ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့တောင်ဘက်ရှိ စစ်ကောင်စီတပ်၏ ၁၃ မိုင်စခန်းနှင့် မိုက်ခရိုဝေ့ဗ်စခန်းတို့ကို ယနေ့ (အောက်တိုဘာ ၂၇) နံနက်တွင် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) က တိုက်ခိုက်သိမ်းပိုက်လိုက်သည်ဟု ဒေသခံတချို့က ပြောသည်။
နမ့်ခမ်းမြို့မှ ၁၃ မိုင်အကွာ နမ့်ခမ်း-နမ့်ဖတ်ကာလမ်းပေါ်တွင် ရှိသည့် အဆိုပါ တပ်စခန်းနှစ်ခုကို ယနေ့ နံနက် ၄ နာရီကျော်ခန့်မှစ၍ ဝင်ရောက်တိုက်ခိုက်နေခြင်းဖြစ်ကြောင်း၊ နမ့်ခမ်းမြို့အထွက် စခန်းသစ်ကုန်းစခန်းကလည်း တိုက်ပွဲဖြစ်သည့်နေရာဘက်ကို လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ကြောင်း အသက် ၆၀ ကျော်အရွယ် နမ့်ခမ်းဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
“အဲဒီမှာ လက်နက်ငယ်နဲ့ ပစ်နေတာက ကြမ်းဖျင်းကြားရတာက ၄ နာရီကျော်လောက်ထဲက ဖြစ်တယ်၊ ဒီကနေ လက်နက်ကြီးနဲ့ ပစ်ကူတာကတော့ ၅ နာရီကျော်ပြီ။ နမ့်ဖတ်ကာက ခလရ (၁၂၃) တပ်ကလည်း လှမ်းပစ်ကူတယ်လို့ ပြောတယ်” ဟု ထိုအမျိုးသားက ဆိုသည်။
အကွာအဝေး တစ်ဖာလုံခန့်တွင် ရှိကြသည့် ထိုစခန်းနှစ်ခုမှာ နမ့်ခမ်းနှင့် နမ့်ဖတ်ကာလမ်းကို စိုးမိုးထားကြောင်း၊ TNLA က ယနေ့နံနက် ၁၀ နာရီကျော်ခန့်တွင် စခန်းနှစ်ခုလုံးကို သိမ်းပိုက်လိုက်ကြောင်း ဒေသခံများက ပြောကြသည်။
တိုက်ပွဲဖြစ်ပွားမှုအခြေအနေနှင့် ပတ်သက်ပြီး မေးမြန်းရန် TNLA ၏ ပြောခွင့်ရအရာရှိ ဒုတိယဗိုလ်မှူးကြီး တာအိုက်ကျော်ကို ဆက်သွယ်၍မရသေးပေ။
တိုက်ပွဲဖြစ်ပွားနေစဉ် နံနက် ၉ နာရီခန့်တွင် စခန်းသစ်ကုန်း စစ်ဆေးရေးဂိတ်အနီး ဈေးဆိုင်မှ ကျောင်းသူတစ်ဦး လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် သေဆုံးသွားသည်ဟု အထက်ပါ ဒေသခံအမျိုးသားက ပြောသည်။
“နမ့်ဖတ်ကာသွားတဲ့ လမ်းမပေါ် စခန်းသစ်ကုန်းခြံစည်းရိုးအပြင်မှာပဲ၊ အဲဒီမှာ ဂိတ်ရှိတယ်၊ အသွားအလာ သတင်းပေးရတယ်၊ အဲဒီဂိတ်အနီးက ဈေးဆိုင်က ကိုးတန်းကျောင်းသူ ကလေးမလေး ထိသွားတာပေါ့” ဟု သူက ပြောသည်။
နံနက် ၁၁ နာရီခန့်တွင် လက်နက်ကြီးပစ်ခတ်သံများ ရပ်သွားသည်၊ တိုက်ပွဲကြောင့် နမ့်ခမ်းမြို့ပေါ်တွင် လူအသွားအလာ နည်းပါးသွားကာ မြို့မဈေးက ဆိုင်ခန်းအချို့လည်း ပိတ်သိမ်းသွားကြသည်ဟု မြို့ခံတချို့က ပြောသည်။
တိုက်ပွဲဖြစ်ပွားနေသည့် ၁၃ မိုင်စခန်းကုန်းဘက်ကို နမ့်ဖမ်ကာ ခလရ (၁၂၃) က လက်နက်ကြီးနှင့် ပစ်ခတ်ခဲ့သည်ဟု သိရသည်။
ယနေ့နံနက် ၇ နာရီခန့် က နမ့်ဖတ်ကာရွာ ရပ်ကွက် (၄) အတွင်းသို့ လက်နက်ကြီး ၄ လုံး ကျရောက် ပေါက်ကွဲရာ အသက် ၇ နှစ်အရွယ် မထု၊ အသက် ၃၀ ခန့်အရွယ် အမျိုးသမီးတစ်ဦးတို့ သေဆုံးသွားပြီး ဒဏ်ရာရသူတချို့လည်းရှိသည်ဟု အဆိုပါ အမျိုးသားက ပြောသည်။
“ကျွန်တော်တို့ ဒီကနေ အခုပဲ ကွတ်ခိုင်ဆေးရုံသွားဖို့ လုပ်နေတာ၊ ဆုံးတဲ့သူက နှစ်ယောက် အမျိုးသမီးတစ်ယောက်နဲ့ ကလေးတစ်ယောက်၊ ဒဏ်ရာရတာက ၄ ယောက် ကျန်တာတော့ ပြောလို့ မရသေးဘူးဗျ” ဟု အဆိုပါ အမျိုးသားက ပြောသည်။
ဒဏ်ရာရသူ ၄ ဦးတွင် ကလေးငယ်နှစ်ဦးပါဝင်ပြီး အသေးစိတ်အချက်အလက်များကို အတိအကျ မပြောနိုင်သေးကြောင်း ကူညီကယ်ဆယ်ရေးလုပ်ပေးနေသူ အမျိုးသားတစ်ဦးကလည်း ပြောသည်။
ယနေ့ နံနက်တွင် မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့မှ TNLA အပြင် ကိုးကန့်တပ်မတော် (MNDAA) ကလည်း တိုက်ခိုက်နေသောကြောင့် တရုတ်-မြန်မာနယ်စပ်တစ်လျှောက် တိုက်ပွဲများ ဖြစ်နေသည်။
စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ချင်းရွှေဟော်နှင့် လားရှိုးမြို့အနီး TNLA, MNDAA တို့နှင့် တိုက်ပွဲများဖြစ်နေကြောင်း ရန်ကုန်အခြေစိုက် သတင်းဌာနတစ်ခုကို ယနေ့ နေ့လယ်က ပြောသည်။
“လားရှိုးနားလေးမှာတော့ လားရှို့ရဲ့အရှေ့ဘက် နှစ်နေရာလောက်မှာတော့ TLNA, AA ပူးပေါင်းအဖွဲ့လို့ ကျွန်တော်တို့ သိရတဲ့အဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်ပွားနေတာရှိတယ်။ ချင်းရွှေဟော်နဲ့ ကွန်လုံကြားထဲမှာ ရှိတဲ့ နေရာတွေမှာ MNDAA အဖွဲ့တွေ နေရာယူထားတာရှိတယ်” ဟု ၎င်းက ပေါ်ပြူလာသတင်းဌာနကို ပြောသည်။
ယနေ့ နံနက်က MNDAA က တိုက်ခိုက်သိမ်းယူခဲ့သည့် ချင်းရွှေဟော်မြို့ကို ပြန်ထိန်းထားကြောင်း ၎င်းက ပြောသွားသည်။
“နယ်စပ်ဒေသဖြစ်တဲ့အတွက် အကန့်အသတ်တွေရှိတယ်။ လတ်တလောအခြေအနေတွေကို ထိန်းသိမ်းနိုင်အောင် ဆောင်ရွက်လျက်ရှိပါတယ်။ အဲမှာရှိတဲ့ လုံခြုံရေးတပ်ဖွဲ့တွေနဲ့ ဆောင်ရွက်လျက်ရှိတယ်။ မြို့ပေါ်အခြေအနေကို ထိန်းသိမ်းနိုင်ပြီဖြစ်တယ်။ လမ်းကြောင်းမှာရှိတဲ့ ဒီကောင်တွေ နေရာယူထားတဲ့ နေရာတွေကိုတော့ ကျွန်တော်တို့ ဆက်လက်ရှင်းလင်းဆောင်ရွက်လျက်ရှိတယ်” ဟု ၎င်းက ပြောသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)