သတင်း

စစ်ဆင်ရေးအမှတ် ၁၀၂၇ (သို့မဟုတ်) မြောက်ပိုင်းအဖွဲ့များက စစ်ကောင်စီကို စစ်ကြေညာခြင်း

မဟာမိတ် ၃ ဖွဲ့၏ စစ်ကြေညာစာထဲတွင် ရည်ရွယ်ချက် ၃ ခု ရှိသည်ဟု ဆိုထားသော်လည်း ယခုစစ်ပွဲမှာ MNDAA ကိုးကန့်တပ်၏ အိမ်ပြန်ခရီးဖြစ်သည်ဟု လေ့လာသူတချို့က သုံးသပ်ကြသည်။

ညီနောင်မဟာမိတ် ၃ ဖွဲ့က စစ်ကောင်စီနှင့် ပြည်သူ့စစ်များအပေါ် စစ်ကြေညာချက်ကို ယနေ့ (အောက်တိုဘာ ၂၇ ) တွင် ထုတ်ပြန်လိုက်သည်။

၁၀၂၇ စစ်ဆင်ရေး (Operation 1027) ဟု အမည်တပ်ထားသည့် ထိုလှုပ်ရှားမှု အစပြုသည့် အောက်တိုဘာ ၂၇ နံနက် အရုဏ်တက်ချိန်တွင် ပူးပေါင်းတပ်တို့က တရုတ်-မြန်မာနယ်စပ် ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ချင်းရွှေဟော်မြို့ရှိ စစ်ကောင်စီကင်းစခန်းများကို ဝင်တိုက်ပြီး မြို့ကို ထိန်းချုပ်လိုက်သည်။

တစ်ချိန်တည်းတွင် မဟာမိတ်တပ်ဖွဲ့ထဲမှ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) က ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့တောင်ဘက်ရှိ စစ်ကောင်စီတပ်၏ ၁၃ မိုင်စခန်းနှင့် မိုက်ခရိုဝေ့ဗ်စခန်းတို့ကို သိမ်းပိုက်ခဲ့သည်။

လားရှိုးမြို့အဝင် ဟိုပိတ် တိုးဂိတ်ရှိ စစ်ကောင်စီလုံခြုံရေးတပ်စခန်းနှင့် ရဲစခန်းကိုလည်း စီးနင်းတိုက်ခိုက်ရာ တိုးဂိတ်အဆောက်အအုံ ပျက်စီးသွားခဲ့သည်။ မြို့အနီးရှိ မိုင်းကျက်၊ တိမ်သံ စသည့် ကျေးရွာများမှ တပ်စခန်းများကိုလည်း ဆက်လက်တိုက်ခိုက်နေကြသည်။

ထို့ပြင် နောင်ချိုမြို့ သံမိုကျေးရွာရှိ တပ်စခန်း၊ နမ့်ခမ်းမြို့နယ် နမ့်ခမ်း-နမ့်ဖက်ကာကျေးရွာအကြား ပန်းဆေး ပြည်သူ့စစ်တပ်စခန်းများကိုလည်း သိမ်းပိုက်နိုင်ခဲ့သည်ဟု TNLA က ဆိုသည်။

“ကျွန်တော်တို့ ညီနောင်မဟာမိတ် ၃ ဖွဲ့လုံးက စစ်ဆင်ရေးလုပ်တာဖြစ်တယ်။ အာဏာရှင် အမြစ်ပြတ်ချေမှုန်းနိုင်ဖို့အတွက် လုပ်ဆောင်တာဖြစ်တယ်။ မိုးမိတ်ဘက်မှာတော့ မနေ့ကတည်းက ထိုးစစ်ဆင်မှုတွေ ပြုလုပ်ခဲ့တယ်“ ဟု TNLA ၏ ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီး တားအိုက်ကျော်က ယနေ့မွန်းလွဲပိုင်းတွင် Myanmar Now ကို ပြောသည်။

၁၀၂၇ စစ်ဆင်ရေး အတွင်း စစ်ကောင်စီတပ်စခန်းတစ်ခုကို မဟာမိတ်တပ်များက သိမ်းဆည်းထားစဉ် (ဓာတ်ပုံ – The Kokang)

ယနေ့ တစ်နေကုန်နီးပါး ရှမ်းမြောက်တစ်ကြော ချင်းရွှေဟော်၊ ကွမ်းလုံ၊ မုံးကိုး၊ လားရှိုးနှင့် နန်ကျွမ်းတို့တွင်လည်း တိုက်ပွဲများပြင်းထန်လျက်ရှိသည်။

ကိုးကန့်စစ်သားများက ချင်းရွှေဟော်မြို့အတွင်းရှိ လောင်းကစားရုံများနှင့် ကျားဖြန့်လုပ်ကိုင်သူများကို လိုက်လံ ဖမ်းဆီးနေခဲ့ပြီး တစ်မြို့လုံး ကိုးကန့်စစ်သားများဖြင့် ပြည့်နေသည်ဟု မြို့ခံ အမျိုးသမီးတစ်ဦးက Myanmar Now ကို ပြောသည်။

“တစ်မြို့လုံး ကိုးကန့်စစ်သားတွေ ပြည့်နေပြီ။ ဆိုင်တွေလည်း ပိတ်ထားကြပြီ။ သူတို့ သိမ်းလိုက်ပြီ” ဟု သူက ပြောသည်။

ညီနောင်သုံးဖွဲ့၏  ထုတ်ပြန်ချက်ထဲတွင် ဤစစ်ဆင်ရေးတွင် “ကျားဖြန့်” ရာဇဝတ်မှုကို တိုက်ဖျက်ရေးလည်း ပါဝင်သည်ဟု ဆိုထားသည်။

“ကျားဖြန့်” ဆိုသည်က အင်တာနက် (သို့) တယ်လီဖုန်း စသည်တို့မှတစ်ဆင့် လောင်းကစားအပါအဝင် ငွေကြေးလိမ်လည်သည့် လုပ်ငန်းဖြစ်သည်။ တရုတ်နိုင်ငံသားများကို လူကုန်ကူးခြင်း၊ ရက်ရက်စက်စက် နှိပ်စက်ညှဉ်းပန်းအလုပ်ခိုင်းစေခြင်း၊ တရုတ်တို့ကို ဦးတည်လိမ်လည်ခြင်း အစရှိသည့် တိုင်ကြားမှုများကြောင့် တရုတ်အစိုးရက ကျားဖြန့်ဂိုဏ်းများကို နိုင်ငံတော်အဆင့်စစ်ဆင်ရေးအဖြစ် သတ်မှတ်ကာ ဖြိုခွဲလျက်ရှိသည်။

ယခင်က MNDAA တပ်တို့၏ အဓိက တပ်စခန်းချရာ ဒေသများဖြစ်သည့် ချင်းရွှေဟော်မြို့ကို သိမ်းပိုက်နိုင်ခဲ့ပြီး ကွမ်းလုံ၊ မုံးကိုးနှင့် လားရှိုးမြို့တို့ရှိ စစ်ရေးအချက်အချာ နေရာအများအပြားကို တိုက်ခိုက်ချေမှုန်းနိုင်ခဲ့ပြီး စခန်းသိမ်းတိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသေးသည်ဟု MNDAA က ထုတ်ပြန်သည်။

၂၀၀၉ ခုနှစ်က နယ်ခြားစောင့်တပ်ဖွဲ့ ဖွဲ့ရန် ငြင်းဆန်ခဲ့သည့် ကိုးကန့်တပ်ဖွဲ့ကို မြန်မာစစ်တပ်က တိုက်ခိုက်ရာမှ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် ၎င်းတို့ ထိန်းချုပ်နယ်မြေမှ စွန့်ခွာပေးခဲ့ရသည်၊ ယခုတိုက်ပွဲသည် ကိုးကန့်တပ်ဖွဲ့များ၏ နယ်မြေစိုးမိုးနိုင်ရေး ထပ်မံ ကြိုးပမ်းမှုဖြစ်သည်ဟု လေ့လာသူတချို့က သုံးသပ်သည်။

၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလတွင် ပထမအကြိမ် ကိုးကန့်ဒေသကို ပြန်လည် သိမ်းပိုက်ရန် ကြိုးပမ်းခဲ့ဖူးသည်၊ လောက်ကိုင်တိုက်ပွဲတွင် ရှုံးနိမ့်ခဲ့ပြီးနောက် ယနေ့ (အောက်တိုဘာ ၂၇) ဖြစ်ပွားသည့် တိုက်ပွဲသည် ပိုမိုပြင်းထန်ပြီး စစ်တပ်စခန်းနေရာ တော်တော်များများကို သိမ်းပိုက်နိုင်ခဲ့သည့် တိုက်ပွဲဖြစ်သည်။

၁၀၂၇ စစ်ဆင်ရေး အတွင်း စစ်ကောင်စီတပ်စခန်းတစ်ခုကို မဟာမိတ်တပ်များက သိမ်းဆည်းထားစဉ် (ဓာတ်ပုံ – The Kokang)

ယနေ့ နံနက်ပိုင်းက တရုတ်-မြန်မာနယ်စပ် ချင်းရွှေဟော်မြို့၊ လောက်ကိုင်မြို့၊ လားရှိုးမြို့တို့တွင် တိုက်ပွဲများဖြစ်ပွားခဲ့ပြီး စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်တချို့ သေဆုံးခဲ့သည်၊ အခြေအနေကို ထိန်းသိမ်းနိုင်ရန် ဆောင်ရွက်နေသည်ဟု သတင်းပြန်ကြားရေးခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက သတင်းဌာနများကို ဖြေကြားထားသည်။

မဟာမိတ် ၃ ဖွဲ့၏ စစ်ကြေညာစာထဲတွင် မိမိကိုယ်ကိုယ် ခုခံကာကွယ်နိုင်ရေး၊ အာဏာရှင်စနစ်ချုပ်ငြိမ်းရေး စသည်တို့ ပါဝင်သော်လည်း ယခုဖြစ်ပွားနေသည့် စစ်ပွဲမှာ ကိုးကန့်တပ်ဖွဲ့ဝင်တို့၏ အိမ်ပြန်ခရီးဖြစ်နိုင်သည်ဟု လေ့လာသူတချို့က သုံးသပ်ကြသည်။

လောက်ကိုင်ကို ထိန်းချုပ်ရန် ကြိုးစားခြင်း

ဗမာပြည်ကွန်မြူနစ်ပါတီ (ဗကပ) မှ ၁၉၈၉ တွင် ခွဲထွက်ခဲ့သည့် ဦးဖုန်ကြားရှင် ဦးဆောင်သည့် ကိုးကန့်တပ်ဖွဲ့သည် ထိုအချိန်က စစ်အာဏာရှင်ဟောင်း ဦးသန်းရွှေအစိုးရနှင့် ငြိမ်းချမ်းရေး ယူခဲ့ရာ ရှမ်းပြည်နယ် အထူးဒေသ (၁) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကို အုပ်ချုပ်ခွင့်ရခဲ့သည်။

ထို့နောက် ၂၀၀၉ ခုနှစ်တွင် အပစ်ရပ်လက်နက်ကိုင်တပ်များကို စစ်တပ်က လက်အောက်ခံနယ်ခြားစောင့်တပ်အဖြစ် ပြောင်းလဲဖွဲ့စည်းစေရာ ကိုးကန့်တပ်နှင့် စစ်တပ်တို့အကြား တိုက်ပွဲများ ဖြစ်ပွားပြီး ကိုးကန့်တပ်ဖွဲ့ဝင်များ ဆုတ်ခွာခဲ့ရသည်။

ထိုအချိန်မှစတင်ပြီး ကိုးကန့်တိုင်းရင်းသား လက်နက်ကိုင်တပ်များထဲတွင် အဓိကအားဖြင့် မြန်မာစစ်တပ်ကို ထောက်ခံသည့်အဖွဲ့နှင့် ဆန့်ကျင်သည့်အဖွဲ့ ဟူ၍ နှစ်ဖွဲ့ကွဲသွားသည်။ ထောက်ခံသည့်အင်အားစုက ပြည်သူ့စစ်၊ နယ်ခြားစောင့်တပ် စသည့် အမည်များဖြင့် ဒေသတွင်းတွင် အဓိကကျသည့် လောက်ကိုင်ကို ထိန်းချုပ်ခွင့်ရထားသည်။

ထို့နောက် ဦးဖုန်ကြားရှင်က ဦးဆောင်ကာ MNDAA ကို ပြန်လည် တည်ထောင်ခဲ့ပြီး ၂၀၁၅ ဖေဖော်ဝါရီတွင် ကိုးကန့်ဒေသ လောက်ကိုင်ကို ပြန်လည်တိုက်ခိုက် သိမ်းယူရန် ကြိုးပမ်းခဲ့သည်။

တစ်လကျော်ကြာ ဖြစ်ပွားခဲ့သည့် လောက်ကိုင်တိုက်ပွဲတွင် စစ်တပ်က လေကြောင်းစစ်ကူများ အပါအဝင် အင်အားအလွန်အကျွံ အသုံးပြုခဲ့ရပြီး နှစ်ဖက်တပ်ဖွဲ့ဝင်များ အကျအဆုံးများခဲ့သည်။

ထို့နောက် ကိုးကန့်တပ်ဖွဲ့ဝင်များသည် နေရာဟောင်းကို မသိမ်းပိုက်နိုင်ခဲ့သော်လည်း ညီနောင်မဟာမိတ် ၃ ဖွဲ့နှင့် ပူးပေါင်းကာ ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ကွမ်းလုံ၊ သိန္နီ၊ ကွက်ခိုင်၊ လားရှိုး ဒေသများတွင် တပ်ဖြန့် လှုပ်ရှားနိုင်ခဲ့သည်။

MNDAA ၏ နောက်ထပ်ပစ်မှတ်က စစ်ကောင်စီလက်အောက်ခံ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ အုပ်ချုပ်ရေးအဖွဲ့ရုံးထိုင်ရာ လောက်ကိုင်ကို ပြန်လည်သိမ်းပိုက်နိုင်ရန်ဖြစ်သည်။ မြန်မာစစ်တပ်က လောက်ကိုင်ကို ထိန်းချုပ်ရန် ပြည်ခိုင်ဖြိုးပါတီဝင်တစ်ဦးကို ခေါင်းဆောင်အဖြစ် ခန့်ထားပြီး ပြည်သူ့စစ်များလည်း ဖွဲ့ကာ လက်နက်များတပ်ပေးထားသည်။

ချင်းရွှေဟော်တွင် သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများ။ (ဓာတ်ပုံ-The Kokang)

လက်ရှိအချိန်တွင် လောက်ကိုင်မြို့ပေါ်တွင် စားသောက်ကုန်များ အလုအယက်ဝယ်ယူနေကြပြီး အဓိကစားသောက်ကုန်များ မရနိုင်တော့ကြောင်း လောက်ကိုင်မြို့ပေါ်ရှိ ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

“ဆန်၊ ဆီ၊ ဆားတွေ ဝယ်လို့မရတော့ဘူး။ ဘယ်သူမှ မရောင်းတော့ဘူး။ ဆိုင်တွေလည်း ပိတ်ထားကြတယ်။ တိုက်ပွဲဖြစ်လာရင် ရိက္ခာပြတ်မှာ စိုးရိမ်နေကြတယ်လေ“ ဟု ၎င်းက ဆိုသည်။

ညီနောင်မဟာမိတ် တပ်ဖွဲ့ ၃ ဖွဲ့ ၏ ပူးပေါင်းစစ်ဆင်ရေးဖြစ်သော်လည်း ကိုးကန့်တပ်ဖွဲ့ဝင်များ၏ မူလဒေသများ ပြန်လည်ရရှိရန် အဓိကဖော်ဆောင်သည့် တိုက်ပွဲဖြစ်သည်ဟု ကိုးကန့်တပ်ဖွဲ့၊ ပလောင်တပ်ဖွဲ့များနှင့် နီးစပ်သည့် ရှမ်းမြောက်အခြေစိုက် အသက် ၄၀ အရွယ် သတင်းစာဆရာတစ်ဦးက ပြောသည်။

“သူတို့က ဒီတိုက်ပွဲကို တိုက်ဖို့  ပြင်ဆင်နေတာ ကြာပြီ။ သတင်းရတာလဲ ကြာပြီ။ ကျန်တဲ့ ၂ ဖွဲ့က ဒီဘက်ခြမ်းကို စစ်တပ်စခန်းတွေကို တိုက်မယ်။ ကိုးကန့်က သူ့ရဲ့ ​ဒေသတစ်ခုလုံးကို ထိန်းမယ်။ ဒီသဘောပဲလေ။ ပလောင်တပ်တွေကတော့ မြို့သိမ်းတဲ့အထိ တိုက်မယ်မထင်ဘူး” ဟု သူက ပြောသည်။

ကိုးကန့်တပ်များက စစ်ရေးလေ့ကျင့်မှု၊ လူသစ်စုဆောင်းမှုများကို TNLA အခြေစိုက်သည့် ဒေသတွင် ဖော်ဆောင်ခဲ့ခြင်းဖြစ်ပြီး ချင်းရွှေဟော်နှင့် လောက်ကိုင်ကို အဓိကသိမ်းပိုက်ရန် ရည်ရွယ်ထားပြီး ကြူကုတ်၊ ပန်ဆိုင်း ဒေသများတွင်လည်း တိုက်ပွဲများ ဖြစ်လာနိုင်သည်ဟု သူက ဆက်ပြောသည်။

“တိုက်ပွဲဖြစ်တဲ့ နေရာတော်တော်များများက ချင်းရွှေဟော်ပေါ့။ ပြီးရင် လောက်ကိုင်ကို တိုက်မယ်။ ဒီတိုက်ပွဲကို ကျွန်တော်တို့က ကိုးကန့်တွေရဲ့ အိမ်ပြန်လမ်းလို့ နာမည်ပေးလို့ရတဲ့ စစ်ပွဲကြီးပေါ့” ဟု သူက ပြောလိုက်သည်။

(လွတ်လပ်သည့်မီဒီယာအဖြစ်ရေရှည်ရပ်တည်နိုင်ရေးသင်တို့အကူအညီလိုအပ်နေပါသည်။ဤနေရာတွင်https://www.userroll.com/site/register/m1f6penနှိပ်၍လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button