အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးဝင်းမြင့်တို့ကို ထောင်ဒဏ်များလျှော့ချ

စစ်တပ်က ဖမ်းဆီးထောင်ချထားသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးဝင်းမြင့်တို့အပေါ် ၂၀၂၁ ခုနှစ်က စွဲဆိုခဲ့သော အမှုများအတွက် ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုကြောင်း အာဏာသိမ်းစစ်ကောင်စီက ယနေ့ (ဩဂုတ် ၁) ကြေညာသည်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်လည်းဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်အပေါ် စစ်ကောင်စီက အစောဆုံးစွဲဆိုခဲ့သော အမှုငါးမှုအတွက် ထောင်ဒဏ် ၆ နှစ်၊ သမ္မတဦးဝင်းမြင့်အပေါ် စွဲဆိုခဲ့သည့် အမှုနှစ်မှုအတွက် ထောင်ဒဏ် ၄ နှစ် လျှော့ပေါ့လိုက်ခြင်းဖြစ်ကြောင်း စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက မီဒီယာတစ်ချို့ကို ပြောထားသည်။

၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်၊ အာဏာသိမ်းသည့်နေ့ကတည်းက ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက အမှုပေါင်း ၁၉ မှုဖြင့် ထောင်ဒဏ်ပေါင်း ၃၅ နှစ် ချမှတ်ခဲ့ပြီး နေပြည်တော်မှ တောင်ငူထောင်သို့ ပြောင်းရွှေ့ခံထားရသည့် သမ္မတဦးဝင်းမြင့်ကို အမှုပေါင်း ၈ မှုဖြင့် ထောင်ဒဏ် ၁၄ နှစ် ချမှတ်ထားသည်။ ထို့နောက် ၂၀၂၁ ဒီဇင်ဘာတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးဝင်းမြင့်တို့ကို စစ်ကောင်စီက ထောင်ဒဏ် ၂ နှစ်စီ ပထမအကြိမ် လျှော့ချပေးဖူးသည်။

ယခု ဒုတိယအကြိမ် စစ်ကောင်စီက ထောင်ဒဏ် ထပ်လျှော့ပေးခြင်းဖြစ်သော်လည်း အကျုံးဝင်သည့် အမှုများမှာ ပြစ်ဒဏ်စေ့ရောက်တော့မည့် အမှုများသာဖြစ်ကြောင်း တရားရုံးနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

“အရင်လျှော့ပေါ့ပေးထားတဲ့ ထောင်ဒဏ် နှစ်နှစ်က ခုလျှော့ပေါ့ပေးတဲ့ ငါးမှုထဲမှာ ပါသွားပြီလေ။ ကျန်တဲ့အမှုတွေက အကျုံးမဝင်ဘူး။ ခုလိုလျှော့ပေးလိုက်တာလည်း ဘာမှတော့မထူးဘူး။ အချို့အမှုတွေဆို ပြစ်ဒဏ်သိပ်မကျန်တော့တာတွေရှိတယ်” ဟု ၎င်းက ဖြည့်စွက်ပြောကြားသည်။

အာဏာသိမ်းစစ်တပ်က ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်အချုပ်ထောင်၌ ဖမ်းဆီးထိန်းသိမ်းထားဆဲဖြစ်ကာ သမ္မတဦးဝင်းမြင့်ကို နေပြည်တော်မှ တောင်ငူထောင်သို့ ပြောင်းရွှေ့ချုပ်နှောင်ထားသည်။

ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်အချုပ်ထောင်မှ နေအိမ်တစ်ခုသို့ ပြောင်းရွှေ့ထားသည်ဆိုသောသတင်းများနှင့် ပတ်သက်၍လည်း တစ်စုံတစ်ရာ ကြားသိရခြင်း မရှိဟု စစ်ကောင်စီ၏ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင်က ယနေ့ ထုတ်ဖော်ပြောဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦဝင်းမြင့်တို့ကို ပြစ်ဒဏ်လျှော့ပေါ့ပေးခြင်းမှာ တိုင်းပြည်ငြိမ်းချမ်းရေးအတွက် အလားအလာကောင်းဖြစ်ပြီး ပြည်သူလူထုလက်နက်ကိုင်လမ်းစဉ်၏ ဩဇာသက်ရောက်မှုကြောင့်ဖြစ်သည်ဟု တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်က ပြောသည်။

“ကျွန်တော်တို့ သေနတ်ကိုင်ပြီးတော့ ပြည်သူတစ်ရပ်လုံးက ၁၉၉၀ နောက်ပိုင်း တစ်လျှောက်လုံး ငုံ့ခံခဲ့တာကို ဒီတစ်ခါတော့ ငုံ့မခံတော့ဘူး၊ မင်းတို့လိုပဲ ငါတို့လည်း သေနတ်ကိုင် ပြန်တိုက်တော့မယ်လို့ ပြောလိုက်တဲ့ ဩဇာသက်ရောက်မှုလို့ပဲ ကျွန်တော်ယူဆပါတယ်” ဟု ၎င်းက ပြောသည်။

သို့သော် ထိုသို့လွတ်ငြိမ်းချမ်းသားခွင့်ကို စစ်တပ်က လက်နက်တစ်ခုကဲ့သို့ အသုံးပြုနေခြင်းသာဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) ဝင်များအနေဖြင့် လက်နက်ကိုင်လမ်းစဉ်ကို အလျှော့မပေးဘဲ ဆက်လက် ကိုင်စွဲသွားသင့်သည်ဟုလည်း ဝါရင့်ရှေ့နေကြီး ဦးကြီးမြင့်က မှတ်ချက်ပြုသည်။

“ကျွန်တော်တို့ သွားနေတဲ့ လက်နက်ကိုင်လမ်းစဉ်ကိုတော့ လျှော့ပေးလို့မရပါဘူး။ ကျွန်တော်တို့အင်အားကို တည်ဆောက်ပြီးတော့ ထားရပါမယ်။ ကျွန်တော်တို့ သေနတ်ကိုင်ထားမှ သူတို့ လေးစားမှာပေါ့ဗျာ”

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာပါကလည်း ၎င်းတို့ဖော်ဆောင်နေသည့် နိုင်ငံရေးလမ်းစဉ်များမှ သွေဖည်သွားမည်မဟုတ်ကြောင်း  ယမန်နေ့တွင် ပြုလုပ်ခဲ့သော အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) နှင့် အစည်းအဝေးတွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ထုတ်ဖော်ပြောဆိုထားသည်။

“ပြည်သူလူထုဆန္ဒကို အလေးထားပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကလည်း ပြည်သူလူထုဆန္ဒကို အလေးထားပါတယ်။ ကျွန်တော်တို့ မပြောင်းပါဘူးလို့ ဒီအစည်းအဝေးမှာ ပြောချင်ပါတယ်။ ၂၀၀၈ (ဖွဲ့စည်းပုံ) ရှိနေသရွေ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ထူထောင်နိုင်မှာ မဟုတ်။ အဓိက အကြမ်းဖက်စစ်အုပ်စု ပြုတ်ကျဖို့ လိုအပ်နေပါတယ်” ၎င်းက အတိအလင်းပြောဆိုသည်။

အကျဉ်းထောင်အသီးသီးရှိ အကျဉ်းသား ၇၇၄၉ ဦးကိုလည်း ပြစ်ဒဏ်လျှော့ပေါ့ကာ လွတ်ငြိမ်းခွင့်ပြုကြောင်း၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဝင် ၂၂ ဦး၊ ဆက်စပ်သူ ၇၂ ဦးနှင့် နိုင်ငံခြားသား ၁၂၅ ဦးတို့ကိုလည်း ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုကြောင်း စစ်ကောင်စီက ကြေညာသည်။

စစ်အာဏာသိမ်းပြီးနောက် ဇူလိုင် ၃၁ ရက်နေ့အထိ ဖမ်းဆီးခံခဲ့ရသူ ၂၄၁၂၃ ဦးရှိပြီး သေဒဏ်ချမှတ်ခံထားရသူ ၁၅၈ ဦးထိ ရှိပြီဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအဖွဲ့ (AAPP) က ယမန်နေ့တွင် ထုတ်ပြန်သည်။

လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles