ရုပ်သံ

စစ်ကောင်စီက အစုလိုက်အပြုံလိုက်လူသတ်မှု ကျူးလွန်ပြန်ပြီ

ယနေ့ နံနက် ၈ နာရီဝန်းကျင်တွင် စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်အရှေ့ပိုင်းရှိ ပဇီကြီးရွာ ပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ) ရုံးဖွင့်ပွဲ ကျင်းပနေချိန် စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေးငယ်များအပါအဝင် သေဆုံးသူ ၈၀ ထက်မနည်းရှိကြောင်း သိရှိရသည်။

ပဇီကြီးရွာ အနောက်ဘက် မြေကွက်လပ်တွင် သစ်၊ ဝါးတို့ဖြင့် တည်ဆောက်ထားသည့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ပလဖရုံးနေရာကို စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် ဗုံးနှစ်လုံးကြဲချ တိုက်ခိုက်ခဲ့သလို တိုက်ခိုက်ရေးရဟတ်ယာဉ်ဖြင့် ၁၀ မိနစ်ကြာ ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

အခမ်းအနားတက်ရောက်လာသူများကို ထမင်းကျွေးနေချိန်တွင် စစ်ကောင်စီက လေကြောင်းမှ ရုတ်တရက် တိုက်ခိုက်လာခြင်းဖြစ်ကြောင်း၊ ထိုနေရာတစ်ဝိုက်တွင် ရွာခံ သက်ကြီးရွယ်အို၊ အမျိုးသမီးနှင့် ကလေး စုစုပေါင်း၂၀၀ ခန့် ရှိနေကြောင်း အခင်းဖြစ်ပွားရာ ဒေသတွင် နေထိုင်သည့် သတင်းရင်းမြစ်လေးဦးထံမှ သိရသည်။ ထိုသတင်းရင်းမြစ်လေးဦးအနက် သုံးဦးမှာ တော်လှန်ရေးအဖွဲ့ဝင်များဖြစ်ပြီး ကျန်တစ်ဦးမှာ အရပ်သား အမျိုးသားတစ်ဦးဖြစ်သည်။

ပဇီကြီးရွာတွင်း ကူညီကယ်ဆယ်ရေးလုပ်ဆောင်နေသည့် ဒေသခံ အမျိုးသားတစ်ဦး၏ အဆိုအရ ဒဏ်ရာရသူ ၄၀ ဝန်းကျင်ကို အရေးပေါ်ဆေးကုသမှု လုပ်ဆောင်နေကာ ဒဏ်ရာပြင်းထန်သဖြင့် သေဆုံးသူဦးရေ တိုးလာနိုင်ကြောင်း၊ လတ်တလောတွင် ရုပ်အလောင်း ၅၀ ဝန်းကျင်နှင့် ခန္ဓာကိုယ်အစိတ်အပိုင်းများကို သင်္ဂြိုဟ်ပြီးဖြစ်ကြောင်း မွန်းလွဲ ၂နာရီတွင် ပြောသည်။

ကိုယ်ခန္ဓာအစိတ်အပိုင်းများ အပိုင်းပိုင်းပြတ်နေခြင်း၊ မီးလောင်ကျွမ်းထားခြင်းတို့ကြောင့် သေဆုံးသူဦးရေ အတိအကျနှင့် မည်သူမည်ဝါဖြစ်သည်တို့ကို အတည်မပြုနိုင်သေးကြောင်း ခန့်မှန်းခြေ ၈၀ ထက်မနည်း ရှိမည်ဖြစ်ကြောင်း ၎င်းတို့က နေ့လယ် ၁ နာရီခန့်တွင် ပြောသည်။

Show More

Related Articles

Back to top button