သတင်း

မန္တလေးဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်တချို့ ထောင်ဝင်စာတွေ့ခွင့်မရ

မန္တလေးဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်တချို့ မိသားစုဝင်များနှင့် တွေ့ရန် အထက်က ခွင့်မပြုသေးကြောင်း မန္တလေးထောင်အာဏာပိုင်တို့က ပြောသည်ဟု သိရသည်။

မန္တလေး အိုးဘိုအကျဉ်းထောင်တွင် ရှိနေသည့် မန္တလေးတိုင်းအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်၊ မြို့တော်ဝန် ဒေါက်တာရဲလွင်နှင့် အစိုးရအဖွဲ့ဝင်တချို့ ထောင်ဝင်စာတွေ့ဆုံခွင့် မရရှိသေးကြောင်း သိရသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဒုဥက္ကဋ္ဌလည်းဖြစ်သူ ဒေါက်တာဇော်မြင့်မောင် အပါအဝင် မန္တလေးအစိုးရအဖွဲ့ဝင်တို့ကို တွေ့ဆုံခွင့်ပေးရန် ထောင်အာဏာပိုင်များထံ မိသားစုဝင်များက တောင်းဆိုထားသော်လည်း တုံ့ပြန်မှုမရဟု အထက်ပါ အကျဉ်းသားများထဲမှ တစ်ဦး၏ မိသားစုက ပြောသည်။

ကိုဗစ်ကပ်ဘေးအကြောင်းပြပြီး ကာလရှည် ပိတ်ထားသည့် ထောင်ဝင်စာတွေ့ဆုံခွင့် ပြန်ရနိုင်ပြီဖြစ်သော်လည်း ပိုမိုအရေးကြီးသည်ဟု စစ်ကောင်စီ ယူဆထားသူများကို မိသားစုနှင့် တွေ့ခွင့်ပြုရေးမှာ အထက်အရာရှိများ၏ ခွင့်ပြုမိန့် လိုနေသေးသည်ဟု ထိုမိသားစုဝင်က ဆိုသည်။

“အရင်အပတ်ထဲမှာ တွေ့ရဖို့ လုပ်ထားတာ။ ဒါပေမဲ့ အထက်က စာမလာသေးလို့ ခွင့်ပြုလို့မရသေးဘူးလို့ ထောင်က အကြောင်းပြန်တယ်” ဟု ပြောသည်။

၂၀၂၁ ဖေဖော်ဝါရီ ၁ ရက် စစ်တပ်အာဏာသိမ်းသည့်နေ့ကတည်းက ဖမ်းဆီးခံထားရသည့် ဒေါက်တာဇော်မြင့်မောင်ကို အမှုပေါင်းများစွာဖြင့် စစ်ကောင်စီက စွပ်စွဲပြီး ထောင်ဒဏ် ၂၉ နှစ် ချထားသည်။ အသက် ၇၂ နှစ်အရွယ် ၎င်းသည် သွေးကင်ဆာဝေဒနာ ခံစားနေရသူလည်း ဖြစ်သည်။

လက်ရှိတွင် ထောင်တွင်းဆေးရုံသို့ ပြောင်းရွှေ့ကာ ဆေးကုသမှုခံယူနေရသည်မှာ ၄ လခန့်ရှိပြီး ကင်ဆာဆေး ၆ ကြိမ် သွင်းကာ ကုသထားရသည်၊ အထူးကုဆရာဝန်ကြီးတချို့က ထောင်အတွင်းသို့ ဝင်ရောက်ကာ တစ်လတစ်ကြိမ် ဆေးကုသပေးနေရကြောင်း သိရသည်။

“အသက်အရွယ်အရ ကြီးပြီ၊ ရောဂါဆိုးကိုလည်း ထောင်ထဲမှာ အန်တုနေရတယ်၊ တော်တော်စိတ်မာလို့သာ ခံနိုင်ရည်ရှိတယ်လို့ ပြောရမယ်” ဟု ဝန်ကြီးချုပ်၏ မိသားစုနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

အိုးဘိုထောင်တွင် ဒေါက်တာဇော်မြင့်မောင်နှင့်အတူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက ဦးဝင်းထိန်၊ မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်၊ ဆောက်လုပ်ရေးနှင့် လျှပ်စစ်ဝန်ကြီး ဦးဇာနည်အောင်၊ မန္တလေးစည်ပင်သာယာရေးကော်မတီဝင် ဦးကျော်ဇေယျ၊ မန္တလေးတိုင်း NLD အတွင်းရေးမှူး ဦးတင်ကိုကိုနှင့် NLD အလုပ်အမှုဆောင် ဦးအေးသိန်းတို့လည်း ရှိနေသည်။

သေဒဏ်နှင့် ထောင်ဒဏ်တစ်သက် ကျခံနေရသူများကို နိုဝင်ဘာ ၅ ရက်နေ့မှ စတင်ကာ မိသားစုနှင့် တွေ့ခွင့်ပြုမည်ဟု အကျဉ်းသားအခွင့်အရေး လှုပ်ရှားသူများနှင့် ထောင်ရင်းမြစ်များထံမှ သိရသော်လည်း မန္တလေးအိုးဘိုထောင်မှ သေဒဏ်ကျအကျဉ်းသားများ ထိုသို့ တွေ့ခွင့် မရရှိသေးကြောင်း သိရသည်။

“လလယ်ဆန်းဒေးနဲ့ လကုန်အပတ်ဆန်းဒေးလို့ ပြန်သိရပြန်တယ်။ အခုထိက မရကြသေးဘူး။ မန္တလေးထောင်မှာက သာမာန်အကျဉ်းသားတွေပဲ တွေ့ခွင့်ရကြသေးတယ်” ဟု လုံခြုံရေးအရ အမည်မဖော်လိုသူ နိုင်ငံရေးအကျဉ်းသားဟောင်း အမျိုးသားက ပြောသည်။

အကျဉ်းထောင်များတွင် နိုင်ငံရေးအကျဉ်းသားများနှင့် ရာဇဝတ်အကျဉ်းသားများကို ခွဲခြားထားလေ့ရှိသည်။ ရုံးပိတ်ရက် တနင်္ဂနွေနေ့များတွင် သေဒဏ်နှင့် ထောင်ဒဏ်တစ်သက် ကျခံနေသူများကို တွေ့ခွင့်ပြုခြင်းသည် ကျန်အကျဉ်းသား ထောင်ဝင်စာတွေ့သူများနှင့် မတွေ့စေလိုခြင်းကြောင့် ဖြစ်နိုင်သည်ဟု အထက်ပါ နိုင်ကျဉ်းဟောင်းက သုံးသပ်သည်။

မြန်မာနိုင်ငံအတွင်းရှိ ထောင်နှင့် ရဲဘက်စခန်းများတွင် အကျဉ်းသားများနှင့် မိသားစုဝင်များတွေ့ဆုံခွင့်ကို NLD အစိုးရလက်ထက် ကိုဗစ်ကပ်ရောဂါ ကူးစက်မှု စတင်မြင့်တက်လာသည့် ၂၀၂၀ စက်တင်ဘာ ပထမသီတင်းပတ်တွင် စတင်တားမြစ်ခဲ့သည်။

ကိုဗစ်ကူးစက်မှုမရှိသလောက် နည်းသွားချိန်တွင်လည်း အာဏာသိမ်းစစ်ကောင်စီက ထိုကန့်သတ်ချက်ကို ဆက်လက်ထားရှိခဲ့ရာမှ သုံးနှစ်ကျော်အတွင်း ပထမဆုံးအကြိမ် ပြန်လည်ခွင့်ပြုခြင်းဖြစ်သည်။

တွေ့ခွင့် ပိတ်ထားသည့် ကာလတွင် မိသားစုက အစားအစာ၊ အသုံးအဆောင် ပို့ခွင့်ရခဲ့သည်။

ထောင်ဝင်စာတွေ့ဆုံခွင့်ကို နေ့စဉ် အကျဉ်းထောင်တစ်ခုလျှင် လူ ၁၂၀ အထိ သတ်မှတ်ထားပြီး အကျဉ်းသားတစ်ဦးလျှင် မိသားစုဝင်နှစ်ဦးနှင့် မိနစ် ၂၀ ကြာ တွေ့ဆုံခွင့်ရကြသည်။ ထောင်ဝင်စာတွေ့ဆုံခွင့် အချိန်ကို ရုံးဖွင့်ရက်များတွင် နံနက် ၉ နာရီမှ ညနေ ၄ နာရီခွဲအထိ ခွင့်ပြုပေးထားကြောင်း စုံစမ်းသိရှိရသည်။

သို့သော် ထောင်ဝင်စာတွေ့ဆုံခွင့်အတွက် ကန့်သတ်ချက်များစွာ ရှိနေဆဲဖြစ်သည်။ ထောင်ဝင်စာတွေ့မည့်သူတို့ လိုက်နာရမည့် စည်းကမ်းချက်များထဲတွင် စာရွက်စာတမ်းအထောက်အထား ၆ ခု ယူလာရန်လည်း ပါဝင်သည်။

ထောင်အာဏာပိုင်တို့ တောင်းဆိုထားသည့် အထောက်အထားများတွင် ကိုဗစ်ရောဂါကာကွယ်ဆေး ၂ ကြိမ် ထိုးနှံပြီးကြောင်း အထောက်အထား၊ ၇ ရက်အတွင်း ပြုလုပ်ထားသည့် ကျေးရွာရပ်ကွက်အတွင်း နေထိုင်ကြောင်း အုပ်ချုပ်ရေးမှူးများထောက်ခံစာနှင့် ထောင်ဝင်စာလာတွေ့မည့်သူ၏ မှတ်ပုံတင်မိတ္တူ၊ အိမ်ထောင်စုဇယားမိတ္တူတို့ ပါဝင်သည်။

သို့သော် ထောင်အာဏာပိုင်တို့ တောင်းဆိုသည့် ထိုအချက်များသည် လက်တွေ့တွင် မဖြစ်နိုင်သည့် အခြေအနေများဖြစ်နေသည်ဟု အကျဉ်းသားမိသားစုဝင်တို့က ဆိုသည်။

နိုင်ငံရေးအကျဉ်းသားများ၏ မိသားစုဝင်များ အကျဉ်းထောင်များသို့ သွားရောက် ထောင်ဝင်စာတွေ့နိုင်ရန် ခရီးစရိတ်ကဲ့သို့သော အသေးစားထောက်ပံ့ငွေ ပံ့ပိုးပေးမည်ဟု နိုင်ငံတကာကြက်ခြေနီကော်မတီ (ICRC) က ဆိုသည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ နိုဝင်ဘာ ၈ ရက် ထုတ်ပြန်ချက်တွင် နိုင်ငံအနှံ့ အကျဉ်းထောင်များတွင် နိုင်ငံရေးအကျဉ်းသားပေါင်း ၁၉,၆၅၉ ဦးထက်မနည်း ရှိနေသည်။ ထိုအရေအတွက်သည် စစ်အာဏာရှင်အဆက်ဆက် သမိုင်းတစ်လျှောက်တွင် နိုင်ငံရေးအကျဉ်းသား အများဆုံးစံချိန်တင်ရှိသည့် အရေအတွက်ဖြစ်သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button