သွေးကင်ဆာဝေဒနာသည် မန္တလေးတိုင်းဝန်ကြီးချုပ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဒုဥက္ကဋ္ဌဒေါက်တာ ဇော်မြင့်မောင်ကို စစ်ကောင်စီက စွပ်စွဲထားသည့် ပုဒ်မ ၅ ဖြင့် မန္တလေးအိုးဘိုထောင်ရှိ သီးသန့်တရားရုံးက ယနေ့ (ဇွန် ၁၇) တွင် ထောင် ၂၁ နှစ် ထပ်ချလိုက်သည်။
အာဏာမသိမ်းမီ ထိုင်းနိုင်ငံ၌ ဆေးကုသရန် လာဘ်ငွေယူသည်ဟု စွပ်စွဲထားသည့် အမှု ၃ မှု၊ မြင်းခြံနှင့် ပြင်ဦးလွင် NLD ရုံးများတည်ဆောက်ခြင်းနှင့် ပတ်သက်၍ ၂ မှုတို့ဖြင့် ထောင် ၁၅ နှစ်ထိ ချနိုင်သည့် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၅ တပ်ကာ စစ်ကောင်စီက ထောင်ဒဏ်သတ်မှတ်ခြင်းဖြစ်သည်။
၂၀၂၁ ဒီဇင်ဘာလမှစ၍ မန္တလေးအိုးဘိုထောင်အတွင်း စစ်ဆေးနေသည့် တိုင်းတရားသူကြီး ဦးခင်မောင်ထွန်းက ဆေးကုသခြင်းဆိုင်ရာ စွပ်စွဲချက် ၃ ခုအတွက် တစ်မှုလျှင် ထောင် ၅ နှစ်၊ NLD ရုံးနှင့် စပ်လျဉ်းသည့် ကိစ္စ ၂ ခုကို တစ်မှုလျှင် ထောင် ၃ နှစ်၊ သီးခြားစီကျခံစေရန် အမိန့်ချမှတ်ခဲ့သည်ဟု တရားခွင်နှင့် နီးစပ်သူက ပြောသည်။
အသက် ၇၀ အရွယ် ဒေါက်တာဇော်မြင့်မောင်ကို ယနေ့ရုံးထုတ်ချိန်တွင် မူလက အများနှင့်အတူ စစ်ဆေးသည့် ထောင်တွင်း မူကြိုကျောင်းရှိ အထူးတရားရုံးသို့ ခေါ်မလာဘဲ လမ်းတစ်ဖက်ရှိ အရာရှိရိပ်သာတွင် လုံခြုံရေးအပြည့်ဖြင့် သီးသန့်စစ်ဆေးသည်ဟု ၎င်းက ဆက်ပြောသည်။
ထို့ပြင် တရားခွင်သို့ ရှေ့နေလိုက်ခွင့်ရထားသူသာ ဝင်ခွင့်ပြုခဲ့၍ ဒေါက်တာဇော်မြင့်မောင်၏ ကျန်းမာရေးနှင့် တရားခွင်ဆိုင်ရာ အသေးစိတ်အကြောင်းအရာများ မသိရဟု ထိုသူက ဆိုသည်။
ဒေါက်တာဇော်မြင့်မောင်၏ အမှုများအတွက် လိုက်ပါဆောင်ရွက်ပေးသည့် နာမည်ကျော်ရှေ့နေ ဒေါ်ရွက်နုအောင် ဧပြီလကုန်ပိုင်းက ဖမ်းခံရပြီးနောက်တွင် ပူးတွဲတာဝန်ယူထားသည့် ရှေ့နေအချို့မှာလည်း နှုတ်ဆိတ်နေသည်။
၂၀၂၁ ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းသည့် နေ့ကတည်းက ဖမ်းဆီးခံထားရသည့် ဒေါက်တာဇော်မြင့်မောင်ကို စစ်ကောင်စီက စုစုပေါင်း အမှု ၁၀ ခုဖြင့် စွပ်စွဲထားကာ ယနေ့အထိ ၉ မှုဖြင့် ၂၆ နှစ် အမိန့်ချမှတ်ထားပြီးဖြစ်သည်။
NLD ထပ်မံအနိုင်ရသည့် ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို ငြင်းပယ်ခဲ့သည့် စစ်ကောင်စီက ဒေါက်တာဇော်မြင့်မောင်ကို ပြီးခဲ့သည့် နှစ်ကုန်ပိုင်းက ပုဒ်မ ၃ ခုဖြင့် ထောင် ၄ နှစ် ကနဦးသတ်မှတ်သည်။
ရွေးကောက်ပွဲကာလ မဲဆွယ်ရာတွင် ကိုဗစ်ကပ်ရောဂါအတွက် ချမှတ်ထားသည့် စည်းကမ်းများ မလိုက်နာဟုဆိုကာ သဘာဝဘေးဆိုင်ရာ ပုဒ်မ ၂ ခု၊ ၎င်းဖမ်းဆီးခံရပြီးမှ NLD က ထုတ်ပြန်သည့် စာဖြင့် ဆူပူလှုံ့ဆော်မှုဆိုင်ရာ ပုဒ်မ ၁ ခုတို့အတွက် ဖြစ်သည်။
ထို့ပြင် ရွေးကောက်ပွဲတွင် မလျော်ဩဇာသုံးသည်ဆိုကာ ရာဇသတ်ကြီးပုဒ်မ ၁၇၁ (စ) ဖြင့် ဇွန်လဆန်းတွင် ထောင် ၁ နှစ် ထပ်ချကာ နှစ်ရက်အကြာ ယနေ့တွင် နောက်ထပ် ၅ မှု ထပ်မံအမိန့်ချခြင်းဖြစ်သည်ဟု တရားရုံးနှင့် နီးစပ်သူက ပြောသည်။
ရွေးကောက်ပွဲစွပ်စွဲချက်ဖြင့် ထောင် ၃ နှစ်အထိ ချနိုင်သည့် ပုဒ်မ ၁၃၀ (က) တပ်ထားသည့် အမှု ၁ခုကို ဒေါက်တာဇော်မြင့်မောင် ဆက်လက်ရင်ဆိုင်ရဦးမည်ဖြစ်ပြီး ခိုင်လုံမှုမရှိဘဲ အမိန့်ချခံရသည့် အမှုများအားလုံးအတွက် အယူခံတက်မည်ဟု ၎င်းထံမှ သိရသည်။
လက်ရှိ လိုက်ပါဆောင်ရွက်နေသည့် ဒေါက်တာဇော်မြင့်မောင်၏ ရှေ့နေအဖွဲ့နှင့် စစ်ကောင်စီထံ မေးမြန်းနိုင်ခြင်း မရှိ၍ ထိုအချက်ကို သီးခြားအတည်မပြုနိုင်သေးပေ။
ယနေ့အမိန့်ချမှတ်ခဲ့သည့် အဂတိစွပ်စွဲချက် ၅ ခုအနက် ၂ ခုမှာ နာမည်ကျော်စီးပွားရေးသမား၊ မူးယစ်မှုဖြင့် ထောင်ကျဖူးသူ မောင်ဝိတ်က ၂၀၁၉ ခုနှစ်အတွင်း ဒေါက်တာဇော်မြင့်မောင် ဘန်ကောက်သို့ ဆေးကုသွားစဉ် ဒေါ်လာ ၁ သိန်း၊ မန္တလေးသို့ ပြန်ရောက်စဉ် ကျပ်သိန်း ၆၅၀ ပေးရသည်ဆိုသော ကိစ္စဖြစ်သည်။
ထိုအမှုနှစ်ခုအတွက် သက်သေတစ်ဦးဖြစ်သည့် မောင်ဝိတ်က ဖေဖော်ဝါရီလအတွင်း သက်သေထွက်ဆိုစဉ် ဒေါက်တာဇော်မြင့်မောင်ကို ကိုယ်တိုင်ငွေပေးခဲ့ခြင်းမဟုတ်ဟု ပြောထားသည်။
တရားခွင်ပြီးချိန်တွင် ထိုင်ကန်တော့သည့် မောင်ဝိတ်ကို “ကျမ်းဆိုတာ စူးတတ်တယ်၊ သံသရာအထိ ခံရမှာ ကိုယ့်လူ” ဟု ဒေါက်တာဇော်မြင့်မောင်၏ တုံ့ပြန်ပြောဆိုမှုမှာ ထင်ရှားသည်။
မောင်ဝိတ်က NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကိုလည်း လာဘ်ပေးခဲ့ရသည်ဟု စွပ်စွဲထားပြီး စစ်ကောင်စီကလည်း အဂတိပုဒ်မတပ်ကာ အမှုဖွင့်စစ်ဆေးနေသည်။
အာဏာသိမ်းပြီး တစ်နှစ်ကျော်အတွင်း NLD ဗဟိုအလုပ်အမှုဆောင် ၁၄ ဦး ဖမ်းဆီးခံခဲ့ရသည်ဟု အဖွဲ့ဝင်တစ်ဦးဖြစ်သည့် ဦးကျော်ထွေးက ပြောထားသည်။
ထိုအထဲတွင် သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့လည်း ပါဝင်သည်။
လွှတ်တော်ကိုယ်စားလှယ် ၁၀၀ ကျော်အပါအဝင် NLD ပါတီဝင်ပေါင်း ၆၀၀ ထက်မနည်း ထိန်းသိမ်းခံထားရကြောင်း၊ နိုင်ငံအနှံ့ ပါတီရုံးပေါင်း ရာဂဏန်းမျှ ဖျက်ဆီးခံထားရကြောင်း ၎င်းထံမှ သိရသည်။
ကိုယ်ကျင့်တရားအရာတွင် ကမ္ဘာကပါသိသည့် နိုင်ငံ့ခေါင်းဆောင်များကို စစ်ကောင်စီက အမှုအများအပြား ဖွင့်ထားခြင်းမှာ ဥပဒေဆန့်ကျင် အာဏာသိမ်းထားသည့် ၎င်းတို့၏ လုပ်ရပ်ကို ဖုံးကွယ်လိုသောကြောင့်ဖြစ်သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တရားရေးဝန်ကြီး ဦးသိန်းဦးက Myanmar Now ကို မှတ်ချက်ပြုဖူးသည်။
“အာဏာသိမ်းထားတဲ့ စနစ်ကြီးတစ်ခုလုံးမှာ တရားရုံးတွေကို အကြမ်းဖက်စစ်အုပ်စုက လက်ကိုင်တုတ်အဖြစ် အသုံးချနေတာဆိုတော့ အမိန့်ချတာ၊ အယူခံပယ်ချတာတွေကို အထွေအထူး အံ့သြမနေတော့ပါဘူး။ စစ်အာဏာရှင်စနစ် အမြစ်ဖြတ်ရေးကိုပဲ အာရုံစိုက်မယ်” ဟု ၎င်းက ဧပြီ ၂၇ တွင် ပြောထားသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)