာယ်လည်း ရှိသည်ဟု ဒေါ်အောင်ဆန်းစုကြည်ရှေ့နေအဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

“ဆွဲမယ့်သူမရှိဘူး၊ မောင်းထုပြီး လေလံပွဲမဖြစ်ဘူး၊ ဘာညာပြောတာပေါ့၊ လေလံဆွဲမယ့်သူ ပေါ်လာမှာကို စောင့်မှာပေါ့။ မဆွဲရဲကြဘူးလေ။ ဆွဲတဲ့သူက ပိုက်ဆံ ဆုံးသွားနိုင်တယ်” ဟု သူက ပြောသည်။

လေလံပွဲ ကျင်းပသည့် ခြံအမှတ် ၅၄ ရှေ့တွင် အရပ်ဝတ်လုံခြုံရေးများ ချထား စောင့်ကြည့်နေပြီး ထိုနေရာသို့ ရောက်လာသူတချို့ကို စစ်ဆေးခဲ့သည်၊ ပွဲစတင်မည့် ၁၀ နာရီအချိန်တွင် ရဲနှင့် စစ်သားများ ထပ်မံရောက်ရှိလာကာ လုံခြုံရေးကို အထူးတင်းကျပ်ခဲ့သည်ဟု ယင်းအိမ်ရှေ့သို့ ရောက်ရှိခဲ့သူတစ်ဦးက ပြောသည်။

ကြမ်းခင်းဈေး ကျပ် ၃၁၅ ဘီလီယံ (အမေရိကန်ဒေါ်လာ သန်း ၉၀) ခန့်ဖြင့် ခြံအမှတ် ၅၄ တွင် လေလံတင်ရောင်းချရန် ဇန်နဝါရီ ၂၅ ရက်က ကမာရွတ်ခရိုင်တရားရုံးက အမိန့်ချမှတ်ထားခြင်းဖြစ်သည်။

ပထမဆုံးအကြိမ်လေလံပွဲ မဖြစ်မြောက်ခဲ့၍ စစ်ကောင်စီ၏ တရားရုံးက ကြမ်းခင်းဈေးကို သတ်မှတ်နှုန်းထက် လျှော့ချ၍ တစ်လအတွင်း လေလံပွဲထပ်လုပ်ဖွယ်ရှိသည်ဟု တရားလွှတ်တော်ရှေ့နေတစ်ဦးက ပြောသည်။

လေလံတင်ရောင်းချသည့် အမိန့်ကို ပြင်ဆင်ရန် ပြီးခဲ့သည့် မတ်လ ၅ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်ရှေ့နေအဖွဲ့က ရန်ကုန်တိုင်းတရားလွှတ်တော်ထံ တင်ပြထားသည်။ ယင်းတင်ပြချက်ကို ကြားနာရန် လက်ခံမည်ဆိုပါက လေလံတင်ပွဲ ခေတ္တရပ်ဆိုင်းသွားမည်ဟု ဒေါ်အောင်ဆန်းစုကြည်ရှေ့နေအဖွဲ့နှင့် နီးစပ်သူတစ်ဦးက ဆိုသည်။

ခြံအမှတ် ၅၄ သည် သမိုင်းဝင်နေရာတစ်ခု၊ ပြည်သူနှင့် ကမ္ဘာကပါ အသိမှတ်ပြုထားသည့် နေရာဖြစ်သည်၊ နိုင်ငံရေး၊ စစ်ရေးအခြေအနေများနှင့် စစ်ကောင်စီ၏ လုပ်ပိုင်ခွင့်မခိုင်မာမှုများကြောင့် လေလံဆွဲမည့်သူမရှိခြင်း ဖြစ်ကြောင်း ရှေ့နေအဖွဲ့နှင့် နီးစပ်သူတစ်ဦးက ဆိုသည်။

“သမိုင်းဝင်နေရာဖြစ်သွားတော့၊ ဒါကြီးကို ဖျက်တော့ မရဘူးလေ၊ ပြည်သူကလည်း လက်မခံပါဘူး၊ ဒီကိစ္စကြီးကို ကမ္ဘာကလည်း လက်ခံမှာမဟုတ်ဘူးဗျ” ဟု သူက ပြောသည်။

၂၀၂၁ ခုနှစ်တွင် အာဏာသိမ်းလိုက်သည့် စစ်ဗိုလ်ချုပ်များက ၇၈ နှစ်အရွယ် ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်တွင် အကျဉ်းချထားသည်။

ဒေါ်အောင်ဆန်းစုကြည်ကို ဧည့်တွေ့ခွင့်၊ ရှေ့နေတွေ့ခွင့် တားမြစ်ထားသည့် စစ်ကောင်စီက ခြံအမှတ် ၅၄ အမွေခွဲ လေလံတင်မှုနှင့် ပတ်သက်၍ ရှေ့နေအဖွဲ့ကို ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ခွင့်မပြုသေးပေ။

ဒေါ်ခင်ကြည်အမည်ပေါက် ပိုင်ဆိုင်သည့် တက္ကသိုလ်ရိပ်သာလမ်းရှိ ခြံနှင့် နေအိမ်ကို သားသမီးနှစ်ဦး အမွေခွဲရာ ကျေနပ်မှုမရှိသည့် အကိုဖြစ်သူ ဦးအောင်ဆန်းဦးက ဒေါ်အောင်ဆန်းစုကြည်ကို ၂၀၀၁ ခုနှစ်ကတည်းက အမှုဖွင့်တရားစွဲဆိုခဲ့သည်။

ထို့နောက် ခြံဝင်းထဲရှိ နှစ်ထပ်တိုက်ပါဝင်သည့် အခြမ်းကို ဒေါ်အောင်ဆန်းစုကြည်ရယူရန်၊ တစ်ထပ်တိုက်ပါဝင်သည့် အရှေ့ဘက်ခြမ်းကို ဦးအောင်ဆန်းဦး ရယူရန် ရန်ကုန်အနောက်ပိုင်းခရိုင်တရားရုံးက ၂၀၁၆ ခုနှစ်အတွင်း အမိန့်ချမှတ်ခဲ့သည်။

စစ်တပ်က အာဏာသိမ်းလိုက်ခြင်းသည် ဦးအောင်ဆန်းဦးအတွက် ထိုနေအိမ်နှင့် ပတ်သက်ပြီး တရားရုံးထပ်တက်ရန် အခွင့်အရေးဖြစ်သွားသည်။

မြန်မာနိုင်ငံသား မဟုတ်တော့သည့် ဦးအောင်ဆန်းဦးသည် ဥပဒေကြောင်းအရ မရွှေ့မပြောင်းနိုင်သော ပစ္စည်းများကို အမွေဆက်ခံခွင့်မရှိသော်လည်း ထိုအိမ်ကို လေလံတင် ရောင်းနိုင်လျှင် ရောင်းရငွေ ထက်ဝက်ရနိုင်မည့် အခွင့်အရေးကို ကမာရွတ်ခရိုင်တရားရုံးက ဇန်နဝါရီ ၂၅ ရက်တွင် ပေးအပ်ခဲ့သည်။

အဆိုပါ နေအိမ်သည် ၂၀၁၂ ခုနှစ် ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်မှ ပြန်လည်လွတ်မြောက်လာပြီးနောက် အမေရိကန်သမ္မတ အိုဘားမား၊ နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန် အပါအဝင် ကမ္ဘာ့ခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့သည့် အိမ်လည်း ဖြစ်သည်။

Show More

Related Articles

Back to top button