သတင်း

NLD ကို ထိန်းပေးရန်​ စစ်တပ်၏ကမ်းလှမ်းမှု ဒေါ်အောင်ဆန်းစုကြည်ပယ်ချခဲ့

ယမန်နှစ် နှစ်ဆန်းပိုင်း အာဏာသိမ်းမှုဖြစ်ပွားပြီး ပထမရက်သတ္တပတ်တွင် အာဏာသိမ်းမှုကို ဆန့်ကျင်သော ကြေညာချက်များထုတ်နေသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဗဟိုအလုပ်အမှုဆောင်အဖွဲ့အား တားမြစ်ပေးရန် စစ်ဗိုလ်ချုပ်ကြီးများ၏ တောင်းဆိုမှုကို ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပယ်ချခဲ့ကြောင်း သိရှိရသည်။ 

၂၀၂၁ ဖေဖော်ဝါရီ ၉ရက်တွင် ဒေါ်အောင်ဆန်းစုကြည်အား အကျယ်ချုပ်ထားသည့် နေပြည်တော် ဇဗ္ဗူသီရိမြို့နယ်၊ ဇေယျသိဒ္ဓိရပ်ကွက်၊ မြနန်းဘုံသာလမ်း အမှတ် A 33 ကို စစ်ဗိုလ်ချုပ်ကြီးနှစ်ဦး ရောက်ရှိလာကာ တပ်မတော်ကို ဆန့်ကျင်သော ဆန္ဒပြမှုများနှင့် နိုင်ငံ့ဝန်ထမ်းများကို အလုပ်မသွားရန် ပိတ်ပင်မှုများရှိနေကြောင်း၊ ထိုကိစ္စရပ်များကို ရပ်တန့်ကြရန် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ကြေညာချက်ထုတ်ပေးစေချင်ကြောင်း ပြောကြားခဲ့သည်ဟု သိရှိရသည်။ 

ဗိုလ်ချုပ်ကြီးများက ၎င်းတို့အသင့်ယူလာသည့် စာရွက်ပေါ်မှစာသားများကို ဒေါ်အောင်ဆန်းစုကြည်အား ဖတ်ပြစေလိုကြောင်း ကမ်းလှမ်းခဲ့ခြင်းဖြစ်သည်။ ပထမအကြိမ် ငြင်းဆန်ခံရပြီးနောက် တစ်ရက်တည်း၌ပင် ဒုတိယအကြိမ် စာရွက်တစ်ရွက်ပေးပြန်သည်။ 

ဒေါ်အောင်ဆန်းစုကြည်ကို စစ်တပ်က ပေးသည့် တစ်မျက်နှာပါ စာရွက်တွင် NLD က ကြေညာချက်များ မထုတ်ရန်၊ ၎င်းသည် ကျန်းကျန်းမာမာရှိကြောင်း ပြောဆိုပေးရန်တို့ ပါဝင်သည်။

ဒေါ်အောင်ဆန်းစုကြည်က ၎င်းမှာ အစိုးရတာဝန်ယူထားသူဖြစ်၍ ၂၀၂၀ ရွေးကောက်ပွဲမတိုင်မီ ၃ရက် (၆.၁၁.၂၀၂၀) မှစကာ ပါတီလုပ်ငန်းတွင် ပါဝင်ခြင်း မရှိသဖြင့် ထိုစာကို ဖတ်ပြစရာ အကြောင်းမရှိဟု ငြင်းသည်။

စစ်ကောင်စီက စွဲဆိုထားသည့် များပြားလှသည့် စွဲဆိုချက်များအတွက် ဒေါ်အောင်ဆန်းစုကြည်က တရားခွင်တွင် ထွက်ဆိုစဉ် အထက်ပါ အကြောင်းအရာများကို သိရှိရခြင်းဖြစ်သည်။ 

ရေးထားသည့် စာသားအတိုင်း ဒေါ်အောင်ဆန်းစုကြည်က ဖတ်ပြလျှင် စစ်ကောင်စီက မည်သို့ ဆက်လက်ဆောင်ရွက်မည်ကိုမူ ရှင်းလင်းစွာ မသိရပါ။ သို့သော် စစ်ကောင်စီက ၎င်းတို့ ဖမ်းထားသူအချို့ကို အသင့်ပြင်ထားသည့် စာများဖတ်ခိုင်းသည်ဟု ယူဆရဖွယ်ဖြစ်ရပ်များရှိသည်။

ထိုသူတို့၏ ပြောဆိုချက်များကို စစ်ကောင်စီက ရုပ်သံရိုက်ကူး ဝါဒဖြန့်လေ့ရှိရာ ဒေါ်အောင်ဆန်းစုကြည်ကို လာဘ်ပေးရသည်ဟု စွပ်စွဲပြီး ထောင် ၅ နှစ်ကျစေခဲ့သည့် NLD အစိုးရအဖွဲ့ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၏ ရုပ်သံမှာ ထင်ရှားသည်။

စစ်တပ်က ဖမ်းထားသည့် နိုင်ငံ့အကြီးအကဲများကို ပြန်လွှတ်ပေးရန် ရန်ကုန်မြို့ ဗဟိုဘဏ်ရှေ့တွင် ဖေဖော်ဝါရီလအတွင်း တောင်းဆိုဆန္ဒပြနေစဉ်။ (ဓာတ်ပုံ − EPA)

ငြင်းဆိုမှုအပြီးတွင် တရားစွဲဆိုမှုများ ရောက်လာ

စစ်ဗိုလ်ချုပ်များ၏ အထက်ပါ ကမ်းလှမ်းမှုကို ငြင်းဆိုပြီး ရက် ၂၀ အကြာ (၂၀၂၁ မတ် ၁) တွင် ဆူပူရန် လှုံ့ဆော်မှုဆိုင်ရာ ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (ခ)ဖြင့် တရားစွဲကြောင်း ဇဗ္ဗူသီရိမြို့နယ် တရားသူကြီး ဦးမောင်မောင်လွင်က Video Conferencing မှတစ်ဆင့် ဒေါ်အောင်ဆန်းစုကြည်ကို အသိပေးသည်။

အာဏာသိမ်းစ ၂၀၂၁ ဖေဖော်ဝါရီ လဆန်းပိုင်းတွင် “National League for Democracy”နှင့် “Chair NLD” Facebook စာမျက်နှာများ၌ တင်ခဲ့သည့် စာနှစ်စောင်ကို အကြောင်းပြု၍ ထောင် ၂ နှစ် အမြင့်ဆုံးသတ်မှတ်နိုင်သည့် ပုဒ်မဖြင့် စစ်ကောင်စီက တရားစွဲသည်။

ဥပဒေပြုရေးအာဏာမှာ အာဏာသိမ်းစစ်ကောင်စီထံတွင် မရှိကြောင်း၊ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်သည်သာ တရားဝင်ကြောင်း အာဏာသိမ်းပြီး ရက်ပိုင်းအတွင်း NLD က စာထုတ်ရာတွင် ဒေါ်အောင်ဆန်းစုကြည် တာဝန်မကင်းဟု စစ်ကောင်စီက စွပ်စွဲသည်။ အမှန်တကယ်မူ ဒေါ်အောင်ဆန်းစုကြည်မှာ ယင်းမတိုင်မီကတည်းက ဖမ်းဆီးခံထားရပြီးဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်မှာ အာဏာသိမ်းကြောင်း မကြေညာမီ ၅ နာရီဝန်းကျင်အလို ၂၀၂၁၊ ဖေဖော်ဝါရီ ၁ ရက် နံနက် ၄ နာရီကတည်းက စစ်တပ်က အင်အားဖြင့် လာရောက် ဖမ်းဆီးမှုကို ခံခဲ့ရကြောင်း ခိုင်လုံသော သတင်းရင်းမြစ်များအရ သိရသည်။

ထိုနေ့ မိုးမလင်းမီတွင် ဗိုလ်ချုပ်အဆင့် ဦးဆောင်သည့် စစ်သားများရောက်လာကာ ၎င်း၏ I pad၊ ကွန်ပျူတာ၊ ဖုန်းများအပြင် အတူနေထိုင်သူတို့၏ လက်ကိုင်ဖုန်းများပါ သိမ်းဆည်းခံရသည်။

ဒေါ်အောင်ဆန်းစုကြည်မှာ ထိုစဉ်ကတည်းက ပြင်ပနှင့် အဆက်ပြတ်သွားသည်။

အာဏာသိမ်းပြီး ငါးလအကြာ ၂၀၂၁ မေတွင် နေပြည်တော်ကောင်စီဝင်း၊ သီးသန့်တရားခွင်၌ ရုံးထုတ်ချိန်ရောက်မှ ဒေါ်အောင်ဆန်းစုကြည်မှာ ရှေ့နေအဖွဲ့နှင့် ပထမအကြိမ် နာရီဝက်ခန့် လူချင်းစတွေ့ခွင့်ရသူဖြစ်သည်။

သို့သော် အထက်ပါ ၅၀၅ (ခ) အမှုဖြင့် ထောင် ၂ နှစ်ချခံရသလို အာဏာသိမ်းပြီး တစ်နှစ်ခွဲကျော်အတွင်း စစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်ကို စွပ်စွဲသည့် အမှုပေါင်း ၁၉ ခုထိရှိလာကာ ၁၀ မှုဖြင့် ထောင် ၁၉ နှစ်ချထားသည်။

ထို့အတူ အာဏာသိမ်းပြီး လေးလဝန်းကျင်အကြာ ၂၀၂၁ မေ ၂၃ရက်တွင် ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက လျှို့ဝှက်နေရာတစ်ခုသို့ ရွှေ့သည်။ ထို့နောက် နောက်တစ်နှစ်ကျော်အကြာ ၂၀၂၂၊ ဇူလိုင် ၂၃ တွင် နေပြည်တော် အချုပ်ထောင်သို့ ပို့ပြန်သည်။

ဆရာဝန်နှင့် စားရေးသောက်ရေးအတွက် အမျိုးသမီးဝန်ထမ်း ၃ ဦး တာဝန်ပေးထားသည်ဟု စစ်ကောင်စီက ဆိုသော်လည်း အချုပ်ထောင်အတွင်း ၁၃၊ ၁၄ ပေ ဝန်းကျင်အကျယ် အခန်းငယ်တစ်ခုတွင် နေထိုင်ရသည့် ဒေါ်အောင်ဆန်းစုကြည်မှာ နေရေး၊ စားရေး ဒုက္ခများစွာတွေ့နေရကြောင်း စုံစမ်းသိရှိရသည်။

အသက် ၇၇ နှစ်အရွယ် ဒေါ်အောင်ဆန်းစုကြည် နေထိုင်ရသည့် အဆောင်တွင် သံတိုင်ပြတင်းပေါင်း ၆ ခုရှိပြီး ၃ ခုတွင်သာ ခန်းစီး(ပိတ်စလိုက်ကာ)တပ်ထားကြောင်း၊ ရာသီဥတုနှင့် ပိုးမွှားကိုက်သည့် ဒဏ်ကို အကြီးအကျယ် ရင်ဆိုင်နေရကြောင်း တရားရုံးနှင့် နီးစပ်သည့် သတင်းရင်းမြစ်က အတည်ပြုထားသည်။

အာဏာသိမ်းပြီး တစ်နှစ်ခွဲကျော်အတွင်း ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီ၏ စွပ်စွဲမှုများ။

သမ္မတကိုလည်း စစ်ကောင်စီက ခြိမ်းခြောက်ခဲ့

အာဏာသိမ်းသည့်နေ့ မိုးမလင်းမီ လက်နက်အပြည့်အစုံဖြင့် စစ်သားများ ရောက်သည်ကို ကြုံတွေ့ရသူမှာ ဝန်ကြီးအိမ်ရာ၌ နေထိုင်သည့် ဒေါ်အောင်ဆန်းစုကြည်သာ မကပါ။ နေပြည်တော် နိုင်ငံတော်သမ္မတအိမ်တော်ရှိ အသက် ၇၁နှစ်အရွယ် သမ္မတဦးဝင်းမြင့်ကိုလည်း စစ်တပ်က အလားတူပြုမူသည်။

ထိုနေ့ နံနက် ၅ နာရီခန့်တွင် အိမ်တော်အိပ်ဆောင် ဘယ်၊ညာ နှစ်ဖက်သို့ လက်နက်ဝတ်စုံပြည့် ဝတ်ထားသည့် စစ်သားများ ရောက်လာကာ ဖမ်းဆီးချိန်တွင် သမ္မတဦးဝင်းမြင့်မှာ ညဝတ်အင်္ကျီဖြင့်သာ ရှိသေးကြောင်း၊ စစ်သားများက သမ္မတကို ၎င်းတို့၏ရှေ့မှောက်တွင်ပင် အင်္ကျီလဲဝတ်စေခဲ့ကြောင်း ခိုင်လုံသော အကိုးအကားအရ သိရသည်။

ခြံတစ်ဝင်းထဲဖြစ်သည့် အိပ်ဆောင်မှ သမ္မတရုံးရှိ အခန်းတစ်ခုသို့ NLD ဒုဥက္ကဋ္ဌလည်းဖြစ်သည့် ဦးဝင်းမြင့်ကို စစ်သားများက ခြံရံစောင့်ကြပ်၍ ခေါ်သွားပြီးနောက် ဗိုလ်ချုပ်ကြီးတစ်ဦး၊ ဒုတိယဗိုလ်ချုပ်ကြီးတစ်ဦး ရောက်လာကာ ကျန်းမာရေးအကြောင်းပြ၍ နုတ်ထွက်ပေးရန် တောင်းဆိုသည်။

ဦးဝင်းမြင့်က ကျန်းမာရေးကောင်းသည်၊ အသက်သာအသေခံမည် နုတ်ထွက်မပေးနိုင်ဟု တုံ့ပြန်ရာတွင် ပုဂ္ဂိုလ်ရေးထိခိုက်မှုရှိမည်ဖြစ်၍ ပြန်စဉ်းစားရန် စစ်ဗိုလ်ချုပ်များက ပြောပြီး သမ္မတအိပ်ဆောင်သို့ စစ်သားများခြံရံလျက် ပြန်ခဲ့ရသည်။

၂၀၁၈ ခုနှစ် မတ်လ ၃၀ ရက်နေ့က ပြည်ထောင်စုလွှတ်တော်တွင် နိုင်ငံတော်သမ္မတရာထူးလက်ခံသည့် အခမ်းအနားတွင် တွေ့ရသည့် ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးဝင်းမြင့်။ (ဓာတ်ပုံ- THET AUNG/AFP via Getty Images)

သမ္မတနှင့် အိမ်သားများ၏ ဆက်သွယ်ရေးပစ္စည်းများကို စစ်တပ်က သိမ်းခဲ့ပြီးနောက် မွန်းလွဲပိုင်းတွင် သုံးရက်အတွင်း အိမ်တော်မှ ပြောင်းပေးရမည်ဆိုသော စစ်ကောင်စီထံမှ အကြောင်းကြားချက် ဦးဝင်းမြင့်ထံ ရောက်လာသည်။

၂၀၂၁ ဖေဖော်ဝါရီ ၄ ရက်၊ ည ၇နာရီခန့်တွင် ဝန်ကြီးအိမ်ရာဘက်မှ နေအိမ်တစ်လုံးသို့ သမ္မတနှင့် သူ၏ မိသားစု ရွှေ့ပေးခဲ့ရကြောင်း၊ အာဏာသိမ်းပြီး လေးလဝန်းကျင်အကြာ ထိုနှစ် မေ ၂၃ ရက် ည ၁၂ နာရီတွင် နောက်တစ်နေရာသို့ ရွှေ့ပေးခဲ့ရသည်။

လက်ရှိအချိန်အထိ ရွှေ့ပြောင်းထိန်းသိမ်းခံထားရသည့်အိမ်မှာ အတွင်းမှ အပြင်သို့ မမြင်ရအောင် စစ်ကောင်စီက စီမံထားသည်ဖြစ်၍ မည်သည့်နေရာတွင်ရှိမှန်း ကာယကံရှင် ဦးဝင်းမြင့်ပင် မခန့်မှန်းတတ်ဟု ယုံကြည်ထိုက်သည့် သတင်းရင်းမြစ်ထံမှ သိရသည်။

စစ်ကောင်စီ ကိုးကားပြောလေ့ရှိသည့် ၂၀၀၈ ဖွဲ့စည်းပုံအရ သမ္မတက အရေးပေါ်အခြေအနေကြေညာပြီး အာဏာအပ်မှ ယူရမည်ဖြစ်သည်။ သို့သော် ဦးဝင်းမြင့်ကို စစ်တပ်က ကြိုတင်ကြံရွယ်ချက်ဖြင့် ဖမ်းဆီး၍ စစ်တပ်က အာဏာသိမ်းသလို လက်ရှိအချိန်အထိ ပုဒ်မပေါင်း ၈ ခုဖြင့် တရားစွဲကာ ၂ မှုအတွက် ထောင် ၄ နှစ်ချပြီး ဖြစ်သည်။

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ကို စစ်ကောင်စီစွပ်စွဲထားသည့် အမှုများ။

ဒေါ်အောင်ဆန်းစုကြည်ကို ဖိနှပ်နေသည့် စစ်ကောင်စီက မျက်နှာသာပေးမှုကို မျှော်ဆဲ

နိုင်ငံတော်အကြီးအကဲများကို ထိုသို့ မပြုမူမီ ၃ ရက်အလို(၂၀၂၁ ဇန်နဝါရီ ၂၈)တွင် NLD ဆက်နိုင်သည့် ၂၀၂၀ ရွေးကောက်ပွဲ ရလဒ် စတင်အသက်ဝင်မည့် လွှတ်တော်အစည်းအဝေးမခေါ်ရန် လက်ရေးစာမူပို့၍ ရာဇသံပေးခဲ့သည့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က လက်ရှိနိုင်ငံရေးအကျပ်အတည်းကြုံနေရချိန်တွင်မူ ဒေါ်အောင်ဆန်းစုကြည်ကို သတိတရ လှမ်းလှမ်းတတတ်သည်။

NLD အစိုးရတာဝန်ယူထားချိန်ကာလအတွင်း ၂၀၁၆၊ ၂၀၁၇ တွင် ရခိုင်ပြည်နယ်၌ စစ်တပ်က ရိုဟင်ဂျာများကို လူမျိုးသုဉ်းသတ်ဖြတ်၊ ကျေးရွာများမီးရှို့သည်ဟု အပြည်ပြည်ဆိုင်ရာတရားရုံးတွင် နိုင်ငံနှင့်ချီ၍ စွပ်စွဲခံရသည့် ၂၀၁၀ တွင် ဒေါ်အောင်ဆန်းစုကြည်က စစ်ခေါင်းဆောင်၏ရှေ့မှ မားမားမတ်မတ် ကာကွယ်ပေးခဲ့ဖူးသည့် နမူနာရှိသည်။

ဆန္ဒပြလျှင်ပင် သေနတ်ဖြင့် ပစ်နေသည့် စစ်ကောင်စီကို နိုင်ငံအနှံ့ခုခံမှုများ အရှိန်စမြင့်လာချိန် ၂၀၂၁ ဒီဇင်ဘာ၌ နေပြည်တော်အစည်းအဝေးတွင် လက်ရှိ နိုင်ငံရေးဖြစ်စဉ်နှင့် တိုင်းပြည်အခြေအနေနှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည် မှတ်ချက်ပြုနိုင်သည်ဟု အာဏာသိမ်းစစ်ခေါင်းဆောင်က ထုတ်ပြောဖူးသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ စကားတွင် ဆိုလိုရင်း အတိအကျ မပါဝင်သော်လည်း NLD များ ဦးဆောင်ကာ စစ်ကောင်စီကို ပြည်တွင်း၊ ပြည်ပ ကဏ္ဍစုံတွင် အန်တုနေသည့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH)နှင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တို့၏ လှုပ်ရှားမှုများနှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်၏ သဘောထား သိလိုသည်ဟု ယူဆရသည်။

၂၀၂၁ ဇွန်လအတွင်း ရုရှားနိုင်ငံ၌ ပြုလုပ်သည့် လုံခြုံရေးဆိုင်ရာ အစည်းအဝေးတွင် တွေ့ရသည့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် (Sefa Karacan/Anadolu Agency via Getty Images)

မကြာသေးမီ ဩဂုတ် ၁၇ ရက်တွင် နေပြည်တော်သို့ လာသည့် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ အထူးကိုယ်စားလှယ် နိုလင်းဟေဇာနှင့် တွေ့ဆုံရာတွင်လည်း စစ်ခေါင်းဆောင်က အလားတူပင်ပြောခဲ့သည်။

နိုလင်းဟေဇာက နေပြည်တော်အချုပ်ထောင်တွင် ချုပ်နှောင်ခံထားရသည့် အသက် ၇၇ နှစ်အရွယ် ဒေါ်အောင်ဆန်းစုကြည်ကို အိမ်ပြန်ပို့ရန်၊ ဒေါ်အောင်ဆန်းစုကြည်မှာ မြန်မာတွင် ဖြစ်နေသည့် ကိစ္စများအား ညှိနှိုင်းပေးနိုင်သူဖြစ်၍ တွေ့ဆုံခွင့်ပေးရန် တောင်းဆိုမှုကို ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တုံ့ပြန်ရာတွင် ထိုသို့ ပါဝင်ခြင်းဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်၏ အမှုများပြီးစီးချိန်တွင် မိမိတို့၏ လုပ်ဆောင်ချက်အပေါ်တုံ့ပြန်မှုကို မူတည်၍ စဉ်းစားမည်ဟု နိုလင်းဟေဇာကို စစ်ခေါင်းဆောင်က ပြောခဲ့သည်။

မင်းအောင်လှိုင်ကို တပ်ချုပ်ရာထူးအမွေပေးခဲ့သည့် အာဏာရှင်ဟောင်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေ လက်ထက်မှစ၍ NLD အစိုးရမဖွဲ့မီ ၂၀၁၅ အထိ တပ်နှင့် အရပ်ဘက် အုပ်ချုပ်ရေးနယ်ပယ်တွင် တာဝန်ယူဖူးသူ အရာရှိကြီးတစ်ဦးကမူ စစ်တပ်က ဒေါ်အောင်ဆန်းစုကြည်ကို လိုရာသုံးအဖြစ်သာ သဘောထားနေပြီဟု ခန့်မှန်းသည်။

ဦးသန်းရွှေလက်ထက်တွင် မြန်မာ့လွတ်လပ်ရေးဖခင်လည်းဖြစ်၊ တပ်မတော်ကို ထူထောင်သူလည်းဖြစ်သည့် ဗိုလ်ချုပ်အောင်ဆန်း၏ သမီး ဒေါ်အောင်ဆန်းစုကြည်ကို နှစ်ပေါင်းများစွာ နေအိမ်အကျယ်ချုပ် ထားရှိကာ ပြင်ပကမ္ဘာနှင့် အဆက်အသွယ်ဖြတ်ထားဖူးသည်။ သူ့ကို ဒီပဲယင်းဒေသတွင် လူအုပ်စုဖြင့် လုပ်ကြံသတ်ဖြတ်သော်လည်း အသက်မသေဘဲ လွတ်မြောက်လာသဖြင့် ဖမ်းဆီး ချုပ်နှောင်ခဲ့ဖူးသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကမူ ထို့ထက်ကဲ၍ ပုဒ်မမျိုးစုံတပ်ကာ အချုပ်ထောင်သို့ ပို့ဆောင်၍ ဒုက္ခမျိုးစုံ ကြုံတွေ့စေသည်ကို ကြည့်လျှင် လက်ရှိစစ်ခေါင်းဆောင်က ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံရေးထွက်ပေါက်အဖြစ်ပင် ယူဆထားဖွယ်မရှိဟု အထက်ပါသတင်းရင်းမြစ်က သုံးသပ်သည်။

“ဦးသန်းရွှေက ဒေါ်စုကိုလည်း ထိန်းရုံပဲ ထိန်းထားတာလေ။ အခု သူတို့လုပ်နေပုံက NLD နဲ့ တွဲလုပ်ဖို့ စိတ်ကိုမရှိတော့တဲ့ သဘောပေါ့။ ဒီတစ်ခါတော့ အပြတ်ရှင်းမယ်ဆိုတဲ့သဘော သွားနေပုံရတယ်” ဟု ၎င်းက ပြောသည်။

NUG ၏ တရားရေးဝန်ကြီး ဦးသိန်းဦးကမူ ဥပဒေကို ချိုးဖောက်၍ အာဏာသိမ်းသည့် စစ်ကောင်စီမှာ သေတွင်းနှုတ်ခမ်းဝသို့ ရောက်နေပြီဟု Myanmar Now ကို မှတ်ချက်ပြုထားသည်။

“(စစ်ကောင်စီ) သူတို့ဟာ နိုင်ငံတော်ပုန်ကန်မှုကြီးကို ကျူးလွန်တဲ့သူတွေဖြစ်တယ်။ ဒါကြောင့်မို့လို့ သူတို့သည် မူလ၊ တရားဝင် အာဏာရရှိထားတဲ့သူတွေကို မပျက်ပျက်အောင် ဖျက်ရမှာ။ သူတို့ရဲ့ထွက်ပေါက်ပေါ့ဗျာ။ မိုးကြိုးပစ်တာကို ထန်းလက်နဲ့ ကာသလိုပေါ့” ဟု ၎င်းက ဆိုသည်။

နေပြည်တော်ရှိ လွှတ်တော်နှင့် သမ္မတအိမ်တော်သို့ သွားရာလမ်းဖြစ်သည့် ရာဇဌာနီလမ်းမကြီးကို ပိတ်ဆို့ထားသည့် စစ်သားများကို အာဏာသိမ်းသည့်နေ့ ၂၀၂၁၊ ဖေဖော်ဝါရီ ၁ ရက်က တွေ့ရစဉ်။ ဓာတ်ပုံ− EPA

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button