ရုပ်ပုံလွှာ

ဆယ်ဦးမြောက် KNU ဥက္ကဋ္ဌဖြစ်လာသူ 

စစ်အာဏာရှင်စနစ်ကို နှစ်ပေါင်း ၇၀ ကျော် တော်လှန်နေသည့် ဝါရင့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ကရင်အမျိုးသားအစည်းအရုံး (KNU) တွင် ဥက္ကဋ္ဌသစ် ပေါ်ထွက်လာပြီဖြစ်သည်။ 

အငြင်းပွားမှုများနှင့်အတူ ဧပြီလကုန်ပိုင်းမှစ၍ သီတင်းတစ်ပတ်ကြာ ပြုလုပ်ခဲ့သော ၁၇ ကြိမ်မြောက် ညီလာခံ၌ လက်ရှိ KNU ဒုဥက္ကဋ္ဌဖြစ်သူ အသက် ၇၀ အရွယ် ပဒိုစောကွယ်ထူးဝင်းကို ဥက္ကဋ္ဌသစ်အဖြစ် ရွေးချယ်ခဲ့ကြသည်။

ကိုယ်စားလှယ်ပေါင်း ၁၀၀ ကျော် တက်ရောက်သည့် ထိုညီလာခံတွင် ပဒိုစောကွယ်ထူးဝင်းက မဲအရေအတွက် ၇၀ ဖြင့် ဥက္ကဋ္ဌသစ်အဖြစ် ရွေးချယ်ခံရခြင်းဖြစ်သည်။ ဒုတိယနေရာ ရွေးချယ်ခံရသည့် ညောင်လေးပင်ခရိုင်ဥက္ကဋ္ဌ ပဒိုစောဆဲဂေနှင့် ၄ မဲသာ ကွာပြီး ထိုညီလာခံတွင် KNU တပ်မဟာ (၂) နှင့် (၅) တို့မှ ကိုယ်စားလှယ်များ မဲပေးခြင်း မရှိဟု သိရသည်။

ညီလာခံတွင် ဗဟိုအမြဲကော်မတီဝင် ၄၅ ဦး၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီ ၁၁ ဦးအပြင် KNU ကြီးငါးကြီးဟု ခေါ်ဆိုကြသည့် ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌ၊ အထွေထွေအတွင်းရေးမှူးချုပ်၊ တွဲဖက်အထွေထွေအတွင်း ရေးမှူး (၁) နှင့် တွဲဖက်အထွေထွေအတွင်းရေးမှူး (၂) တို့ကိုလည်း ရွေးချယ်ခဲ့ကြသည်။ 

လူပေါင်း ၁၀၀ ကျော် တက်ရောက်သည်ဆိုသော်လည်း အတိအကျ မသိရပေ။ ထို့ပြင် ဝင်ရောက် အရွေးမခံသူများ၊ မဲမပေးသူများရှိသည်အထိ အငြင်းပွားမှုများလည်း ဖြစ်ပေါ်ခဲ့သည်။​

ဥက္ကဋ္ဌသစ်ဖြစ်လာသည့် ပဒိုစောကွယ်ထူးဝင်းသည် ၂၀၁၆ ခုနှစ်မှ လက်ရှိအချိန်ထိ KNU ဒုဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်နေသူဖြစ်သည်။ ထိုမတိုင်မီ ၂၀၁၂ ခုနှစ်မှ ၂၀၁၆ အထိ အထွေထွေအတွင်းရေးမှူး ဖြစ်ခဲ့သည်။

ပဒိုစောကွယ်ထူးဝင်းသည် အသက် ၁၆ နှစ်သားအရွယ် ၁၉၆၈ ခုနှစ်တွင် KNU သို့ စတင်ဝင်ရောက်ခဲ့ကာ ရန်ကုန်စီးပွားရေးတက္ကသိုလ် ကျောင်းသားဟောင်းတစ်ဦးဖြစ်သည်ဟု သိရသည်။​

စစ်တပ်က အာဏာသိမ်း၍ ဖြုတ်ချခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) အစိုးရလက်ထက် ၂၀၁၇ ခုနှစ်အတွင်း နေပြည်တော်၌ ပြည်ထောင်စုသဘောတူစာချုပ်ကို လက်မှတ်ထိုးနေသည့် ပဒိုစောကွယ်ထူးဝင်း။ ဓာတ်ပုံ – EPA

၁၉၇၅ ခုနှစ်မှစ၍ KNU အဖွဲ့အတွင်း မြိတ်နှင့် ထားဝယ်ဘက်ရှိ တပ်မဟာ (၄) နယ်မြေတွင် မြို့နယ်အဆင့်၊ ခရိုင်အဆင့် တာဝန်ထမ်းဆောင်ခဲ့ကာ ထို့နောက် ဗဟိုကော်မတီဝင်ဖြစ်လာခဲ့သည်ဟု ၂၀၁၅ ခုနှစ်က ထုတ်ဝေသည့် ငြိမ်းချမ်းရေးနှင့် ပဋိပက္ခအရေးလေ့လာမှုစင်တာ (CPCS) ၏ မှတ်တမ်းစာအုပ်တွင် ဖော်ပြသည်။

ပဒိုစောကွယ်ထူးဝင်း၏ နိုင်ငံရေးခံယူချက်မှာ တော်လှန်ရေးလုပ်ခြင်းမှာ အငြိုးအတေးအတွက် ကလဲ့စားချေလိုခြင်း မဟုတ်ဘဲ စနစ်ကို ပြောင်းလဲလိုသောကြောင့်ဖြစ်သည်ဟု ထိုမှတ်တမ်းစာအုပ်တွင် ဖော်ပြသည်။

“အဲ့အချိန်တုန်းက အဖွဲ့အစည်းအတွက် အလုပ်လုပ်ပေးမဲ့သူက ရှားနေပြီး လူတွေက တိုက်ခိုက်ရေးပိုင်းမှာပဲ စိတ်ဝင်စားကြတဲ့အချိန်ဖြစ်နေတော့ ကျွန်တော်က စစ်ဘက်ဆိုင်ရာထဲကို မဝင်ဘဲ နိုင်ငံရေးပိုင်းမှာပဲ ဝင်လုပ်ခဲ့တယ်” ဟု ပဒိုစောကွယ်ထူးဝင်းက ဆိုသည်။ 

“စစ်တပ်ခေါင်းဆောင်တွေဟာ နေရာတကာကို လွှမ်းမိုးအုပ်ချုပ်လိုတဲ့ စိတ်နေသဘောထား ရှိကြတယ်။ သူတို့က တိုင်းရင်းသားလူမျိုးတွေကို ဒုတိယနိုင်ငံသားအဖြစ် မြင်ကြတယ်။ ကျွန်တော်တို့ရဲ့ အခွင့်အရေးတွေကို လေးစားမှုမရှိဘူး”

“ကျွန်တော်တို့အနေနဲ့လည်း ဒီအတိုင်း ဆက်သွားလို့ မဖြစ်ဘူး။ ကိုယ့်တိုင်းပြည်ကို ဖွံ့ဖြိုးတိုးတက်စေချင်ရင် ငြိမ်းချမ်းရေးရမှ ဖြစ်မယ်။ ငြိမ်းချမ်းရေးရဖို့က ပဋိပက္ခတွေရဲ့ အကြောင်းရင်း ဇာစ်မြစ်တွေကို အရင် ဖြေရှင်းရမယ်။ ဗမာလူမျိုးတစ်မျိုးတည်းပဲ နိုင်ငံတော်ထူထောင်လို့ မရဘူး။ ကျွန်တော်တို့အားလုံး ပူးပေါင်းပါဝင်မှ ရမယ်။ ဒါဟာ ကျွန်တော့် စိတ်ကူးအိပ်မက်ပါပဲ” ဟု လွန်ခဲ့သော ၈ နှစ်က ထုတ်ဝေသော စာအုပ်တွင် ပဒိုစောကွယ်ထူးဝင်း၏ ပြောဆိုချက်များကို ကိုးကားထားသည်။​

၂၀၁၀ ရွေးကောက်ပွဲအပြီး သမ္မတဦးသိန်းစိန်အစိုးရလက်ထက်တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ စတင်ခဲ့ရာ ဝါရင့်လက်နက်ကိုင်အဖွဲ့ KNU လည်း ပါဝင်ခဲ့သည်။ ၂၀၁၅ ခုနှစ်တွင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) ကို KNU က ပါဝင်လက်မှတ်ရေးထိုးရာ၌ ပဒိုစောကွယ်ထူးဝင်းက အထွေထွေအတွင်းရေးမှူးချုပ်အနေဖြင့် ပါဝင် တက်ရောက်ခဲ့သည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလတွင် စစ်တပ်က တစ်ကျော့ပြန်အာဏာသိမ်းမှုကို ဆန့်ကျင်တော်လှန်သည့် တိုင်းရင်းလက်နက်ကိုင်အဖွဲ့များအနက် နိုင်ငံရေးနှင့် စစ်ရေးအတွေ့အကြုံများသည့် အင်အားကြီးလက်နက်ကိုင်အဖွဲ့ KNU လည်း ပါဝင်ခဲ့သည်။

စစ်အာဏာရှင်စနစ်ကို လက်နက်ကိုင်ခုခံတော်လှန်ရေး မြို့ပြကို စွန့်ခွာလာသည့် ထောင်ပေါင်းများစွာသော လူငယ်လူရွယ်များနှင့် တက်ကြွလှုပ်ရှားသူများ၊ နိုင်ငံရေးသမားများကို KNU က ခိုလှုံခွင့်ပေးခဲ့သည်။ ထို့ပြင် KNU လက်အောက်ခံ တပ်မဟာနယ်မြေအချို့၌ စစ်ကောင်စီကို ဆန့်ကျင်တော်လှန်သူများကို စစ်သင်တန်းပေးခဲ့သည်။ နိုင်ငံအရှေ့ပိုင်းနှင့် တောင်ပိုင်းရှိ KNU ထိန်းချုပ်နယ်မြေများအတွင်း အာဏာသိမ်းမြန်မာစစ်တပ်နှင့် KNU လက်အောက်ခံတပ်ဖွဲ့များ တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားခဲ့သည်မှာ လက်ရှိအချိန်ထိဖြစ်သည်။

အာဏာသိမ်းပြီးနောက်ပိုင်း တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လက်နက်ကိုင် ခုခံတော်လှန်မှုများ ပေါ်ပေါက်နေပြီး စစ်ကောင်စီက အင်အားအလုံးအရင်းသုံးကာ လိုက်လံဖြိုခွင်းနေရသည်။

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်ရှိ စစ်ကောင်စီ၏ ကြိတ်စခန်းကို သိမ်းဆည်းပြီးနောက် တော်လှန်ရေးအဖွဲ့များ အောင်ပွဲခံနေစဉ်။ ဓာတ်ပုံ – KNU

ကိုဗစ်နိုင်တင်းကပ်ရောဂါနှင့် စစ်အာဏာသိမ်းမှုဖြစ်စဉ်ကြောင့် KNU ညီလာခံကို သုံးနှစ်ခန့် မကျင်းပနိုင်ခဲ့ပေ။ ယခုရက်ပိုင်းအတွင်း ပြုလုပ်သည့် ၁၇ ကြိမ်မြောက် ညီလာခံမှ KNU ဥက္ကဋ္ဌသစ်ဖြစ်လာသူ ပဒိုစောကွယ်ထူးဝင်းအနေဖြင့် လက်ရှိ နိုင်ငံရေးအခြေအနေများအပေါ် မည်သို့သဘောထားရှိသည်၊ KNU အဖွဲ့ကြီးကို မည်သို့ဦးဆောင်လှုပ်ရှားမည်ကို မသိရသေးပေ။

ဥက္ကဋ္ဌသစ်နှင့် ပတ်သက်၍ KNU အဖွဲ့အတွင်း၌သာမက ကရင်လူထုအတွင်း သဘောထားကွဲလွဲမှုများရှိနေသည်ဟုလည်း သိရသည်။ အထူးသဖြင့် မကြာမီက ပေါ်ပေါက်ခဲ့သည့် KNU ထိန်းချုပ်နယ်မြေအတွင်း ကာစီနိုလောင်းကစားလုပ်ငန်း ခွင့်ပြုရာ၌ အပြင်းအထန် ဆန့်ကျင်ကန့်ကွက်မှုများရှိခဲ့သည်။

တရုတ်ရာဇဝတ်ဂိုဏ်းများ ပါဝင်ပတ်သက်နေသည်ဆိုသော မြို့သစ်စီမံကိန်းတစ်ခုကို KNU နယ်မြေ မော်ထိုတလေးဒေသတွင် ခွင့်ပြုရာ၌ ပဒိုစောကွယ်ထူးဝင်းက အသိသက်သေအနေဖြင့် လက်မှတ်ရေးထိုးခဲ့သည်ဟု သိရသည်။

တရားမဝင်စီးပွားရေးလုပ်ငန်းများနှင့် ပတ်သက်နေသော ခေါင်းဆောင်အချို့ကို အရေးယူရန် ပျက်ကွက်နေသည်ဆိုကာ KNU ဗဟိုအလုပ်အမှုဆောင်တစ်ဖွဲ့လုံး နုတ်ထွက်ပေးရန် ကမ္ဘာတစ်ဝန်းရှိ ကရင်အရပ်ဘက်အဖွဲ့အစည်း ၆၈ ဖွဲ့က အိတ်ဖွင့်ပေးစာပို့ကာ တောင်းဆိုသည်အထိ ဝေဖန်မှုများ မြင့်တက်ခဲ့သည်။

ထိုတရုတ်စီမံကိန်းကို ခွင့်ပြုရာ၌ မည်သည့်အတိုင်းအတာအထိ ပါဝင်ပတ်သက်မှုရှိသည်၊ မည်သို့ဆက်လက်ကိုင်တွယ်သွားမည်ကို သိရှိနိုင်ရေး KNU ဥက္ကဋ္ဌသစ်ဖြစ်လာသူ ပဒိုစောကွယ်ထူးဝင်းကို ဆက်သွယ်မေးမြန်းခွင့် မရသေးပေ။

KNU ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်း၊ ဒုဥက္ကဋ္ဌ ပဒိုစောဆဲဂေ၊ အထွေထွေအတွင်းရေးမှူးချုပ် ပဒိုစောတာဒိုမူး၊ တွဲဖက်အထွေထွေအတွင်းရေးမှူး (၁) ပဒိုစောသောသီဘွဲ၊ တွဲဖက်အထွေထွေအတွင်းရေးမှူး (၂) ပဒိုစောလှထွန်း၊ တရားသူကြီးချုပ် ပဒိုနော်မြိုင်ဖိုး (ဝဲမှယာ)

ဥက္ကဋ္ဌနေရာ အပါအဝင် KNU ထိပ်ပိုင်းခေါင်းဆောင်ပိုင်း အပြောင်းအလဲနှင့် ပတ်သက်ပြီး သဘောထားကွဲလွဲမှုများရှိနေသော်လည်း ပဒိုစောကွယ်ထူးဝင်းသည် ယုံကြည်ချက်ဖြင့် နိုင်ငံရေးလုပ်ဆောင်သူတစ်ဦးဖြစ်သည်ဟု အမည်မဖော်လိုသူ KNU ၏ ခရိုင်အဆင့် တာဝန်ရှိသူတစ်ဦးက မှတ်ချက်ပြုသည်။

“နိုင်ငံရေးဆွေးနွေးပွဲတွေအတွင်း သူ့ရဲ့ ပါဝင်ဦးဆောင်မှုတွေကို သုံးသပ်ရတာတော့ ပျော့ပျောင်း ပြုပြင်လွယ်သူတစ်ယောက်အနေနဲ့ မြင်တွေ့ရတဲ့ အနေအထားမျိုးရှိသူတစ်ယောက်လို့ သုံးသပ်မိပါတယ်” 

ပဒိုစောကွယ်ထူးဝင်းသည် တွေ့ဆုံဆွေးနွေးရေးလမ်းစဉ်ကို အားသန်ပြီး သဘောထားပျော့ပျောင်းသည့် နိုင်ငံရေးသမားတစ်ဦး ဖြစ်သောကြောင့် လက်ရှိဖြစ်ပျက်နေသည့် ပဋိပက္ခများကို ကိုင်တွယ် ဖြေရှင်းသွားနိုင်မည်ဟု ယူဆကြောင်း မြန်မာစစ်တပ်နှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် ထဲထဲဝင်ဝင် ပါဝင်ပတ်သက်ဖူးသူ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) မှ ခေါင်းဆောင်တစ်ဦးဖြစ်သည့် ခွန်ဥက္ကာက ဆိုသည်။

“ဒေါသမာန်မာန မရှိဘူး။ အေးအေးဆေးဆေးနဲ့ တည်တည်ငြိမ်ငြိမ်နဲ့ ထိန်းနိုင်တယ်။ သူ့လက်ထက်မှာ KNU အကွဲအပြဲတွေ မညီမညွတ်တာတွေကို ပြန်ပြီး ရင်ကြားစေ့နိုင်မယ်လို့ မျှော်လင့်ပါတယ်” 

ရွေးချယ်ခံရသည့် KNU ထိပ်ပိုင်းခေါင်းဆောင်များတွင် စစ်ကောင်စီနှင့် ချုပ်ဆိုထားသည့် NCA စာချုပ်အတိုင်း ဆက်လက်လုပ်ဆောင်လိုသူများ ပါဝင်သည့်နည်းတူ ထိုစာချုပ် ပျက်ပြယ်သွားပြီဟု ယူဆသူများလည်းရှိရာ ဥက္ကဋ္ဌသစ် ပဒိုစောကွယ်ထူးဝင်းအနေဖြင့် ထိန်းညှိသွားမည့် ခေါင်းဆောင်ဖြစ်သည်ဟု ခွန်ဥက္ကာက ဆိုသည်။

ကရင်ပြည်နယ်အတွင်း ၂၀၁၉ ခုနှစ်က ပြုလုပ်သည့် နှစ် ၇၀ ပြည့် ကရင့်တော်လှန်ရေးနေ့အခမ်းအနား။ ဓာတ်ပုံ – EPA

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button