စီးပွားရေးမြို့တော် ရန်ကုန်၌ပင် လူအများ စာသုံးဆီ တန်းစီတိုးဝယ်နေရချိန် အာဏာသိမ်းစစ်တပ်မှ ထိပ်သီးဗိုလ်ချုပ်များနှင့် လုပ်ငန်းရှင်ကြီးအပါအဝင် ရာနှင့်ချီ ဖမ်းဆီးထိန်းသိမ်းခံနေရသည်ဆိုသော သတင်းများထွက်ပေါ်နေသည်မှာ သီတင်းတစ်ပတ်ကျော်ရှိပြီဖြစ်သည်။
ထိုအခြေအနေနှင့် ပတ်သက်၍ နေပြည်တော်ရှိ နီးစပ်သူတချို့အပါအဝင် စီးပွားရေးလုပ်ငန်းရှင် ၁၀ ဦးကျော်ကို Myanmar Now က ဆက်သွယ်မေးမြန်းရာ၌ စစ်ဆေးမေးမြန်းခံနေရသူများတွင် ထိပ်သီးဗိုလ်ချုပ်ငါးဦးအထိ ရှိနေပြီး၊ ဌာနဆိုင်ရာအရာရှိကြီးများနှင့် နာမည်ကြီးလုပ်ငန်းရှင်များလည်း အပါအဝင်ပင်။
အထူးစစ်ဆင်ရေးတစ်ရပ်အနေဖြင့် စစ်ဘက်ရေးရာလုံခြုံရေးအရာရှိချုပ်ရုံး (စရဖချုပ်) နှင့် ပြည်ထဲရေးဝန်ကြီးဌာနအောက်ရှိ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန (စသုံးလုံး) တို့ ကိုင်တွယ်နေခြင်းဖြစ်သည်ဟု သိရသည်။
လက်ရှိ စရဖချုပ်မှာ စစ်ကောင်စီတွဲဖက်အတွင်းရေးမှူးဖြစ်သူ ဒုတိယဗိုလ်ချုပ်ကြီးရဲဝင်းဦးဖြစ်ပြီး ပြည်ထဲရေးဝန်ကြီးသစ်မှာ ဗိုလ်ချုပ်ကြီးရာပြည့်ဖြစ်သည်။ စစ်ကောင်စီသည် စသုံးလုံးဌာန ညွှန်ကြားရေးမှူးချုပ်အဖြစ် ကာကွယ်ရေးဝန်ကြီးဌာနမှ စစ်တပ်အရာရှိကြီးတစ်ဦးကို ယခုလဆန်းပိုင်းတွင် ခန့်အပ်ထားသည်။
ကုန်ဈေးနှုန်းကြီးမြင့်မှုကို အကြောင်းပြု၍ ကိုယ်ကျိုးစီးပွားရှာသူများကို ထိုက်သင့်သလို အရေးယူထားကြောင်း လွန်ခဲ့သည့် သီတင်းပတ်အတွင်း ရှမ်းပြည်နယ်မြောက်ပိုင်းခရီးစဉ်တွင် အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ထုတ်ဖော်ပြောဆိုခဲ့သည်။
ထို့နောက်ပိုင်း ကုန်သွယ်ရေးတာဝန်ခံ ဗိုလ်ချုပ်တစ်ဦးနှင့် စီးပွားရေးသမားများကို အာဏာသိမ်းစစ်တပ်က ဖမ်းဆီးအရေးယူလိုက်ပြီဖြစ်ကြောင်း သတင်းများထွက်လာခဲ့သည်။ အခြေအနေမှာ ထိုမျှနှင့် ရပ်တန့်မသွားဘဲ စစ်ခေါင်းဆောင်က အထူးပစားပေးထားသူ ဗိုလ်ချုပ်ကြီး ပါဝင်ပတ်သက်နေသည်အထိ နေပြည်တော်မှ စားမာန်ခုပ်ပွဲကြီးအကြောင်း အပုပ်နံ့ လှိုင်လှိုင်ထွက်လာသည်။
“တပ်ဘက်က ဗိုလ်ချုပ်ကြီး၊ ဒုတိယဗိုလ်ချုပ်ကြီးအဆင့်ရှိသူ ငါးဦးကို စစ်ဆေးနေတယ်။ ဒုဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်း၊ ဗိုလ်ချုပ် (ဗိုလ်မှူးချုပ်) ရန်နောင်စိုး၊ ပြည်ထဲရေးဝန်ကြီးဟောင်း စိုးထွဋ်တို့ပါတယ်။ ကျန်တဲ့နှစ်ယောက်က အတိအကျ မသိရသေးဘူး” ဟု နေပြည်တော်ရှိ စစ်ကောင်စီအသိုင်းအဝိုင်းမှ လူကြီးတစ်ဦး၏ ကိုယ်ရေးအရာရှိဖြစ်သူက ပြောသည်။
“တပ်ချုပ်ရဲ့ လူယုံတွေဆိုတော့ တိုင်လို့ပဲ စစ်ဆေးနေတဲ့ သဘောလားတော့ မသိဘူး။ တကယ် အဂတိနဲ့ ငြိတယ်ဆိုရင် အဂတိကော်မရှင်ဆီ အပ်ရမှာပါ”
ယခင်က စစ်ခေါင်းဆောင်၏ ခရီးစဉ်တိုင်းလိုလို အနီးကပ်တွေ့မြင်ရလေ့ရှိသည့် ဒုဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်းမှာ လူမြင်ကွင်းမှ ပျောက်ကွယ်နေသည်။ ပြီးခဲ့သည့် သီတင်းပတ်အတွင်းက မင်းအောင်လှိုင်၏ ရှမ်းပြည်နယ်မြောက်ပိုင်းခရီးစဉ်နှင့် ယခုရက်ပိုင်းအတွင်း ရန်ကုန်ခရီးစဉ်တွင် အခြားဗိုလ်ချုပ်ကြီးများကို တွေ့မြင်ရသော်လည်း မိုးမြင့်ထွန်းမပါပေ။
စစ်ဆေးမေးမြန်းခံရသည်ဟု သတင်းထွက်ပေါ်နေသော ဗိုလ်ချုပ်တစ်ဦးမှာ ရေတပ်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးမိုးအောင်ဖြစ်သည်။ ၎င်းသည် ယခင်စစ်အစိုးရလက်ထက်တွင် စက်မှုဝန်ကြီးဖြစ်ခဲ့သူ ကြံ့ခိုင်ရေးပါတီအမတ်ဟောင်း ဦးအောင်သောင်း၏ သားတစ်ဦးဖြစ်ကာ ၎င်းတို့ ညီအစ်ကို မောင်နှမတစ်စုမှာ ဘဏ်လုပ်ငန်းအပါအဝင် စီးပွားရေးအင်ပါယာကြီးတစ်ခု ပိုင်ဆိုင်ထားသည်။
ဒုတိယဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်း
ကုန်စည်စီးဆင်းမှု မှန်ကန်မြန်ဆန်စေရေးဗဟိုကော်မတီမှ တွဲဖက်အတွင်းရေးမှူး ဗိုလ်မှူးချုပ်ရန်နောင်စိုး အဖမ်းခံရပြီးနောက် မိုးမြင့်ထွန်း အရေးယူခံရခြင်းဖြစ်ကြောင်း ပြည်တွင်းရှိ လုပ်ငန်းရှင်အသိုင်းအဝိုင်းနှင့် နီးစပ်သူတစ်ဦးက ဖောက်သည်ချသည်။
ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်ရေးကော်မတီတွင် ဥက္ကဋ္ဌနှင့် တွဲဖက်အတွင်းရေးမှူးတာဝန် ယူထားကြသည့် မိုးမြင့်ထွန်းနှင့် ရန်နောင်စိုးတို့မှာ ဆရာတပည့်ဖြစ်သည်ဟုလည်း သိရသည်။
“သူ့ဆရာကို နိုင်ငံခြားလွှတ်လိုက်သေးတယ်။ ပြီးမှ ဆွဲစိတာ။ ခရိုနီတွေ အများကြီးခေါ်ပြီး မေးနေတယ်။ စစ်ကြောရေးလုပ်နေတာပေါ့။ Case (အမှု) ထောင်တဲ့ သဘောပေါ့” ဟု အထက်ပါ နီးစပ်သူက ဆိုသည်။
ဒုတိယဗိုလ်ချုပ်ကြီးညိုစောကို အာဏာသိမ်းခေါင်းဆောင်၏ အကြံပေးအဖြစ် ခန့်လိုက်ကတည်းက တစ်ခုခုဖြစ်နေပြီဟု လုပ်ငန်းရှင်အသိုင်းအဝိုင်းက ထင်မြင်ခဲ့ကြောင်း၊ လက်ရှိတွင် မိုးမြင့်ထွန်းတာဝန်ယူခဲ့သည့် ကော်မတီလုပ်ငန်းများကို ဗိုလ်ချုပ်ကြီးညိုစော ဝင်ရောက်လုပ်ကိုင်နေပြီဟုလည်း ဆိုသည်။
၂၀၁၄ ခုနှစ်မှ လက်ရှိအချိန်ထိ စစ်တပ်ပိုင် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) ဥက္ကဋ္ဌဖြစ်နေသူ ဒုဗိုလ်ချုပ်ကြီးညိုစောကို စစ်ခေါင်းဆောင်၏ အကြံပေးအဖြစ် လွန်ခဲ့သည့် ဇူလိုင်လအတွင်း ခန့်အပ်ခဲ့ခြင်းဖြစ်ကာ ပြည်ထောင်စုအဆင့် သတ်မှတ်ထားသည်။
မိုးမြင့်ထွန်းမှာ အနာဂတ်တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဖြစ်လာမည့်သူဟုပင် ထင်ကြေးပေးခံခဲ့ရသူဖြစ်သည်။ မြောက်မြားလှစွာသော စစ်ဗိုလ်ချုပ်များအနက် စစ်တပ်၊ စစ်ကောင်စီနှင့် အစိုးရအဖွဲ့ သုံးနေရာစလုံးတွင် နေရာပေးခံရသူဖြစ်သည်။
မိုးမြင့်ထွန်း၏ လက်ရှိစစ်တပ်ရာထူးမှာ စစ်ဦးစီးအရာရှိချုပ် (ကြည်း) ဖြစ်သည်။ စစ်တပ်တစ်ခုလုံးတွင် နံပါတ် ၆ နေရာ၌ ရှိနေပြီး ကြည်းတပ်တွင် စတုတ္ထအရေးအပါဆုံး ရာထူးဖြစ်သည်။ ကြည်းတပ်စစ်ဦးစီးအရာရှိချုပ်ရာထူးမှာ လက်တွေ့လုပ်ငန်းခွင်၌ လေတပ်နှင့် ရေတပ်ကာကွယ်ရေးဦးစီးချုပ်များထက်ပင် အရေးပါအရာရောက်သည်။
အသက် ၄၈ နှစ်အရွယ် ၂၀၁၇ ခုနှစ်တွင် မိုးမြင့်ထွန်းက ထိုရာထူးကို ရရှိခဲ့ခြင်းဖြစ်သည်။ ဒုကာကွယ်ရေးဦးစီးချုပ်ဟောင်း ဒုဗိုလ်ချုပ်မှူးကြီးမောင်အေး၏ ကိုယ်ရေးအရာရှိဖြစ်ခဲ့သူ မိုးမြင့်ထွန်းသည် ၁၉၆၈ ခုနှစ်တွင် မွေးဖွားသူဖြစ်သည်။ စစ်တက္ကသိုတ်အပတ်စဉ် ၃၀ တက်ရောက်ခဲ့သူဖြစ်ပြီး မင်းအောင်လှိုင်ထက် ၁၀ နှစ်ကျော် ငယ်ရွယ်သူလည်းဖြစ်သည်။
မိုးမြင့်ထွန်းမှာ စစ်ကောင်စီတွင် ပါဝင်ခွင့်ရထားသည့် အနည်းငယ်သော စစ်ဗိုလ်ချုပ်များထဲတွင် ပါဝင်သူပင်။ ထို့ပြင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကော်မရှင်၊ နိုင်ငံခြားသုံးငွေကြီးကြပ်မှုကော်မတီ၊ ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်ရေးကော်မတီ၊ ရွှေနှင့် ငွေကြေးဈေးကွက် စောင့်ကြည့်ထိန်းသိမ်းကြပ်မတ်ရေးကော်မတီတို့တွင် ဥက္ကဋ္ဌအဖြစ် ခန့်အပ်ခံခဲ့ရသည်။ စစ်ခေါင်းဆောင် ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသည့် စီးပွားရေးရာကော်မတီတွင် မိုးမြင့်ထွန်းသည် ထိပ်သီးအဖွဲ့ဝင်တစ်ဦးဖြစ်သည်။
ရင်းနှီးမြှုပ်နှံမှု၊ ကုန်သွယ်မှုမှသည် နိုင်ငံခြားသုံးငွေ အမေရိကန်ဒေါ်လာကိစ္စအထိ စစ်ကောင်စီလက်ထက် စီးပွားရေးကိစ္စအဝဝတွင် နောက်ကွယ်မှ ချုပ်ကိုင် ခြယ်လှယ်နေသူမှာ ဒုဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်းပင်ဖြစ်သည်။
အာဏာသိမ်းပြီးနောက် စစ်ခေါင်းဆောင်သွားလေရာ လိုက်ပါရသူ မိုးမြင့်ထွန်းမှာ မင်းအောင်လှိုင်နည်းတူ မိသားစုပိုင်ကုမ္ပဏီများထူထောင်ကာ စီးပွားရေးသောင်းကျန်းနေသူဖြစ်သည်။ နေပြည်တော်ရှိ ဝန်ကြီးဌာနများ၏ စီမံကိန်းတင်ဒါများကို မိုးမြင့်ထွန်းပိုင်ကုမ္ပဏီများ လုပ်ကိုင်ခွင့်ရရှိခဲ့ကြောင်း လွန်ခဲ့သည့်နှစ်အတွင်း Myanmar Now က သတင်းဆောင်းပါးဖော်ပြခဲ့ပြီးဖြစ်သည်။
နာမည်ကြီးလုပ်ငန်းရှင်ကြီးများ
အာဏာသိမ်းစစ်တပ်က စစ်ဆေးမေးမြန်းနေသည့် စီးပွားရေးလုပ်ငန်းရှင်များတွင် ရွှေဗျိုင်းဖြူကုမ္ပဏီပိုင်ရှင် ဦးသိန်းဝင်းဇော်၊ ထူးကုမ္ပဏီအုပ်စုပိုင်ရှင် ဦးတေဇ၏ သားနှစ်ဦး၊ Apex Gas & Oil ကုမ္ပဏီပိုင်ရှင် ဦးခင်စိုး၊ Best Oil Company (BOC) ဒါရိုက်တာ ဦးဝင်းဆွေတို့ ပါဝင်သည်ဟု စက်သုံးဆီလုပ်ငန်းရှင်နှင့် နီးစပ်သူများက ဆိုသည်။
ထို့ပြင် ဦးဇော်ဇော်၏ Max၊ ဦးချစ်ခိုင်၏ Denko၊ ကြံ့ခိုင်ရေးအမတ်ဟောင်း ဦးဝင်းမြင့်၏ မြတ်မေတ္တာမွန်နှင့် Moon Sun ကုမ္ပဏီမှ ထိပ်ပိုင်းအရာရှိများလည်း စစ်ဆေးခံနေရသည်ဟု ဆိုသည်။
စက်သုံးဆီလုပ်ငန်းရှင်များကဲ့သို့ပင် စားသုံးဆီလုပ်ငန်းရှင်များလည်း စစ်ကောင်စီလက်ထဲ ရောက်နေကြသည်။ စားသုံးဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးဆန်းလင်း၊ သွင်းခွင့်ပါမစ်ရ ဆီကုန်သည်များဖြစ်ကြသည့် ဦးအေးစိန်၊ ဦးမြင့်ကြူ၊ ဦးဝမ်ထိုက်၊ ဦးထွန်းထွန်းဝင်းတို့ ဖမ်းခံခဲ့ရသည်ဟု တယ်လီဂရမ်လူမှုကွန်ရက်ရှိ စစ်တပ်လော်ဘီစာမျက်နှာများက ရေးသားကြသည်။
ဗိုလ်မှူးချုပ်ရန်နောင်စိုး ထိန်းသိမ်းခံရပြီးနောက် စက်သုံးဆီလုပ်ငန်းရှင်များကို မီးခိုးကြွက်လျှောက် လိုက်လံ စစ်ဆေးနေခြင်းဖြစ်သည်ဟု စီးပွားရေးအသိုင်းအဝိုင်းထံမှ သိရသည်။
လုပ်ငန်းရှင်များနည်းတူ ဌာနဆိုင်ရာ အရာရှိကြီးများလည်း စစ်ဆေးခံနေရသည်ဟု နေပြည်တော်မှ ဝန်ထမ်းတစ်ဦးက ပြောသည်။
“အကုန်ခေါ်ပြီး အစစ်ခံနေရတာ ညွှန်ချုပ်အပါအဝင် ညွှန်မှူးက အစပဲ။ စီးပွားကူးသန်းရုံးမှာပဲ။ လုပ်ငန်းရှင်တွေလည်း ပါတယ်။ ဆီကိစ္စလို့ ပြောတယ်၊ စစ်တာထက် အခန်းကြီးထဲမှာ မေးပြီးရင် ကိုယ့်အလုပ်ကိုယ်လုပ်၊ အစားအသောက်ဆိုလည်း မှာစားချင်တာ စား၊ အပြင်သွားချင်ရင်လည်း ခွင့်တောင်းပြီး လုံခြုံရေးနဲ့ သွားလို့ရတယ်”
“စစ်တဲ့သူတွေ အထူးစုံစမ်းစစ်ဆေးရေးဌာနကပဲ။ လာပြီးစစ်တာမျိုးလည်း ရှိတယ်။ သူတို့ဌာနကို ခေါ်စစ်တာတွေလည်း ရှိတယ်။ ဘာတွေစစ်လဲ အသေးစိတ်တော့ မသိဘူး။ စပြီးစစ်တာ ဩဂုတ်လကုန်ပိုင်းနှင့် စက်တင်ဘာလဆန်းပိုင်းပဲ။ အတိအကျတော့ မသိဘူး။ စစ်ဆေးတာအစပိုင်းတုန်းကလည်း ငါတို့မသိဘူး။ လူကြီးပိုင်းတွေပဲ စစ်တာ” ဟုလည်း အထက်ပါဝန်ထမ်းက ဆက်ပြောသည်။
စစ်ဆေးမေးမြန်းခံရသည့် စီးပွားရေးသမားများတွင် စစ်ကောင်စီက သတ်မှတ်ဈေးဖြင့် ရောင်းချပေးသည့် အမေရိကန်ဒေါ်လာခွဲတမ်းကို အများဆုံးရရှိထားသည့် ထိပ်သီးလုပ်ငန်းရှင်များ ပါဝင်သည်ဟုလည်း သိရသည်။
စစ်ကောင်စီက နိုင်ငံခြားငွေရပေါက်ရလမ်း နည်းပါးလာမှုကြောင့် ဒေါ်လာချွေတာရန် သွင်းကုန်များ စိစစ်ခွင့်ပြုရာတွင် မရှိမဖြစ်သွင်းကုန်များဖြစ်သည့် စက်သုံးဆီနှင့် စားသုံးဆီနှစ်မျိုးအတွက် ဦးစားပေးခွင့်ပြုခြင်းဖြစ်ပြီး ဈေးနှုန်း မကြီးမြင့်စေရန် စစ်ကောင်စီသတ်မှတ်ဈေးဖြင့် ဒေါ်လာခွဲတမ်း အများဆုံးရောင်းချပေးနေခြင်းဖြစ်သည်။
ရန်ကုန်မြို့ရှိ ကုန်သည်စက်မှုအသင်းချုပ် (UMFCCC) တွင် ရုံးချုပ်ဖွင့်ထားသည့် စက်သုံးဆီအသင်းမှ အသင်းဝင်ကုန်သည်ကြီးများ ခေါ်ယူစစ်ဆေးခံရကြောင်း အမည်မဖော်လိုသည့် ထိပ်သီးလုပ်ငန်းရှင်တစ်ဦးက Myanmar Now ကို ပြောသည်။
“ဖြစ်တဲ့ကိစ္စတွေကို အသေးစိတ်တော့ မသိဘူး။ ခေါ်ယူမေးမြန်းတာတော့ သိတယ်။ ဖမ်းတာလား ဒီတိုင်း မေးမြန်းတာလားဆိုတာတော့ ကျွန်တော်လည်း နားမလည်ဘူး။ မပြောလိုပါဘူး” ဟု စက်သုံးဆီအရောင်းဆိုင် ၂၀ ကျော် ဖွင့်လှစ်ထားသည့် ထိုလုပ်ငန်းရှင်က ပြောသည်။
အာဏာသိမ်းပြီးနောက် တယ်လီနောဆက်သွယ်ရေးကုမ္ပဏီ ဝယ်ယူခဲ့သည့် နာမည်ကြီးလုပ်ငန်းရှင် ဦးသိန်းဝင်းဇော်အပါအဝင် ဆီလုပ်ငန်းရှင်အများအများကို ဖမ်းဆီးထားသည်ဟု ရွှေဗျိုင်းဖြူကုမ္ပဏီ ဝန်ထမ်းဟောင်းတစ်ဦးက ဆိုသည်။
“ဗိုလ်ချုပ်ရန်နောင်စိုးကိစ္စနဲ့ ပတ်သက်ပြီး ခေါ်မေးတယ် ပြောတယ်။ ဗိုလ်ချုပ်ရန်နောင်စိုးက ဆီတင်သွင်းဖို့ ဒေါ်လာကို ငွေကျပ်အနည်းငယ်နဲ့ ပေးတယ်။ ဒါကို သူတို့က အမြတ်ကြီးပုံစားပြီး ဆီဈေးကိုလည်း မချဘူး။ ဒီလိုပုံစံမျိုးပေါ့။ အဲ့လိုပုံစံမျိုးပြောတယ်” ဟု ၎င်းက ဆိုသည်။
တယ်လီနောကို ဝယ်ယူပြီးနောက် ATOM ဟု အမည်ပြောင်းထားသည့် ဆက်သွယ်ရေးကုမ္ပဏီကို အများဆုံးပိုင်ဆိုင်သည့် ဦးသိန်းဝင်းဇော်မှာ စက်သုံးဆီဖြန့်ဖြူးရေးအပြင် အခြားလုပ်ငန်းပေါင်းများစွာကို ပိုင်ဆိုင်ပြီး ခေတ်အဆက်ဆက် စစ်ဗိုလ်ချုပ်များနှင့် ရင်းနှီးကျွမ်းဝင်သူတစ်ဦးဖြစ်သည်။
စစ်ဆေးခံရမှုကိစ္စနှင့် ပတ်သက်၍ ရွှေဗျိုင်းဖြူကုမ္ပဏီပိုင်ရှင် ဦးသိန်းဝင်းဇော်နှင့် Best Oil Company (BOC) ဒါရိုက်တာ ဦးဝင်းဆွေတို့ကို ဖုန်းဖြင့် ဆက်သွယ်မေးမြန်းရာတွင် စက်ပိတ်ထားသည်။ ထို့ပြင် Apex Gas & Oil ကုမ္ပဏီပိုင်ရှင် ဦးခင်စိုးကို ဆက်သွယ်သော်လည်း တုံ့ပြန်ဖြေဆိုခြင်းမရှိပါ။
စက်သုံးဆီတင်သွင်းရောင်းချသည့် ကုမ္ပဏီ ၈ ခုမှ ပိုင်ရှင်၊ ဒါရိုက်တာနှင့် တာဝန်ရှိသူများကို စစ်ကောင်စီ၏ စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနတို့က စက်တင်ဘာ ၁၁ နောက်ပိုင်း ရန်ကုန်နှင့် နေပြည်တော်တွင် ခေါ်ယူစစ်ဆေးခဲ့ကြောင်း စက်သုံးလုပ်ငန်းရှင်များက ပြောသည်။
စစ်ကောင်စီ၏ စစ်ဆေးမှုတွင် စက်သုံးဆီသမားများအပြင် စားသုံးဆီလုပ်ငန်းရှင်များလည်း ပါဝင်နေသည်။
စားအုန်းဆီတင်သွင်းရန် လိုအပ်သည့် ဒေါ်လာငွေတစ်ဝက်ကို စစ်ကောင်စီက တစ်ဒေါ်လာ ၂,၁၀၀ ဖြင့် ရောင်းချပေးပြီး စားသုံးဆီကို သတ်မှတ်ရည်ညွှန်းဈေးအတိုင်း ရောင်းခိုင်းသော်လည်း ကုန်သည်များက ပြင်ပပေါက်ဈေးအတိုင်း ရောင်းချခြင်းကြောင့် ဖမ်းဆီးစစ်ဆေးခြင်းဖြစ်သည်ဟု သိရသည်။
“ဗိုလ်ချုပ်ရန်နောင်စိုးက ၂၁၀၀ နဲ့ ချပေးတာကို သူတို့ပဲ ရကြတာပေါ့။ သူတို့က အဲဒါတွေကို ဒေါ်လာကို ၂၁၀၀ နဲ့ ယူပြီးတော့ ပစ္စည်းတွေ သွင်းတယ်။ သွင်းလာတဲ့ ပစ္စည်းတွေကိုတော့ အပြင်က ဒေါ်လာပေါက်စျေးနဲ့ သတ်မှတ်ပြီးတော့ ရောင်းကြတယ်။ အဲဒီတော့ ဒီကာလမှာ သူတို့က အရမ်းမြတ်ကြတာပေါ့” ဟု လုပ်ငန်းရှင်တစ်ဦးက ပြောသည်။
ဖမ်းဆီးစစ်ဆေးခံရသည့် စားသုံးဆီလုပ်ငန်းရှင်များ၏ အခြေအနေအသေးစိတ်ကို မသိရပေ။
ပြီးခဲ့သည့် သြဂုတ် ၃၀ နံနက်ပိုင်းတွင် ကုန်စျေးနှုန်းတည်ငြိမ်ရေးကော်မတီဥက္ကဋ္ဌနှင့် စစ်ကောင်စီ၏ စီးပွားကူးသန်းဝန်ကြီး ဦးအောင်နိုင်ဦးက ဆီကုန်သည်ကြီးများကို နေပြည်တော်သို့ ခေါ်ကာ စျေးချပြီး ရောင်းကြရန် သတိပေးခဲ့ပြီးနောက် ကုန်သည်တချို့ ဖမ်းဆီးခံခဲ့ရသည်။
စစ်ကောင်စီပြန်ကြားရေးခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းကမူ ဆီကုန်သည်များကို နေပြည်တော်ခေါ်ထားသည်မှာ မှန်ကန်သော်လည်း ဖမ်းဆီးခြင်းမရှိဟု ငြင်းဆန်ထားသည်။
ဖမ်းဆီးစစ်ဆေးမှု ဆက်တိုက်လုပ်သော်လည်း ဆီနှစ်မျိုး မပြတ်လပ်ရေးအတွက် လိုင်စင်နှင့် ခွဲတမ်းခွင့်ပြုမှုဆိုင်ရာ အစည်းအဝေးများပြုလုပ်နေပြီး စက်တင်ဘာ ၁၃ ရက်နေ့ အစည်းအဝေးတစ်ခုတွင် ဗိုလ်မှူးကြီးမျိုးမြင့်ဆိုသူက ဗိုလ်ချုပ်ရန်နောင်စိုးနေရာတွင် အစားထိုးတက်ရောက်လာသည်ဟု သိရသည်ဟု စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ဆိုသည်။
လူသုံးကုန်မှအစ လုပ်ငန်းသုံးကုန်ကြမ်းများအထိ ပြည်ပမှ တင်သွင်းရခြင်းကြောင့် ဒေါ်လာလိုအပ်ချက်ကြီးမားသော်လည်း ဒေါ်လာပြန်လည်ရနိုင်သည့် ပို့ကုန်မှာ တိုးတက်မလာကြောင်း၊ ရှိသည့်ပို့ကုန်ဝင်ငွေကို စစ်တပ်ထိန်းချုပ်မှုကြောင့် ပို့ကုန်ဝင်ငွေ အမှန်မပြဘဲ နည်းလမ်းမျိုးစုံဖြင့် ထိမ်ချန်ကြောင်း ကုန်သည်များက ဆိုသည်။
ဖမ်းဆီးစစ်ဆေးမှုများနှင့် ပတ်သက်၍ စစ်ကောင်စီ စီပွားကူးသန်းဝန်ကြီး ဦးအောင်နိုင်ဦး၏ ဖုန်းကို ပြီးခဲ့သည့် သီတင်းပတ်က ဆက်သွယ်မေးမြန်းသော်လည်း တရုတ်နိုင်ငံသို့ ရောက်နေသည်ဆိုကာ မဖြေနိုင်ကြောင်း ဖုန်းကိုင်သူက တုံ့ပြန်သည်။
မြန်မာအနေဖြင့် နှစ်စဉ် စက်သုံးဆီတင်သွင်းမှု ဒေါ်လာ သန်းပေါင်း ၂၅၀၀ ဖိုးခန့်၊ စားသုံးဆီ သန်း ၈၀၀ ဖိုးခန့် တင်သွင်းသုံးစွဲလျက်ရှိရာ ဆီနှစ်ရပ်ပေါင်းပါက ဒေါ်လာသန်းထောင်ပေါင်းများစွာ ကုန်ကျနေ၍ အသုံးပြုမှုလျှော့ချရန်နှင့် ပြည်တွင်းထုတ်လုပ်မှုတိုးမြင့်ရန် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ထုတ်ဖော် ပြောဆိုထားသည်။
စစ်ကောင်စီက ထိပ်သီးစစ်ဗိုလ်ချုပ်များနှင့် လုပ်ငန်းရှင်ကြီးများကို အရေးယူထားသော်လည်း စက်သုံးဆီနှင့် စားသုံးဆီဈေး ကျလာခြင်းမရှိပေ။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)