အာဏာသိမ်းနှစ်နှစ်ပြည့် ယနေ့ (ဖေဖော်ဝါရီ ၁) တွင် စစ်ကောင်စီကို သက်တမ်း ၆ လ ထပ်တိုးကာ ယခုနှစ်တွင် ပြန်လည်ကျင်းပမည်ဟု လေသံပစ်ထားသည့် ရွေးကောက်ပွဲအတွက် အဆင်သင့်မဖြစ်သေးကြောင်း ကြေညာလိုက်သည်။
ဇန်နဝါရီ ၃၁ ရက်က နေပြည်တော်တွင် ပြုလုပ်သည့် ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ (ကာလုံ) အစည်းအဝေးတွင် ထိုသို့ ဆုံးဖြတ်ခဲ့သည်ဟု စစ်ကောင်စီက ၎င်းတို့ထိန်းချုပ်ထားသည့် နိုင်ငံပိုင်သတင်းဌာနများမှတစ်ဆင့် ထုတ်ပြန်သည်။
ထိုအစည်းအဝေးတွင် စစ်ခေါင်းဆောင်က ရွေးကောက်ပွဲကို နိုင်ငံအနှံ့ ပြုလုပ်ရမည်ဖြစ်ပြီး လက်ရှိတိုင်းပြည်အခြေအနေများအရ မဲစာရင်းမှန်ကန်ရန်၊ လွတ်လပ်စွာ မဲပေးခွင့်ရရန် မဖြစ်နိုင်သေးဟု ဆိုခဲ့သည်။
“အထွေထွေရွေးကောက်ပွဲကို ပြည်နယ်နှင့်တိုင်း အားလုံးတွင် တစ်ပြိုင်တည်းလုပ်ဆောင်ရန် လိုအပ်ပါကြောင်း၊ ဥပဒေအရ တစ်ခုပြီးမှ တစ်ခုလုပ်၍ မရပါကြောင်း၊ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ ပြည်နယ်နှင့်တိုင်းလွှတ်တော်အစည်းအဝေး အောင်မြင်စွာပြုလုပ်နိုင်သည့် ပမာဏအထိ ရွေးကောက်ပွဲကို ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ မြို့ပေါ်တစ်ခုတည်း ပြီးစီးရုံဖြင့် မလုံလောက်ပါကြောင်း” ဟု အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်က ပြောသည်။
နိုင်ငံတစ်ဝန်း မူလပကတိ သာမန်အခြေအနေများအတိုင်း လမ်းပန်းဆက်သွယ်မှု လုံခြုံချောမွေ့စေရေး၊ တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းမှု ရရှိရေးအတွက် ကြိုးပမ်းဆောင်ရွက်နေပါကြောင်း ၎င်းက ဆက်ပြောသည်။
ထို့ပြင် ကရင်၊ ချင်း၊ ရှမ်းမြောက်၊ စစ်ကိုင်းတို့တွင် မှတ်ပုံတင် အပြည့်အဝမလုပ်ပေးနိုင်သေးကြောင်း၊ တည်ငြိမ်အေးချမ်းမှုသည် မြို့ပေါ်တစ်ခုတည်းရှိ၍ မရပါကြောင်း ၂၀၁၄ သန်းခေါင်စာရင်းမှာ ၁၀ နှစ်ခန့် ကြာပြီဖြစ်၍ လူဦးရေစာရင်းကောက်ယူရန် လိုအပ်နေကြောင်း ဆိုသည်။
“၂၀၂၀ ရွေးကောက်ပွဲကျင်းပခဲ့တဲ့ မြို့နယ်အရေအတွက်၊ တည်ငြိမ်အေးချမ်းမှု အခြေအနေများထက် မလျော့ပါးအောင် အစောဆုံးဖြစ်အောင် အတတ်နိုင်ဆုံး ကြိုးစားဆောင်ရွက်သွားမှာဖြစ်ကြောင်း” ဟု မင်းအောင်လှိုင်က ပြောခဲ့သည်။
သက်တမ်းထပ်တိုးလိုက်သည့် စစ်ကောင်စီတွင် မင်းအောင်လှိုင်က ဥက္ကဋ္ဌရာထူးနှင့် ထိုစစ်ကောင်စီက ဖွဲ့ထားသည့် အစိုးရအဖွဲ့တွင် ဝန်ကြီးချုပ်ရာထူးများ ဆက်လက်ယူထားသည်။
“အရေးပေါ်အခြေအနေက သူတို့မရှိမှ ပြီးမှာလေ။ အရေးပေါ်အခြေအနေဖြစ်အောင် သူတို့ပဲ လုပ်တာပဲ။ သက်တမ်းထပ်တိုးလဲ ဥပဒေမဲ့ပဲ” ဟု စစ်ကောင်စီ ငြင်းပယ်ခဲ့သည့် ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဗဟိုအလုပ်အမှုဆောင် ဦးအောင်ကြည်ညွန့်က ပြောသည်။
သက်တမ်းထပ်တိုးသည့် လုပ်ရပ်မှာ စစ်တပ်ကိုယ်တိုင် စိတ်ကြိုက်ရေးဆွဲထားသည့် ၂၀၀၈ အခြေခံဥပဒေနှင့် ညီသည်ဟု သမ္မတကို ဖမ်းကာ အာဏာသိမ်းခဲ့သည့် စစ်ကောင်စီက ဆက်လက်ရပ်ခံ ပြောဆိုသည်။ ထိုသို့ သက်တမ်းတိုးခြင်းမှာ အခြေခံဥပဒေခုံရုံးက ဥပဒေနှင့်ညီသည်ဟု ဆုံးဖြတ်ပေးကြောင်း ဆိုသည်။ ထိုခုံရုံးကို အာဏာသိမ်းပြီးနောက် စစ်ကောင်စီက စိတ်ကြိုက်ပြန်ဖွဲ့ထားခြင်းဖြစ်သည်။
သို့သော် ၂၀၀၈ ခြေဥအရ နိုင်ငံတွင် အရေးပေါ်အခြေအနေပေါ်ပေါက်ပါက သမ္မတသည်သာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို အာဏာအပ်နိုင်သည်။
ထိုအချက်ကို အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းက အခြေခံဥပဒေနှင့် ညီသယောင် စစ်ကောင်စီ၏ ဟန်ဆောင်မှုဟု ယမန်နှစ်ကပင် Myanmar Now ဆောင်းပါးတစ်ပုဒ်တွင် မှတ်ချက်ပြုထားဖူးသည်။
လက်ရှိတွင် စစ်ကောင်စီကို အန်တုနေသည့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဝန်ကြီးချုပ်အဖြစ် တာဝန်ယူထားသော မန်းဝင်းခိုင်သန်းက သမ္မတကို ဖမ်းထားသည့် စစ်ကောင်စီ၏ ကာလုံအစည်းအဝေးမှာ မည်သို့မျှတရားဝင်ခြင်း မရှိဟု ဆိုထားသည်။
၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်တွင် ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားသော အရပ်သားအစိုးရထံမှ နိုင်ငံတော်အာဏာကို မင်းအောင်လှိုင် အဓမ္မသိမ်းယူခဲ့သည်။ ထိုနေ့ထုတ်သတင်းစာများတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး အမိန့်ဖြင့် မင်းအောင်လှိုင်က အစိုးရအဖွဲ့ဝန်ကြီးများကို ပြောင်းလဲခန့်အပ်သည်။ ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် အမိန့်အမှတ် (၉/၂၀၂၁) ဖြင့် “စစ်ကောင်စီ” ကို ဖွဲ့စည်းကာ ကိုယ်တိုင် ဥက္ကဋ္ဌရာထူး ရယူသည်။
စစ်ကောင်စီသက်တမ်း ၆ လပြည့်သည့် ၂၀၂၁ ခုနှစ် ဩဂုတ်လ ၁ ရက်နေ့တွင် ခြောက်လတာဆောင်ရွက်ချက်များအကြောင်း မိန့်ခွန်းပြောရာတွင် မင်းအောင်လှိုင်က စစ်ဝတ်စုံမဝတ်ဘဲ အရပ်ဝတ် ပြောင်းလဲဝတ်ဆင်ထားသည်။ နောက်တစ်ရက်ဖြစ်သော ဩဂုတ်လ ၂ ရက်နေ့တွင် ကိုဗစ်-၁၉ ကူးစက်ရောဂါဆိုင်ရာ အစည်းအဝေးကို တက်ရောက်ရာ၌ အိမ်စောင့်အစိုးရဝန်ကြီးချုပ်ဟု သတင်းစာများက ပထမဆုံးဖော်ပြလာကြသည်။
စစ်ကောင်စီ ၆ လပြည့် မိန့်ခွန်းတွင် မင်းအောင်လှိုင်သည် ၎င်း၏ အုပ်ချုပ်မှုသက်တမ်းအချိန်ဇယားကို အောက်ပါအတိုင်း ပြောခဲ့ဖူးသည်။
“ဖွဲ့စည်းပုံအခြေခံဥပဒေမှာလည်း အရေးပေါ်ကာလဆိုတာ အကန့်အသတ်ရှိပါတယ်။ ပုဒ်မ ၄၂၁၊ ပုဒ်မခွဲ (ခ) အရ အရေးပေါ်ကာလ တစ်နှစ်အတွင်းမှာ တာဝန်တွေကို ပြီးမြောက်အောင် ဆောင်ရွက်နိုင်ခြင်း မရှိသေးရင် နောက်ထပ် ခြောက်လ နှစ်ကြိမ်သာ တိုးမြှင့်နိုင်ပါတယ်… ပြီးရင် ဥပဒေအရ ရွေးကောက်ပွဲအတွက် ပြင်ဆင်ချိန် ၆ လ ပေးပြီး ဆောင်ရွက်ရပါမယ်။ ဒီကာလများကို တွက်ကြည့်ရင် လုပ်ငန်းရပ်အားလုံးဟာ ၂၀၂၃ ခုနှစ် ဩဂုတ်လအတွင်း ပြီးစီးရမယ် ဆိုတာပါပဲ။”
ထိုစဉ်ကတည်းက မင်းအောင်လှိုင်သည် အရေးပေါ်ကာလ နှစ်နှစ်ပြည့်သည်အထိ အာဏာသုံးရပ်စလုံး ရယူထားပြီး၊ နှစ်နှစ်ပြည့်သည့်အခါ ၎င်းကိုယ်တိုင် အကြိမ်ကြိမ်ပြောနေသော နိုင်ငံတစ်ဝန်း “အကြားအလပ်မရှိ” ရွေးကောက်ပွဲအသစ်တစ်ခုကို ခြောက်လအတွင်း ကျင်းပနိုင်လိမ့်မည်ဟု သေချာပေါက် ယုံကြည်တွက်ဆထားခဲ့သည်။
ထို့အတူ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD) အနိုင်ရလေ့ရှိသည့် မဲအများဆုံးသူအနိုင်ရစနစ်ကို အချိုးကျကိုယ်စားပြု (PR) စနစ်သို့ ပြောင်း၍ ရွေးကောက်ပွဲကို ပြောင်းလဲကျင်းပရန် စစ်ကောင်စီက ပြင်ဆင်သည်။
နိုင်ငံရေးပါတီများမှတ်ပုံတင်ဥပဒေကိုလည်း ပြင်ဆင်ခဲ့ပြီး ခေါင်းဆောင်နှင့် ပါတီဝင်အများအပြား ဖမ်းဆီးခံထားရသည့် NLD တရားဝင်ဆက်မရှိစေနိုင်တော့မည့် ပုဒ်မများကို ထည့်သွင်းထားသည်။
သို့သော် ပြီးခဲ့သည့် နှစ်နှစ်အတွင်းတွင် ပြည်သူမဲပေးရွေးချယ်ခဲ့သည့် ရွေးကောက်ပွဲရလဒ်ကို ငြင်းပယ်၊ ဆန္ဒပြလျှင်ပင် သေနတ်ဖြင့် ပစ်သည့် စစ်ကောင်စီကို နိုင်ငံအနှံ့ခုခံမှုများ အရှိန်မြင့်နေဆဲဖြစ်ရာ တော်လှန်ရေးနှင့် နှစ်ပေါင်းများစွာ အလှမ်းဝေးသည့် နိုင်ငံအလယ်ပိုင်းမှ စစ်ကိုင်း၊ မကွေးကဲ့သို့သော ဒေသများပင် ပါဝင်နေသည်။
ထို့အတူ နိုင်ငံအနှံ့ပြည်သူတို့က အာဏာသိမ်းမှုကို ဆန့်ကျင်ကြောင်း နည်းမျိုးစုံဖြင့် ဆန္ဒပြနေဆဲဖြစ်ကာ ယနေ့တွင် လေးကြိမ်မြောက် အသံတိတ်သပိတ်ကို နိုင်ငံအနှံ့မြို့များတွင် ပြုလုပ်ခဲ့ကြသည်။