
ဒေါ်အောင်ဆန်းစုကြည်ကို နေရာပြောင်းချုပ်နှောင်ထားသည်ဟု စစ်ကောင်စီက ထုတ်ဖော်ပြောဆိုခဲ့သော်လည်း ၎င်းအတွက် ထောင်ဝင်စာပစ္စည်းများကို စစ်ကောင်စီက နေပြည်တော်အချုပ်ထောင်တွင်သာ လက်ခံနေသည်။
ဒေါ်အောင်ဆန်းစုကြည်မှာထားသည့် အစားအသောက်နှင့် စာအုပ်များကို ပို့ဆောင်ရန် ဧပြီ ၂၂ ရက်နေ့က ဆောင်ရွက်စဉ် စစ်ကောင်စီက နေပြည်တော်အချုပ်ထောင်သို့သာ ပို့ဆောင်စေခဲ့သည်ဟု သိရသည်။
ပစ္စည်းများကို အကျဉ်းထောင်ဝန်ထမ်းနှင့် ရဲတို့က လက်ခံရယူခဲ့သည်ဟု သိရကြောင်း ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေအဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောသည်။
“နေပြည်တော်အချုပ်ထောင်မှာတော့ (ဒေါ်အောင်ဆန်းစုကြည်) မရှိတော့ဘူး၊ ဘယ်မှာထားလဲတော့ သေချာမသိဘူး၊ သေချာတာကတော့ နေပြည်တော်အတွင်းမှာပဲ” ဟု ၎င်းက ဆိုသည်။

ဒေါ်အောင်ဆန်းကြည်နှင့် သမ္မတဦးဝင်းမြင့်တို့ကို ရာသီဥတုပူပြင်းသည်ဆိုသော အကြောင်းပြချက်ဖြင့် နေရာပြောင်းရွှေ့ချုပ်နှောင်လိုက်ကြောင်း စစ်ကောင်စီပြန်ကြားရေးအရာရှိ ဗိုလ်ချုပ်ဇော်မင်းထွန်းက သတင်းဌာနများကို ဧပြီ ၁၆ ရက်နေ့က ဖြေကြားထားသည်။
ထိုသို့ ဖြေဆိုရာတွင် “အကျယ်ချုပ်” “နေအိမ်” ဆိုသည့် စကားလုံးများ ပါဝင်ခြင်း မရှိသလို မည်သည့်ထောင်၊ မည်သည့်အဆောက်အအုံသို့ ပြောင်းလိုက်သည်ကိုလည်း ဖော်ပြမထားပေ။
ဦးဝင်းမြင့်၊ ဒေါ်အောင်ဆန်းစုကြည်တို့သာမက သက်ကြီးအကျဉ်းသားများကို အပူဒဏ်သက်သာစေရေး ဆောင်ရွက်ပေးနေသည်ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။
အပူသက်သာရန် ဆောင်ရွက်ကြောင်းကို စစ်ကောင်စီဘက်က ဧပြီလမှ ထုတ်ဖော်ပြောဆိုသော်လည်း ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်အချုပ်ထောင်မှ အခြားတစ်နေရာသို့ ရွှေ့ပြောင်းချုပ်နှောင်ထားသည်မှာ လနှင့်ချီ ကြာမြင့်နေပြီဖြစ်ကြောင်း ယုံကြည်ရသည့် ရဲသတင်းရင်းမြစ်တစ်ဦးထံမှ သိရသည်။
အာဏာရှင်ဟောင်း ဗိုလ်ချုပ်သန်းရွှေလက်ထက်က နေအိမ်အကျယ်ချုပ်ထားရှိခဲ့သည့် ရန်ကုန်မြို့ရှိ ခြံအမှတ် ၅၄ သို့လည်း ပြောင်းရွှေ့ချုပ်နှောင်ခြင်းမရှိကြောင်း ယင်းအိမ်နှင့် နီးစပ်သူတစ်ဦးက ဆိုသည်။
၂၀၂၁ အာဏာသိမ်းစဉ် ဒေါ်အောင်ဆန်းစုကြည်ကို စတင်ချုပ်နှောင်စဉ်က နေပြည်တော်ရှိ အဆောက်အအုံတစ်ခုတွင် ထားရှိပြီး ပစ္စည်းပို့လိုသူက ဇဗ္ဗူသီရိမြို့နယ်ရှိ ရဲစခန်းသို့ ပို့ရသည်။
ထိုရဲစခန်းတွင် ထောင်ဝင်စာပစ္စည်းများကို မှတ်တမ်းတင် ဓာတ်ပုံရိုက်ကာ စစ်ဆေးသည်၊ စစ်တပ်က ထိုပစ္စည်းများ လာရောက်ယူဆောင်တတ်သည်ဟု သိရသည်။
ထိုသို့ အဆင့်ဆင့် စစ်ဆေးသဖြင့် အစားအသောက်များ မှိုတက်ပျက်စီးခဲ့ဖူးကြောင်း ရှေ့နေအဖွဲ့နှင့် နီးစပ်သူက ဆိုသည်။
ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက အမှုပေါင်းများစွာဖြင့် တရားစွဲဆို စစ်ဆေးနေချိန် ၂၀၂၂ ဧပြီလတွင် နေပြည်တော်ရှိ အကျဉ်းထောင်သို့ ပြောင်းရွှေ့လိုက်သည်။
သမ္မတ ဦးဝင်းမြင့်သည်လည်း တောင်ငူထောင်သို့ ပြောင်းရွှေ့ ချုပ်နှောင်ခံရသည်။
ယခုအခါ ယင်းမြို့နယ်ရှိ လုံခြုံရေးထူထပ်သည့် နေရာတစ်ခုသို့ ပြောင်းရွှေ့ ချုပ်နှောင်လိုက်သည်ဟု သိရကြောင်း ရှေ့နေအဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောသည်။
“နေရာပြောင်းပေမဲ့ အကျဉ်းသားတွေလိုပဲ ထားမှာပါ၊ နေအိမ်အကျယ်ချုပ်လို အဲကွန်းနဲ့တော့ ဘယ်ထားမလဲ၊ အဲဒီလို ထားမယ်ဆို နိုင်ငံတကာအသိအမှတ်ပြုရအောင် ထုတ်ပြောမှာပေါ့” ဟု ၎င်းက ဆိုသည်။
၁၉၉၀၊ ၂၀၁၅ နှင့် ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရပါတီဖြစ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဥက္ကဋ္ဌလည်းဖြစ်၊ အစိုးရအဖွဲ့တွင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်သည့် အသက် ၇၈ နှစ်အရွယ် ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက အာဏာသိမ်းနေ့ကတည်းက ဖမ်းဆီးခဲ့ပြီး အမှု ၁၉ မှုဆင်ကာ ထောင် ၃၃ နှစ် အမိန့်ချထားသည်။
အသက် ၇၂ နှစ်အရွယ် သမ္မတဦးဝင်းမြင့်ကိုလည်း စစ်ကောင်စီက အမှုပေါင်း ၈ မှုဖြင့် ထောင်ဒဏ် ၁၂ နှစ် ချမှတ်ထားသည်။