ရုပ်သံသတင်း

ဒေါ်အောင်ဆန်းစုကြည်နေအိမ် လေလံဆွဲသူမရှိ

ရန်ကုန်မြို့၊ တက္ကသိုလ်ရိပ်သာလမ်းရှိ ဒေါ်အောင်ဆန်းစုကြည်၏နေအိမ် အိမ်ခြံအမှတ် ၅၄ ကို မတ်လ ၂၀ ရက်က ကမာရွတ်ခရိုင်တရားရုံး တရားရေးအရာရှိများက လေလံတင်ရောင်းချရာ ဝယ်ယူမည့်သူမရှိဘဲဖြစ်ခဲ့ခြင်းကြောင့် လေလံပွဲဆိုင်းငံ့လိုက်ကြောင်း တရားရုံးအရာရှိများက ကြေညာသည်။ နေအိမ်ရှေ့တွင်ပင် ပြုလုပ်သည့် လေလံဆွဲပွဲတွင် နှာခေါင်းစည်းတပ်ထားသည့် တရားရေးအရာရှိများက လေလံဆွဲဝယ်ယူနိုင်ကြောင်း သုံးကြိမ်တိုင် ကြေညာခဲ့သော်လည်း လေလံဆွဲမည့်သူ မပေါ်ပေါက်ခဲ့ပေ။ ထို့ကြောင့် လေလံဆွဲမှု မအောင်မြင်ကြောင်း သုံးကြိမ် မောင်းထုကြေညာကာ လေလံဆွဲမှုကို ဆိုင်းငံ့ထားလိုက်သည်။ လေလံဆွဲပွဲတွင် သတင်းထောက်တချို့နှင့် တရားရေးအရာရှိများနှင့် လုံခြုံရေးအဖွဲ့များသာ တွေ့ရသည်။ နေအိမ်ကို ကြမ်းခင်းဈေး ကျပ်သိန်းပေါင်း ၃သန်း ၁ သိန်း ၅ သောင်းဖြင့် လေလံဆွဲနိုင်ကြောင်း ကမာရွတ်ခရိုင်တရားရုံးက ပြီးခဲ့သည့် ဇန်နဝါရီ ၂၅ ရက်တွင် အမိန့်ချခဲ့သည်။ ခြံဝင်းထဲရှိ နှစ်ထပ်တိုက်ပါဝင်သည့် အခြမ်းကို ဒေါ်အောင်ဆန်းစုကြည်ရယူရန်၊ တစ်ထပ်တိုက်ပါဝင်သည့် အရှေ့ဘက်ခြမ်းကို ဦးအောင်ဆန်းဦး ရယူရန် ရန်ကုန်အနောက်ပိုင်းခရိုင်တရားရုံးက ၂၀၁၆ ခုနှစ်အတွင်း အမိန့်ချမှတ်ခဲ့သည်။ ထိုဆုံးဖြတ်ချက်ကို ဦးအောင်ဆန်းဦးက မကျေနပ်ဘဲ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ထံ ထပ်မံတင်ပြနောက် နေအိမ်ကို လေလံဆွဲ ရောင်းချရန် တရားရုံးက ဆုံးဖြတ်ခဲ့သည်။ ရလာသည့်ငွေကို ဒေါ်အောင်ဆန်းစုကြည်နှင့် တစ်ဝက်စီခွဲယူရန် ဦးအောင်ဆန်းဦးက ဆန္ဒရှိနေသည်။

Show More

Related Articles

Back to top button