သတင်း

အင်းစိန်ထောင်မှ NLD လွှတ်တော်ကိုယ်စားလှယ် ၂ ဦးနှင့် ပါတီလူငယ် ၁ ဦး လွတ်မြောက်

အင်းစိန်ထောင်တွင် ဖမ်းဆီးခံထားရသည့် NLD ပါတီ၏ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဘမျိုးသိမ်း၊ ဦးစိုးလေးနှင့် ရခိုင်ပြည်နယ်လူငယ်လုပ်ငန်းအဖွဲ့ဝင် ကိုဟိန်းမင်းထက်တို့ သုံးဦး ယနေ့ (နိုဝင်ဘာ ၃) နံနက်ပိုင်းတွင် လွတ်ရက်စေ့ကာ ပြန်လည်လွတ်မြောက်လာသည်။

ရန်ကုန် အင်းစိန်ထောင်တွင် ဖမ်းဆီးခံထားရသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ပါတီ၏ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဘမျိုးသိမ်း၊ ဦးစိုးလေးနှင့် ရခိုင်ပြည်နယ်လူငယ်လုပ်ငန်းအဖွဲ့ဝင် ကိုဟိန်းမင်းထက်တို့ သုံးဦး ယနေ့ (နိုဝင်ဘာ ၃) နံနက်ပိုင်းတွင် လွတ်ရက်စေ့ကာ ပြန်လည်လွတ်မြောက်လာသသည်ဟု သိရသည်။

ထောင်မှ လွတ်မြောက်ချိန်တွင် ဦးဘမျိုးသိမ်းမှာ မျက်လုံးတိမ်စွဲသည့်ရောဂါကို ခံစားနေရပြီး ဦးစိုးလေးမှာ ရခိုင်သို့ ပြန်သွားသည်ဟု ၎င်းတို့နှင့် နီးစပ်သည့် လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ပြောသည်။

“သူတို့သုံးယောက်လုံး လွတ်လာတယ်။ ဦးဘမျိုးသိမ်းက အဓိက မျက်လုံးခွဲရမယ်။ ကျန်းမာရေးကတော့ ကောင်းတယ်။ မျက်လုံးနဲ့ ပတ်သက်ပြီး ခွဲဖို့လုပ်တော့ အင်းစိန်မှာ မခွဲဖြစ်ဘူး။ အခုမှ မျက်လုံးခွဲဖို့ ပြန်လုပ်ရမယ်” ဟု ၎င်းက ပြောသည်။

ဦးဘမျိုးသိမ်းမှာ ၎င်း၏ ညီတော်စပ်သူ နေထိုင်သည့် သင်္ဃန်းကျွန်းမြို့နယ်ရှိ နေအိမ်သို့ ရောက်ရှိနေပြီဖြစ်သည်ဟုလည်း သိရသည်။

ပါတီဗဟိုကော်မတီဝင်များဖြစ်သည့် ဦးဘမျိုးသိမ်းနှင့် ဦးစိုးလေးတို့ နှစ်ဦးကို အာဏာသိမ်းစစ်တပ်က ၂၀၂၁ ခုနှစ် မေလအတွင်း ရန်ကုန်မြို့၊ ရွှေဂုံတိုင်ရှိ NLD ပါတီရုံးချုပ်တွင် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ NLD ပါတီ၏ ရခိုင်ပြည်နယ်လူငယ်လုပ်ငန်းအဖွဲ့ဝင် ကိုဟိန်းမင်းထက်သည်လည်း ၂၀၂၁ မေလအတွင်း၌ပင် အစ်မဖြစ်သူ NLD ပါတီ၏ တောင်ကုတ်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်နီနီမေမြင့်နှင့်အတူ လှိုင်သာယာမြို့နယ်တွင် အဖမ်းခံရခြင်းဖြစ်သည်။

၎င်းတို့သုံးဦးကို စစ်ကောင်စီက လွန်ခဲ့သည့်နှစ် မေလတွင် မတရားအသင်းဆက်သွယ်မှုဥပဒေပါ ပုဒ်မ – ၁၇ (၁) ဖြင့် ထောင်ဒဏ် ၃ နှစ် ချမှတ်ခဲ့ခြင်းဖြစ်သည်။

ဦးဘမျိုးသိမ်းမှာ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဟောင်းတစ်ဦးဖြစ်ကာ တောင်သူလယ်သမားရေးရာကော်မတီဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့သူဖြစ်သည်။ ဦးစိုးလေးမှာ ရခိုင်ပြည်နယ် NLD ပါတီ ဒုတိယဥက္ကဋ္ဌနှင့် အမျိုးသားလွှတ်တော်၏ တောင်သူလယ်သမားရေးရာကော်မတီဝင်ဖြစ်သည်။

စစ်တပ်က အာဏာသိမ်းပြီးနောက် လူပေါင်း ၂၅,၃၆၉ ဦး ဖမ်းဆီးခံခဲ့ရကာ ပြန်လည်လွတ်မြောက်လာသူ ၅၇၂၄ ဦး၊ သေဒဏ်ချမှတ်ခံထားရသူ ၁၆၃ ဦးရှိသည်ဟု နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ယမန်နေ့ (နိုဝင်ဘာ ၂) တွင် ထုတ်ပြန်ထားသည်။

(လွတ်လပ်သည့်မီဒီယာအဖြစ်ရေရှည်ရပ်တည်နိုင်ရေးသင်တို့အကူအညီလိုအပ်နေပါသည်။ဤနေရာတွင်https://www.userroll.com/site/register/m1f6penနှိပ်၍လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button