သတင်း

မိသားစု အဖမ်းခံရသဖြင့် နေရပ်ပြန်သည့်အမတ် ထောင် နှစ် ၂၀ ကျော်ကျ

ဇနီးနှင့် ရင်ခွင်ပိုက်ကလေးကို ဓားစာခံအဖြစ် ဖမ်းထားသဖြင့် နေရပ်ပြန်သွားသည့် ဧရာဝတီတိုင်းမှ လွှတ်တော်အမတ်တစ်ဦးသည် စစ်ကောင်စီ၏ အသုံးချမှု၊ ထောင်ချမှုတို့ကို ရင်ဆိုင်နေရသည်။

“(စစ်ကောင်စီ) ဆက်ဆံတဲ့ပုံက တစ်ကယ့်ကို ညီအစ်ကိုလို ကျွန်တော့်ကို နွေးနွေးထွေးထွေး ဆက်ဆံတယ်၊ အားလုံးကိုကျေးဇူးတင်ပါတယ်” ဟု ဧရာဝတီတိုင်းလွှတ်တော်အမတ် ဦးသက်ပိုင်စိုးက စစ်ကောင်စီ စီစဉ်သည့် အခမ်းအနားတစ်ခုတွင် ပေါ့ပေါ့ပါးပါး ပြောဆိုနေသည်။

၂၀၂၂ ခုနှစ် ဇူလိုင်လအတွင်း ကျုံပျော်မြို့တွင် ပြုလုပ်သည့် PDF သင်တန်းဆင်းများ အလင်းဝင်သည်ဆိုသော အခမ်းအနားတွင် သူက ထိုသို့ ပြောလိုက်ခြင်းဖြစ်သည်။

“ရှေ့ဆက်ပြီးတော့ သွေးထွက်သံယိုတွေလည်း မဖြစ်စေချင်တော့ဘူး၊ တစ်ယောက်ကိုတစ်ယောက် အမုန်းပွားမယ့်ကိစ္စတွေ မလုပ်ချင်တော့ဘူး” ဟု ငပုတောမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ခံလည်းဖြစ်သည့် ဦးသက်ပိုင်စိုးက စစ်ကောင်စီထံ ဘက်ပြန်ပြောင်းသွားသည့် အကြောင်းရင်းကို ပြောပြသည်။

ထိုသို့ ဦးသက်ပိုင်စိုးပြောဆိုပြီး တစ်နှစ်ခွဲနီးပါးအကြာတွင် သူ့ကို နွေးနွေးထွေးထွေး ဆက်ဆံသည်ဆိုသော စစ်ကောင်စီက  သူ့ကို သံတိုင်နောက် ၂၂ နှစ်ကြာ သွားနေရန် တွန်းပို့လိုက်ကြသည်။

၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက် နိုင်ငံကျော်ပုဒ်မ ၅၀၅ ဖြင့် ဖမ်းဝရမ်းထုတ်ခံရသည့် မြောက်မြားစွာသောသူများတွင် ငပုတောမြို့နယ်အမှတ် (၂) မဲဆန္ဒနယ်မြေမှ ဦးသက်ပိုင်စိုးလည်း ပါဝင်သည်။

တိမ်းရှောင်နေသည့် ဦးသက်ပိုင်စိုးကို ဖမ်းမမိသည့် စစ်တပ်သည် ၂၀၂၂ ခုနှစ် ဧပြီလတွင် ဇနီး ဒေါ်နန်းယုသိန်းနှင့် ၁ဝ လအရွယ် သမီးငယ် မဆုမြတ်ပိုင်တို့ကို ဓားစာခံအဖြစ် တစ်ပတ်ကြာ ဖမ်းဆီးခဲ့သည်။

ထိုသို့ ဖမ်းဆီး ဖိအားပေးအပြီး ၃ လအကြာ ၂၀၂၂ ခုနှစ် ဇူလိုင်လ ၂၁ ရက်နေ့တွင် ဦးသက်ပိုင်စိုးကို ကျုံပျော်မြို့ PDF များ အလင်းဝင်သည်ဆိုသည့်ပွဲတွင် တွေ့လိုက်ရသည်။ ထိုပွဲတွင် ဦးသက်ပိုင်စိုးအပါအဝင် ကျုံပျော်ဒေသခံလူငယ် အမျိုးသား ၃ ဦးနှင့် အမျိုးသမီး ၂ ဦးတို့ အလင်းဝင်သည်ဟု စစ်ကောင်စီ ပြန်ကြားရေးက ထုတ်ပြန်ခဲ့သည်။

စစ်ကောင်စီက ဝါဒဖြန့်ရာတွင် ဦးသက်ပိုင်စိုးကို ကောင်းစွာအသုံးချခဲ့သည်။

တော်လှန်ရေးအင်အားစုကို သူဝေဖန်သည့် ရုပ်သံလည်း စစ်ကောင်စီဝါဒဖြန့် လူမှုကွန်ရက်စာမျက်နှာများတွင် ပေါ်ပေါက်လာသည်၊ ထိုရုပ်သံတွင် သူက စစ်တပ်လည်း တိုင်းပြည်ကို ချစ်သည်ဟု ပြောဆိုထားသည်။

သို့သော်လည်း ၂၀၂၃ ခုနှစ် နှစ်ဆန်းပိုင်းတွင် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မများဖြင့် ဦးသက်ပိုင်စိုး တရားစွဲဆိုခံရသည်။ ရဲစခန်းက သူ့ကို ထိုအမှုများရုပ်သိမ်းရန်၊ ခံဝန်ထိုးရန် ဆင့်ခေါ်သဖြင့် စခန်းသို့ သွားရောက်ရာ သူအဖမ်းခံလိုက်ရသည်။ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလကုန်ပိုင်းတွင် သူ့ကို ပုသိမ်ခရိုင် အထူးတရားရုံးက ထောင်ဒဏ် အနှစ် ၂၀ ကျော် ချလိုက်သည်။

စစ်ကောင်စီက မည်သို့သော သဘောသဘာဝရှိသည်ကို ဆင်ခြင်သင့်သည်ဟု ဦးသက်ပိုင်စိုးနှင့် ရင်းနှီးသူ ဧရာဝတီတိုင်း လွှတ်တော်အမတ်တစ်ဦးက ပြောသည်။

“ငယ်ငယ်တုန်းက ကိုယ့်အမေတွေ ကိုယ့်ကို ရိုက်ချင်လို့ လာ … သမီးလေးလာ၊ မရိုက်ဘူးဆိုပြီး အနားရောက်တော့ ထဆော်သလိုပေါ့၊ အဲ့ဒါက ငယ်တုန်းကလေ၊ ခုက ကြီးပြီ၊ ဆင်ခြင်တုံတရား ရှိရမယ့်အရွယ်ပဲ” ဟု သူက ပြောသည်။

စစ်တပ်အာဏာသိမ်း​ပြီးနောက် ရှောင်တိမ်းနေကြရသူများကို စစ်ကောင်စီက ပြန်လည်ဖိတ်ခေါ်နေပြီး စိုးရိမ်စိတ်ကြောင့် ထွက်ပြေးနေရသူများ၊ ဝန်ထမ်းများကို အထူးသက်ညှာစွာ ဖြေလျှော့ဆောင်ရွက်ပေးမည်ဟု ဆိုသည်။

သို့သော် ထိုဖိတ်ခေါ်ချက်သည် ထောင်ချောက်သဖွယ်ဖြစ်လိမ့်မည်ဟု လွှတ်တော်အမတ်တစ်ဦးက ဦးသက်ပိုင်စိုး၏ ဖြစ်ရပ်ကို ရည်ညွှန်းလျက် သတိပေးသည်။

စစ်ဗိုလ်ချုပ်များသည် အကြိမ်ကြိမ် ကတိပျက်ခဲ့ဖူးသည်ဟု နယ်စပ်တစ်နေရာတွင် တိမ်းရှောင်နေသည့် ထိုလွှတ်တော်အမတ်က ထောက်ပြသည်။

“သမိုင်းတစ်လျှောက်လုံး ဘယ်တုန်းကမှ ပြည်သူအပေါ် မကောင်းတဲ့စစ်တပ် ကိုယ့်ကျမှ ကောင်းမယ်ထင်တာတော့ ဉာဏ်တိမ်ရာကျလိမ့်မယ်” ဟု သူက ဆိုသည်။

၁၉၈၈ ခုနှစ် အာဏာသိမ်းခေါင်းဆောင်ကလည်း ရွေးကောက်ပွဲ လုပ်ပေးမည်၊ အနိုင်ရပါတီကို အာဏာလွှဲမည်၊ စစ်တပ်က မူလလာရာ စစ်တန်းလျားကို ပြန်မည်ဟု ကတိပေးပြီး ၁၉၉၀ ရွေးကောက်ပွဲတွင် အနိုင်ရသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကိုယ်စားလှယ်လောင်းများကို ဖမ်းဆီးကာ စစ်တပ်က ၂၀၁၀ ပြည့်နှစ်အထိ ဆက်လက်အုပ်ချုပ်ခဲ့သည်။

လက်ရှိစစ်ခေါင်းဆောင်ကလည်း ၂၀၂၀ နိုဝင်ဘာရွေးကောက်ပွဲ မဲရုံမှ အထွက်တွင် ပြည်သူအများစု၏ ဆန္ဒဖြင့် ဖြစ်လာသည့် ရွေးကောက်ပွဲရလဒ်ကို လက်ခံမည်ဟု ကမ္ဘာသိ ထုတ်ဖော်ပြောဆိုခဲ့သည်။ သို့သော် NLDကိုယ်စားလှယ်အများစု အနိုင်ရသည့် မဲရလဒ် ထွက်ပေါ်လာသည့်အခါ မဲစာရင်းမှားယွင်းသည်ဟု စွပ်စွဲကာ အာဏာသိမ်းခဲ့ခြင်း ဖြစ်သည်။

ထို့နောက် ယင်းတို့စိတ်တိုင်းကျ ရေးဆွဲထားသည့် အခြေခံဥပဒေကို လက်တစ်လုံးခြား အသုံးချပြီး စစ်ကောင်စီကို အကြိမ်ကြိမ်သက်တမ်းတိုးကာ အာဏာဆက်ယူထားသည်။

တစ်ချိန်ချိန်တွင် ပြုလုပ်မည့် ရွေးကောက်ပွဲအပြီး ထွက်ပေါ်လာသော အစိုးရကို အာဏာအပ်နှင်းမည်ဟု ပြောထားသည်။

(မှတ်ချက် – ငပုတောမြို့နယ်အမှတ် ၂ မဲဆန္ဒနယ်မြေမှ ရွေးကောက်ခံရသူ ဦးသက်ပိုင်စိုး ဖမ်းဆီးထောင်ချခံရသည့် အထက်ပါ သတင်းတွင် မျှတမှုရှိစေရန်အတွက် ခေါင်းစဉ်နှင့် သတင်းစာသားတချို့ကို ပြန်လည် ပြင်ဆင်ထားပါသည်)

Show More

Related Articles

Back to top button