သတင်း

ခြံအမှတ် ၅၄ လေလံတင်ရောင်းမည့်အစီအစဉ် တရားမဝင်ဟု NUG ပြော

ရန်ကုန်ရှိ ဒေါ်အောင်ဆန်းစုကြည်၏နေအိမ်ကို လေလံတင်မည်ဟု သတင်းထွက်လာရာ ဥပဒေချိုးဖောက်သည့် လုပ်ရပ် ဖြစ်သည်ဟု စောင့်ကြည့်နေသူများက ပြောလိုက်သည်။

ဒေါ်အောင်ဆန်းစုကြည်၏  ရန်ကုန်မြို့နေအိမ်ကို စစ်ကောင်စီလက်အောက်ခံ တရားရုံးဆုံးဖြတ်ချက်ဖြင့် လေလံတင်ရောင်းချမည့်အစီစဉ်မှာ တရားမဝင်ဟု အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က ပြောသည်။

သတင်းတချို့တွင် ဖော်ပြထားသည့် ဗဟန်းမြို့နယ် တက္ကသိုလ်ရိပ်သာလမ်းရှိ ခြံအမှတ် ၅၄ ကို ကြမ်းခင်းဈေး ကျပ် ၃၁၅ ဘီလီယံ (အမေရိကန်ဒေါ်လာ သန်း ၉၀ ခန့်) ဖြင့် ရောင်းမည်ဟူသည့် စစ်တပ်လက်အောင်ခံတရားရုံး၏ အစီအစဉ်မှာ ဥပဒေကို ချိုးဖောက်ခြင်းဖြစ်သည်ဟု NUG ဝန်ကြီးချုပ်ရုံး ပြောခွင့်ရ ဦးနေဘုန်းလတ်က Myanmar Now ကို ပြောသည်။

“ဒီရောင်းချမှုကိစ္စက တရားမဝင်သလို ဝယ်ယူမှုကိစ္စ၊ အသုံးချမှုကိစ္စတွေ ဖြစ်လာရင်လည်း ဒီလူတွေဟာ တရားဥပဒေနဲ့ငြိစွန်းတဲ့အလုပ်ကို ပါဝင်ပတ်သက်သူတွေဖြစ်သွားမှာပေါ့” ဟု ၎င်းက ဆိုသည်။

အင်းလျားကန်စောင်းရှိ ခြံအမှတ် ၅၄ နေအိမ်ကို ယဉ်ကျေးမှုအမွေအနှစ်အဖြစ် NUG က သတ်မှတ်ထားကြောင်း၊ အများပြည်သူဆိုင်နေရာတစ်ခုဖြစ်၍ တစ်ဦးတစ်ယောက်တည်း ပိုင်ဆိုင်ခွင့်မရှိကြောင်း NUG အစိုးရက ဆိုသည်။

ဗိုလ်ချုပ်အောင်ဆန်း၏ ဇနီးဖြစ်သူ ဒေါ်ခင်ကြည်အမည်ပေါက်ပိုင်ဆိုင်သည့် တက္ကသိုလ်ရိပ်သာလမ်းရှိ ထိုခြံနှင့် နေအိမ်ကို သားသမီးနှစ်ဦးအမွေခွဲရာ ကျေနပ်မှုမရှိသည့် အစ်ကိုဖြစ်သူ ဦးအောင်ဆန်းဦးက ဒေါ်အောင်ဆန်းကြည်ကို ၂၀၀၁ ခုနှစ်ကတည်းက အမှုဖွင့်တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

တရားရုံး ဆုံးဖြတ်ချက်ချပြီးဖြစ်သော်လည်း အယူခံအဆင့်ဆင့်တောင်းဆိုမှုကြောင့် နှစ်ပေါင်းရှည်ကြာ မပြီးမပြတ်ဖြစ်ခဲ့သည်။ အာဏာသိမ်း စစ်ကောင်စီလက်ထက် ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးထားချိန် တရားရုံးက ဦးအောင်ဆန်းဦး၏ အထူးအယူခံကို လက်ခံကာ အနိုင်ပေးလိုက်ခြင်းဖြစ်သည်။

လေလံတင်ရောင်းချမည် ဟူသော သတင်းနှင့်ပတ်သက်၍ ဦးအောင်ဆန်းဦး၏ ရှေနေအဖွဲ့ကို Myanmar Now က ဆက်သွယ်မေးမြန်းသော်လည်း ဖုန်းလက်ခံဖြေဆိုခြင်းမရှိပေ။

နေအိမ်အမှုနှင့် ပတ်သက်သည့် နောက်ဆုံးအခြေအနေကို ဒေါ်အောင်ဆန်းစုကြည် သိရှိထားကြောင်း တရားရုံးနှင့် နီးစပ်သူတစ်ဦးက Myanmar Now ကို ပြောသည်။

 “သူ (ဒေါ်အောင်ဆန်းစုကြည်) က ဘာမှမပြောပါဘူး။ ဒါနဲ့ပတ်သက်လို့ သူ့သဘောထား ဘာမှမပြောဘူး” ဟု ၎င်းက ဆိုသည်။

လေလံတင်ရောင်းချရာတွင် လေလံဝင်ဆွဲသူရှိမရှိ စောင့်ကြည့်ရမည်ဖြစ်ပြီး နောက်ဆက်တွဲ မည်သို့ဆက်ဖြစ်လာမည်ကို မခန့်မှန်းနိုင်ကြောင်း ၎င်းက ဆိုသည်။

ထင်ရှားသည့် တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်ကမူ ဦးအောင်ဆန်းဦး၏ အထူးအယူခံကို စစ်ကောင်စီ တရားရုံးက ပြန်လက်ခံကာ အနိုင်ပေးလိုက်ခြင်းမှာ ဘက်လိုက်သည့်ဆုံးဖြတ်ချက်သာဖြစ်ကြောင်း၊ နိုင်ငံရေးအရ လက်စားချေရန် ဖြစ်ကြောင်း ဝေဖန်သည်။

“စော်ကားမော်ကား လုပ်တာပဲလေ။ ဒါကလည်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က လက်စားချေဖို့ ဒေါ်အောင်ဆန်းစုကြည်ကို တုံ့ပြန်နေတာလို့ ကျွန်တော်ကတော့ ယူဆပါတယ်” ဟု ၎င်း ဆိုသည်။

ဈေးကွက်ပေါက်ဈေးထက် အဆမတန်များသည့် ဦးအောင်ဆန်းဦး၏ ဆန္ဒအတိုင်း ကြမ်းခင်းဈေး ဒေါ်လာသန်း ၉၀ သတ်မှတ်ပေးခြင်းမှာ ဒေါ်အောင်ဆန်းစုကြည်နစ်နာကြောင်း ၎င်းက ပြောသည်။

“(ဥပဒေအရ) ဦးစွာဝယ်ခွင့်က ဒေါ်အောင်ဆန်းစုကြည်မှာ ရှိတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဝယ်ခွင့်ကို တားလိုက်တာပေါ့ဗျာ။ မဝယ်နိုင်အောင် လုပ်လိုက်တာပေါ့။ သူမဝယ်ဘူး။ ဒေါ်လာသန်း ၉၀ မဝယ်နိုင်လို့ အခြားလူတွေ ရောင်းတယ်ပေါ့ဗျာ” ဟု သူက ဆိုသည်။

စစ်ကောင်စီဆက်တည်မြဲနေပါက ထိုလေလံတွင် ပါဝင်ပတ်သက်သူများ ပြဿနာမရှိသော်လည်း NUG အစိုးရအပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ပါဝင်ဆင်နွှဲနေသည့် တော်လှန်ရေးအောင်မြင်လာလျှင် ထိုသို့ ပါဝင်ပတ်သက်သူများ တရားစွဲဆိုခံရနိုင်ကြောင်း ၎င်းက ဆိုသည်။

အဆိုပါ နေအိမ်သည် ၂၀၁၂ ခုနှစ် ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်မှ ပြန်လည်လွတ်မြောက်လာပြီးနောက် အမေရိကန်သမ္မတ အိုဘားမား၊ နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန် အပါအဝင် ကမ္ဘာ့ခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့သည့် အိမ်လည်းဖြစ်သည်။

သမိုင်းအစဉ်လာကြီးမားသည့် နေရာတစ်ခုဖြစ်သော၊ ၁.၉၂၃ ဧက အကျယ်အဝန်းရှိသော ထိုနေရာအတွက် ထွက်ပေါ်လာသည့် ကြမ်းခင်းဈေးမှာ ပေါက်စျေးထက် အဆမတန်များပြားနေသည်ဟု ရန်ကုန်မှ အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက ပြောသည်။

“အရမ်းများနေတဲ့အနေအထားမှာ ရှိပါတယ်။ အဲ့ဒီတစ်ဝိုက်က လောလောဆယ်မှာ တစ်ပေပတ်လည်ကို ၆ သိန်း၊ ၇ သိန်းကနေ ၁၀ သိန်းပတ်ဝန်းကျင်ပဲရှိတယ်။ ဘယ်လိုမှ မဖြစ်နိုင်တဲ့ဈေးပါ။ သေချာတယ်။ ဘယ်သူမှ စိတ်ဝင်စားမှာမဟုတ်ဘူး။ အထင်ကရနေရာမျိုးလည်း ဖြစ်နေတယ်။ သိပ်စိတ်ဝင်စားမယ်လို့ မထင်ဘူး” ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် ထိုအကျိုးဆောင်က ဆိုသည်။

ပြီးခဲ့သည့် ၂၀၁၆ ခုနှစ်က ဦးအောင်ဆန်းဦးနှင့် ဒေါ်အောင်ဆန်းစုကြည်တို့နှစ်ဦးကို ခြံအမှတ်(၅၄) မြေနေရာနှင့် အဆောက်အအုံ တစ်ဝက်စီယူခွဲယူရန် ရန်ကုန်အနောက်ပိုင်းခရိုင်တရားရုံးက အမိန့်ချမှတ်ပေးခဲ့ကြောင်း သိရသည်။

ပိုင်ဆိုင်မှုကို မကျေနပ်သည့် ဦးအောင်ဆန်းဦးက ခြံဝင်းတစ်ခုလုံး လေလံတင်ရောင်းချပြီး ရရှိတန်ဖိုးကို တစ်ယောက်တစ်ဝက်ခွဲဝေယူရန် အယူခံဆက်တက်ခဲ့သည်။

အမေရိကန်ပြည်ထောင်စုတွင် နေထိုင်သူ အသက် ၈၀ အရွယ် ဦးအောင်ဆန်းဦးသည် မြန်မာနိုင်ငံသို့ ရံဖန်ရံခါ ပြန်လာလေ့ရှိသည်၊ အထူးသဖြင့် ရန်ကုန်မြို့တွင် ကျင်းပသော အာဇာနည်နေ့အခမ်းအနားသို့ တက်ရောက်တတ်သည်။

၇၈ နှစ်အရွယ် ဒေါ်အောင်ဆန်းစုကြည်သည် နေပြည်တော်တွင် အကျဉ်းချခံနေရသည်၊ ၂၀၂၁ တွင် စစ်တပ်က အာဏာသိမ်းပြီး ဖမ်းဆီးထားခြင်း ဖြစ်သည်။

ခြံအမှတ် ၅၄ နှင့် ပတ်သက်ပြီး ဖြစ်လာနိုင်ခြေများကို သတိထားမိသည့် NUG အစိုးရက ထိုခြံနှင့် ခြံတွင် တည်ရှိသော အဆောက်အအုံများကို အမျိုးသားအဆင့် ယဉ်ကျေးမှုအမွေအနှစ်အဖြစ် သတ်မှတ်ထားကြောင်း၊ မည်သူမျှ ရောင်းချခြင်း၊ ရောင်းချရန် ကြိုးစားခြင်း၊ ဖျက်ဆီးခြင်း၊ ဖျက်ဆီးရန် ကြိုးစားခြင်း၊ ပုံစံပြောင်းခြင်း၊ ပြင်ဆင်ခြင်း မပြုရန် တားမြစ်ကြောင်း ကြေညာထားသည်။

တားမြစ်ချက်ကို ဖောက်ဖျက်ရန် အားထုတ်သူနှင့်အတူ အကြံပြုသူ၊ ခွင့်ပြုသူ၊ ကူညီအားပေးသူ၊ ပြင်ဆင်သူတို့ကို ထိရောက်ပြင်းထန်စွာ အရေးယူမည်ဟု ၂၀၂၃ စက်တင်ဘာတွင် သတိပေးထားသည်။

Show More

Related Articles

Back to top button